
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှ ခရိုအေးရှားအသင်းနှင့် ဘရာဇီး အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၉ ရက် ည ၉ နာရီခွဲက ယှဉ်ပြိုင်ကစားရာ ခရိုအေးရှားက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှု အသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ခရိုအေးရှားအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် သွင်းဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။ ဘရာဇီးအသင်းသည် ယခုပွဲစဉ်တွင် အပိုင်အခွင့် အရေးများကို အဓိက တိုက်စစ်ကစားသမား နေမာအပါအဝင် အသင်းကစားသမား များ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိချေ။
ဒုတိယပိုင်းတွင် ဘရာဇီးအသင်းက ကစားအားကျလာသည့် ရာဖင်ညာ၊ ဗင်နီးစီးယပ်စ်တို့ကို အနားပေးကာ အန်တိုနီ၊ ရိုဒရီဂိုတို့ကို ထည့်သွင်းအသုံးပြုကာ ပြိုင်ဘက်ခံစစ်ကို လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက်တိုက်စစ်ဆင်ကစားရန် ပြင်ဆင်လာခဲ့သော်လည်း ခရိုအေးရှားအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့ ဟန့်တားရှင်းထုတ်ပုံ ကောင်းမွန်မှုကြောင့် နည်းပြ တီတီ၏ နည်းဗျူဟာ အလုပ်မဖြစ်ခဲ့ပေ။
သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိ သရေကျနေသဖြင့် အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို ၁၀၅ မိနစ်တွင် ဘရာဇီးအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး အသင်းအဓိကတိုက်စစ်မှူး နေမာက သွင်းယူပေးနိုင်ခဲ့သည်။ ခရိုအေးရှားအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၁၁၇ မိနစ်တွင် ပက်ကိုဗစ် က သွင်းယူခဲ့သည်။ အချိန်ပိုတွင် တစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ ခရိုအေးရှားက လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ယခုပွဲစဉ်အနိုင်ရရှိခဲ့သော ခရိုအေးရှားအသင်းသည် ဆီမီးဖိုင်နယ် တွင် နယ်သာလန်နှင့် အာဂျင်တီးနားအသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ဇော်ဇော်