
မိုးရာသီသို့ရောက်ခဲ့ပြီမို့ မြစ်ရေကြီးမှု၊ မြစ်ရေလျှံမှု အန္တရာယ်များနှင့် ကြုံဆုံကြရပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်များတွင် မြစ်ရေကြီးခြင်း အန္တရာယ်သည် မြန်မာနိုင်ငံ၌ မကြာခဏဆိုသလို အနည်းနှင့်အများ ကြုံတွေ့ရစမြဲဖြစ်ပါသည်။ ရေကြီးရာသီကို နယုန်လမှ သီတင်းကျွတ်လအထိ သတ်မှတ်ရမည်ဖြစ်သည်။
မိုးရွာသွန်းခြင်းသည် မြစ်ရေကြီးခြင်း၏ အခြေခံအကြောင်းရင်းဖြစ်ပြီး မြစ်ရေကြီးခြင်း အန္တရာယ်ကို ဖြစ်ပေါ်လာခြင်းမရှိစေရန် တားဆီး၍ လည်းမရပါ။ ဘေးဒဏ်ကို လျော့ပါးအောင် ကြိုတင်ကာကွယ်မှုနှင့် ပြင်ဆင်မှုများသာ ပြုလုပ် နိုင်သောကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက မြစ်ရေကြီးခြင်းသတိပေးချက်ကို အခါအားလျော်စွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့တွင် သတင်းများထုတ်ပြန်ခြင်းများ လည်း ပြုလုပ်ပေးနေပါသည်။
ရေကြီးခြင်းကို သုံးမျိုးခွဲခြားနိုင်
မြစ်ရေကြီးခြင်းဆိုသည်မှာ မြစ်အတွင်း စီးဆင်းနေသော ရေထုထည်ပမာဏသည် လွန်စွာ ကြီးမား၍ မြစ်ကြောင်းမှ လက်ခံနိုင်စွမ်းထက် ကျော်လွန်ပြီး မြစ်ကမ်းသို့ ရေကျော်ရေလျှံခြင်း ဖြစ်သည်။ ရေကြီးခြင်းကို မြန်မာနိုင်ငံအတွက် အဓိက အားဖြင့် သုံးမျိုးခွဲခြားနိုင်ပါသည်။ ထိုသုံးမျိုးမှာ-
၁။ ဒေသကျယ်ရေကြီးခြင်း (Plain Flood)၊
၂။ လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Flood)၊
၃။ မုန်တိုင်းများကြောင့် ပင်လယ်ရေ
လွှမ်းခြင်း (Storm Surge) တို့ဖြစ်ပါသည်။ ထိုရေကြီးခြင်းများကို သေချာစွာလေ့လာလိုက် သောအခါ ဤကဲ့သို့တွေ့ရမည် ဖြစ်ပါသည်-
၁။ ဒေသကျယ် ရေကြီးခြင်းဆိုသည်မှာ မြစ်ကြီးများတွင် ဖြစ်လေ့ရှိသော ရေကြီးမှုမျိုး ဖြစ်သည်။ မြစ်ကြီးများမှ ရေလျှံမှုများကြောင့် မြေနိမ့်လွင်ပြင်များတွင် ရေမြုပ်ရသောရေကြီးမှု ဖြစ်သည်။ ရေကြီးပြီဆိုပါကလည်း ရေလွှမ်းမိုး နစ်မြုပ်မှုဧရိယာ ကျယ်ပြန့်တတ်သည့်အပြင် ရေမြုပ် ကာလမှာလည်း ကြာမြင့်တတ်သောကြောင့် ရေကြောင့်ဖြစ်သော ဝမ်းရောဂါကဲ့သို့ ကူးစက် ရောဂါများ ဖြစ်တတ်ပါသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်များ၏ မြစ်ဝှမ်း ဒေသများတွင် ဖြစ်တတ်ပါသည်။
၂။ လျှပ်တစ်ပြတ် ရေကြီးခြင်းဆိုသည်မှာ မြစ်ငယ်၊ ချောင်းငယ်များတွင် ဖြစ်လေ့ရှိသော ရေကြီးမှုမျိုးဖြစ်ပါသည်။ နှစ်စဉ်ဖြစ်လေ့ဖြစ်ထ ရှိသည့်အပြင် ရုတ်တရက်လည်းဖြစ်တတ်သဖြင့် ကြိုတင်သိရန် မလွယ်ကူချေ။ ရေမြုပ်ကာလ မကြာမြင့်လှသော်လည်း ရုတ်တရက်ဖြစ်တတ် သဖြင့် ကာကွယ်ရန် အချိန်မရတတ်သည့်အတွက် အန္တရာယ်ကြီးတတ်ပါသည်။
ဖြစ်တတ်သည့်သဘောမှာ မြစ်ငယ်၊ ချောင်း ငယ်များသည် မြစ်ကြောင်းမကြာခဏပြောင်းလဲ ခြင်း၊ မြစ်ကြောင်းကောက်ကွေ့ခြင်း၊ မြစ်ကြောင်း အောက်ခံကောလာခြင်း၊ ရေစီးနှုန်းနှေးကွေးခြင်း များကြောင့်ဖြစ်တတ်ပြီး မြစ်ငယ်ချောင်းငယ်များ ပေါ်သို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း သောအခါ မိုးရေများဝင်လာမှုကြောင့် ရေမျက်နှာ ပြင်မြင့်တက်လာကာ တာတမံများ ကျိုးပေါက်ခြင်း၊ မြေပြိုခြင်း၊ တံတားများ မျောပါခြင်းများ ဖြစ်တတ် ပါသည်။
ဤကဲ့သို့ဖြစ်ခြင်းများသည် မြန်မာပြည်နေရာ အနှံ့အပြားတွင် ဖြစ်တတ်ပြီး မိုးနှောင်းကာလများတွင် ပို၍ဖြစ်တတ်ပါသည်။ ဒေသကျယ်ရေကြီးမှုလောက် ရေကြီးမှုအတိုင်းအတာ မကြီးသော်လည်း မြန်မာ နိုင်ငံတွင် နှစ်စဉ်ဖြစ်လေ့ရှိသဖြင့် အန္တရာယ်ရှိသော ရေကြီးမှုအဖြစ် သတိပြုသင့်ပါသည်။
ကြိုတင်သိနိုင်
၃။ မုန်တိုင်းများကြောင့် ရေကြီးခြင်းဆိုသည်မှာ ပင်လယ်ကမ်းရိုးတန်းဒေသများရှိ မြစ်ဝချောင်းဝများ တွင် ဖြစ်တတ်သောရေကြီးမှုမျိုးဖြစ်ပါသည်။ နှစ်စဉ် ဖြစ်လေ့မရှိဘဲ ဘင်္ဂလားပင်လယ်အော်အတွင်းမှ မုန်တိုင်းများသည် မြန်မာ့ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်သောအခါမှ ဖြစ်တတ်သဖြင့် ကြိုတင် သိနိုင်ပါသည်။
မုန်တိုင်းများ ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်သောအခါ ကမ်းခြေကို ဖြတ်၍တိုက်သော လေပြင်းများကြောင့် လှိုင်းလုံးများကိုဖြစ်စေပြီး ပင်လယ်ရေများသည် မြစ်များ၊ ချောင်းများနှင့် ရေလက်ကြားများအတွင်းသို့ တစ်ဟုန်ထိုးစီးဝင် စေပြီး ပင်လယ်ရေသည် မြစ်ရေစီးကြောင်းကိုဆန်၍ စီးဝင်ပြီး ခုခံနိုင်မှုအားနည်းခဲ့၏။ ထို့ကြောင့် ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာစေသဖြင့် ကာကွယ်ရန်အချိန်မရဖြစ်ကာ ဘေးအန္တရာယ်နှင့် ကြုံရခြင်းဖြစ်ပါသည်။ ရေမြုပ်ကာလမှာ အများအား ဖြင့် ၇၂ နာရီခန့်ကြာမြင့်ပြီး မိုးဦးကာလနှင့် မိုးနှောင်း ကာလများတွင် အဖြစ်များပါသည်။
ရေကြီးခြင်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်သောကြောင့် တစ်နိုင်လုံးအတိုင်းအတာနှင့် သတိ ပြုကြရမည့် ဘေးအန္တရာယ်အဖြစ် သိထားကြရန် လိုပါသည်။ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကိုလည်း များစွာဖြစ်လာစေနိုင်သောကြောင့် လူတိုင်းသတိပြု နေကြရန်လည်း လိုပါသည်။
ယခုအခါ မိုးလယ်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ရေကြီးရာသီပင်ဖြစ်၏။ နေ့စဉ်ထုတ် သတင်းစာများနှင့် လေလှိုင်းအစီအစဉ်များ၊ ရုပ်သံ အစီအစဉ်များတွင်လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များ တွင် “ရေကြီး” မှု အထူးသတင်းများ ထုတ်လွှင့်ပေး လျက်လည်း ရှိပါသည်။
ပြည်သူတစ်ရပ်လုံးတွင်လည်း တာဝန်ရှိ
မြစ်ရေကြီးခြင်းအန္တရာယ် လျော့ပါးရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် မြစ်ရေခန့်မှန်း ချက်နှင့် မြစ်ရေကြီးခြင်းသတိပေးချက်တို့ကို အချိန် နှင့်တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိပြီး အရေးကြီး သည့်အခါ အရေးကြီးသလို သတင်းထုတ်ပြန်ပေး လျက်ရှိပါသည်။ ထိုသတင်းထုတ်ပြန်မှုများကို အကျိုးရှိစွာ သိကြရန် ပြည်သူတစ်ရပ်လုံးတွင်လည်း တာဝန်ရှိပါသည်။ ထိုရေကြီးခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ကာကွယ်ရာတွင် မှတ်သားသိရှိ ရန်မှာ-
- အဆောက်အအုံဆိုင်ရာနည်းလမ်းများ၊
- အဆောက်အအုံနှင့်မဆိုင်သော နည်းလမ်း များ၊
- ဘေးအန္တရာယ်နှင့် လိုက်လျောညီထွေမှု ရှိ မည့် အဆောက်အအုံများ ဆောက်လုပ်ရေး၊
- သတိပေးချက်များကို ဒေသခံလူများဆီ အချိန်မီရောက်ရှိရေး၊
- ဒေသဆိုင်ရာ ရာသီဥတု ဗဟုသုတများ ပြန့်ပွားရေး၊
- ဘေးအန္တရာယ်ကျရောက်သည့်အခါ စနစ် တကျ ဝိုင်းဝန်းကာကွယ်ရေး၊
- ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်း ထားရေး စသည့်လုပ်ငန်းများ ဖွဲ့စည်းထား
ရန် လိုအပ်ပါသည်။ နိုင်ငံတကာမှ မြစ်ရေကြီးခြင်း၊ ရေလျှံခြင်း ဘေးအန္တရာယ်များနှင့် ပတ်သက်၍ နယ်မြေများသို့ သွားရောက်လေ့လာချက်များကို မှတ်တမ်းပြုထားသော မှတ်တမ်းများသည် မှတ်သားဖွယ် ကောင်းလှပါသည်။ ထိုမှတ်တမ်း များမှာ-
- ဆောက်လုပ်ထားသော ရေကာတာများ၊ တာတမံများသည် ပျမ်းမျှအတန်းအစား ရေကြီးမှုများအတွက်သာ အကျိုး သက်ရောက်မှုရှိ၍ ထူးကဲရေကြီးမှုမျိုးနှင့် ကြုံကြိုက်သည့်အခါတွင် စိတ်ချရမှုမရှိ တော့ခြင်း။
- ရေလွှမ်းမိုးရာအရပ်ရှိ ဒေသခံများတွင် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်ကို ၅၆ ရာခိုင်နှုန်းကသာ သိရှိ ပြီး ထိုရာခိုင်နှုန်းအနက် ရှစ်ရာခိုင်နှုန်းကိုသာ သတိပေးချက်ကို အလေးထားကြခြင်း။
- ဒေသခံလူအများစုမှာ ရေလွှမ်းမိုးမည့် အန္တရာယ်ကြီးမားသာ မြေနိမ့်အရပ်များတွင် နေထိုင်လျက်ရှိကြပြီး အများအားဖြင့် မိမိ တို့နေထိုင်ရာအရပ်ဒေသသည် ထိုအန္တရာယ် မျိုး ကြုံကြိုက်နိုင်သော နေရာဖြစ်သည် ကို မသိကြခြင်း စသည့်အချက်များသည် သတိပြုရန် လိုအပ်မှုများပင်ဖြစ်ပါသည်။
ထို့ကြောင့် ရေကြီးရေလျှံခြင်းသည် သဘာဝ ဘေးအန္တရာယ်ဖြစ်ပြီး ဖြစ်ပေါ်ရခြင်း၏အကြောင်း ရင်းမှာ ရာသီဥတုပင်ဖြစ်ပါသည်။ ရာသီဥတု ဆိုသည်မှာလည်း ကမ္ဘာကြီး၏ သယံဇာတပစ္စည်း ပင် ဖြစ်ပါသည်။ ကောင်းကျိုးနှင့် ဆိုးကျိုးကို ပေးနိုင်သောကြောင့် ကောင်းကျိုးကို တိုး၍ ဆိုးကျိုးကို လျော့စေရန်မှာ ကမ္ဘာသူ ကမ္ဘာသား နိုင်ငံသူ နိုင်ငံသားများသာဖြစ်သဖြင့် မပြတ်သော သတိ၊ နိုးကြားသောသတိ အစဉ်မွေးမြူထား၍ သတိ၊ အသိနှင့်ယှဉ်လျက် နေထိုင်ကြရန်သာ အရေးကြီးသောကာကွယ်မှုဟု ဆိုရမည်ဖြစ်ပါ သည်။ ။
မြမဉ္ဇူဝေ (ကျုံမငေး)
- Log in to post comments