ရှာတော့ “ပညာ”၊ ရတော့ “သညာ” လား

Type

 

ဒေါက်တာမောင်သင်း(ပါမောက္ခချုပ် (ငြိမ်း)၊ မန္တလေးတက္ကသိုလ်)

 

ကျွန်တော်တို့သည် ငယ်စဉ်ကတည်းက ကျောင်းသို့ သွားခဲ့ကြသည်။ ဘာသွားလုပ်သလဲဟု  မေးလေ တိုင်း “ပညာ သွားရှာတာ” ဟု   ဖြေခဲ့ကြသည်။ အတန်းကျောင်းအနေဖြင့် မူကြို၊ မူလတန်း၊ အလယ် တန်း၊  အထက်တန်းမှသည်     တက္ကသိုလ်အထိ ကျောင်းတွေတက်ခဲ့ကြသည်။ သတ်မှတ်ထားသည့် ပညာရေးအဆင့်များကို   အောင်မြင်ကာ  ဘွဲ့ဒီဂရီ တွေ ဆွတ်ခူးခဲ့ကြသည်။ ဘွဲ့ရပြီဆိုလျှင် ကျွန်တော် တို့ အသိုင်းအဝိုင်းက “ပညာတတ်” ဟု ကင်မွန်းတပ် လိုက်ကြသည်။ ပေးဆပ်ခဲ့ရသည့် အချိန်၊ လုပ်အား၊ ငွေကြေး တန်ဖိုးနှင့် ညီမျှသည့် “ပညာ” တွေကိုရော တကယ်ရခဲ့ကြပါသလားဟု ပညာနောက်လိုက်ခဲ့သူ များ ဖြစ်ကြသည့် ကျွန်တော်တို့သည် ကိုယ့်ကိုယ် ကိုယ်   မေးခွန်းထုတ်ခဲ့ကြပါသလား။  ထို့အပြင် “ပညာ” ဆိုတာကိုရော အမှန်သိ၍ တကယ်လိုက်ရှာ ခဲ့ကြပါသလား။ မသိဘဲနှင့် စမ်းတဝါးဝါး ရှာခဲ့ကြ လျှင်ဖြင့် “တံလှပ်ပညာ” (သို့မဟုတ်) “ထင်မှတ် ပညာ” တွေ နောက်သို့ လိုက်ခဲ့သည့်  ရွှေသမင်အဖြစ် မျိုး ကြုံခဲ့ရပါလိမ့်မည်။ ကြုံလည်း ကြုံခဲ့ကြပါသည်။ 
ပညာ၏ အဓိပ္ပာယ်အဖွင့် 
မြန်မာအဘိဓာန်တွင် (၁) “ခွဲခြားသိမြင်နိုင်သော ဉာဏ်”၊ (၂) “အတတ်” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထား ပါသည်။ “မိလိန္ဒ ပဉှာ” တွင် ပညာ၏    သဘော လက္ခဏာသည် “ပိုင်းခြားခြင်း၊ ဆုံးဖြတ်ခြင်း၊ ထွန်းလင်းတောက်ပခြင်း” သဘောရှိသည်ဟု မိလိန္ဒ မင်းကြီး၏ မေးခွန်းကို အရှင် “နာဂသေန” မထေရ် မြတ်ကြီးက   ဖြေကြားခဲ့ပါသည်။  ဆရာကြီး ဦးအောင်သင်းကတော့ ပညာဆိုတာ “အကြောင်း တရားကို ရှာခြင်း” ဟု ဆိုပါသည်။ ဆရာကြီးက သိင်္ဃသူ့သမီး ကျောက်စာမှ “ငါလည်း ပညာမရှိ သော မိုက်သော မဖြစ်မူ၍ ပညာရှိသော၊ အကြောင်း ကို သိသော” ဟူသည့် စာပိုဒ်တွင် ပါဝင်သည့်         “ပညာမရှိခြင်း     =  မိုက်ခြင်း နှင့် 
      ပညာရှိခြင်း     =  အကြောင်းကို သိခြင်း” 
ကို ရည်ညွှန်း၍ “ပညာသည် အကြောင်းကို သိခြင်း” ဟု ဆိုပါသည်။ အကြောင်းတရားကို  သိမှသာလျှင် “အကျိုးတရား”ကို    စူးစမ်းရှာဖွေနိုင်သည်ဟု ဆက်လက်ဖော်ပြခဲ့ပါသည်။ 
“ပညာဆိုတာ လူရဲ့  အရည်အသွေး၊ လူရဲ့ စွမ်းအင် တစ်ခုလို့ ယူဆတယ်၊ ပညာရှိတယ်ဆိုတာ ပညာဆိုတဲ့စွမ်းအင် ရှိတာပါပဲ၊ အရည်အသွေးကို ပြောရရင် မျက်စိ၊ နား၊ လက်တို့နဲ့ သွားပြီး ထိကိုင် လို့ မရပါဘူး၊ ဉာဏ်နဲ့သာ သိနိုင်တယ်၊ လူရဲ့စွမ်းအင် ဆိုတာလည်း  ဉာဏ်သဘော” ဟု    ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်    ရေးသားသည့် “ပညာရဲ့ သဘော” စာအုပ်တွင် ဆရာကြီးရဲ့အမြင်ကို ဖွင့်ဆိုခဲ့ ပါသည်။ 
စာရေးသူ၏အမြင်ကို တင်ပြရလျှင် ပညာသည် ရုပ်ဝတ္ထု    မဟုတ်ပါသဖြင့် ထိ၊ ကိုင်၊ မြင်၊ အနံ့၊ အရသာခံခြင်းဖြင့် ပညာ၏သဘောကို  သိနိုင်စွမ်း မရှိပေ။ ပညာဟူသည့်  ဝေါဟာရသည် “စွမ်းရည် ပြည့် စိတ္တဇနာမ်” သာဖြစ်၍  လူ့အသိုင်းအဝိုင်းတွင် သာရှိ၏။ တိရစ္ဆာန် လောကနှင့် သက်မဲ့ဝန်းကျင်တွင် မရှိပေ။ “စူးစမ်းရှာဖွေ တီထွင်လိုစိတ် ဉာဏ်ရည် ကြောင့် သိရှိနားလည် အသုံးချနိုင်ခြင်းဟူသည့် လူ့ စွမ်းရည်”  တစ်မျိုးသာ   ဖြစ်ပါသည်။  သဘာဝ ပတ်ဝန်းကျင်တွင်  တည်ရှိနေသည့်  ရေ၊ လေ၊ မြေ၊ တောတောင်၊ ကောင်းကင်၊   စကြဝဠာ   စသည့် သက်မဲ့များနှင့် လူ၊ တိရစ္ဆာန်၊ အပင် စသည့် သက်ရှိ များ၏ သဘာဝအတိုင်း ဖြစ်တည်နေမှု၊ ဖြစ်ပျက်နေ မှုများကို လူသား၏ လေ့လာစူးစမ်းမှုဖြင့် သိရှိ နားလည်လာခြင်းနှင့်  တီထွင်ဖန်တီးမှုတို့ကြောင့် ပေါ်ထွန်းလာသည့် “ဖြစ်စဉ်သဘောကို  သိခြင်း၊ နားလည်ခြင်းနှင့်  အသုံးချနိုင်ခြင်း” သည် ပညာပင် ဖြစ်သည်ဟု   မြင်မိပါသည်။   ဉာဏ်ရည်ဖြင့်သာ မြင်နိုင်၊ သိနိုင်၊ အရသာခံနိုင်၊ အသုံးပြုနိုင်ပါသည်။ ပညာသည် သူ့ဟာသူ သီးခြားရပ်တည်နိုင်စွမ်းလည်း မရှိပေ။ လူသား၏ ဉာဏ်ရည်နှင့် ပေါင်းစပ်မှသာ ပညာ၏ သဘောနှင့် ဂုဏ်သတ္တိသည် ပိုမိုတောက်ပ လာသည့် သဘောရှိပေသည်။ ဆိုလိုသည်မှာ ပညာ သည် သိရုံအဆင့်တွင် ရပ်မနေပေ။ သိပြီး “ဖြစ်စဉ် သဘော” ကို လူသား၏ ဉာဏ်စွမ်းရည်နှင့် ပေါင်းစပ် အသုံးချနိုင်မှုဆီ ဦးတည်ရပေမည်။ သို့မှသာ “ပညာ” မည်ပေ၏ဟု ဆိုချင်ပါသည်။  
သာဓကအားဖြင့်  ကောင်းကင်တွင်    လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်းကို ဘာကြောင့် ဖြစ်နေပါ လိမ့်ဟူ၍ အကြောင်းတရားကို   ဉာဏ်ဖြင့် ဆင်ခြင် စူးစမ်းလေ့လာရာမှ   လူသားသည်  “လျှပ်စစ်၏ ဖြစ်စဉ်သဘောတရား” ကို သိလာခဲ့ပါသည်။ ယင်း လျှပ်စစ်ဟူသည့် အသိတရားကို လူသား၏ ဉာဏ် ဖြင့်   နေ့စဉ်အသုံးချနိုင်မှုနှင့်     ဆက်စပ်တီထွင် ပေးလိုက်သည့်အခါ   လျှပ်စစ်ပညာသည်  ယနေ့ ကမ္ဘာတွင် ဘယ်နေရာမှ သူမပါလျှင် မပြီးတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာပေတော့သည်။ 
ဒုတိယ သာဓကအနေဖြင့် ဂီတပညာကို ပြဆိုရ ပေလိမ့်မည်။  လေတိုက်ခြင်း၊   ပစ္စည်းတစ်ခုခုနှင့် ထိခိုက်မိခြင်း၊ ပွတ်တိုက်မိခြင်းတို့ကြောင့်  အသံများ ထွက်ပေါ်လာသည်။   အသံထွက်ပေါ်လာရသည့် အကြောင်းအရင်းကို သိလိုသည့် ဉာဏ်ဖြင့် ရှာသည့် အခါ အရာဝတ္ထုများ “တုန်ခါခြင်း ဖြစ်စဉ်” ကြောင့် ဟု သိလာရသည်။ ထိုအသိကို  အခြေခံ၍ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်များဖြင့် တုန်ခါအောင် တီးမှုတ်ခြင်းဖြင့် အသံထွက်ပေါ်လာအောင် ပြုလုပ် တတ်လာသည်။ တုန်ခါသံများကိုလည်း အနိမ့်အမြင့် အလိုက် သံစဉ်များကို ထပ်မံ ဖန်တီးလိုက်သည့်အခါ သာယာနာပျော်ဖွယ်  ဂီတသံများ  ပေါ်ထွန်းလာခဲ့ပေ သည်။ အကယ်၍ တုန်ခါခြင်းဖြစ်စဉ်မှ ထွက်ပေါ်လာ သည့်   အသံကို  ကမ္ဘာဦးလူသားမှသည်   ယနေ့ ကျွန်တော်တို့ခေတ်အထိ       ဆက်လက်စူးစမ်း တီထွင်မှုကင်းကာ  ထားရှိခဲ့ပါလျှင်  တုန်ခါသံသည် ဂီတအဆင့်သို့ မရောက်နိုင်ပေ။ လူသား၏ တီထွင် ဖန်တီးနိုင်မှု   ဉာဏ်ရည်က   တုန်ခါမှုကို  သာယာ နာပျော်ဖွယ်ဖြစ်အောင် စွမ်းဆောင်မှုကြောင့် “ဂီတ ပညာ” အဖြစ်  ပေါ်ထွန်းလာခဲ့ခြင်း   ဖြစ်ပါသည်။ ဤသို့လျှင် သဘာဝလောကကြီးတွင် သူ့သဘာဝ အတိုင်း ဖြစ်ပေါ်နေသည့် လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်းနှင့်   တုန်ခါမှု  အသံတို့၏  ဖြစ်စဉ်များကို လူသား၏ စူးစမ်းတီထွင်လိုမှု ဉာဏ်စွမ်းရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ “လျှပ်စစ်ပညာ” နှင့် “ဂီတ ပညာ” တို့သည် လူ့ဘောင်လောကတွင် ပေါ်ထွန်း လာပေတော့သည်။ 
တကယ်တော့ ပညာသည် ကျောက်စာ၊ ပေစာ၊ စာအုပ်နှင့်  အခြားမှတ်သားနိုင်သည့် ကိရိယာများ ထဲတွင် လုံးဝမရှိပေ။ ထို့အတူ တစ်ဦး တစ်ယောက် ၏ ဦးနှောက် မှတ်ဉာဏ်တွင် မှတ်သား သိမ်းဆည်း ထားနိုင်ရုံမျှဖြင့်လည်း    ပညာ  မမည်သေးပါ။ လူတစ်ဦး တစ်ယောက်၏ မှတ်ဉာဏ်နှင့် အမျိုးမျိုး သော ရုပ်ဝတ္ထုထဲတွင် မှတ်သားသိုမှီးထားသမျှသည် “အမှတ်သညာ” (သို့မဟုတ်) “သညာမှတ်စု” အဆင့် မျှသာ ရှိပါသေးသည်။ မှတ်သားထားသမျှအား လူ က ပြန်ပြော၊ ပြန်ရွတ်ဆိုပြ၊ ရေးပြ၊ လုပ်ကိုင်ပြနေရုံ ဖြင့်လည်း ယခင်က မှတ်တမ်းတင်ခဲ့သူ လူသားများ ၏ သညာကို  ပြန်လည်ပုံတူကူးချသည့် “ပုံတူကူး သညာ” အဆင့်ထက် မပိုဟု မြင်မိပါသည်။ 
“သညာ” ဆိုသည်မှာ 
“သညာ” (သင်ညာ)  ဟူသည့်  ဝေါဟာရကို မြန်မာအဘိဓာန်တွင် “မှတ်တတ်သော သဘော” “အမှတ်အသား” ဟု ဖွင့်ဆိုထားသဖြင့် “မှတ်သား၍ သိရှိထားမှု” အဆင့်သာ ရှိပါသေးသည်။ ဆရာက သင်ကြားပေး၍၊ မြင်၍၊ ကြား၍၊ ဖတ်၍ မှတ်သား သည်။ မှတ်သားမှုပြီးလျှင် မှတ်မိလာပေလိမ့်မည်။ မှတ်မိပါများလာလျှင် သိလာပါလိမ့်မည်။ ဤသည် ကို ဆရာကြီး ဦးသန်းဦးက အကြားအမြင်များခြင်း တို့မှ လေ့လာသင်ယူအပ်သော လေ့လာရရှိထားအပ် သော “မှတ်သားသိရှိထားမှု”  ကို “မှတ်သိ” ဟု သုံးနှုန်းထားပါသည်။ မှတ်သိသည် “သညာ” အဆင့် တွင်သာ ရှိပါသည်။ ဆရာကြီးက ဆက်လက်၍ “ကျောင်းသင်  ဘာသာအားလုံးမှ သင်ကြားသင်ယူ ရရှိထားမှု အားလုံးကိုလည်း “သညာ” (Knowledge) ဟူ၍ မှတ်ယူရပါမည်။ တစ်နည်းအားဖြင့် စာမှတ် သမျှ “သညာ” ဖြစ်ပါသဖြင့် “ပညာ” ဟူ၍ အမှတ် အယူ မမှားမိရန် အထူးသတိပြုရပါလိမ့်မည်” ဟု ဖော်ပြထားပါသည်။ 
ထို့အတူ  ဓမ္မပိယ ဆရာတော်ကလည်း အသိ သုံးမျိုးနှင့်  ပတ်သက်၍   အောက်ပါအတိုင်း ပြဆို ထားပါသည်။ 
အမှားလည်းရှိ၊ အမှန်ရှိ၍ 
မှတ်မိရုံသာ၊ သိသည်သာလျှင်
“သညာ” တွင်၏။ 
အစဉ်ပိုင်နင်း၊ ထိုးထိုးထွင်း၍ 
ရှင်းလင်းသေချာ၊ “သိပညာ” တည်း။ 
ဝိဉာဏတုံ၊ “စိတ်သိ” ပုံကား
အာရုံယူမှု၊ ရအောင်ပြုသည်
သောတုမှတ်ဖွယ်၊ အချုပ်တည်း။ 
(သံဘာဋီ)
သညာသိ၊   ပညာသိ၊  ဝိညာဏ်  (ဝိညာဉ်) “စိတ်သိ” ဟူ၍ အသိ သုံးမျိုးရှိသည်။ “သညာသိ” ဟူသည် ယခုခေတ် ပညာရေးစနစ်မျိုး၊ ကျက်သိ၊ မှတ်သိ ဖြစ်၏။ အမှားအမှန် ခွဲခြားဝေဖန်ဖို့ သူ့မှာ တာဝန်မရှိ၊ သူ့တာဝန်ကား သိမှတ်ရုံသာဖြစ်သည်။ ထို့ကြောင့် “သညာသိ” တွင် အမှားလည်း ရှိနိုင်၏။ အမှန်လည်း ရှိနိုင်၏။ “ပညာသိ” ၌ အမှားမရှိ၊ အမှန် သာရှိ၏။  နက်ရှိုင်းစွာ  သိ၏။ ထိုးထွင်း၍ သိ၏။ ရှင်းလင်းပြတ်သားစွာ သိ၏။ သေသေချာချာ ပိုင်နိုင် စွာ သိ၏။ ဝိညာဏ် (ဝိညာဉ်) “စိတ်သိ” ပုံကတော့ အာရုံတစ်ခု   လက်ခံယူရုံမျှသာ    ဖြစ်သည်ဟု ဆရာတော်က ဖွင့်ဆိုခဲ့ပါသည်။ 
ဤသို့ဆိုလျှင်    ဖတ်စာအုပ်ထဲမှ   စာတွေ ကျက်မှတ်ပြီး စူးစမ်းဆင်ခြင်မှု ကင်းကာ အတန်း တွေအောင်၊ ဘွဲ့တွေရခဲ့လျှင် “ပညာသိ” အဆင့် မဟုတ်သေးကြောင်း ထင်ရှားလှပေသည်။ ပညာသိ မဟုတ်ခဲ့လျှင်  “တံလှပ်ပညာ” မျိုးစုံနှင့် ကြုံကာ အဓမ္မကို ဓမ္မဟု စွဲထင်၊ အမှားကို အမှန်မြင်သည့် အဖြစ်မျိုး   ကြုံတွေ့နိုင်သကဲ့သို့  ဆန့်ကျင်ဘက် ဖြစ်သည့် ဓမ္မကို အဓမ္မလို့မှတ်ယူ၊ အမှန်ကို အမှားဟု ခံယူသွားနိုင်ပါသည်။       သညာသိလောက်ဖြင့် ဆုံးဖြတ်လျှင် အမှန်ထက် အမှားဘက် ပိုယိမ်းနိုင်၏။ ပညာကား အမှန်တရား ချိန်ခွင်လျှာတွင် တည့်မတ် နေ၏။ အမှားကင်း၏။ ပညာသည် ငြိမ်းချမ်းမှု ဓမ္မ နှင့် မငြိမ်းချမ်းမှု အဓမ္မ၏ နယ်နိမိတ်ကို ထိုးထွင်းစွာ သိ၏။ အမှန်၊ အမှားနှင့် ဓမ္မ၊ အဓမ္မ၏ နယ်နိမိတ်ကို ပိုင်းခြားသိမြင်ပါမှ မိမိနှင့် သူတစ်ပါး၏ ငြိမ်းချမ်းမှု ကို ပေးစွမ်းနိုင်၏။ မငြိမ်းချမ်းမှုကို မပြုနိုင်ရန် ပညာ သတိက ချွန်းအုပ်ပေး၏။  ပညာကို   နက်နက်နဲနဲ သိပါမှ အမှားနည်းကာ အောင်မြင်မှုကို ဆက်ထိန်း၍ လူ့အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးမည့် တန်ဖိုးမြင့် လူသားဘဝကို ရောက်နိုင်၏။ ထိုဘဝမျိုးကို ပိုင်ဆိုင် ရန် ဆရာသမားများက “ပညာ” နှင့် “သညာ” ကွဲအောင် လုပ်ကြဦးဟု ဆုံးမခဲ့သည်ကို အမှုမဲ့ အမှတ်မဲ့ ဖြတ်ကျော်လာခဲ့ကြသည်။ 
ငယ်စဉ်အခါက သင်္ချာဆိုလျှင် “တွက်ချက်ရ သည့်   ဘာသာရပ်” ဟု ထင်မှတ်ခဲ့သည်။ သင်္ချာ နိယာမများကို  အသုံးပြု၍    အဖြေမှန်အောင် တွက်နိုင်လျှင်  သင်္ချာတတ်ပြီဟု  ယူဆခဲ့ကြသည်။ တကယ်တော့ သင်္ချာဘာသာရပ်သည် “ပြဿနာကို တစ်ဆင့်ပြီးတစ်ဆင့်   ကျိုးကြောင်းညီညွတ်စွာ  ချဉ်းကပ် ဖြေရှင်းတတ်ရန် လေ့ကျင့်ပေးခြင်း” ဖြစ်ပါ သည်။ အဖြေမှန်သော်လည်း အဆင့်ကျော်ခဲ့လျှင် အမှတ်မရခဲ့ခြင်း (သို့မဟုတ်) အမှတ်လျှော့ခံရခြင်း ကို မကျေမနပ် ဖြစ်မိခဲ့ကြသည်။ လူ့ဘဝတွင် နိစ္စဓူဝ ကြုံတွေ့ရမည့်    ပြဿနာများကို    တစ်ဆင့်ပြီး တစ်ဆင့်ဖြေရှင်းရာတွင် လူ့အဖွဲ့အစည်းက ချမှတ် ထားသည့်   ဥပဒေ၊   စည်းမျဉ်း၊   စည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးပြီး ဖြေရှင်းနိုင်စေ ရန် သင်္ချာဖြင့်                        လေ့ကျင့်ပေးနေခြင်းသာ ဖြစ်ပါသည်။ စာသင်ခန်း နှင့် စာမေးပွဲခန်းတွင် အဖြေမှန်ခြင်းထက် လူ့ဘဝ ပြဿနာကို စနစ်ကျစွာ ဖြေရှင်းတတ်သည့် အရည် အသွေး   ကျွန်တော်တို့  ဘဝတစ်လျှောက် ပိုင်ဆိုင် လာရေးက အဓိက ဆိုသည်ကို မသိခဲ့ကြပေ။ ထိုစဉ် က အဖြေမှန်မှ “အမှတ်ရ” ၍ အမှတ်နောက်သို့ လိုက်ခဲ့ကြသည်။ “ပညာ”  အစား “ရမှတ်” ဆီသို့ အလိုက်မှားခဲ့သည်။   တစ်ဆင့်ပြီး    တစ်ဆင့် ကျိုးကြောင်း ညီညွတ်စွာ သင်္ချာဥပဒေသများကို လိုက်နာဖြေရှင်းနိုင်သည့် အရည်အသွေးကို ပိုင်ဆိုင် လျှင် အမြဲတမ်း “အဖြေမှန်” ကို ရပေလိမ့်မည်။ မှန်သည့် အဖြေ၏ တန်ဖိုးကိုလည်း ဖြေရှင်းသူနှင့် လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အသုံးချတတ် လာပေလိမ့်မည်။   ဤသို့ဆိုလျှင်   ကျွန်တော်တို့ လေ့ကျင့်ခဲ့ရသည့်      သင်္ချာဘာသာရပ်မှသည် “ပြဿနာ ဖြေရှင်းနိုင်ခြင်း ပညာ” ကို ပိုင်ဆိုင်သွား သည်ဟု ဆိုရပါလိမ့်မည်။ ဤပညာကို ပိုင်ဆိုင်လျှင် ငြိမ်းချမ်းခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်းသည် မိမိနှင့် လူ့အဖွဲ့အစည်းအတွင်း ကျွဲကူးရေပါ ဖြစ်လာ တော့သည်။ 
ဆရာကြီး         ဒေါက်တာမောင်ဖြူးက "Knowledge and Wisdom" ဆိုတဲ့ ကဗျာဆရာ William Cowper (1731-1800) ရဲ့ ကဗျာကို “ပညာ နဲ့ သညာ” ဆိုပြီး ဘာသာပြန်ကာ ၁၉၆၆ ခုနှစ် ဇူလိုင်လတွင်   ထုတ်ဝေသည့်    ပညာတန်ဆောင်  မဂ္ဂဇင်းတွင်  အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။ 
“ပညာ” နဲ့ “သညာ” မတူရာမလေ၊ 
တစ်ခါတစ်ရံ အဆက်အစပ်ပင် မရှိချေ။ 
သညာဟာ တစ်ပါးသူ့ စိတ်ကူး၊ 
အငှားအဝတ်ဖြင့် ကြွားဝါ ရွှင်မြူး။ 
ပညာကား မိမိရဲ့ ပစ္စည်း ထာဝစဉ်၊ 
ပိုင်းခြားသိမြင် စွမ်းနိုင်တော့အင်။ 
ကုန်ကြမ်းသက်သက် သညာကို၊ 
ပညာ ရက်ကန်းမှာ တင်ရက်ဖို့လို။ 
နို့မို့ သညာများတာဟာ မင်ကြောင်ထိုးရာ၊ 
ဆေးအတွက် ပိုလေးတာနဲ့ တူမှာ။ 
သညာသည် အသိကြွယ်သည်ဟု တံခွန်ထူဘိ၊
ပညာကား အသိနည်းတယ်လို့ နှိမ့်ချ၏။ 
အထက်ပါ   ကဗျာတွင်  မိမိကိုယ်ပိုင်သည် “ပညာ” ဖြစ်ပြီး “သညာ” ဆိုသည်မှာ သူများပစ္စည်း ဟု ဝေါဟာရနှစ်ခု၏ ကွဲပြားပုံကို တိတိကျကျ ပြဆို ခဲ့ပါသည်။ ထို့ပြင် သညာလောက်သာ သိသူက ငါသိ၊ ငါတတ်  ဟုထင်နေသော်လည်း  ပညာအစစ်ကို ပိုင်ဆိုင်သူကား  ဘောင်ဘင်မခတ်။   ငြိမ်းချမ်း၏။ စည်ကဲ့သို့ ဆိတ်ဆိတ်ငြိမ်၏။ တီးမှ မြည်တတ်၏။ 
သို့ပါ၍ ဓမ္မပိယ ဆရာတော်၊ ဆရာကြီး  နှစ်ဦးဖြစ် သည့်  ဦးသန်းဦးနှင့်   ဒေါက်တာမောင်ဖြူးတို့၏ ဖွင့်ဆိုချက်များအရ “သညာ” သည် “ပညာ” ဟူ သည့် ကုန်ချောအဆင့်သို့ ရောက်ရန် အစပြုသည့် ကုန်ကြမ်းအဆင့်သာ ရှိသေးကြောင်း သိသာနိုင်ပေ သည်။ ကျွန်တော်တို့ “ကျောင်းသင် ပညာရေး” က လေ့ကျင့်ပေးမှုများသည် အကယ်၍ အလွတ် ကျက်မှတ်နည်း (သို့မဟုတ်) ကြက်တူရွေးစာအံနည်း သာဖြစ်ပြီး   တွေးခေါ်ကြံဆနည်း (သို့မဟုတ်) တီထွင်ကြံဆမှု မပါခဲ့လျှင် “သညာ” အဆင့်မှာသာ ရှိနေပေလိမ့်မည်။ ဤသို့ဆိုလျှင် ရှာတုန်းကတော့ ပညာ ဖြစ်ပေသည်။ အောင်လက်မှတ်နှင့်  ဘွဲ့တွေ အသီးသီးရသော်လည်း ကိုယ်ပိုင်ပညာ မရရှိဘဲ သူ များအသိ “သညာ” ကိုသာ အငှားပစ္စည်းအနေဖြင့် ရရှိနေပေလိမ့်မည်။ ကိုယ်ပိုင်ဥစ္စာဟု ဆိုအပ်သည့် ပညာမရလျှင် ပညာတတ်ဘဝကို မရောက်နိုင်သေး ပေ။ သညာ ကုန်ကြမ်းကို ပညာစစ်စစ် ဖြစ်လာရန် ဘဝတက္ကသိုလ်တွင်   တစ်သက်တာ  ပညာရှာသူ (Lifelong Learner) အဖြစ် ဆက်လက်လေ့လာရန် လိုပေလိမ့်မည်။   
ဓမ္မပိယ  ဆရာတော်က  “ဘဝတစ်လျှောက်လုံး အစဉ်အလာအရ သင်ခဲ့သမျှ ပညာဟူသမျှကား “သညာ” တွေသာ ဖြစ်နေတော့သည်” ဟု ဖော်ပြ ထားသကဲ့သို့ပင် ကျွန်တော်တို့၏ ပညာရှာ ခရီးတွင် “သညာ” တွေနှင့်သာ နပန်းလုံးရင်း အချိန်တွေ ကုန်ခဲ့ကြတာ ဟုတ်မဟုတ် ဆန်းစစ်ကြရန်လိုပေ လိမ့်မည်။ 
“ပညာ” နှင့် “သညာ” အဆုံးအဖြတ်
အထက်ပါ ဓမ္မပိယ ဆရာတော်၏ အဆိုပြုချက် ဖြစ်သော “ကျွန်တော်တို့သည် ပညာသင်ခဲ့သလား၊ သညာလောက်သာ ရယူခဲ့တာလား” ဆိုတာကို မြန်မာ့ပထမဦးဆုံး တိပိဋက သာသနာ့ အာဇာနည်၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင်    အဖြေပုဂ္ဂိုလ် (ဝိသဇ္စက) အဖြစ်  ဆောင်ရွက်ခဲ့သည့်  မင်းကွန်း ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသက မိုးကုတ်ဆရာတော်ဘုရားကြီး     ဦးဝိမလအား ချီးကျူးခဲ့သည့်  မိန့်ကြားချက်ဖြင့်   ချိန်ညှိကာ ဆုံးဖြတ်စေချင်ပါသည်။ 
“မိုးကုတ်ဆရာတော်ကြီး  ဟောတဲ့ တရားများ က ဘုန်းကြီးတို့ရဲ့  ခေါင်းပေါ်  နှစ်တောင်လောက် ကျော်ပြီးသွားတဲ့ တရားများပဲ။ ဘာကြောင့်လဲဆို တော့ ဘုန်းကြီးတို့   အခုပိဋကတ်သုံးပုံကို အာဂုံ ဆောင်နိုင်တယ်၊ သိနေတယ်ဆိုတာ ဘယ်စာမျက် နှာ ဘယ်အကြောင်းအရာ ပါတယ်ဆိုတာ မှတ်ထား တာ၊ “သညာ” နဲ့ မှတ်တာပါ။ မိုးကုတ် ဆရာတော် ကြီးကတော့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်နေတယ် ဆိုတာ “ပညာဉာဏ်” နဲ့  ထိုးဖောက်ပြီး   သိတာ၊ “ပညာသိ၊ သိတာ” ဟူ၍ (၁၃-၀၆-၁၉၇၇) ရက်နေ့၌ ကြို့ပင်ကောက်မြို့ မဟာလောကာသီရိ ဘုရားကြီး တန်ဆောင်းအတွင်းမှာ ချီးကျူး မိန့်ကြားခဲ့ပါသည်။
သမိုင်းဆရာကြီး   ဒေါက်တာတိုးလှ   ကတော့ မင်းကွန်းဆရာတော်ဘုရားကြီးအား “နှစ်ဆယ်ရာစု ၏ မဟာလူသား” တဲ့။ ကမ္ဘာ့ဂင်းနစ်စံချိန်ကတော့ “မှတ်ဉာဏ် အကောင်းဆုံး လူသား” ဟု မှတ်တမ်း တင်ခဲ့ပါသည်။ ဘာဖြစ်လို့ပါလဲ။ အလွတ်ပြန်ဆို ရသည်က “သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ” စာအုပ်ရေ ၂၀၊ စာမျက်နှာပေါင်း  ၇၉၈၃ မျက်နှာ ရှိပါသည်။ ပြီးနောက်  သဘော ရေးဖြေအတွက်  အဋ္ဌကထာ ကျမ်း အုပ်ရေ  ၅၂  အုပ်၊ စာမျက်နှာပေါင်း ၂၃၃၁၇ မျက်နှာနှင့် ဋီကာကျမ်း ၂၈ အုပ်၊ စာမျက်နှာပေါင်း ၁၂၃၇၁ မျက်နှာရှိပြီး နှစ်မျိုးလုံးပေါင်းသော် အုပ်ရေ ၈၀နှင့်  စာမျက်နှာပေါင်း ၃၅၆၈၈ မျက်နှာကို လေ့လာဖတ်ရှု၍ အလွတ်ပြန်ဆိုခဲ့သည့် ပိဋကတ် တော်များကို အနက်ဖွင့်ဆိုရပါသည်။ ဤမျှ များပြား သည့် စာပေများကို အလွတ်ပြန်ဆိုရာတွင်လည်း ကောင်း၊ သဘောရေးဖြေရာတွင် လည်းကောင်း ၈၉ မှတ်မှ အမှတ်ပြည့် ၁၀၀ ရရှိပြီး ဘာသာရပ် တိုင်းကို  ဂုဏ်ထူးဖြင့်  အောင်မြင်ခဲ့သောကြောင့် ဖြစ်ပါသည်။ 
ဤကဲ့သို့   မှတ်ဉာဏ်ကောင်း၍  ဗုဒ္ဓစာပေ အားလုံးကို မှတ်နိုင်ခဲ့ကာ စာမေးပွဲတိုင်းကို ဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သူ မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တိုင်ကပင် မှတ်ရုံသာ မှတ်မိမှုသည် “သညာ သိ” ဟု ဆိုလို၍  ခန္ဓာကိုယ်မှာ   ဖြစ်ပျက်နေသမျှ ဖြစ်စဉ်အားလုံးကို ဉာဏ်နှင့် ယှဉ်၍ ထိုးထွင်းသိမြင် သည့် မိုးကုတ်ဆရာတော်ဘုရားကြီးအား “ပညာသိ” သိသူဟု ချီးကျူးမြွက်ကြားခဲ့ပါသည်။ ဆိုလိုသည်မှာ “သိသမျှကို ဉာဏ်နှင့်ယှဉ်၍ သုံးတတ်၊ ကြည့်တတ်၊ မြင်တတ်၊ တွေးခေါ်တတ်မှ ပညာရသူ” ပါဟု မြင်မိ ပါသည်။ စာရှုသူနှင့် သင်တို့  ကျွန်တော်တို့သည် စာသင်ခန်းမှာ ဆရာများက သင်ပေး၍ သင်ယူခဲ့၊ ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်စာအုပ်ထဲက ရေးထားသမျှကို အလွတ်ကျက်ကာ စာမေးပွဲ အဖြေစာရွက်ပေါ်တွင် ရေးတင်ပြီး ဆရာ၊ ဆရာမထံ ပြန်အပ်ခဲ့လျှင် “ပညာ သိ၊ သိသူ” (သို့မဟုတ်) “ပညာတတ်” ဟု ကိုယ့်ကိုယ် ကိုယ်  တံဆိပ်တပ်ခံနိုင်ကြပါမည်လော။ ဉာဏ်နှင့် မယှဉ်၍   ပညာတတ်သူ  လုံးဝ  မဖြစ်နိုင်သေးပါ။ မြန်မာ့ပညာရေးကလည်း    ကြက်တူရွေး  စာအံ အဆင့်ဖြင့်   “သညာ” တွေသာ   အလေးထား လေ့ကျင့်ပေးနေမှုမှသည် ကျောင်းက ထွက်သွား သူတိုင်း   ဘဝတစ်လျှောက်လုံးတွင်  အရာရာကို ဉာဏ်ဖြင့် ယှဉ်၍ ရှုမြင်သုံးသပ် တွေးခေါ်လုပ်ကိုင်နိုင် သည့် “ကိုယ်ပိုင် ပညာစစ်စစ်” ပိုင်ဆိုင်ရေးသို့ မဖြစ် မနေ ဦးတည်လေ့ကျင့်ပေးရန် အကြံပြုအပ်ပါသည်။ သို့မှသာ ပညာတတ်များ ကြွယ်ဝသည့် “ပညာနိုင်ငံ တော်” ပေါ်ထွန်းလာပါလိမ့်မည်။ ပညာနိုင်ငံတော် ဖြစ်လာပါမှ နိုင်ငံတကာဖွံ့ဖြိုးမှုနှင့်  ငြိမ်းချမ်းမှု လမ်းကြောင်းပေါ်တွင်    ကျွန်တော်တို့   မြန်မာ တိုင်းရင်းသားများအားလုံး  ကြွားဝင့်စွာ  လျှောက် လှမ်းနိုင်မည်ဖြစ်ကြောင်း ပြည်သူသို့ တင်ပြလိုက်ရ ပါသည်။  
ကျေးဇူးတင်လွှာ ။ ။ (၁၃-၀၆-၁၉၇၇) ရက်နေ့ တွင်  ကြို့ပင်ကောက်မြို့၌  ဟောကြားခဲ့သည့် မင်းကွန်း ဆရာတော် ဘုရားကြီး၏ “တရားနာ ပရိသတ် (၅) မျိုး” တရားကို  ရှာဖွေ၍  ပို့ပေးသည့်  ဓမ္မမိတ်ဆွေ ဆရာဝင်းအား ကျေးဇူးတင်ပါသည်။
ကျမ်းကိုး 
    (၁)    မြန်မာစာဦးစီးဌာန  (၂၀၀၈) မြန်မာ အဘိဓာန် (ဒုကြိမ်)။
    (၂)    ဓမ္မပိယ ဆရာတော်  (၂၀၁၂) သညာမှ ပညာသို့၊ အတွေးအမြင် မဂ္ဂဇင်း အမှတ် (၂၄၄)။ 
    (၃)    ဒေါက်တာမောင်ဖြူး (၁၉၆၆) ပညာနဲ့ သညာ၊ ပညာ့တန်ဆောင် စာစောင်။
    (၄)    တက္ကသိုလ် ဘုန်းနိုင် (၂၀၀၀) ပညာရဲ့ သဘော။ 
    (၅)    အောင်သင်း (၂၀၀၇) ကျွန်တော် ကျောင်း ဆရာ။ 
    (၆)    တိုးလှ (၂၀၀၄) နှစ်ဆယ်ရာစု၏  မဟာ လူသား။ 
    (၇)    ဒေါက်တာ သန်းဦး (၂၀၁၇) ပညာရေး ဆောင်းပါး ပေါင်းချုပ်။