
မိုဘိုင်းဖုန်းနဲ့ ဝိုင်ဖိုင်စက်အပါအဝင် လျှပ်စစ်ပစ္စည်းတွေကို အသုံးများလာတဲ့ ယနေ့အချိန်အခါမှာ လျှပ်စစ်ဓာတ်အားအခြေအနေကြောင့် ပါဝါဘန့်တွေဟာ အသုံးများတဲ့ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း ပါဝါဘန့်အမျိုးအစား မျိုးစုံကို ရောင်းချနေသလို ကိုယ်တိုင် စိတ်ကြိုက်တပ်ဆင်သုံးချင်တဲ့သူတွေအတွက် ဆားကစ်ပြား၊ ကိုယ်ထည်နဲ့ ဘက်ထရီတွေကို တစ်ခုချင်းစီ ရောင်းချတာမျိုးလည်း ရှိနေပါတယ်။ နေ့စဉ်အသုံးဝင်တဲ့ လူသုံးပစ္စည်းတစ်ခု ဖြစ်လာတဲ့ ပါဝါဘန့်တွေကို ဝယ်ယူရာမှာ သတိပြုသင့်တဲ့အချက်တွေကို ဖော်ပြလိုက် ပါတယ်။
(၁) ဝင်ဆံ့တဲ့ပမာဏ
ပါဝါဘန့်တွေကို ဝယ်တဲ့အခါမှာ ပထမဆုံး သတိပြုရမယ့်အချက်က ဓာတ်အားသိုလှောင်နိုင်တဲ့ပမာဏ ဖြစ်ပါတယ်။ ယူနစ်အနေနဲ့ mAh (milliampere-hours)နဲ့ပြပြီး လက်ရှိ ဈေးကွက်ထဲမှာရောင်းနေတဲ့ ပါဝါဘန့်တွေဟာ အနည်းဆုံး ၅၀၀၀ mAh လောက်က စပြီး အများဆုံး ၅၀၀၀၀ mAh လောက်အထိ ရှိပါတယ်။ ပါဝါဘန့်ရဲ့ ဓာတ်အားဝင်ဆံ့ နိုင်တဲ့ ပမာဏကတော့ များလေကောင်းလေဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းအားသွင်းရာမှာ ပါဝါဘန့်ရဲ့ ဝင်ဆံ့တဲ့ ပမာဏအတိုင်း ဖုန်းတွေကို ပြန်အားသွင်းပေးနိုင်မှာမဟုတ်တာ သတိပြုရမှာဖြစ်ပါတယ်။ ဘက်ထရီတစ်လုံးကနေ အခြားတစ်လုံးကို အားသွင်းရာမှာ စွမ်းအင်လိုအပ်ပြီး အဲဒီစွမ်းအင်ကိုလည်း ပါဝါဘန့် ထဲကနေပဲ ယူသုံးတဲ့အတွက် စွမ်းအင်ရဲ့ လေးပုံတစ်ပုံလောက်ဟာ အားသွင်းချိန်မှာ ကုန်သွားမှာဖြစ်ပါတယ်။ ဥပမာ ၁၀၀၀၀ mAh ပမာဏရှိတဲ့ ပါဝါဘန့်ကနေ ၅၀၀၀ mAh ပမာဏဘက်ထရီရှိတဲ့ ဖုန်းကို အားသွင်းမယ်ဆိုရင် နှစ်ကြိမ် သွင်းနိုင်ရမှာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ပထမတစ်ကြိမ်မှာ ရာနှုန်းပြည့်သွင်းနိုင်ပြီး နောက်တစ်ကြိမ်မှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ အားသွင်းနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ဈေးနှုန်းတတ်နိုင်ရင် ပမာဏများတဲ့ ပါဝါဘန့်မျိုးကို ရွေးချယ်သင့်ပါတယ်။
(၂) အလေးချိန်နဲ့ အရွယ်အစား
ပါဝါဘန့်တွေဆိုတာ အများအားဖြင့် သွားလေရာယူသွားရတဲ့ ပစ္စည်းဖြစ်လို့ အလေးချိန်အနေနဲ့ ပေါ့ပါးပြီး အရွယ်အစားကလည်း သေးလေ ပိုကောင်းလေဖြစ်ပါတယ်။ ဝိုင်ဖိုင်စက်တွေကို အချိန်ပြည့်ဖွင့် ထားချင်တာ၊ လက်ပ်တော့ပ်တွေကိုပါ အားသွင်းချင်တာ ဆိုရင်တော့ အရွယ်အစားကြီးပြီး ပမာဏပိုများတဲ့ ပါဝါဘန့်က ပိုကောင်းပါတယ်။ ပါဝါဘန့်နဲ့ ဖုန်းအားသွင်းရင်း ဂိမ်းဆော့တတ်တဲ့ လူငယ်တွေအနေနဲ့ ဆိုရင်တော့ အိတ်ကပ်ထဲထည့်ထားလို့ရတဲ့ အရွယ်အစားနဲ့ ဒီဇိုင်း မျိုးက ပိုသင့်တော်ပါတယ်။ အသုံးပြုမယ့်အခြေအနေအပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။
(၃) အားသွင်းပေါက်များ
ပါဝါဘန့်တွေမှာ အနည်းဆုံးအနေနဲ့ ပါဝါဘန့်ကိုအားသွင်းဖို့ (input)အပေါက်တစ်ပေါက်နဲ့ ပါဝါဘန့်ကနေ ဖုန်းတွေကို အားပြန် သွင်းပေးဖို့ (output)အပေါက်တစ်ပေါက် ပါပါတယ်။ အားသွင်းစနစ် အတွက် ဒီအပေါက်တွေက အရေးကြီးတာမို့ သတိထားရွေးချယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိဖုန်းတွေမှာ အားသွင်းပေါက်အနေနဲ့ Android ဖုန်းတွေက micro USB နဲ့ type C ကို သုံးကြပြီး iPhone တွေကတော့ Lightning port ကို သုံးပါတယ်။ အချို့ပါဝါဘန့်တွေမှာ အားသွင်းဖို့ အတွက် micro USB, type C, Lightning port တွေ အကုန်ပါတဲ့အတွက် ပြဿနာမရှိပေမယ့် တစ်မျိုးတည်းပါတာမျိုးဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ အားသွင်းပေါက်နဲ့ အမျိုးအစားတူတဲ့ ပါဝါဘန့်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှ အားသွင်းကြိုးနှစ်ချောင်းနဲ့ အလုပ်ရှုပ်ရတဲ့ပြဿနာကို ရှောင်နိုင် မှာဖြစ်ပါတယ်။
(၄) အားသွင်းစနစ်
အားသွင်းစနစ်က ပါဝါဘန့်တွေအတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ ပါဝါဘန့်ရဲ့ သိုလှောင်နိုင်တဲ့ပမာဏ ပိုများတာနဲ့အမျှ အားသွင်းစနစ်ကလည်း ပိုကောင်းပြီး အမြန်အားသွင်းနိုင်တဲ့စနစ်မျိုး ပါဝင်ဖို့ လိုအပ်ပါတယ်။ ပါဝါဘန့်ထဲကို အားသွင်းရာမှာ အမြန် အားသွင်းစနစ်ကို 18W လောက်အထိ ထောက်ပံ့ပေးတဲ့ ပါဝါဘန့်မျိုးကို ရွေးသင့်ပါတယ်။
ပါဝါဘန့်ကနေ ဖုန်းကို အားပြန်သွင်းပေးတဲ့ Output မှာလည်း အားသွင်းစနစ်က အရေးကြီးပါတယ်။ ဖုန်းက အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးတယ်ဆိုရင် ကိုယ့်ဖုန်းနဲ့ကိုက်ညီတဲ့ အမြန်အားသွင်း စနစ်ကို ပါဝါဘန့်က ထောက်ပံ့ပေးသလားဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ 18W အမြန်နှုန်းကို ထောက်ပံ့ပေးတဲ့ Quick Charge 2.0 စနစ်ကနေ လက်ရှိအချိန်မှာ 36W အမြန်နှုန်းအထိရတဲ့ Quick Charge 3.0 ၊ Dual Charge နဲ့ 100W အမြန်နှုန်းအထိရတဲ့ Quick Charge 5.0 နည်းပညာတွေကို ဖုန်းတွေမှာ အသုံးပြုနေပြီဖြစ်လို့ ကိုယ့်ဖုန်းကလက်ခံတဲ့ အမြန်အားသွင်းစနစ်နဲ့ အသင့်တော်ဆုံး ပါဝါဘန့်ကို ရွေးချယ်သင့်ပါတယ်။
(၅) အမှတ်တံဆိပ်နဲ့ ဈေးနှုန်း
အာမခံရောင်းတဲ့ နာမည်ကြီးတံဆိပ်တွေဟာ ဈေးကြီးသလို အရည်အသွေးလည်းကောင်းမွန်ကြပြီး ဈေးပေါပြီး နာမည်မရှိတဲ့ ပစ္စည်းတွေကတော့ အရည်အသွေးပိုင်းမှာလည်း ညံ့ပါတယ်။ ဈေးကွက်ထဲက ဈေးပေါတဲ့ ပါဝါဘန့်အများစုမှာဆိုရင် ရေးထားတဲ့ mAh အတိုင်းတောင် အပြည့်အဝမပါတဲ့ ပြဿနာမျိုးတွေ ရှိနေပါ တယ်။ ပါဝါဘန့်အခွံထဲမှာ ဘက်ထရီရှစ်လုံးလောက် ထည့်ထားရင် လေးလုံးလောက်ကသာ တကယ်သုံးလို့ရပြီး ကျန်တဲ့လေးလုံးလောက်က ဆားကစ်နဲ့တောင်မချိတ်ဘဲ အလေးချိန်စီးရုံလောက် ထည့်ထားတာမျိုး အထိ ဖြစ်လေ့ရှိတာကို သတိထားရမှာဖြစ်ပါတယ်။ နာမည်ကြီးတဲ့ တံဆိပ်တွေကတော့ ဈေးကြီးတာနဲ့အမျှ အမြန်အားသွင်းစနစ်ရတာ၊ ရေရှည်ခံနိုင်တာ၊ ဆားကစ်ပျက်ခြင်း(Short Circuit)မဖြစ်အောင် ကာကွယ်တာနဲ့ အပူလွန်ပြီးမလောင်အောင် ကာကွယ်ပေးတာ စတဲ့ စနစ်တွေပါ ပါဝင်ပါတယ်။ ဒါကြောင့် အာမခံချက်ပါဝင်တဲ့ နာမည်ကြီး တံဆိပ်တွေကိုသာ ရွေးသုံးဖို့ အကြံပြုချင်ပါတယ်။
(၆) အခြားအချက်များ
သုံးရတာ လွယ်ကူဖို့ဟာလည်း ပါဝါဘန့်တွေဝယ်ရာမှာ သတိပြု ရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ သုံးရလွယ်ကူတယ်ဆိုရာမှာ ပါဝါဘန့် ထဲမှာရှိတဲ့ အားပမာဏကို မီးလုံးအရောင်( အနီ၊ အစိမ်း)နဲ့ ပြတာမျိုး အစား ရာခိုင်နှုန်းနဲ့ အတိအကျပြပေးတာမျိုးကို ရွေးချယ်သင့်ပါတယ်။ နောက်ပြီး အပြင်ကိုအမြဲယူသွားပြီး သုံးတဲ့သူတွေဆိုရင် လွတ်ကျတဲ့ အခါ ကွဲနိုင်တဲ့ ပလတ်စတစ်ကိုယ်ထည်အစား ရော်ဘာအုပ်ထားတဲ့ ကိုယ်ထည်မျိုးကို ရွေးချယ်သင့်ပါတယ်။
ဈေးကွက်ထဲမှာတွေ့ရတဲ့ ပါဝါဘန့်တွေထဲမှာ အများစုဟာ ဖုန်းနဲ့ ဝိုင်ဖိုင်စက်တွေကို အားသွင်းဖို့လောက်သာဖြစ်ပေမယ့် အချို့ ပါဝါဘန့် တွေမှာတော့ အပိုလုပ်ဆောင်ချက်တွေအဖြစ် လက်နှိပ်ဓာတ်မီး၊ မီးခြစ် စသဖြင့် သုံးနိုင်အောင် ထုတ်လုပ်ရောင်းချထားတာတွေပါ ရှိပါတယ်။ မလိုအပ်ဘဲ အပိုလုပ်ဆောင်ချက်တွေ ထည့်ထားတာဟာ ပါဝါဘန့်ရဲ့ သက်တမ်းကို ပိုတိုစေတာမို့ ရှောင်သင့်ပါတယ်။ ကျော်ဇင်ဦး
ကိုးကား - powerbank.guru