ရွေးကောက်ပွဲစည်းကမ်းဥပဒေလိုက်နာ

အယ်ဒီတာ့အာဘော်

=========

 

ရွေးကောက်ပွဲစည်းကမ်းဥပဒေလိုက်နာ

=====================

ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒနှင့်အညီ ဦးစားပေးဆုံးဖြတ်သည့် နိုင်ငံရေးစနစ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။

ဒီမိုကရေစီသည် ပြည်သူများအား ဦးစားပေးခြင်း၊ လွတ်လပ်စွာ နေထိုင် ပြုမူ လုပ်ကိုင်ဆောင်ရွက်မှုရှိခြင်းတို့ကို ခွင့်ပြုပေးထားရာ လွတ်လပ်ခွင့်ကို အလွဲသုံးစား မပြုလုပ်မိရန် လိုသည်။ ဒီမိုကရေစီစနစ်တွင် အများပြည်သူ အကျိုးအတွက် ထုတ်ပြန်ထားသော ဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာ ပါမှ စည်းကမ်းရှိသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းမည်။ ဥပဒေစည်းမျဉ်းများကို မလေးစား မလိုက်နာပါက စည်းကမ်းမဲ့သော ဒီမိုကရေစီဖြစ်လာမည်။

ယခုအခါ ရွေးကောက်ပွဲကျင်းပရန် ငါးရက်သာ လိုတော့သည်။ ယခု နှစ် ရွေးကောက်ပွဲသည် ကုန်လွန်ခဲ့သည့် သက်တမ်းကာလ ရွေးကောက်ပွဲ များနှင့်မတူသည်ကို အားလုံးသိရှိကြပေသည်။ ကိုဗစ်-၁၉ ရောဂါ မြန်မာ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေဆဲကာလဖြစ်သောကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများမှာ ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲသီးသန့်ကာလထက်ပင် လိုက်နာရန်အချက်များ ပိုများမည် ဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စေရေး၊ လုံခြုံစိတ်ချ၊ တည်ငြိမ်အေးချမ်းမှုရှိစေရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အလေးထား ဆောင်ရွက်နေ သလို ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကိစ္စမှန်သမျှတို့တွင် ထုတ်ပြန်ထား သော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များပါအတိုင်း သက်ဆိုင်သူများ၊ ပတ်သက်သူများက ကိုယ်စီကိုယ်စီ လိုက်နာကြဖို့လိုမည် ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာကိစ္စများအား ဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း ပြင်ဆင်စီမံဆောင်ရွက်ရသဖြင့် လိုအပ်ချက်များ၊ အားနည်းချက်များ၊ အခက်အခဲများရှိမည်ဖြစ်သည်။ ယခု ကြိုတင်မဲပေးရေး ကာလတွင် ကြုံတွေ့ရသည့် လိုအပ်ချက်၊ အားနည်းချက်များကို ဖြစ်နိုင်သမျှ၊ တတ်နိုင်သမျှ ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲနေ့တွင် ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဟု မျှော်လင့်ပါသည်။

ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံး ခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ ရက်ပေါင်း ၆၀ သတ်မှတ်ထားရာ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီတွင် အချိန်စေ့မည် ဖြစ်သည်။ လက်ရှိတွင် သက်ဆိုင်ရာပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ အပြိုင်အဆိုင်ပြုလုပ်နေကြဆဲဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမည့် ထုတ်ပြန်ကြေညာချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ကြရာတွင် အထူးသဖြင့် နယ်မြို့များ တွင် ပြိုင်ဆိုင်မှုပြင်းထန်သည်ကို တွေ့ရသည်။ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် သတ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်ခြင်း၊ ခပ်ခွာခွာနေရေးမူကို လိုက်နာရန် လိုအပ်ခြင်း၊ ဝန်းရံသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အားနည်းခြင်းများတွေ့ရှိရသည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံး ရေးကာလအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် မိမိတို့၏ပါတီဝင်များ၊ ဝန်းရံသူ မဲဆန္ဒရှင်ပြည်သူများအား ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်စေရေး ကြီးကြပ်သွားရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ် စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော် ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြား နည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းကျူးလွန်ပါက ဥပဒေအရ အရေးယူခြင်း ခံရနိုင်သည်ကို သိရှိထားသင့်သည်။

 

သို့ဖြစ်ရာ ပါတီဝင်များ၊ ဝန်းရံသူများအနေဖြင့် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလတွင်ဖြစ်စေ၊ အထွေထွေရွေးကောက်ပွဲနေ့တွင် ဖြစ်စေ အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာကြရန်၊ မလိုလားအပ်သည့် ဖြစ်စဉ်များ မဖြစ်ပွားစေရေး အထူးသတိပြု လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်လျှင် အရေးယူခြင်းခံရနိုင်သည် ကို သတိချပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။