
ထက်လျှံ
======
ရာသီအကူးအပြောင်းကြောင့် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါနှင့် အသက် ၂ နှစ်အောက် ကလေးများတွင်အဖြစ်များသည့် လေပြွန်ရောင်ရမ်းပြီး အသက်ရှူကျပ်သည့် ရောဂါအကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်ကလေးဆေးရုံကြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာရဲကျော်သူတို့က ဆွေးနွေးပြောကြားခဲ့သည်။
မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက
ကလေးတွေဖျားနာပြီး ချောင်းဆိုးကြတာ ကို တွေ့ရပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင် ။ ။ အောက်တိုဘာလမှာ
ကလေးတွေ ဖျားနာ ပြီး ချောင်းဆိုးကြတာ တော်တော်များပါတယ်။ ဒီအချိန်မှာ ဖျားနာ၊ ချောင်းဆိုးတယ်ဆိုတာက ပထမဦးဆုံး ရိုးရိုး အအေးမိပြီးဖျားတာ။ Common Cold လို့ခေါ်ပါတယ်။ ဒုတိယတစ်ခုက ရာသီ တုပ်ကွေး (Seasonal Flu) ဖြစ်ပါတယ်။ တတိယ က သွေးလွန်တုပ်ကွေးဖြစ်ပြီး နောက်ဆုံးတစ်ခုက အခုခေတ်စားနေတဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် ကလေးတွေ ဖျားနာတာကို တွေ့ရပါတယ်။
မေး။ ။ ရာသီတုပ်ကွေးရောဂါဆိုတာ ဘာပါလဲ၊
ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင်။ ။ ရာသီတုပ်ကွေး ရောဂါ
လို့ ပြောပေမယ့် သူက တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိုးဦးကာလနဲ့ ဆောင်းဦးကာလတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ အရင်နှစ်တွေမှာ တုပ်ကွေးက ဇွန်လမှာတွေ့ရပြီး ယခုနှစ် အောက်တိုဘာလမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့ကလေးတွေ တွေ့ရပါ တယ်။ ကူးစက်နိုင်တဲ့အကြောင်းတွေက အသက်ရှူ လမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွှားတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ တုပ်ကွေးဖြစ်နေတဲ့ သူ ကိုင်တွယ်အသုံးပြုထားတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်မြန်တဲ့ ရောဂါအထဲမှာ ပါပါ တယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် တစ်အိမ်လုံးဖြစ်ပြီးမှ ထွက်သွားတတ်တဲ့ ရာသီ တုပ်ကွေး (Flu) ဖြစ်ပြီး တုပ်ကွေး (Influenza) ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
မေး။ ။ တုပ်ကွေးရောဂါက ကိုဗစ်နဲ့ အခြား
အအေးမိရောဂါတွေနဲ့ ဘယ်လိုတွေ ကွာခြားမှုရှိတယ်ဆိုတာကို ပြောကြားပေးစေလိုပါ တယ်။
ဖြေ။ ။ ဒီအချိန်မှာဖြစ်တဲ့ရောဂါတွေရဲ့ ရောဂါ လက္ခဏာတွေက အစပိုင်းမှာတူပါတယ်။ ဖျားတယ်၊ နှာစေး၊ ချောင်းဆိုးတယ်။ ဒါပေမဲ့ ပိုပြီးအဖြစ်များ တာက သာမန်အအေးမိပြီး ဖျားတာ။ Common Cold မှာက မောတာမရှိပါဘူး။ ဖျားတာ၊ ချောင်းဆိုးတာ အဖြစ်များပါတယ်။ ရာသီတုပ်ကွေးရောဂါမှာ ချောင်းဆိုးတာနဲ့ ဖျားတာတွေ အဖြစ်များပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အားအင်ကုန်ခန်း တာတွေ အဖြစ်များပါတယ်။
အခုအဖြစ်များတဲ့ ကိုဗစ် - ၁၉ ရောဂါမှာတော့ ချောင်းဆိုးတာ၊ ဖျားနာတာ၊ လည်ချောင်း နာကျင် တာတွေက ရံဖန်ရံခါဖြစ်တတ်ပြီး အနံ့ပျောက်တာနဲ့ နှာစေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အခု ထူးထူးခြားခြားတွေ့တာက ရာသီတုပ်ကွေးရောဂါမှာ ရံဖန်ရံခါ ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါက ဝမ်းလျှောဝမ်းပျက်နဲ့ လာတာ လည်း ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေကို အဓိက တွေ့ရပါတယ်။
မေး။ ။ တုပ်ကွေးရောဂါက ဘယ်လိုလူတွေမှာ
အဖြစ်များသလဲ၊ သူ့ရဲ့နောက်ဆက်တွဲ အနေ နဲ့ ဘာတွေဖြစ်နိုင်တယ်ဆိုတာကို ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင်။ ။ တုပ်ကွေးက အသက်
အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တုပ်ကွေးအဖြစ်များ ဖို့ အန္တရာယ် (Risk) ရှိနိုင်တာက အသက် ၅ နှစ်အောက်၊ အထူးသဖြင့် ၂ နှစ်အောက်နဲ့ အသက် ၆၅ နှစ် အထက်လူကြီးတွေမှာ အဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရောဂါဖြစ်လွယ်ပါ တယ်။ ဥပမာ ဆီးချိုရောဂါရှိသူ၊ ပန်းနာရင်ကျပ် ရောဂါအခံရှိသူ၊ နှလုံးရောဂါအခံရှိသူတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ဆောင်သည်တွေနဲ့ မီးဖွားပြီး နှစ်ပတ်အတွင်းမှာ တုပ်ကွေးရောဂါဝင်ဖို့ ပိုပြီးအခွင့်အရေးများပါတယ်။ နောက်ဆက်တွဲအနေနဲ့ သာမန်အားဖြင့် တုပ်ကွေးက ပြင်းထန်မှုလက္ခဏာတွေမပြဘဲ ကောင်းသွားတတ်ပါ တယ်။ အချို့တွေမှာတော့ အဆုတ်ရောင်တာ၊ လေပြွန် ရောင်တာ၊ နားအတွင်းအမြှေးပါးရောင်တာ၊ ဦးနှောက် အမြှေးရောင်တာအထိ ဆက်ပြီးဖြစ်နိုင်ပါတယ်။
မေး။ ။ ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေကုသနိုင်
သလဲ၊ ကာကွယ်နိုင်သလဲဆိုတာ ပြောကြား ပေးစေလိုပါတယ်။
ဖြေ။ ။ ကုသတာက ရာသီတုပ်ကွေးဖြစ်ပြီလို့ သံသယ
ရှိပြီဆိုရင် မိမိအိမ်မှာပဲနေပါ။ အာဟာရ ပြည့်ဝစွာစားပါ။ အရည်များများသောက်ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ ဖျားတယ်ဆိုရင် ကိုယ်ပူကျဆေးပါရာစီတမော သောက်လို့ရပါတယ်။ ချောင်းဆိုး၊ နှာစေးရင်လည်း ချောင်းဆိုး၊ နှာစေး ပျောက်ဆေး သောက်လို့ရပါတယ်။ ကာကွယ်ခြင်းက အဓိကဖြစ်လို့ မိမိကစပြီး ကာကွယ်ရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။ နှာချေတယ်၊ နှာစေး၊ ချောင်းဆိုးတယ်ဆိုရင် အုပ်ပြီး နှာချေ၊ ချောင်း ဆိုးရမယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားလို့ရပါ တယ်။ ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ရောဂါက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် လူတိုင်းက ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာ ခြင်းဖြင့် တုပ်ကွေးရောဂါကို ကာကွယ်ကြပါစို့လို့ ပြောကြားလိုပါတယ်။
မေး။ ။ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူကျပ်
တဲ့ ရောဂါနဲ့ပတ်သက်ပြီး ပြောကြားပေးစေ လိုပါတယ်။
ဒေါက်တာရဲကျော်သူ။ ။ ကလေးတွေမှာ ဖြစ် တတ်
တဲ့ အသက်ရှူကျပ်တဲ့ ရောဂါကို ဆေးပညာအရ (Bronchiolitis) လို့ခေါ် ပါတယ်။ အဆုတ်ထဲမှာရှိတဲ့ လေပြွန်သေးသေးလေး တွေ ရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။ လေပြွန်တွေ ရောင်ရမ်းလာတဲ့အခါ အောက်ဆီဂျင် အဝင်နည်း လာပြီး ကလေးတွေ မောပြီးကျပ်တဲ့ရောဂါတစ်ခုဖြစ် ပါတယ်။
မေး။ ။ ဒီရောဂါက ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လို
အချိန်တွေမှာ ဖြစ်တာလဲဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဒေါက်တာရဲကျော်သူ။ ။ နိုင်ငံတော်တော်များများ
မှာ သုတေသနပြုလုပ်ထားတဲ့ အချက်အရ ဒီရောဂါကိုဖြစ်စေတာက RSV လို့ခေါ်တဲ့ Respiratory Syncytial Virus ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာကို တွေ့ရပါတယ်။ တခြားဗိုင်းရပ်စ် တွေဖြစ်တဲ့ Influenza နဲ့ Parainfluenza ဗိုင်းရပ်စ် တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ ရန်ကင်းကလေးဆေးရုံက ဆရာ တွေနဲ့ အောက်မြန်မာပြည် သုတေသနဌာနက ဆရာတွေ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ဒီရောဂါဖြစ်တဲ့ ကလေးတွေကို ဘာကြောင့်ဖြစ် သလဲဆိုပြီး သုတေသနပြုလုပ်တဲ့အခါ အဖြစ်များတဲ့ ပိုးက Respiratory Syncytial Virus ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။
မေး။ ။ ဒီရောဂါက ဘယ်လိုအခြေအနေမှာ ဖြစ်ပွား
သလဲ၊ ဘယ်လိုကလေးတွေမှာ အဖြစ်များ တယ်ဆိုတာကိုလည်း ပြောကြားပေးပါဦး။
ဒေါက်တာရဲကျော်သူ။ ။ ဒီရောဂါက ဆောင်းတွင်း
မှာ အဖြစ်များလေ့ရှိပါ တယ်။ အခုလို အောက်တိုဘာလကစပြီး ဖေဖော်ဝါရီလ အတွင်းမှာ အဖြစ်များတယ်။ အဖြစ်အများဆုံးအချိန် က ဒီဇင်ဘာနဲ့ ဇန်နဝါရီလလောက်မှာ အဖြစ်များ တာတွေ့ရပါတယ်။ ဒါပေမဲ့ သူက ရာသီတစ်ခုနဲ့ တစ်ခု မတူတာမျိုးလည်း တွေ့ကြုံရတတ်ပါတယ်။ ဘယ်လို ကလေးတွေမှာ အဖြစ်များသလဲဆိုတော့ အသက် ၂ နှစ်အောက်ကလေးတွေမှာ အဖြစ်များ တာတွေ့ရပါတယ်။ ၂ နှစ်အောက်ကလေးတွေထဲမှာ အသက် ၃ လမှ ၉ လအတွင်းမှာရှိတဲ့ ကလေးတွေက ပိုပြီးတော့ အဖြစ်များတယ်ဆိုတာ လေ့လာတွေ့ရှိ ရပါတယ်။ ဒီအထဲမှာမှ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မစို့ရတဲ့ ကလေးတွေ၊ ပြီးတော့ Smoke Exposure လို့ခေါ်တဲ့ အိမ်ထဲမှာ ဆေးလိပ် မီးခိုးပဲ ဖြစ်ဖြစ်၊ ခြင်ဆေးခွေဖြစ်ဖြစ်၊ ထမင်းဟင်းချက်လို့ ထွက်လာတဲ့ မီးခိုးတွေနဲ့ အတွေ့များတဲ့ ကလေး တွေ၊ နောက်တစ်ခုက အိမ်ထဲမှာ လူဝင်လူထွက်များ တဲ့ ကလေးတွေမှာ အဖြစ်များတာတွေ့ရပါ တယ်။
N စာမျက်နှာ ၁၆ မှ
မေး။ ။ အသက် ၂ နှစ်အောက်ကလေးတွေမှာ
ဒီရောဂါဖြစ်ပွားရင် ဘယ်လိုရောဂါ လက္ခဏာတွေ ပြသလဲ၊ ဘယ်လိုကလေးတွေမှာ ရောဂါပြင်းထန်တယ်ဆိုတာ ပြောကြားပေးစေလိုပါ တယ်။
ဖြေ။ ။ အစပိုင်းတစ်ရက်၊ နှစ်ရက်လောက်၊ ၄၈
နာရီလောက်အတွင်းမှာ သာမန်အအေးမိ၊ တုပ်ကွေးလို ကလေးတွေက ဖျားမယ်၊ ချောင်းဆိုး မယ်၊ နှာစေး၊ နှာပိတ်ဖြစ်မယ်၊ ဒီလိုဖြစ်ရင်းက အစားအသောက်ဝင်တာ နည်းလာတာ တွေ့ရပါ တယ်။ တစ်ခါတလေ အန်တတ်ပါတယ်။ အများစု က ဒီလောက်နဲ့ ကောင်းသွားတဲ့ ကလေးတွေရှိပါ တယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ရောဂါပိုး ပြင်းထန်လာရင် လေပြွန်လေးတွေ ရောင်ရမ်းပြီး အောက်ဆီဂျင်အဝင် နည်းလာတယ်။ ဗိုင်းရပ်စ်ပိုး ကြောင့် ချွဲတွေက လေပြွန်လေးတွေမှာ ပိတ်လာ တဲ့အခါ ရင်ကျပ်သံတွေ၊ တရွှီရွှီမြည်သံတွေက နားကြပ်နဲ့တောင် နားထောင်စရာ မလိုဘူး၊ အတိုင်းသားကြားနေရပါတယ်။
ကလေးက အသက်ရှူရခက်နေလို့ ညည်းတဲ့ အသံတွေ၊ မောလာတာတွေကို တွေ့မြင်ရနိုင်ပါ တယ်။ ပိုဆိုးလာရင် အောက်ဆီဂျင်ဓာတ်တွေ နည်းလာတဲ့အခါ အသက်ရှူတွေ မြန်လာတယ်။ ရင်ဘတ်တွေချိုင့်ဝင်ပြီး အသက်ရှူတာကို တွေ့ရ ပါတယ်။ နံရိုးအတွင်းမှာ ချိုင့်တာနဲ့ နံရိုးအောက်မှာ ချိုင့်တာ၊ အသက်ရှူရင် ရင်ဘတ်ထဲကို ချိုင့်ဝင် ခြင်းကို တွေ့ရပါတယ်။ ဒီထက်ပိုဆိုးလာရင် အောက်ဆီဂျင်ဓာတ်တွေ နည်းလာပြီး သွေးထဲမှာ အောက်ဆီဂျင်ဓာတ်တွေ ပိုနည်းလာပြီး လက် သည်း ခြေသည်းတွေ ပြာလာမယ်။ နှုတ်ခမ်းတွေ ပြာလာတဲ့အထိကို ဖြစ်လာပါတယ်။
ဘယ်လိုကလေးတွေက အဆိုးဆုံးကို ခံစားရ သလဲဆိုရင် အသက်ငယ်တဲ့ အသက် ၂ လအောက် ကလေးတွေနဲ့ မွေးရာပါနှလုံးရောဂါ ပါလာတဲ့ ကလေးတွေ၊ နောက်ပြီး ခုခံအားကျဆင်းနေတဲ့ ကလေးတွေ၊ ပေါင်မပြည့်လမစေ့ဘဲ စောပြီးမွေးတဲ့ ကလေးတွေမှာ ဒီရောဂါဖြစ်ရင် ရောဂါပိုပြင်းထန် တတ်တဲ့အတွက်ကြောင့် သတိအလွန် ထားရ ပါတယ်။
မေး။ ။ ဒီရောဂါနဲ့ပတ်သက်ပြီး ချက်ချင်းအရေးပေါ်
ပြသရမယ့် လက္ခဏာတွေကိုလည်း ပြောကြား ပေးစေလိုပါတယ်။
ဒေါက်တာရဲကျော်သူ။ ။ ချက်ချင်းအရေးပေါ် ဆေးရုံ
ဆေးခန်းကို ပြသရမယ့် လက္ခဏာတွေက ကလေးတွေက လေပြွန်တွေ ရောင်ရမ်းလို့ အောက်ဆီဂျင်ဓာတ်တွေ နည်းလာတဲ့ အခါ အသက်ရှူမြန်လာတယ်။ နံရိုးနှစ်ခုအတွင်းနဲ့ နံရိုးအောက်ပိုင်းတွေ ချိုင့်ပြီး အသက်ရှူမယ်။ ကလေးက မောလာမယ်။ ပြီးရင် အောက်ဆီဂျင်ဓာတ် နည်းလာလို့ နှုတ်ခမ်းတွေ၊ လက်သည်း ခြေသည်းတွေ ပြာလာမယ်။ နောက်တစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အရေးပေါ် သတိထားရမယ့်အချက်က အသက်ရှူရပ် ရပ်သွားပါတယ်။ ဆေးပညာအခေါ် အရဆိုရင် Apnoea လို့ ခေါ်ပါတယ်။ ဒီလိုတွေ ခဏ ခဏဖြစ်ရင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား ရောက်သင့်ပါတယ်။
နောက်တစ်ခုက အသက်ရှူတာ မောလာတဲ့ အခါ အားအင်ကုန်ခန်းလာပြီး ကလေးက အတော့်ကို မှိန်းပြီး နှိုးလို့လည်း မရတော့ဘူး။ ဒီလိုမောပြီး မှိန်းတဲ့ ကလေးမျိုးတွေ၊ နောက်တစ်ခုက အစာမဝင်တော့ဘူး၊ နို့စို့ကလေးဆိုရင်လည်း နို့မစို့နိုင်ဘူး၊ စားနိုင် သောက် နိုင်တဲ့အရွယ်ဆိုရင်လည်း စားတာသောက်တာတွေ မရှိတော့ဘဲ အရင်ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းအောက် ရောက်သွားတဲ့ ကလေးတွေဆိုရင် အရေးပေါ် ဆေးရုံ၊ ဆေးခန်းကို ပြသသင့်ပါတယ်။
မေး။ ။ ဒီရောဂါကို ဘယ်လိုတွေ ကာကွယ်နိုင်တယ်
ဆိုတာကိုလည်း ပြောကြားပေးစေလိုပါ တယ်။
ဒေါက်တာရဲကျော်သူ။ ။ လေပြွန်ရောင်ရမ်းတဲ့ (Bron-
chiolitis) ရောဂါက ဗိုင်းရပ်စ် ကြောင့် ဖြစ်တာပါ။ အခြားရောဂါတွေနည်းတူ ကိုဗစ်- ၁၉၊ တုပ်ကွေးရောဂါတွေလို ကူးစက်ပုံ ကူးစက်နည်းက အတူတူပဲဖြစ်တဲ့အတွက် လက်ဆေး ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေခြင်းတို့က အရေးကြီးတဲ့ ကာကွယ်ရမယ့်အကြောင်းအချက် တွေ ဖြစ်ပါတယ်။
နောက်ထပ်ကာကွယ်ရေးနည်းလမ်းတစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့အတွက် မိခင် နို့တိုက်ကျွေးခြင်းက ဒီရောဂါကို ကာကွယ်နိုင်တဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ နောက် တစ်ခုက ကလေးငယ်တွေမှာ Smoke Exposure လို့ခေါ်တဲ့ ဘယ်မီးခိုးပဲဖြစ်ဖြစ် အထိအတွေ့ နည်းပါးအောင် စောင့်ရှောက်ပေးခြင်းကလည်း ကာကွယ်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း
ပြောကြားပေးပါ။
ဖြေ။ ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်တဲ့
ကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် အဖြစ်များတဲ့အထဲမှာ Smoke Exposure လို့ ခေါ်တဲ့ မီးခိုးနဲ့ ထိတွေ့တဲ့ကလေးတွေ အဖြစ်များ ပါတယ်။ ပြီးတော့ ဖြစ်ပြီးသွားရင်လည်း ဆေးရုံကပဲ ဆင်းဆင်း၊ ဆေးခန်းကပဲ ပြန်ပြန် အိမ်မှာ ဆေးလိပ် သောက်တဲ့ Smoke Exposure တွေရှိမယ်ဆိုရင် ကလေးရဲ့ ရောဂါဝေဒနာခံစားရမှုက ကြာရှည်စွာ ခံစားရတဲ့အတွက် ကလေးကို ချစ်ရင်၊ ဖြစ်နိုင်ရင် အိမ်ထဲမှာ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ အိမ်တွေ ဖန်တီးပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ နောက်ဆုံးတစ်ချက်က တုပ်ကွေးရောဂါ နဲ့ လေပြွန်ငယ် ရောင်ရမ်းတဲ့ရောဂါက ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန် မညွှန်ကြားဘဲ ပိုးသတ်ဆေးတွေ မသောက်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျေးဇူးတင်ပါတယ်။