
ထက်လျှံ
ရာသီအကူးအပြောင်းကြောင့် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါနှင့် အသက် ၂ နှစ်အောက် ကလေး များတွင်အဖြစ်များသည့် လေပြွန်ရောင်ရမ်းပြီး အသက်ရှူကျပ်သည့် ရောဂါအကြောင်းကို ကျန်းမာရေး ဝန်ကြီးဌာန ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲကျော်သူတို့က ဆွေးနွေး ပြောကြားခဲ့သည်။
မေး ။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကလေးတွေဖျားနာပြီး ချောင်းဆိုးကြတာကို တွေ့ရပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင် ။ ။ အောက်တိုဘာလ မှာ ကလေးတွေ ဖျားနာပြီး ချောင်းဆိုးကြတာ တော်တော်များပါ တယ်။ ဒီအချိန်မှာ ဖျားနာ၊ ချောင်းဆိုးတယ်ဆိုတာက ပထမဦးဆုံး ရိုးရိုးအအေးမိပြီးဖျားတာ (Common Cold) လို့ခေါ်ပါတယ်။ ဒုတိယတစ်ခုက ရာသီတုပ် ကွေး (Seasonal Flu) ဖြစ်ပါတယ်။ တတိယက သွေးလွန်တုပ်ကွေးဖြစ်ပြီး နောက်ဆုံးတစ်ခုက အခုခေတ်စားနေတဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် ကလေးတွေ ဖျားနာတာကို တွေ့ရပါတယ်။
မေး ။ ။ ရာသီတုပ်ကွေးရောဂါဆိုတာ ဘာပါလဲ၊ ဘယ်လိုလက္ခဏာတွေ ရှိတယ်ဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာစောသက်ခိုင် ။ ။ ရာသီ တုပ်ကွေး ရောဂါလို့ ပြောပေ မယ့် သူက တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ အထူး သဖြင့် မိုးဦးကာလနဲ့ ဆောင်းဦးကာလတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ အရင်နှစ်တွေမှာ တုပ်ကွေးက ဇွန်လမှာတွေ့ရပြီး ယခုနှစ် အောက်တို ဘာလမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့ကလေးတွေ တွေ့ရပါတယ်။ ကူးစက်နိုင်တဲ့အကြောင်းတွေက အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွှား တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ တုပ်ကွေး ဖြစ်နေတဲ့သူ ကိုင်တွယ်အသုံးပြုထားတာတွေကနေ တစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်မြန်တဲ့ ရောဂါအထဲ မှာ ပါပါတယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် တစ်အိမ်လုံးဖြစ်ပြီးမှ ထွက်သွားတတ်တဲ့ ရာသီ တုပ်ကွေး (Flu) ဖြစ်ပြီး တုပ်ကွေး (Influenza) ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
မေး ။ ။ တုပ်ကွေးရောဂါက ကိုဗစ်နဲ့ အခြား အအေးမိရောဂါတွေနဲ့ ဘယ်လိုတွေ ကွာခြားမှုရှိတယ်ဆိုတာကို ပြောကြားပေးစေလို ပါတယ်။
ဖြေ ။ ။ ဒီအချိန်မှာဖြစ်တဲ့ ရောဂါတွေရဲ့ ရောဂါ လက္ခဏာတွေက အစပိုင်းမှာ တူပါတယ်။ ဖျားတယ်၊ နှာစေး၊ ချောင်းဆိုးတယ် ဒါပေမယ့် ပိုပြီး အဖြစ်များတာက သာမန်အအေးမိပြီး ဖျားတာ (Common Cold) မှာက မောတာမရှိပါဘူး။ ဖျား တာ၊ ချောင်းဆိုးတာ အဖြစ်များပါတယ်။ ရာသီ တုပ်ကွေးရောဂါမှာ ချောင်းဆိုးတာနဲ့ ဖျားတာတွေ အဖြစ်များပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲ တာ၊ အားအင်ကုန်ခန်းတာတွေ အဖြစ်များပါတယ်။
အခုအဖြစ်များတဲ့ ကိုဗစ် - ၁၉ ရောဂါမှာတော့ ချောင်းဆိုးတာ၊ ဖျားနာတာ၊ လည်ချောင်း နာကျင် တာတွေက ရံဖန်ရံခါဖြစ်တတ်ပြီး အနံ့ပျောက်တာနဲ့ နှာစေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခု ထူးထူးခြားခြား တွေ့တာက ရာသီတုပ်ကွေးရောဂါ မှာ ရံဖန်ရံခါ ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။ ကိုဗစ် - ၁၉ က ဝမ်းလျှောဝမ်းပျက်နဲ့ လာတာလည်း ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေကို အဓိကတွေ့ရ ပါတယ်။
မေး ။ ။ တုပ်ကွေးရောဂါက ဘယ်လိုလူတွေမှာ အဖြစ်များသလဲ၊ သူ့ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဘာတွေဖြစ်နိုင်တယ်ဆိုတာကို ပြောကြား ပေးပါဦး။
ဒေါက်တာစောသက်ခိုင် ။ ။ တုပ်ကွေးက အသက် အရွယ် မရွေး၊ ကျားမမရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တုပ်ကွေးအဖြစ်များဖို့ အန္တရာယ် (Risk) ရှိနိုင်တာက အသက် ၅ နှစ် အောက်၊ အထူးသဖြင့် ၂ နှစ်အောက် နဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ အဖြစ် များပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရောဂါ ဖြစ်လွယ်ပါတယ်။ ဥပမာ ဆီးချိုရောဂါရှိသူ၊ ပန်းနာ ရင်ကျပ်ရောဂါအခံရှိသူ၊ နှလုံးရောဂါအခံရှိသူတွေမှာ ပိုပြီးအဖြစ်များတာ တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ မီးဖွားပြီး နှစ်ပတ် အတွင်းမှာ တုပ်ကွေးရောဂါဝင်ဖို့ပိုပြီး အခွင့်အရေး များပါတယ်။ နောက်ဆက်တွဲအနေနဲ့ သာမန်အား ဖြင့် တုပ်ကွေးက ပြင်းထန်မှုလက္ခဏာတွေမပြဘဲ ကောင်းသွားတတ်ပါတယ်။ အချို့တွေမှာတော့ အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာ၊ နားအတွင်း အမြှေးပါးရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ အထိဆက်ပြီး ဖြစ်နိုင်ပါတယ်။
မေး ။ ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ကုသနိုင်သလဲ၊ ကာကွယ်နိုင်သလဲ ဆိုတာ ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကုသတာက ရာသီတုပ်ကွေးဖြစ်ပြီလို့ သံသယရှိပြီဆိုရင် မိမိအိမ်မှာပဲနေပါ။ အာဟာရပြည့်ဝစွာ စားပါ။ အရည်များများသောက် ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ ဖျားတယ် ဆိုရင် ကိုယ်ပူကျဆေး ပါရာစီတမော သောက်လို့ရပါ တယ်။ ချောင်းဆိုး၊ နှာစေးရင်လည်း ချောင်းဆိုး၊ နှာစေးပျောက်ဆေး သောက်လို့ ရပါတယ်။ ကာကွယ်ခြင်းက အဓိကဖြစ်လို့ မိမိကစပြီး ကာကွယ်ရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။ နှာချေတယ်၊ နှာစေး၊ ချောင်းဆိုး တယ်ဆိုရင် အုပ်ပြီး နှာချေ၊ ချောင်းဆိုးရမယ်။ မဖြစ် ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားလို့ရပါတယ်။ ရောဂါ ဖြစ်ပြီးမှ ကုသခြင်းထက် ရောဂါက ကြိုတင် ကာကွယ်လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် လူတိုင်းက ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် တုပ်ကွေးရောဂါကို ကာကွယ်ကြပါစို့လို့ ပြောကြား လိုပါတယ်။
မေး ။ ။ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက် ရှူကျပ်တဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောကြား ပေးစေလိုပါတယ်။
ဒေါက်တာရဲကျော်သူ ။ ။ ကလေးတွေမှာ ဖြစ် တတ်တဲ့ အသက် ရှူကျပ်တဲ့ ရောဂါကို ဆေးပညာအရ (Bronchiolitis) လို့ခေါ်ပါတယ်။ အဆုတ်ထဲမှာရှိတဲ့ လေပြွန် သေးသေး လေးတွေ ရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။ လေပြွန်တွေရောင်ရမ်းလာတဲ့အခါ အောက်ဆီဂျင် အဝင်နည်းလာပြီး ကလေးတွေ မောပြီးကျပ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
မေး ။ ။ ဒီရောဂါက ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုအချိန်တွေမှာ ဖြစ်တာလဲ ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဒေါက်တာရဲကျော်သူ ။ ။ နိုင်ငံ တော်တော် များများမှာ သုတေ သနပြုလုပ်ထားတဲ့ အချက်အရ ဒီရောဂါကို ဖြစ်စေ တာကRSV လို့ခေါ်တဲ့ Respiratory Syncytial Virus ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာကို တွေ့ရ ပါတယ်။ တခြားဗိုင်းရပ်စ်တွေဖြစ်တဲ့ Influenza နဲ့ Parainfluenza ဗိုင်းရပ်စ်တို့ကြောင့်လည်း ဖြစ် တတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရန်ကင်း ကလေးဆေးရုံက ဆရာတွေနဲ့ အောက် မြန်မာပြည် သုတေသနဌာနက ဆရာတွေ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ဒီရောဂါ ဖြစ်တဲ့ ကလေးတွေကို ဘာကြောင့် ဖြစ်သလဲဆိုပြီး သုတေသနပြုလုပ်တဲ့အခါ အဖြစ်များတဲ့ပိုးက Respiratory Syncytial Virus ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။
မေး ။ ။ ဒီရောဂါက ဘယ်လိုအခြေအနေမှာ ဖြစ်ပွားသလဲ၊ ဘယ်လိုကလေးတွေမှာ အဖြစ်များတယ်ဆိုတာကိုလည်း ပြောကြားပေး ပါဦး။
ဒေါက်တာရဲကျော်သူ ။ ။ ဒီရောဂါက ဆောင်း တွင်းမှာ အဖြစ်များ လေ့ရှိပါတယ်။ အခုလို အောက်တိုဘာလကစပြီး ဖေဖော်ဝါရီလအတွင်းမှာ အဖြစ်များတယ်။ အဖြစ် အများဆုံးအချိန်က ဒီဇင်ဘာနဲ့ ဇန်နဝါရီလ လောက်မှာ အဖြစ်များတာ တွေ့ရပါတယ်။ ဒါပေမယ့် သူက ရာသီတစ်ခုနဲ့တစ်ခု မတူတာမျိုး လည်း တွေ့ကြုံရတတ်ပါတယ်။ ဘယ်လို ကလေး တွေမှာ အဖြစ်များသလဲဆိုတော့ အသက် ၂ နှစ် အောက်ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါ တယ်။ ၂ နှစ်အောက်ကလေးတွေထဲမှာ အသက် ၃ လမှ ၉ လအတွင်းမှာရှိတဲ့ ကလေးတွေက ပိုပြီး တော့ အဖြစ်များတယ်ဆိုတာ လေ့လာတွေ့ ရှိရပါ တယ်။ ဒီအထဲမှာမှ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မစို့ရတဲ့ ကလေးတွေ၊ ပြီးတော့ Smoke Exposure လို့ ခေါ်တဲ့ အိမ်ထဲမှာ ဆေးလိပ် မီးခိုး ပဲဖြစ်ဖြစ်၊ ခြင်ဆေးခွေဖြစ်ဖြစ်၊ ထမင်းဟင်းချက်လို့ ထွက်လာတဲ့ မီးခိုးတွေနဲ့ အတွေ့များတဲ့ ကလေး တွေ၊ နောက်တစ်ခုက အိမ်ထဲမှာ လူဝင်လူထွက်များ တဲ့ ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။
မေး ။ ။ အသက် ၂ နှစ်အောက် ကလေးတွေမှာ ဒီရောဂါဖြစ်ပွားရင် ဘယ်လိုရောဂါ လက္ခဏာ တွေပြသလဲ၊ ဘယ်လိုကလေးတွေမှာ ရောဂါပြင်းထန်တယ်ဆိုတာ ပြောကြား ပေးစေလိုပါ တယ်။
ဖြေ ။ ။ အစပိုင်းတစ်ရက်၊ နှစ်ရက်လောက်၊ ၄၈ နာရီလောက်အတွင်းမှာ သာမန်အအေးမိ၊ တုပ်ကွေးလို ကလေးတွေက ဖျားမယ်၊ ချောင်းဆိုး မယ်၊ နှာစေး၊ နှာပိတ်ဖြစ်မယ်၊ ဒီလိုဖြစ်ရင်းက အစားအသောက်ဝင်တာ နည်းလာတာတွေ့ရပါ တယ်။ တစ်ခါတလေ အန်တတ်ပါတယ်။ အများစု က ဒီလောက်နဲ့ ကောင်းသွားတဲ့ ကလေးတွေရှိပါ တယ်။ ဒါပေမယ့် ဆက်ပြီးတော့ ရောဂါပိုးပြင်းထန် လာရင် လေပြွန်လေးတွေရောင်ရမ်းပြီး အောက်ဆီ ဂျင် အဝင်နည်းလာတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ချွဲတွေက လေပြွန်လေးတွေမှာ ပိတ်လာတဲ့အခါ ရင်ကျပ်သံတွေ၊ တရွှီရွှီ မြည်သံတွေက နားကြပ်နဲ့ တောင် နားထောင်စရာမလိုဘူး၊ အတိုင်းသားကြား နေရပါတယ်။
ကလေးက အသက်ရှူရခက်နေလို့ ညည်းတဲ့ အသံတွေ၊ မောလာတာတွေကို တွေ့မြင်ရနိုင်ပါ တယ်။ ပိုဆိုးလာရင် အောက်ဆီဂျင်ဓာတ်တွေ နည်းလာတဲ့အခါ အသက်ရှူတွေ မြန်လာတယ်။ ရင်ဘတ်တွေချိုင့်ဝင်ပြီး အသက်ရှူတာကို တွေ့ရပါ တယ်။ နံရိုးအတွင်းမှာ ချိုင့်တာနဲ့ နံရိုးအောက်မှာ ချိုင့်တာ၊ အသက်ရှူရင် ရင်ဘတ်ထဲကို ချိုင့်ဝင်ခြင်း ကို တွေ့ရပါတယ်။ ဒီထက်ပိုဆိုးလာရင် အောက်ဆီ ဂျင်ဓာတ်တွေ နည်းလာပြီး သွေးထဲမှာ အောက်ဆီ ဂျင်ဓာတ်တွေ ပိုနည်းလာပြီး လက်သည်းခြေသည်း တွေ ပြာလာမယ်။ နှုတ်ခမ်းတွေ ပြာလာတဲ့အထိကို ဖြစ်လာပါတယ်။
ဘယ်လိုကလေးတွေက အဆိုးဆုံးကို ခံစားရ သလဲဆိုရင် အသက်ငယ်တဲ့ အသက် ၂ လအောက် ကလေးတွေနဲ့ မွေးရာပါ နှလုံးရောဂါပါလာတဲ့ ကလေးတွေ၊ နောက်ပြီး ခုခံအားကျဆင်းနေတဲ့ ကလေးတွေ၊ ပေါင်မပြည့် လမစေ့ဘဲ စောပြီးမွေးတဲ့ ကလေးတွေမှာ ဒီရောဂါဖြစ်ရင် ရောဂါပိုပြင်းထန် တတ်တဲ့အတွက်ကြောင့် သတိအလွန်ထားရပါ တယ်။
မေး ။ ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ချက်ချင်းအရေး ပေါ်ပြသရမယ့် လက္ခဏာတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဒေါက်တာရဲကျော်သူ ။ ။ ချက်ချင်းအရေးပေါ် ဆေးရုံ ဆေးခန်းကို ပြသရမယ့် လက္ခဏာတွေက ကလေးတွေက လေပြွန်တွေရောင်ရမ်းလို့ အောက်ဆီဂျင်ဓာတ်တွေ နည်းလာတဲ့အခါ အသက်ရှူမြန်လာတယ်။ နံရိုး နှစ်ခုအတွင်းနဲ့ နံရိုးအောက်ပိုင်းတွေ ချိုင့်ပြီး အသက် ရှူမယ်။ ကလေးက မောလာမယ်။ ပြီးရင်အောက်ဆီဂျင်ဓာတ်နည်းလာလို့ နှုတ်ခမ်းတွေ၊ လက်သည်း ခြေသည်းတွေ ပြာလာမယ်။ နောက် တစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အရေး ပေါ် သတိထားရမယ့်အချက်က အသက်ရှူရပ် ရပ်သွားပါတယ်။ ဆေးပညာအခေါ်အရဆိုရင် Apnoea လို့ ခေါ်ပါတယ်။ ဒီလိုတွေ ခဏခဏဖြစ်ရင် ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်သင့်ပါ တယ်။
နောက်တစ်ခုက အသက်ရှူတာ မောလာတဲ့ အခါ အားအင်ကုန်ခန်းလာပြီး ကလေးက အတော့် ကို မှိန်းပြီး နှိုးလို့လည်း မရတော့ဘူး။ ဒီလိုမောပြီး မှိန်းတဲ့ကလေးမျိုးတွေ၊ နောက်တစ်ခုက အစာ မဝင်တော့ဘူး၊ နို့စို့ကလေးဆိုရင်လည်း နို့မစို့နိုင်ဘူး၊ စားနိုင်သောက်နိုင်တဲ့ အရွယ်ဆိုရင်လည်း စားတာ သောက်တာတွေ မရှိတော့ဘဲ အရင်ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းအောက် ရောက်သွားတဲ့ ကလေးတွေ ဆိုရင် အရေးပေါ် ဆေးရုံဆေးခန်းကို ပြသသင့်ပါ တယ်။
မေး ။ ။ ဒီရောဂါကို ဘယ်လိုတွေ ကာကွယ်နိုင် တယ်ဆိုတာကိုလည်း ပြောကြားပေးစေ လိုပါတယ်။
ဒေါက်တာရဲကျော်သူ ။ ။ လေပြွန်ရောင်ရမ်း တဲ့ (Bronchiolitis) ရောဂါက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ အခြားရောဂါ တွေနည်းတူ ကိုဗစ် - ၁၉ ၊ တုပ်ကွေးရောဂါတွေလို ကူးစက်ပုံ ကူးစက်နည်းက အတူတူပဲဖြစ်တဲ့အတွက် လက်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ခြင်း၊ တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာနေခြင်းတို့က အရေးကြီးတဲ့ ကာကွယ်ရမယ့် အကြောင်းအချက် တွေ ဖြစ်ပါတယ်။
နောက်ထပ် ကာကွယ်ရေးနည်းလမ်းတစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့အတွက် မိခင် နို့တိုက်ကျွေးခြင်းက ဒီရောဂါကို ကာကွယ်နိုင်တဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါ တယ်။ နောက်တစ်ခု ကလေးငယ်တွေမှာ Smoke Exposure လို့ခေါ်တဲ့ ဘယ်မီးခိုးပဲဖြစ်ဖြစ် အထိအတွေ့နည်းပါးအောင် စောင့်ရှောက်ပေးခြင်းကလည်း ကာကွယ်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း ပြောကြားပေးပါ။
ဖြေ ။ ။ အသက်ရှူလမ်းကြောင်း ဆိုင်ရာဖြစ်တဲ့ ကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် အဖြစ်များတဲ့အထဲမှာ Smoke Exposure လို့ခေါ်တဲ့ မီးခိုးနဲ့ ထိတွေ့တဲ့ကလေးတွေ အဖြစ်များပါတယ်။ ပြီးတော့ ဖြစ်ပြီးသွားရင်လည်း ဆေးရုံကပဲ ဆင်းဆင်း၊ ဆေးခန်းကပဲပြန်ပြန် အိမ်မှာ ဆေးလိပ် သောက်တဲ့ Smoke Exposure တွေရှိမယ်ဆိုရင် ကလေးရဲ့ ရောဂါဝေဒနာခံစားရမှုက ကြာရှည်စွာ ခံစားရတဲ့အတွက် ကလေးကို ချစ်ရင်၊ ဖြစ်နိုင်ရင် အိမ်ထဲမှာ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ အိမ်တွေဖန်တီးပေးဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ နောက်ဆုံးတစ်ချက်က တုပ်ကွေးရောဂါနဲ့ လေပြွန်ငယ်ရောင်ရမ်းတဲ့ ရောဂါက ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ဆရာဝန် မညွှန်ကြား ဘဲ ပိုးသတ်ဆေးတွေမသောက်ဖို့ မေတ္တာရပ်ခံလိုပါ တယ်။ ကျေးဇူးတင်ပါတယ်။