ရေအရင်းအမြစ်ကို စနစ်တကျဆောင်ရွက်
=============================
ရေသည် လူသားအားလုံးအတွက် အရေးကြီးသည့်ပစ္စည်းဖြစ်သည်။ ရေသည် သက်ရှိအရာများနှင့်သတ္တဝါများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ရေကို စနစ်တကျအသုံးချလျှင် များစွာအကျိုး ရှိသည်။ စနစ်တကျ အသုံးမချတတ်လျှင် အဟောသိကံဖြစ်မည်။ ရေသည် ကောင်းကျိုးများစွာပေးသလို တစ်ခါတစ်ရံ ဆိုးကျိုးများလည်းပေးသည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်ပတ်သက်သော ပြဿနာများ နှစ်စဉ်ကြုံတွေ့ကြရသည်။ မိုးရာသီကာလတွင် ရေကြီးရေလျှံ ဘေးနှင့် ကြုံတွေ့ကြရပြီး နွေရာသီကာလတွင် ရေရှားပါးမှုနှင့် ကြုံတွေ့ကြ ရသည်။ အဆိုပါ ရေနှင့်ပတ်သက်သောပြဿနာများကို ဖြေရှင်းပေးမှသာ ပြည်သူများ၏ လူမှုဘဝများ အဆင်ပြေနိုင်မည်ဖြစ်သည်။ နှစ်စဉ် နွေရာသီ ကာလရောက်လျှင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှုပြဿနာနှင့် ကြုံကြရသည်။ ယင်းကို လျော့ပါးသက်သာရေးအတွက် လက်တွဲပူးပေါင်း ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့၏ အကျိုးဆက်များကြောင့် ရေလမ်းကြောင်းနှင့် ရေသိုလှောင်မှုစနစ်များ ပျက်စီးလာသည်။ ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ သစ် တောများ မပျက်စီးရေးတို့ကို ကမ္ဘာတစ်ဝန်း ဦးစားပေးလုပ်ဆောင်လာ ကြသည်။ မြန်မာနိုင်ငံတွင် သစ်တောများ ပြန်လည်ပျိုးထောင်ရေးကို အလေးထားလုပ်ဆောင်နေသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ပေးရေးသည် လက်တွေ့နယ်ပယ်တွင် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုဖြင့် မပြီးမြောက်နိုင်ဘဲ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်သည်။
လက်ရှိကာလတွင် ရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ မြစ်ဝှမ်းဒေသများ၌ တရားမဝင်ရွှေတူး ဖော်မှုနှင့် အခြားဓာတ်သတ္တုများ၊ အဖိုးတန်ကျောက်မျက်ထုတ်လုပ်မှုများ၊ တရားမဝင် ကျောက်စရစ်နှင့် သဲထုတ်လုပ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ် ရေး၊ မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးရေး၊ ရေထုညစ်ညမ်းမှု တားဆီး ကာကွယ်ရေး၊ မြစ်ချောင်းအင်းအိုင်ကန်များ စသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများအတွင်းသို့ အမှိုက်သရိုက်များ၊ ရေဆိုးများ စွန့်ပစ်မှုအပေါ် စောင့်ကြည့်ထိန်းချုပ်ရေးနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေး စသည်တို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။
လူတို့၏နေ့စဉ်ဘဝအတွက် အထူးအရေးကြီးသောရေကို စနစ်တကျ ထိန်းသိမ်းအသုံးပြုလုပ်ကိုင်ကြဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံ လုံး ရေရရှိမှုအခြေအနေနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ(အနိမ့်ဆုံး) သောက်သုံးရေ ဝန်ဆောင်မှုမှရရှိသော ရေကို အသုံးပြုနေကြရသည်။ ၎င်းတို့အနက် အိမ်ထောင်စုအားလုံး၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းသည် သန့်ရှင်းပြီး ဘေးကင်းစင်သော သောက်သုံးရေ ဝန်ဆောင်မှုကို အသုံးပြုနေကြရသည်။ သန့်ရှင်းပြီး ဘေးကင်းသော သောက်သုံး ရေဝန်ဆောင်မှုကို ရယူသုံးစွဲရာတွင် မြို့ပြ၌ ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျေးလက် ၌ ၃၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ မြို့ပြအိမ်ထောင်စုအားလုံး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်သည့့် မြစ် ချောင်း ဆည် ကန် တူး မြောင်း လက်တံတို့မှ သောက်သုံးရေအသုံးပြုပြီး ကျေးလက်၌ အိမ်ထောင်စု ၁၅ ဒသမ ၈ ရာခိုင်နှုန်းသည် ယင်းမြေပေါ်ရေကို သောက်သုံးရေအဖြစ်အသုံးပြုသည်။
ထို့ကြောင့် မြို့ပြနှင့်ကျေးလက်ဒေသများ၌ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ရေရှားပါးသည့် မြန်မာပြည်အလယ်ပိုင်း ဒေသ၊ တောင်ပေါ်ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးရေကို စုဆောင်း သိုလှောင်မှု၊ မြေပေါ်ရေ သန့်စင်ပေးဝေမှုနှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု အတွက် ပိုမိုတိုးတက်ကောင်းမွန်ပြီး ပိုမိုစနစ်တကျဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရ မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်မူ သန့်ရှင်းသောရေ၊ စနစ်ကျသောရေရရှိရေးမှာ များစွာလိုအပ်နေသေးသည်။
သို့ဖြစ်ရာ ပြည်သူများအတွက် အရေးကြီးသော သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို စနစ် တကျကြိုးပမ်းအကောင်အထည်ဖော်ခြင်းဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေနှင့်ဆက်နွှယ်သော စီးပွားရေး၊ ရေနှင့်ဆက်နွှယ်သော ပတ်ဝန်းကျင်၊ ရေနှင့်ဆက်နွှယ်သော လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပိုမို သိသာစွာ တဖြည်းဖြည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။ ။