မြန်မာ့အလင်းအယ်ဒီတာအာဘော်
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(COVID-19) နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက်များပြား လာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက်ကူးစက်ပြန့်ပွားခြင်း နည်းလမ်း များဖြင့် ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့်အဆင့်(Very High)အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။
COVID-19 ရောဂါမှာ ယမန်နေ့ ညပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် ရောဂါဖြစ်ပွားနေပြီး သေဆုံးသူဦးရေ စုစုပေါင်းမှာ လည်း ၃၁၁၂ ဦးထိ ရှိနေပြီဖြစ်သည်။ နိုင်ငံတွင်း ရောဂါကူးစက် မှုဖြစ်ပွားနေသည့် နိုင်ငံများ၏ အရေအတွက်မှာလည်း တစ်ရက် ပြီးတစ်ရက် တိုးလျက်ရှိနေသည်။
COVID-19 ရောဂါဖြစ်ပွားနေသူများ၊ ရောဂါလက္ခဏာမပြ သေးသော်လည်း ရောဂါရှိနေသူများထံမှ အခြားသူများသို့ ရောဂါကူးစက်မှုသည် လူစုလူဝေးများသည့် နေရာများတွင် ပြန့်ပွားနိုင်သည့်အတွက် ယခုကာလအတွင်း လူစုလူဝေးများ သည့်နေရာများ၊ ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြရန်၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များကို မဖြစ်မနေ ကျင်းပရပါကလည်း လူနည်းနည်းနှင့် ကျင်းပပြီး ဖျားနာနေသူ များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသူများ မလာရောက်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ မကြာမီကျင်းပတော့မည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲအခမ်းအနား၊ ရန်ကုန်တက္ကသိုလ်ရာပြည့်ဓမ္မသဘင် အခမ်းအနား စသည်တို့အပါအဝင် လူစုလူဝေးပွဲလမ်းသဘင် များစွာ ဆိုင်းငံ့လိုက်ကြသော်လည်း အချို့ပွဲလမ်းသဘင်များ ကျင်းပမည့်သတင်းများကို တွေ့ရှိနေရသေးသည်။ အထူးသဖြင့် ယခုလသည် မြန်မာပြက္ခဒိန်အရ တပေါင်းလဖြစ်သည့်အလျောက် မြန်မာနိုင်ငံအနှံ့အပြားတွင် ဘုရားပွဲများ ကျင်းပလေ့ရှိသည့် ကာလဖြစ်ရာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း ကျင်းပရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်လွန်၊ အကြောက်တရားလွန်ကဲခြင်းမျိုး မဖြစ်သင့်သလို လုံးဝအလေးဂရုမပြုခြင်း၊ ကံယုံ၍ ဆူးပုံနင်းခြင်းကဲ့သို့သော အစွန်းတစ်ဖက်သို့လည်း ရောက်သွားသင့်သည် မဟုတ်ပေ။
ဖျားနာနေသူ၊ နှာစေးချောင်းဆိုးနေသူ၊ နှာချေနေသူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုဖြစ်နေသူတစ်ဦးအနေဖြင့် ပါးစပ် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ထားရန် (ကျန်းမာနေသူများမှာ ပါးစပ် နှာခေါင်းစည်းတပ်ရန်မလိုပါ။)၊ လူစုလူဝေးများသည့်နေရာများ၊ ပွဲလမ်းသဘင်များသို့ မသွားဘဲ ရှောင်ရှားရန်လိုအပ်သည်။ သာမန်အားဖြင့် ကျန်းမာနေသူများမှာ လူစုလူဝေးများသည့် နေရာများသို့ တတ်နိုင်သမျှ မသွားဘဲ ရှောင်ရှားခြင်း၊ လက်ကို မကြာခဏ စနစ်တကျဆေးကြော သန့်စင်ခြင်းတို့ပြုလုပ်ရန် အကြုံပြုချက်များကို လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကို ကျော်လွှားသွားနိုင်ကြမည် ဖြစ်သည်။
လက်ရှိ အခြေအနေတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွား နေသည့် နိုင်ငံများ၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ၊ စီးပွားရေး အင်အားကြီးနိုင်ငံများ၊ ဒေသတွင်း ရှေ့တန်းရောက်နေသည့်နိုင်ငံ များ စသည်တို့ပါဝင်နေပြီး ရောဂါလျင်လျင်မြန်မြန်ကူးစက်နေမှုနှင့် ရောဂါကြောင့် အသက်သေဆုံးမှုများပါ ဖြစ်ပေါ်လျက်ရှိ သည်။ မိမိတို့ ပြည်သူတစ်ဦးချင်းက သတိဟူသည် ပိုသည်မရှိဟူ၍ နှလုံးမူလျက် ကျန်းမာရေးအသိတရားရှိရှိဖြင့် ကျင့်သုံးနေထိုင် ကြကာ ရောဂန္တရဘေးမှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။