ရ - ရထားကြီးပျော်ပျော်စီးခဲ့ဖူးပါသည်

 

စာချစ်သူ
 

၈ မေ ၂၀၁၂ ရက် နံနက်။   
ကျိုတိုဘူတာစုရပ်သို့ ရောက်တော့ ဘေးဘီဝဲယာ ကို မလေ့လာနိုင်အား။ ရထားဆိုက်ရပ်ချိန်က  နီးကပ်နေတော့ အားလုံးအပြေးအလွှား။  မိနစ်ပိုင်း အတွင်း   Bullet Train Nozomi 218 ဆိုက်ရောက် လာသည်။ ရထားပေါ်ရောက်လေမှ   လေ့လာရေး အဖွဲ့ဝင်များအားလုံး သက်ပြင်းချနိုင်တော့သည်။
သူတို့နိုင်ငံမှ ကျည်ဆန်ရထားများက အချိန် တိကျသည်။   ကျိုတိုဘူတာမှ   ဒေသစံတော်ချိန် နံနက် ၉  နာရီ  ၂၆  မိနစ်တွင်  စတင်ထွက်ခွာပြီး တိုကျိုဘူတာသို့  ၁၁  နာရီ   ၄၃   မိနစ်တွင် ဆိုက်ရောက်မည်ဆိုတော့ အချိန်အားဖြင့် နှစ်နာရီ ကျော် စီးရပေမည်။
ဘေးဘီဝဲယာကိုကြည့်လိုက်တော့ မြင်ကွင်း တို့ကား  ရိပ်ခနဲ၊  ရိပ်ခနဲ။    တစ်အောင့်ကြာတော့ ဟိုးအဝေးက  ဖူဂျီယာမားတောင်ကို   လှစ်ခနဲ လှမ်းတွေ့လိုက်ရသည်။   ရထားအတွင်းမှာတော့ ခုတ်မောင်းလို့ ခုတ်မောင်းနေမှန်း မသိရလောက် အောင် တည်ငြိမ်နေသည်။ မကြာမီ ဝန်ထမ်းတစ်ဦး က ကော်ဖီ၊ လက်ဖက်ရည်၊ အအေးနှင့်  မုန့်မျိုးစုံ တင်ထားသောတွန်းလှည်းလေးနှင့်    ထွက်လာ သည်။
ကော်ဖီတစ်ခွက် ဝယ်သောက်ပြီး နောက်ဆက် တွဲ ခံတွင်းက  ချဉ်လာသည်။   သို့နှင့်  တွဲတစ်တွဲ ထောင့်ရှိ လူနှစ်ဦး၊  သုံးဦးစာမျှ မှန်အလုံပိတ်ထား သည့် Smoking Room ဆီသို့ ခြေဦးတည်လိုက် သည်။   ရထားပေါ်မှာတော့   ခရီးသည်များများ စားစား မတွေ့ရ။  တွဲတစ်တွဲတွင်   ခရီးသည် ဆယ်ယောက်ပင်မပြည့်။ တွဲတစ်တွဲဆိုမူ ခရီးသည် နှစ်ဦး၊ သုံးဦးမျှသာ။ အားလုံး ကိုယ့်အာရုံနှင့်ကိုယ်။ ငယ်သော ချောသော နီပွန်ပျိုဖြူကလေးတစ်ဦးကမူ သူ့ရှေ့က လက်တော့ပ်ပေါ်ကိုသာ စူးစိုက်ကြည့်နေ သည်။
တိုကျိုမြေအောက်ရထားများ
တိုကျိုမြေအောက်ရထားများတွင်မူ   ခရီး သည်များက  အပြည့်။ ထိုင်ခုံလွတ်မရှိ၍ အများ နည်းတူ   မတ်တတ်ရပ်စီးခဲ့ရသည်။   အများစုက ထိုစဉ်ကတည်းက        နှာခေါင်းစည်းကိုယ်စီ တပ်ထားကြသည်။ မြို့လယ်ဘူတာရောက်တော့ ရထားပေါ်ကဆင်းလာကြသည့် ခရီးသည်များက နည်းနည်းနောနောမဟုတ်။ အကြွေစေ့လေးများ စက်ထဲထည့်ပြီး          ဝယ်ယူလာသည့်လက်မှတ် ဖြတ်ပိုင်းကို       အထွက်ဂိတ်စက်ထဲပြန်ထည့်၊ မြောက်တက်သွားသော   မောင်းတံအောက်က ကိုယ်စီထွက်၍ ကိုယ်လိုရာပန်းတိုင်သို့ ခရီးဆက် ကြတော့သည်။
နီပွန်နိုင်ငံသားတို့၏ ရထားပေါ်က နိစ္စဓူဝ ဘဝများက ယခုကဲ့သို့  တစေ့တစောင်းအကဲခတ် ကြည့်တော့လည်း ပုံမှန်အသားတကျ လည်ပတ်နေ သည်ဟု ဆိုရမည်။ သို့တစေ  ထိုစဉ်က  ရေတွက် လျှင် လွန်ခဲ့သော ၁၇ နှစ်  ၁၉၉၅  ခုနှစ်ကမူ  ဆိုခဲ့ပါ တိုကျို  မြေအောက်ရထားပေါ်တွင်    စိတ်ရူးပေါက် နေသူ အကြမ်းဖက်သမားတို့၏  လက်ချက်ကြောင့်  ကမ္ဘာပျက်ခဲ့ရသည်။
မုတ်ဆိတ်မွေး   ဗရပွနှင့်   ဂမ္ဘီရဆရာကြီး ရှိုလို အာဆာဟာရာ(Sholho Asahara)  ဦးဆောင်သော ဥုံရှရိန်ကျို   (Aum Shinrikyo) ဟူသည့် အစွန်း ရောက်ဘာသာရေးဂိုဏ်းမှ    အဖွဲ့ဝင်အကြမ်းဖက် သမားများသည် Sarin Gas အဆိပ်ဓာတ်ငွေ့များကို ပလတ်စတစ်အိတ်ထဲတွင်ထည့်၍       အပေါ်က သတင်းစာနှင့်ပတ်ကာ ယူဆောင်လာသည်။
ထို့နောက် အကြမ်းဖက်သမားများသည် လေလုံ နေသော  မြေအောက်ရထားပေါ်တွင်  ပလတ်စတစ် အိတ်ကို ထီးအချွန်နှင့် ထိုးဖောက်ကာ အဆိပ်ဓာတ်ငွေ့  များကို ဖောက်ထုတ်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာ ပင်   အပြစ်မဲ့ပြည်သူအများအပြား  အတုံးအရုံး လဲကျသေဆုံးခဲ့ကြရှာသည်။ မူလရည်မှန်းထားသော ခရီးဆုံးပန်းတိုင်သို့ သူတို့မသွားရောက်နိုင်ကြတော့။ မြေအောက်ရထားဘူတာ ပလက်ဖောင်းထက်ဝယ်မှာ သာ    သူတို့၏သက်မဲ့ခန္ဓာများက   လဲလျောင်း၍ ထာဝရအိပ်စက်သွားခဲ့ရရှာသည်။ သူတို့မျက်နှာများ ကတော့  ဘာကြောင့်လဲ၊  ဘာအတွက်လဲ   ဝေခွဲမရ ပုံရိပ်များဖြင့်။
အကြမ်းဖက်မှု
ထိုအကြမ်းဖက်မှုသည်         ကမ္ဘာပေါ်တွင် ဖြစ်တောင့်ဖြစ်ခဲ Chemical နှင့်  ပတ်သက်သည့် အကြမ်းဖက်မှုဖြစ်၍        ဂျပန်နိုင်ငံသားအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ဂျပန်အာဏာပိုင် အဖွဲ့ကလည်း ဥုံရှရိန်ကျိုဘာသာရေးအစွန်းရောက် ဂိုဏ်းခေါင်းဆောင်  ရှိုလိုအာဆာဟာရာနှင့်   ဂိုဏ်း အဖွဲ့ဝင်များကို    ချက်ချင်းတုံ့ပြန်ဖမ်းဆီးအရေးယူ ခဲ့သည်။
အာဆာဟာရာသည် ၁၉၈၄ ခုနှစ်တွင် အဆိုပါ ဘာသာရေးအစုအဖွဲ့ကို ထူထောင်ခဲ့ပြီး သူ့ကို အများ က  တန်ခိုးရှင်၊  သိဒ္ဓိရှင်အဖြစ်   ကြည်ညိုလာစေရန် ဖန်တီးခဲ့သည်။  အထူးသဖြင့်  ဂျပန်အထက်တန်း လွှာများက သူ့ကိုကြည်ညိုကြသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း အင်အားတောင့်လာသည်။ ၁၉၉၂ ခုနှစ်ခန့်တွင်  အာဆာဟာရာသည်         ကမ္ဘာကြီး ပျက်တော့မည်ဟုကြေညာပြီး       ကမ္ဘာကြီးပျက်လျှင် လူကောင်းတွေပဲ ရှင်သန်ကျန်ရစ်မည်၊ လူကောင်း   တွေဖြစ်သည့် ဥုံရှရိန်ကျိုအဖွဲ့ဝင်များသာ ကျန်ရစ်ခဲ့ မည်ဟု  ဟောပြောလေတော့သည်။   သူ့အရပ်နှင့် သူ့ဇာတ်  သူ့ပရိသတ်နှင့်သူဟုသာ ဆိုရပေမည်။
“ရေကုသိုလ်၊ ရေကုသိုလ်”ဟုဆိုကာ ရေအိုး လေးများကို ခေါင်းထက်ဝယ် ကိုယ်စီရွက်ကာ ဘူတာ စဉ်တိုင်းတွင်  တကြော်ကြော်အော်၍    ရေအလှူ ကုသိုလ်ပြုခဲ့ကြပါသော  မြန်မာ့ကျေးလက်က လုံမပျို များ၊ ကလေးငယ်များကို ယခုလူလတ်ပိုင်းအရွယ် များ တစ်ခေတ်တစ်ခါက မြင်တွေ့ခဲ့ဖူးကြပါလိမ့်မည်။
ထိုရေကုသိုလ်ရှင်လေးများက  ဈေးသည်များ မဟုတ်၊   ရေအိုးထဲက    သောက်ရေတစ်ခွက်ကို ဘယ်၍ဘယ်မျှပေးချေရမည်ဟု တန်ဖိုးမဖြတ်ခဲ့ကြ။ ရထားပြတင်းပေါက်ကတစ်ဆင့် ခရီးသည်က ရေ တစ်ခွက် အလကားတောင်းသောက်နိုင်သည်။ သို့ရာ တွင်   ရေကုသိုလ်အလှူရှင်များ၏    စေတနာကို တုံ့ပြန်သောအားဖြင့်   ခရီးသည်တိုင်းက ထိုစဉ်က ၁၀ ပြား၊ ၁၅ ပြား၊ တစ်မတ်၊ ငါးမူး၊ တစ်ကျပ် ပြန်လည်ပေးလှူတတ်ကြလေသည်။
မြန်မာ့မီးရထားများသည်     ဂျပန်ကျည်ဆန် ရထားများသို့နှယ်  တည်ငြိမ်ခြင်း၊    ငြိမ်သက်ခြင်း၊ တိကျခြင်း၊ မှန်ကန်ခြင်း၊ မြန်ဆန်ခြင်းတို့နှင့်လည်း ယှဉ်၍မရ။ ထို့အတူ   မြို့ပြ၏   မြင်ကွင်းတိုက်တာ အဆောက်အအုံများအစား လယ်ကွင်းများ၊ ချောင်း မြောင်း အင်းအိုင်များနှင့် ထုံးဖြူဖွေးဖွေး စေတီလေး များ၊ ကျေးလက်ရနံ့၊ ကျေးလက်မြင်ကွင်းပုံရိပ်များ ဖြင့်သာ ထင်ဟပ်နေပါလိမ့်မည်။
သို့ရာတွင် ထိုခေတ်ထိုအခါက မြန်မာ့မီးရထား သည်လည်း အလုံးစုံဘေးရန်ခပ်သိမ်း မကင်းငြိမ်းနိုင် ခဲ့ရရှာ။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်တွင်းသောင်းကျန်းမှုရန်နှင့်အတူ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏  ရထားလမ်းကို    မိုင်း ထောင်ဗုံးခွဲမှုများကြောင့်    မကြာခဏပျက်စီးခဲ့လေ သည်။ အထူးသဖြင့် အကြမ်းဖက်သောင်းကျန်းသူ များသည်  တောင်ငူ၊  ကျွဲပွဲ၊  ညောင်ခြေထောက်၊ ကညွတ်ကွင်း    ရထားလမ်းပိုင်းများကို  ၁၉၈၀ ကျော်လွန်နှစ်များအထိ မကြာခဏမိုင်းထောင်ဗုံးခွဲ တတ်ကြသည်။
တပ်မတော်က တာဝန်ယူခဲ့ရ
တစ်ခေတ်တစ်ခါကဆိုပါလျှင်     နွေရာသီ ကျောင်းပိတ်ရက်အတွင်း     မိဘရပ်ထံပြန်ကြမည့် တက္ကသိုလ်ကျောင်းသူများ  လိုက်ပါလာသော မီးရထားကို     မိုင်းထောင်ဗုံးခွဲရပ်တန့်စေပြီး    တက္ကသိုလ် ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင် ကာ တရုတ်ဖြူ ကျူးကျော်သူများထံ လက်နက်နှင့် လဲလှယ်ခဲ့ကြ၏။  ထို့ကြောင့်      ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်မှု   လွယ်ကူချောမွေ့ရေးနှင့်    ကုန်စည်စီးဆင်းမှု        မြန်ဆန်ရေးအတွက်       တပ်မတော်က တာဝန်ယူခဲ့ရသည်။
တိုင်းတပ်မအလံလေးများထူကာ  ရထားလမ်း  လုံခြုံရေးကို   တာဝန်ယူကင်းစောင့်နေကြသော   တပ်မတော်သားများကို ရထားပေါ်ကခရီးသည် များမြင်လျှင်   အားရှိကြသည်။     စိတ်ချမ်းမြေ့ တတ်ကြသည်။       ခရီးသည်အများစုကမူ ထိုတပ်မတော်ကင်းစခန်းလေးများကို  တွေ့လျှင် ဖတ်စရာမှတ်စရာ   သတင်းစာ၊     မဂ္ဂဇင်းများ၊ စားသောက်ဖွယ်ရာများကို တခုတ်တရ သေချာ ထုပ်ပိုးစည်းနှောင်၍ ပစ်ချကြပြီး ကျေးဇူးတုံ့ပြန် အသိအမှတ်ပြုကြသည်။ 
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်က နိုင်ငံ တော်၏တာဝန်များကို လွှဲပြောင်းရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ် အခတ်ရပ်စဲရေးသဘောတူပြီး  နောက်ပိုင်းတွင် မြန်မာ့မီးရထားခရီးစဉ်များသည် များစွာအေးချမ်း လာသည်။
၂၀၀၈  ခုနှစ်    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွက်လာခဲ့သော   သမ္မတကြီး   ဦးသိန်းစိန်  အစိုးရလက်ထက်တွင်    တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် NCA  ငြိမ်းချမ်းရေးစာချုပ်၌ လက်မှတ်ရေးထိုးပြီးသောအခါတွင်မူ    မြန်မာ့ မီးရထားခရီးစဉ်များသည် ပို၍ပင်  ဘေးမသန်းဘဲ အေးချမ်းခဲ့လေသည်။
ရ-ရထားကြီး ပျော်ပျော်စီး
ထိုသောအခါ   ကျွန်တော်သည်    ကရင် ပြည်နယ်   ဘားအံမြို့ကို    ကားဖြင့်တိုက်ရိုက် မသွားဘဲ မော်လမြိုင်ရထားစီးကာ မော်လမြိုင်မြို့ မှ     ကွေ့ကာဝိုက်ကာ   ပတ်၍သွားခဲ့ဖူးသည်။ တပ်မတော်အစိုးရခေတ်က တည်ဆောက်ခဲ့သည့် အိပ်မက်တံတားကြီးဟု ဒေသခံများတင်စားခဲ့ကြ သည့် မော်လမြိုင်တံတားကြီးကို  ရ-ရထားကြီး ပျော်ပျော်စီးရင်း     ဖြတ်သန်းကြည့်ရှုချင်သည့် အာသာဆန္ဒကြောင့်ဖြစ်လေသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ် ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင်မူ မြန်မာ့မီးရထားသည် အကြမ်း ဖက်သမားလက်သစ်များနှင့်   အဖျက်သမားတို့ ရန်ကြောင့် ကြီးစွာသောခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ကြုံတွေ့လာခဲ့ရပြန်ပါသည်။


တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ကာလ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ကို သိမ်းပိုက်ရန် တောင်ငူဘက်က စုန်ဆင်းလာခဲ့သော KNDO ကရင်သောင်းကျန်းသူများ၏သတင်းကို ပဲခူးမြို့တွင် အခြေပြုထားသည့်   ဗမာ့သေနတ်ကိုင် တပ်ရင်း (၆) ဌာနချုပ်သို့ “Karens bypassed Nyaun Lay Bin with Forty Trucks 4 am this morning” ဟူ၍ ပြွန်တန်ဆာမီးရထားရုံပိုင်ကြီးက ပဲခူးရုံပိုင်ကြီးထံသို့ တာဝန်သိစွာ ဆင့်ကဲဆင့်ကဲ ကြေးနန်းပေးပို့ခဲ့ကြပါသော       မြန်မာ့မီးရထား ဝန်ထမ်းတို့၏ နိုင်ငံတော်နှင့်  နိုင်ငံသားတို့အပေါ် သစ္စာရှိမှုများကား  အချို့သူများအတွက်     ပုံပြင် သဖွယ် ဖြစ်သွားခဲ့သည်။   
ပါတီစွဲ၊   ပုဂ္ဂိုလ်စွဲတို့ဖြင့်  CDM လုပ်သွား ခဲ့ကြသည့်       မြန်မာ့မီးရထားဝန်ထမ်းအချို့သည် နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်  သစ္စာဖောက်ကာ ရထားခရီးစဉ်များကို သပိတ်မှောက်၍ ရပ်ဆိုင်းခဲ့ ကြသည်။ ပါတီကို ဝန်းရံထောက်ခံသူအများစုက မြို့တွင်းသာမက ဒေသအနှံ့ရှိ ရထားလမ်းပိုင်းများ ကို ဖျက်ဆီးကြသည်။ ပိတ်ဆို့ကြသည်။ မိုင်းထောင် ဖောက်ခွဲကြလေသည်။ 
ယခုရက်ပိုင်း သြဂုတ်လ ၁၄ ရက် ညနေတွင် ရန်ကုန် - အင်းစိန်ပြေးဆွဲနေသော မြို့ပတ်ရထား ခရီးစဉ်အတွင်း    လုံခြုံရေးတာဝန်ထမ်းဆောင် နေကြသော ရထားရဲတပ်ဖွဲ့တို့ကို အကြမ်းဖက်သမား များက သေနတ်နှင့်ပစ်ခတ်၍  ရထားရဲတပ်ဖွဲ့ဝင်  လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည့် အကြမ်း ဖက်မှုဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာထက်တွင် တွေ့မြင်လိုက်ရသည်။
သွေးတို့ဖြင့်    စွန်းထင်ကျန်ရစ်ခဲ့
အခြေခံလူတန်းစားများ၊  ဈေးရောင်းဈေးဝယ် များ၊  ရုံးဝန်ထမ်းများ  အများဆုံးအားပြုစီးနင်းရာ မြို့ပတ်ရထားလေးသည်   ရထားရဲတပ်ဖွဲ့ဝင်တို့၏ ရဲရဲနီစွေးသော သွေးတို့ဖြင့်        စွန်းထင်ကျန်ရစ်ခဲ့ရ
လေပြီ။
တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်ကာလမှ သည်  ယခုပစ္စုပ္ပန်ကာလအထိ   မမြင်ခဲ့၊    မကြားခဲ့ ဖူးသော    ထိုအနိဋ္ဌာရုံမြင်ကွင်းသည်     သူ့ထက်ကဲ ရွှေပြည်စိုးလက်သစ်       အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်ကြောင့်    သမိုင်းတွင်  အကျည်း တန်အရုပ်ဆိုးစွာ         ဖြစ်ပေါ်လာခဲ့လေပြီ။       တိုကျို မြေအောက်ရထား အကြမ်းဖက်မှု ဖြစ်စဉ်ကို     စီစဉ် ကျူးလွန်စေသူ ဘာသာရေးအစွန်းရောက် အကြမ်း  ဖက်ခေါင်းဆောင် အာဆာဟာရာအား    ကြည်ညို သူတို့သို့နှယ်  ယခုအကြမ်းဖက်လုပ်ရပ်ကို  လူမှု ကွန်ရက် စာမျက်နှာထက်တွင် ကောင်းချီးသြဘာ ပေးသောမှတ်ချက်များစွာတို့ဖြင့်      ထောက်ခံ ရေးသားကြသူ   ဝန်းရံသူတို့ကလည်း မနည်းလှ။
လယ်ကွင်းများ၊ ချောင်းမြောင်းအင်းအိုင်များ နှင့်    အဝေးက   ထုံးဖြူဖွေးဖွေးစေတီလေးများ၊ ကျေးလက်ရှုခင်း၊ ကျေးလက်မြင်ကွင်း၊ ကျေးလက် ရနံ့များ လွှမ်းထုံနေသော ကျေးလက်နယ်ခရီးဝေး ရထားခရီးစဉ်များ၊    အခြေခံလူတန်းစားအများစု၏ ဓလေ့စရိုက်များ၊ ပကာသနမပါ ဖော်ရွေပျူငှာသော လူမှုဆက်ဆံရေးများ   လွှမ်းခြုံနေသော   မြို့ပတ် ရထားခရီးစဉ်များကို ကျွန်တော်ပြန်လည်တမ်းတ လွမ်းမိပါတော့သည်။      ။