ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရရှာဖွေခြင်း

Type

လေ့လာသူတစ်ဦး

==========

 

(ယမန်နေ့မှအဆက်)


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး/ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီအမံများသည် ဦးသိန်းစိန်၏ လက်တွေ့ကျပြီး သတိကြီးစွာထားသည့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများတွင်    အပါအဝင်ဖြစ်သည်။ ဦးသိန်းစိန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တရားဝင်ရော အလွတ် သဘောပါ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး အလေးထားမှု ပြသခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတို့ ဆောင် ရွက်ခဲ့သဖြင့် ၎င်းအပေါ် နိုင်ငံရေးအရ အားပေး ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ ယင်း၏ ရလဒ်အဖြစ် ၎င်း၏သမ္မတသက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော်သည်  အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှု တင်းလွန်းခြင်း သို့မဟုတ် လျော့လွန်းခြင်း အစွန်း နှစ်ခုမှ ရှောင်ရှားပြီး ထိရောက်သောလုပ်ပိုင်ခွင့် အာဏာအတိုင်းအတာတစ်ခုအထိ ပေးအပ်နိုင်ရေး အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမျိုးကို ထည့်သွင်းစဉ်းစားမှုပြုရန် အဆိုပါ ကော်မတီက အကြံပြုခဲ့သည်။ ဦးသိန်းစိန်သည် အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်တွင်လည်း နောက်ထပ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့သည်။ 


အဆိုပါကော်မတီက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသို့ ခွဲဝေဖြန့်ကြက် ခြင်းနှင့်   သယံဇာတနှင့် အခွန်အခကောက်ခံငွေ မျှဝေမှုဆိုင်ရာ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုစာရင်းများကို မွမ်းမံပြင်ဆင်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည်ကို ပျိုးထောင်မြှင့်တင် ပေးခြင်းများဆောင်ရွက်ရန်   အကြံပြုခဲ့သည်။ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများအား  အတိုင်းအတာတစ်ခုအထိ ခွင့်ပြုနိုင်မည့် လုပ်ပိုင်ခွင့်ရရှိစေရန်လည်း အဆိုပါ ကော်မတီက အကြံပြုခဲ့သည်။ ဤသို့ နှစ်ဦးနှစ်ဖက် သဘောတူလက်ခံမှုရှိသည့် အပြောင်းအလဲများကို နိုင်ငံရေးပါတီများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်   အတူတကွဆောင်ရွက်ခဲ့ချိန်တွင် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုလည်း ထိန်းသိမ်းနိုင်ခဲ့ သည်။ နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ကာကွယ် ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အကျေအလည်ဆွေးနွေး၍ မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။


ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု


    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  ဦးသိန်းစိန်သည် ၁၄ ဦး တွေ့ဆုံပွဲ၊ ခြောက်ဦးတွေ့ဆုံပွဲနှင့် အခြားသက် ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်း အများအပြားပါဝင် သည့် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၄ ခုနှစ် အောက် တိုဘာလခန့်ကပင် စတင်ပြုလုပ်ခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်သူလူထု၏ကိုယ်စားလှယ်အဖြစ် သူမ ပါဝင်သည့် လေးဦးတွေ့ဆုံပွဲ ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ သည်ဟု သတင်းမီဒီယာများက ရေးသားခဲ့သည်။ ချင်းတိုးတက်ရေးပါတီက အဆိုပါ လေးဦးတွေ့ဆုံပွဲ သည် တိုင်းရင်းသားများ၏အသံကို ကိုယ်စားပြုရန် လုံလောက်ခြင်းမရှိဟုယူဆပြီး ပိုမိုပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပေးရန် လွှတ်တော်တွင် အဆိုပြုခဲ့သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာ အမျိုးသားရေးကိစ္စများတွင် ယုံကြည်မှုတည်ဆောက် လိုသော ဦးသိန်းစိန်သည် သက်ဆိုင်သည့် stakeholder များပါဝင်သော  တွေ့ဆုံဆွေးနွေးမှုကို ပိုမိုလိုလားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ တွေ့ဆုံမှုမျိုး သည် မည်သည့်ရလဒ်မျှ ထွက်ပေါ်နိုင်ခြင်းမရှိသည့် ဟန်ပြတွေ့ဆုံမှုမျိုးဖြစ်သည်ဟု  ယူဆခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သောအစိုးရသည် အဆိုပါ တွေ့ဆုံဆွေးနွေး မှုများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများ ကျင်းပရေးနှင့် ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေး ချမ်းရေးအတွက် သဘောတူညီမှုရရှိအောင် ဆောင်ရွက် နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်များသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို မပျက်ပြားစေဘဲ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ပြုနိုင်ရေးအတွက် ဦးသိန်းစိန်အနေဖြင့် ဆောင်ရွက်ခဲ့သည့် စေ့စပ်သေချာ သော လုပ်ဆောင်ချက်များပင် ဖြစ်သည်။ 


    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ NLD ပါတီက ကတိပြုခဲ့သော အဓိကရွေးကောက်ပွဲ     ကတိကဝတ်များအနက် တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည် ထောင်စုလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေခြင်းနှင့် တပ်မတော်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေခြင်းသည် ဒီမိုကရေစီတိုးတက်မှု အတွက်   အဓိကအဟန့်အတားများဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပ  လေ့လာစောင့်ကြည့်သူများက ထောက်ပြလေ့ရှိသည်။ သို့ရာတွင် ယင်းအချက်များ သည် ကိုလိုနီစနစ်ဆိုးမွေဖြစ်သည့် ဖွဲ့စည်းတည်ဆောက် မှုဆိုင်ရာ ပြဿနာများမှ ခွဲခြားရှုမြင်၍မရသော အရာ များ ဖြစ်ပြီး အဆိုပါပြဿနာများအား အင်စတီကျူးရှင်း အရ ဟန်ချက်မျှနိုင်ရန်အတွက် ထည့်သွင်းပြဋ္ဌာန်းထား ရခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်မှုကဲ့သို့  ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ပြင်ဆင်မှုမျိုးပြုမည်ဆိုပါက လွှတ်တော်အတွင်းမှ အမျိုးမျိုးသောကိုယ်စားပြု အဖွဲ့များ (ယခင် အာဏာရပါတီ NLD၊ တပ်မတော်၊ USDP ပါတီ၊ တိုင်းရင်းသားပါတီများနှင့် အခြား အစု အဖွဲ့ငယ်များအား ကိုယ်စားပြုပါတီများ) ၏ စုပေါင်း ပါဝင်မှု ၇၅ ရာခိုင်နှုန်းနှင့်အထက် (၇၅+ လိုအပ်ချက်) ရှိရမည်ဖြစ်သည်။  စစ်မှန်သော အင်စတီကျူးရှင်းအရ ဝန်းရံပံ့ပိုးမှုသဘောတရားနှင့် အားလုံးသဘောတူညီမှု သဘောတရားအကြောင်း အမှန်တကယ် နားလည်မှု မရှိပါက အများစုမှအပ်နှင်းသည့် လုပ်ပိုင်ခွင့်သည် အချည်းနှီးမျှသာဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲများတွင် အဓိပ္ပာယ်ရှိသည့် တိုးတက်မှု ဖော်ဆောင်နိုင်ရန်အတွက် အဓိကအဆုံးအဖြတ် ပေးနိုင်သည့်အရာများမှာ  အများစုမှအပ်နှင်းသည့် လုပ်ပိုင်ခွင့်ထက် တွေ့ဆုံဆွေးနွေးမှု၊  အစွန်းရောက်မှု များမှ ရှောင်ရှားမှု၊    ယုံကြည်မှုတည်ဆောက်မှု၊ အပေးအယူ အလျှော့အတင်းပြုမှု၊ နိုင်ငံရေးထောက်ခံ မှုကို စည်းရုံးရယူအသုံးပြုနိုင်စွမ်းနှင့် နိုင်ငံရေးလုပ်ငန်း စဉ်များနှင့် ချိတ်ဆက်အပြောင်းအလဲများအား မှန်မှန် ကန်ကန် ထိန်းကျောင်းနိုင်စွမ်းတို့ပင်ဖြစ်သည်။ 


နိုင်ငံရေးနှင့်လုံခြုံရေးသဘောတရား နှစ်မျိုး


    နိုင်ငံတည်ဆောက်ရေး   လုပ်ငန်းစဉ်များအား မှန်မှန်ကန်ကန်ထိန်းကျောင်းခြင်းနှင့် ဖွဲ့စည်းတည် ဆောက်မှုဆိုင်ရာ အပြောင်းအလဲများ ဖော်ဆောင်ခြင်း တို့တွင် နိုင်ငံရေးနှင့်လုံခြုံရေးသဘောတရား နှစ်မျိုး စလုံးပါဝင်နေသည်။ အဆိုပါလုပ်ငန်းစဉ်များ၌ နိုင်ငံရေး အနုတ်အကျိုးဆက်များထွက်ပေါ်ခြင်းသည် ဆိုးရွား သောလုံခြုံရေး အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဖြစ်ပေါ်လာပါက လုံခြုံရေးနှင့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့်    နေသားတကျရှိရေးအား ပြန်လည်တည်ဆောက်ရမည့်    ဝန်ထုပ်ဝန်ပိုးမှာမူ တပ်မတော်အပေါ်သို့    ကျရောက်လာမည်ဖြစ်ပြီး ရင့်ကျက်သော အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများ အတွက်  အလွယ်တကူဝေဖန်မှုပြုရာရောက်စေပါ သည်။ ဝေဖန်မှုများကို အသာထား၍ကြည့်လျှင်  နိုင်ငံရေးအနုတ်အကျိုးဆက်များ ထွက်ပေါ်ခြင်း၏ နောက်ဆက်တွဲကို ခံစားရမည့်သူမှာ ဒေသခံပြည်သူ လူထုနှင့် တပ်မတော်သားများနှင့် အခြားလက်နက် ကိုင်များသာ  ဖြစ်သည်။  သို့ဖြစ်ရာ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ရပ်တည်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည့်အချိန်အထိ   တပ်မတော် အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် တက်ကြွသော အခန်းကဏ္ဍ၌  ရှိနေဦးမည်ဖြစ်သည်။  ထိုအချိန် ရောက်သည်အထိ တပ်မတော် တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် ဆုံးဖြတ်ချက်ချမှတ် ခြင်း/ မူဝါဒရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ် နှစ်ခုစလုံးတွင် ရွေးကောက်ခံကိုယ်စား လှယ်များနှင့်အတူ တက်ကြွစွာ ဆက်လက်ပါဝင် ဆောင်ရွက်နေရဦးမည်ဖြစ်သည်။  နိုင်ငံရေးစနစ် တစ်ရပ်သည် လုံခြုံရေးအခြေအနေပေးသလောက်သာ ကျင့်သုံးနိုင်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် ပိုမိုစိတ်ချလက်ချ အာရုံစိုက်ဆောင်ရွက်ခြင်းမပြုခင်  ဖွဲ့စည်းတည် ဆောက်မှုဆိုင်ရာ အပြောင်းအလဲများပါဝင်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် နိုင်ငံရေးတည်ငြိမ် မှုအတိုင်းအတာတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားလိမ့်ဦးမည်ဖြစ်သည်။  


    NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး USDP ပါတီထံမှ အုပ်ချုပ်ရေးနှင့်    ဥပဒေပြုရေးအာဏာတို့အား လွှဲပြောင်းရယူခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအကြား ကာလသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှု၏ အဓိကကာလအပိုင်းအခြားတစ်ခု ဖြစ်ခဲ့သည်။ အစိုးရသစ်နှင့်ပူးပေါင်း၍ အကောင်းဆုံးကို ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကတိပြုခဲ့သည်။ အတိုက်အခံနိုင်ငံရေး တွင်သာ ကျင်လည်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး တွင် အတွေ့အကြုံ နုနယ်သေးသည့် NLD အစိုးရ အနေဖြင့် အကောင်းဆုံးဆိုသည့် ဘုံနားလည်မှုအပေါ် လက်ခံနိုင်သရွေ့ တပ်မတော်၏ထောက်ခံမှုကို ရရှိသွားမည်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းပြတ်သားစွာ သတင်းစကားပေး ခဲ့ခြင်းဖြစ်သည်။       သို့သော် NLD     ပါတီသည် ဘုံသဘောတူညီမှုကို  တည်ဆောက်ရမည့်အစား ၎င်းရရှိထားသော လွှတ်တော်တွင်းနေရာအများစုကို ပြည်သူများ၏ကိုယ်စား ဆုံးဖြတ်ချက်ချပြီး အရေး ယူဆောင်ရွက်မှုပြုနိုင်သည့် လုပ်ပိုင်ခွင့်အာဏာအဖြစ် လွဲမှားအဓိပ္ပာယ်ကောက်ခဲ့ပုံရသည်။ အများစုမှ အပ်နှင်းသည့်လုပ်ပိုင်ခွင့်သည် အမှန်တကယ်ရှိသည် ဖြစ်စေ၊ ထိုသို့ရှိသည်ဟု ရှုမြင်ခြင်းကြောင့်ဖြစ်စေ NLD အစိုးရသည် ယင်း၏ သက်တမ်းတစ်လျှောက်လုံး နိုင်ငံရေးအရင်းအနှီး တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းမရှိသကဲ့သို့ ဘုံနားလည်မှုတည်ဆောက် ခြင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ချေ။ ယင်းအစား လိုအပ်သည့်ထောက်ခံမှုများအတွက် ပါတီအပေါ်သာ ဆက်တိုက် အလွန်အမင်းမှီခိုခဲ့သည်။ NLD ပါတီ သည် အုပ်ချုပ်ရေးမဏ္ဍိုင်အတွင်း၌ဖြစ်စေ၊ ဥပဒေပြု ရေးမဏ္ဍိုင်အတွင်း၌ဖြစ်စေ၊ ပါတီတွင်း၌ဖြစ်စေ ခေါင်းဆောင်ဖြစ်သူ   ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရကိုးကွယ်ခြင်းမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ 


တစ်ခုတည်းသော အကြီးဆုံးနိုင်ငံရေးပါတီဖြစ်


    NLD အစိုးရသည် ပါတီဝင် တိုင်းရင်းသား များကို အုပ်ချုပ်ရေးနှင့်   ဥပဒေပြုရေးဆိုင်ရာ အဆင့်မြင့် ရာထူးများတွင်လည်းကောင်း၊ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်နေရာများတွင် လည်းကောင်း ခန့်အပ်ခဲ့သည်။ သို့ရာတွင် ထိုသို့ ခန့်အပ်ရာ၌ တိုင်းရင်းသားပါတီများနှင့် တိုင်ပင် ဆွေးနွေးမှု မပြုခဲ့သဖြင့် NLD ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးအစီအမံများအား အားလျော့စေခဲ့သည်။ ANP ပါတီနှင့် NLD အကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုသည် အသိသာဆုံးဖြစ်ပြီး လျစ်လျူရှု၍မရ သည့် နောက်ဆက်တွဲ ဂယက်များရှိခဲ့သည်။ ANP ပါတီ သည် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် နေရာ ၃၅ နေရာအနက် ၂၂ နေရာ အနိုင်ရရှိခဲ့သည့် တစ်ခုတည်းသော အကြီးဆုံးနိုင်ငံရေးပါတီဖြစ်သည်။ NLD  အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်   အခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် တိုင်းရင်းသားပါတီများ ပူးပေါင်း ပါဝင်လာစေလိုပါက ANP ပါတီကဲ့သို့ တိုင်းရင်းသား ပါတီမျိုးကို ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုခွင့်နှင့် အစိုးရဖွဲ့ခွင့်ပေးသင့်သည် သို့မဟုတ် အနည်းဆုံး ANP နှင့် စေ့စပ်ဆွေးနွေးသင့်သည်ဟု ANP ပါတီက သဘောထားခဲ့သည်။ သို့ရာတွင် NLD  အနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ   (SNLD) နှင့် မွန်အမျိုးသားပါတီ   (MNP) တို့ကလည်း NLD နှင့် ပတ်သက်ပြီး အလားတူ မကျေနပ်မှုမျိုး ထုတ်ဖော် ပြသခဲ့ကြသည်။   NLD ၏ လျစ်လျူရှုမှုကြောင့် ဦးသိန်းစိန်လက်ထက်က  ခြောက်ဦးတွေ့ဆုံပွဲတွင် တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ရွေးချယ်ခံခဲ့ရသော ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ANP အား ကိုယ်စားပြုရန် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ၎င်းအစား NLD ပါတီဝင် ဦးညီပုသည်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ NLD နှင့် ရခိုင် တိုင်းရင်းသားပါတီများအကြား ဆက်ဆံရေးမှာ ချောမွေ့မှုမရှိခဲ့ပေ။ နိုင်ငံရေးအရ သဘောထားကွဲလွဲ မှုက ရခိုင်ပြည်နယ်၏ တည်ဆဲလုံခြုံရေးပြဿနာ များကိုပါ အရှိန်မြင့်တက်စေခဲ့သည်။

 


NLD အနေဖြင့်လည်း အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြား stakeholder များနှင့် ထိတွေ့ဆက်ဆံပြီး ယုံကြည် မှုနှင့် ဘုံနားလည်မှု တည်ဆောက်နိုင်မည့် အခွင့် အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ယင်းက NLD ၏ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများကို ခရီးအစ ကနဦးကတည်းက ခရီးတစ်ဝက်ဖင့်နေနှင့်ပြီး ဖြစ်စေ ခဲ့သည်။ 


ကာလုံပုံစံအစည်းအဝေးများ


နိုင်ငံရေးလုပ်ဆောင်မှုများ သို့မဟုတ် လုပ် ဆောင်ရန် ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာ နိုင်သည့်   လုံခြုံရေးအကျိုးဆက်ဂယက်များမှ ရှောင်ကြဉ်နိုင်ရန်နှင့် ဆုံးဖြတ်ချက်များ၊ မူဝါဒများတွင် ဘက်ပေါင်းစုံမှ အတွေးအမြင်၊ အယူအဆများ ပါဝင်နိုင်ရန်အလို့ငှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူရန် တပ်မတော်က အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့သည်။ ကာလုံအစည်းအဝေးနှင့် စပ်လျဉ်းပြီး လူသိများသည့် အယူအဆမှာ ကာလုံအဖွဲ့ဝင်များ၏ အရပ်ဘက်-စစ်ဘက် အချိုးအစားက ဆုံးဖြတ်ချက်နှင့် မူဝါဒများ ရေးဆွဲချမှတ်ရာတွင် တပ်မတော်အနေဖြင့် အသာစီး ရရှိစေနိုင်သည်ဟူသော အယူအဆဖြစ်သည်။  ကာလုံ အဖွဲ့ဝင်စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ပါဝင်မှုမရှိခြင်းက လက်တွေ့ပြဿနာဖြစ် ဟန်ရှိပါသည်။ NLD အစိုးရအနေဖြင့် ကာလုံပုံစံ အစည်း အဝေးများအား မကျင်းပသလောက်ရှိခဲ့ခြင်းမှာ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် တပ်မ တော်၏ အခန်းကဏ္ဍကို ကန့်သတ်ရန်အတွက်လော သို့မဟုတ် အခြားအကြောင်းရင်းများကြောင့်ပင်လောဟူသည်မှာ ၎င်းတို့သာ သိပေလိမ့်မည်။ NLD အစိုးရ၏ ဆုံးဖြတ်ချက်များနှင့် မူဝါဒများသည် ပါတီ၏ သဘော ထားအမြင်များကိုသာ အဓိကကိုယ်စားပြုသည်ဖြစ်ရာ  ပုံသဏ္ဌာန်မမှန်ဖြစ်နေခြင်းမှာ မထူးဆန်းလှပေ။


    ၂၀၁၉ ခုနှစ်  နိုဝင်ဘာလ  ၁၁ ရက်နေ့က ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို ရခိုင်ပြည်နယ် အတွင်းရှိ လူတစ်စုအား လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJ ၌ အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် Voice of America (VOA) သတင်း ဌာနတို့ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (ဟောင်း) အနေဖြင့် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ လူမျိုးသုဉ်းသတ်ဖြတ် မှုဆိုင်ရာ စွပ်စွဲမှုများအား ရင်ဆိုင်နေခြင်းနှင့်စပ်လျဉ်း ၍ တပ်မတော်၏ သဘောထားအမြင်အား ပြောကြားခဲ့ သည်။ ယင်းပြောကြားချက်အရ တပ်မတော်အနေဖြင့်  ဆုံးဖြတ်ချက်များအား  အကောင်အထည်ဖော်မှု အခန်းကဏ္ဍအတွင်း  ပိုမိုကျရောက်နေခြင်းကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်သည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အရ တပ်မတော် အနေဖြင့်   လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အစိုးရ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စွပ်စွဲချက် များအား ရင်ဆိုင်ဖြေရှင်းရန်နှင့် မြေပြင်အခြေအနေ မှန်ကို  ရှင်းလင်းပြောကြားနိုင်ရန်  သမ္မတရုံးက ဖွဲ့စည်းခဲ့သော ဥပဒေအဖွဲ့တွင် တပ်မတော်အရာရှိ နှစ်ဦးကို  တွဲဖက်တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့အတူ တပ်မတော်အနေဖြင့် ICJ သို့ သွားရောက်မည့် အဖွဲ့တွင်  လိုက်ပါရန်အသင့်ရှိပြီး သမ္မတဦးဝင်းမြင့် ဦးဆောင်သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟု  ဒုတိယစစ်ဥပဒေချုပ်  ဗိုလ်ချုပ် သောင်းနိုင်က ဒီဇင်ဘာလ ၂၄ ရက်က ပြောကြားခဲ့ သည်။ သို့ရာတွင် NLD အစိုးရသည် ICJ ၌ သွားရောက် အမှုရင်ဆိုင်ရာတွင် တပ်မတော်သားအဖွဲ့ဝင် တစ်ဦး တစ်ယောက်မျှ မပါဝင်ဘဲ ဆက်လက်ဆောင်ရွက် ခဲ့သည်။
    NLD အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ စီမံ ခန့်ခွဲမှု အားနည်းမှုကို ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ချက်များတွင် ထင်ရှားစွာ တွေ့မြင်ရသည်။ ပြည်ထောင်စုလွှတ်တော်က အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း အဆိုပါကော် မတီ၏ အဖွဲ့ဝင် ၄၀ ရာခိုင်နှုန်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။ အဆိုပါကော်မတီတွင် အကြံပြုချက်များအား ဥပဒေကြမ်းအဖြစ်သို့ ပြောင်း လဲနိုင်ရန်အတွက် ဆန္ဒမဲပေးသည့်လုပ်ငန်းစဉ်ကို အသုံးပြုသည်ဖြစ်ရာ အခြားသောအဖွဲ့ဝင်များ၏ အကြံပြုချက်များမှာ NLD ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိပါက အတည်ပြုမှုရရှိရန် အခွင့် အလမ်းနည်းပါးသည်။   တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့အတွက်သာ ဦးတည်ဆောင်ရွက်လို စိတ်နှင့် ညှိနှိုင်းလိုမှုမရှိသောသဘောထား များပြား နေခြင်းက မတူကွဲပြားသောအမြင်များအား ကောင်း စွာဆန်းစစ်လက်ခံနိုင်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင် NLD အစိုးရ၏ ကျန်ရှိသောသက်တမ်းအတွင်း ဥပဒေကြမ်းတစ်ရပ် အားကိုင်တွယ်ရန်  အချိန်အကန့်အသတ်ရှိမှုနှင့် အကျဉ်းအကျပ်အခြေအနေကို   ရှောင်ရှားရန် လိုအပ်ချက်က ကော်မတီ၏ အတည်ပြုရေးလုပ်ငန်း စဉ်အပေါ်  ဖိအားဖြစ်စေခဲ့ပုံရသည်။  ယင်းက အဆိုပါကော်မတီအနေဖြင့်  ဆွဲဆောင်စည်းရုံးသည့် နည်းလမ်းများအား အသုံးပြုနိုင်ခဲ့ခြင်း မရှိသေးသကဲ့သို့ အားလုံးသန့်ရှင်းမျှတမှုရှိမည့် စေ့စပ်ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှု ကိုလည်း ပျိုးထောင်နိုင်ခဲ့ခြင်းမရှိသည်ကို ပြသနေ သည်။ 


အဆိုပြုချက်  ၃၇၆၅ ခုပါဝင်သော အစီရင်ခံစာတစ်စောင်


    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီသည်   အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး အဆိုပြုချက်  ၃၇၆၅ ခုပါဝင်သော အစီရင်ခံစာတစ်စောင်ကို     တင်သွင်းခဲ့သည်။ အဆိုပါအဆိုပြုချက်များအနက် ၁၁၄ ခုကို NLD ပါတီက ပြုလုပ်ခဲ့ပြီး ကျန်အဆိုပြုချက်များကို ရှမ်း၊ ရခိုင်၊ မွန်နှင့် ကချင်တိုင်းရင်းသားပါတီများက ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။ NLD ၏ အဆိုပြုချက်များမှာ အဓိကအားဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင် များနှင့် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်အာဏာတို့ကို အရပ်ဘက်ပြုရေးဖြစ်သည်။ ထိုသို့ အရပ်ဘက်ပြုရေး အဆိုပြုချက်များ၌ နိုင်ငံတော်၏ အရေးပေါ်အခြေ အနေကြေညာမှုကို အရပ်သားအစိုးရ၏ ထိန်းချုပ်မှု အောက်  ထားရှိရေး၊  တပ်မတော်မှခန့်အပ်သည့် ဝန်ကြီးများကို  တပ်ရာထူးမှ နုတ်ထွက်စေရေး၊ တပ်မတော်အား ဥပဒေပြုရေးကဏ္ဍမှ တစ်ဆင့်ချင်း ထွက်ခွာစေရေး၊ သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်အာဏာတို့အား မြှင့်တင် ရေးနှင့် ကာလုံတွင် အရပ်ဘက်မှ ပါဝင်မှုအချိုးအစားကို ပြောင်းလဲခြင်းဖြင့် အရပ်ဘက်မှ အများစုဖြစ်စေရေး စသည်တို့ ပါဝင်သည်။ ဤနည်းဖြင့် NLD ပါတီသည် ၎င်း၏ အများစုမှအပ်နှင်းသည့် လုပ်ပိုင်ခွင့်ဟူသော အားသာချက်ကို အများတူညီဆန္ဒအပေါ် အဓိက အခြေပြုရမည့် ဆုံးဖြတ်ချက်ချမှတ်ရေးယန္တရား အတွင်းသို့ သွတ်သွင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် NLD ပါတီသည်  အခြေခံဥပဒေမှ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် လက်နက်ကိုင်အင်အားစုအားလုံး၏ အကြီးအကဲဖြစ်သည်ဟူသော   ပြဋ္ဌာန်းချက်ကို ပယ်ဖျက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အဆိုပါပြဋ္ဌာန်း ချက်သည် တပ်မတော်နှင့်  ယင်း၏ ပြည်သူ့စစ် မဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေးစနစ်တို့အား တပေါင်းတစည်းတည်းရှိစေရန်နှင့် ပါတီနိုင်ငံရေးမှ ကင်းရှင်းစေရန်၊ အထူးသဖြင့် အရပ်သားအစိုးရများ၏ အင်စတီကျူးရှင်းနှင့် အကျိုးစီးပွားစီမံခန့်ခွဲမှုတို့နှင့် အတူ ယှဉ်တွဲပါလာသော မသေချာမရေရာမှုများမှ ကင်းဝေးစေရန်အတွက်     ထိန်းသိမ်းစောင့်ရှောက် ပေးမည့် ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်သည်ဟု တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များက အခိုင်အမာ ယုံကြည်ကြသည်။ 


    တစ်ချိန်တည်းတွင် လွှတ်တော်အတွင်း ပြန့်ကြဲ နေသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ဖက်ဒရယ်မျှော်လင့်တောင့်တမှုများနှင့် စပ်လျဉ်းသည့် အဆိုပြုချက်များသည်လည်း    ပြည်ထောင်စု လွှတ်တော်၏ အများစုအင်အားကို ကျော်လွှားနိုင်ရေး အခက်အခဲကြုံတွေ့ခဲ့ရပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အပြီးသတ်ဥပဒေ မူကြမ်းမှ ချန်လှပ်ခံခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပြုမူ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး နှစ်သက်မှု မရှိခဲ့ သကဲ့သို့  ထိရောက်သောရလဒ်  တစ်စုံတစ်ရာ ထွက်ပေါ်လာလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ကြပေ။ ပူးပေါင်းကော်မတီအား နှစ်သက်မှုမရှိသည့် တပ်မတော်သားကိုယ်စားလှယ်များနှင့် USDP ကိုယ်စား လှယ်များကလည်း  အခြေခံဥပဒေ  ပြင်ဆင်ရေး အတွက် ပူးပေါင်းကော်မတီမှတစ်ဆင့် မည်သည့် အဆိုပြုချက်မှ  ပြုခဲ့ခြင်းမရှိချေ။  ယင်းအစား လွှတ်တော်မှသုံးသပ်နိုင်ရန် သီးခြားဥပဒေမူကြမ်းများ ကို တင်သွင်းခဲ့သည်။   NLD  ဦးဆောင်သော ပူးပေါင်းကော်မတီနှင့် နှိုင်းယှဉ်ပါက တပ်မတော်သားကိုယ်စားလှယ်များနှင့် USDP ကိုယ်စားလှယ်များက တိုင်းဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များခန့်အပ်သည့် လုပ်ထုံးလုပ်နည်း များမှအစပြု၍  ဖက်ဒရယ်ပြုရေးဆိုင်ရာ အကြံပြု ချက်များအား ထည့်သွင်းအဆိုပြုခဲ့သည်ကို တွေ့ရှိရ ပေသည်။ ထိုစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်းစဉ်တွင် ဖြစ်နေသည့်ပုံစံမှာ တပ်မတော်နှင့် USDP  ကိုယ်စားလှယ်များက    နိုင်ငံရေးတွင် အရပ်သားတွေကသာ  ပါဝင်လုပ်ဆောင်ရေးထက် ဖက်ဒရယ်ပြုရေးကို ဦးစားပေး အာရုံစိုက်ခဲ့ပြီး NLD ခေါင်းဆောင်ပိုင်းကမူ တိုင်းရင်းသားများ၏ ဖက်ဒရယ် မျှော်လင့်ချက်များအား မကိုင်တွယ်မီ ဒီမိုကရေစီ ခိုင်မာလာစေရေးလုပ်ငန်းစဉ်၏  တစ်စိတ်တစ်ပိုင်း အဖြစ် နိုင်ငံရေးမှ စစ်ဘက်ကို  ဖယ်ထုတ်ရေးအား ဦးစားပေးဆောင်ရွက်ခဲ့သည်။  NLD အနေဖြင့် ဘုံသဘောတူလက်ခံမှုရှိသော ဖက်ဒရယ်စနစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် အုတ်မြစ်ခိုင်မာစွာ မတည် ဆောက်နိုင်သေးခင်မှာပင် ၎င်း၏လွှတ်တော်တွင်း အများစုအင်အားကို အသုံးချကာ တပ်မတော်အား အခြေခံဥပဒေပါ အခန်းကဏ္ဍမှ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းသည် အင်စတီကျူးရှင်းဆိုင်ရာ မတည် မငြိမ်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်၏ လုံခြုံရေးကို ပြင်းထန်စွာထိခိုက်စေမည်ဖြစ်သည်။    NLD ဦးဆောင်သော ပူးပေါင်းကော်မတီမှ အဆိုပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အဆိုပြု ချက်များအနက်   အရပ်ဘက်ပြုရေး သို့မဟုတ် ဖက်ဒရယ်ပြုရေးနှင့်  မသက်ဆိုင်သော အသေးစား ပြင်ဆင်မှု နှစ်ချက်မျှကိုသာ လွှတ်တော်က အတည်ပြု ခဲ့သည်။  
    လွှတ်တော်အတွင်း NLD ပါတီ၏ လှုပ်ရှားမှုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စု လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စား လှယ်များက အဟန့်အတားပြုနေသယောင် တပ်မ တော်အား ပြည်သူက အထင်အမြင်လွဲမှားနိုင်သည့် အနေအထားသို့  တွန်းပို့ခဲ့သည်။   နိုင်ငံရေးအရ ကြည့်ပါက ယင်းအနေအထားသည် ပြည်သူအား မှန်မှန်ကန်ကန်  အသိပေးမှုမျိုးမဟုတ်ခြင်းကြောင့် နိုင်ငံ၏လုံခြုံရေးအင်စတီကျူးရှင်းအပေါ် အထင်အမြင် လွဲမှားမှု၊   မကျေနပ်မှုများ  ဖြစ်ပေါ်စေနိုင်သည်။ ဒီမိုကရေစီအင်အား တောင့်တင်းလာစေရေးဟူသော ၎င်း၏ ရည်ရွယ်ချက်နှင့်ဆန့်ကျင်စွာ   NLD ၏ ခြေလှမ်းမှားယွင်းမှုများ၊   အစီအစဉ်မကျသည့် လုပ်ဆောင်မှုများသည် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းများတွင် တပ်မတော်နှင့်ရော တိုင်းရင်းသား အဖွဲ့များနှင့်ပါ     ဝေးကွာသွားစေခဲ့သည်။  NLD အနေဖြင့်    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်များတွင် ယင်း၏ လွှတ်တော်တွင်း အများစုအင်အားကို တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့ များ အပေါ်တွင်လည်းကောင်း၊      စုပေါင်းအားနှင့် စုပေါင်းဆောင်ရွက်မှု    အပေါ်တွင်လည်းကောင်း ဖိအားပေးဆောင်ရွက်ခြင်းဖြင့် လုံခြုံရေးထိခိုက်ယို ယွင်းမှုဖြစ်လာနိုင်သည့် အန္တရာယ်ကိုသာ ဖြစ်စေ ခဲ့သည်။ ထို့ပြင်    ဒီမိုကရေစီခိုင်မာလာမည့်အစား အနှောင့်အယှက်ဖန်တီးရာရောက်ခဲ့သည်။ NLD ၏ အများစုအင်အားသည် ၎င်းအတွက် နိုင်ငံရေး ကျောထောက်နောက်ခံ အရင်းအနှီးတစ်ခုဖြစ်ရမည့် အစား ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အဟန့်အတား တစ်ရပ်အဖြစ်သာ ဖြစ်ခဲ့ရသည်။  


အခြေခံမူ ၅၁ ချက်


    NLD အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပိုင်း သုံးပိုင်းခွဲခြားခဲ့သည်။        ထိုအပိုင်း     သုံးပိုင်းမှာ-  (၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ((၂၁) ရာစု ပင်လုံညီလာခံ) ၏ အခြေခံအဖြစ် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ဖန်တီးရန်၊ (၂) ပါဝင်ထိုက်သူအားလုံး ပါဝင်မှုကို မြှင့်တင်ရန်နှင့် (၃) ငြိမ်းချမ်းရေး၏ အကျိုး ကျေးဇူးများကို ပြည်သူလူထုထံ ဆောင်ကြဉ်းပေးရန် တို့ဖြစ်သည်။ (၂၁) ရာစု ပင်လုံညီလာခံသည် အစိုးရ၊ တပ်မတော်နှင့်   NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှု    တည်ဆောက်မှုတစ်ရပ်အနေဖြင့် အခြေခံမူ ၅၁ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၁) နှင့် (၂) ကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ သို့သော်လည်း ပိုမိုစိန်ခေါ်မှုရှိသော  ဖက်ဒရယ်မူများ နှင့်  ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်ဆောင်ရွက် ဖွယ်များအပေါ်  သဘောတူညီချက်များသည် ပြည်ထောင်စုသဘောတူစာချုပ် (၃) တွင် ပါဝင်လာရန် လိုအပ်လျက်ရှိနေသေးသည်။   NLD အစိုးရ၏ သက်တမ်းအတွင်း NCA စာချုပ်၌ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ် ဖွဲ့သာရှိခဲ့ခြင်းကြောင့် လက်ရှိတွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပါဝင်ဆောင်ရွက်သူ (actors) များစွာ၊ ပါဝင်ပတ်သက် သူ (stakeholders) များစွာနှင့် ယန္တရားများစွာ ပါဝင်သော    ရှုပ်ထွေးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ် သည်။      

      < စာမျက်နှာ ၁၁ မှ
သို့ဖြစ်ရာ NLD အစိုးရ၏ အကျိုးစီးပွားများနှင့် အင်စတီကျူးရှင်းများအား စီမံခန့်ခွဲရာတွင် အတွေ့ အကြုံနည်းပါးမှု၊ လွှတ်တော်တွင်း ရရှိထားသည့် အများစုအင်အားကို လွဲမှားစွာကိုင်တွယ်အသုံးပြုမှု၊ လုံလောက်သည့် နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှုမရှိမှု နှင့် အစီအစဉ်မကျသည့် လုပ်ဆောင်မှုများသည် ဘုံသဘောတူ လက်ခံနိုင်ပြီး ပြည်ထောင်စုတစ်ဝန်း ရေရှည်ခိုင်မြဲစွာ ကျင့်သုံးနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများရေးဆွဲရာတွင်   မတူညီသော အကျိုးစီးပွားနှင့်   အုပ်စုများအကြားလိုအပ်သည့် နိုင်ငံရေး  တပေါင်းတစည်းတည်းရှိမှုကို ဆောင်ကြဉ်း ရာ၌     ရွှေပြည်တော်မျှော်တိုင်းဝေး   ဖြစ်စေခဲ့သည်။
အမျိုးသားရေးတာဝန်များ 
    အာဏာရပါတီဖြစ်ခဲ့သည့် NLD သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက်  ပြင်ဆင်ရာတွင် အများစုမှအပ်နှင်းသည့်လုပ်ပိုင်ခွင့်အတွက် ယုံကြည် မှုတည်ဆောက်ရေး၊ နိုင်ငံရေးညီညွတ်မှုရှိရေးနှင့် အမျိုးသားရေးတာဝန်များကို  မျက်ခြည်မပြတ် စေရေးတို့ကို လျစ်လျူရှုခဲ့သည်။ NLD ပါတီသည် ထိတွေ့ ဆက်ဆံရေးတွင် အောက်ခြေလူထုအကြား မဲဆွယ်စည်းရုံးမှုများအား ဆောင်ရွက်ခဲ့သော်လည်း လုံခြုံရေးနှင့်          ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်အေးချမ်းရေးတို့နှင့်စပ်လျဉ်း၍မူ actor/stakeholders အဆင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတို့ပြုရန် အာရုံစိုက်ခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် မဲစာရင်းအမှားနှင့် ရွေးကောက် ပွဲမသမာမှုများအပေါ် တိုင်ကြားချက်များကိုလည်း NLD အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ရပ် စလုံးက အလေးထားတုံ့ပြန်ခဲ့ခြင်းမရှိပေ။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ကာလုံအစည်းအဝေးခေါ်ယူ ဆွေးနွေးရန် တပ်မတော်၏ တောင်းဆိုမှုကိုလည်း NLD အစိုးရက ပယ်ချခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မအောင်မြင်ရခြင်းသည်      တစ်ကြိမ်တစ်ခါ မှားယွင်းဆောင်ရွက်ခြင်းများ သို့မဟုတ်  ဆောင် ရွက်မှုမရှိခြင်းများကြောင့် မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထများမှ     သွေဖည်သည့်လုပ်ရပ်များ စုဝေးဖြစ်ပေါ်ခြင်း၏ရလဒ်ဖြစ်သည်။ ဒီမိုကရေစီဟူ သည်မှာ ရွေးကောက်ပွဲနှင့် အများစုထောက်ခံမှုရှိရုံဖြင့် မရရှိနိုင်သည်ကို    NLD အစိုးရ၏ ၂၀၁၆-၂၀၂၁ သက်တမ်းက သက်သေပြခဲ့သည်။
အပိုင်း (၃)
NUG ၊ CRPH ၊ အများကြိုက်လိုက်ဝါဒနှင့် တလွဲမျှော်လင့်ချက်
    NLD အစိုးရ၏ ခေါင်းဆောင်မှုအောက်တွင် ဒီမိုကရေစီ၏ မှတ်ကျောက်စံနှုန်းများမှ လက်မခံ နိုင်လောက်သည်အထိ လွဲချော်ခဲ့ရသော မြန်မာ့ဒီမို ကရေစီကို ပြန်လည်ထိန်းကျောင်းတည့်မတ်နိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်၏ တာဝန် အရပ်ရပ်နှင့် အာဏာကြီး သုံးရပ်တို့ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီလွှဲပြောင်းရယူခဲ့ သည်။ ယင်းသည် အာဏာသိမ်းမှုတစ်ရပ် မဟုတ်ပေ။ ထိုသို့ ရွေးကောက်ပွဲအကျပ်အတည်းနှင့် ဒီမိုကရေစီမှ သွေဖည်နေသောဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင် ရန်အတွက် နိုင်ငံတော်အာဏာအား ယာယီလွှဲပြောင်း ရယူရာတွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရယူမှု အပါအဝင် ဥပဒေကြောင်းနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခဲ့ သည်။   နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ရယူဆောင်ရွက်သည့် ကာလသည် ဒီမိုကရေစီကို ပြန်လည်ထိန်းကျောင်း တည့်မတ်ရန်နှင့် မလိုလားအပ်သော အခြေအနေများမှ ကာကွယ်ရန်အတွက်  နိုင်ငံရေးအရ အရေးပါသည့် အချိန်အပိုင်းအခြား ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီနှင့်  ယင်း၏   တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကောင်စီများ၏ စစ်ဘက်-အရပ်ဘက် ပါဝင်မှုဖွဲ့စည်းမှု၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်ရပ်စလုံးကို အခြေခံထားသည့် အင်စတီကျူးရှင်းများပါဝင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်        အကောင်အထည် ဖော်ခြင်းဆိုင်ရာလုပ်ငန်းစဉ်နှင့်   ယန္တရားများကို ကြည့်ရှုခြင်းဖြင့် စစ်အစိုးရရော စစ်အုပ်ချုပ်ရေးပါ မဟုတ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လတ်တလောတွင် အာဏာသုံးရပ်ခွဲဝေကျင့်သုံးမှုအား ခေတ္တရပ်ဆိုင်းထား ပြီး ပြည်သူလူထု၏ အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေသစ်အချို့ကို ပြဋ္ဌာန်းသည်ကလွဲလျှင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ၊  နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို   ဆက်လက် ကျင့်သုံးလျက်ရှိသည်။  
    ပြည်ထောင်စု       ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းအမှားများနှင့်စပ်လျဉ်းသော ကန့်ကွက်မှုနှင့် တိုင်ကြားစာများအားဖြေရှင်းရန် ငြင်းဆန်ခဲ့ခြင်းနှင့် NLD ဦးဆောင်သောအစိုးရနှင့် လွှတ်တော်တို့က တာဝန်ယူမှုရှိသည့် အရေးယူတုံ့ပြန်ဆောင်ရွက်မှုများပြုရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်း များ သက်ဝင်လာခဲ့ရခြင်းဖြစ်သည်။  နိုင်ငံရေးအရ အရေးပါသည့် အချိန်အပိုင်းအခြားအတွက်  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ    လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ချိန်မှစ၍ NLD အစိုးရ၏ တရားဝင်မှုနှင့် ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ပြစ်ချက် အနာအဆာ ကြီးကြီးမားမားရှိခဲ့သည့် ရွေး ကောက်ပွဲရလဒ်သည် NLD အစိုးရ၏ တရားဝင်မှု သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်းမရှိပေ။ ထို့အတူ  NLD အနေဖြင့် အဆိုပါရလဒ်များကို ကိုင်စွဲကာ ၎င်းကိုယ်ကိုယ် အစိုးရအဖြစ် ကြေညာရန်သော် လည်းကောင်း၊ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် သော်လည်းကောင်း မဖြစ်နိုင်ပေ။ ဒေါ်အောင်ဆန်းစု ကြည်နှင့် အဆက်အသွယ် ပြတ်တောက်နေပုံရသော NLD ပါတီနှင့်  ၎င်း၏  အပေါင်းအပါများသည် ထင်ရာမြင်ရာလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ ကြသည်။ NLD ၏ အချို့သောအကြီးတန်းပါတီဝင် များနှင့် အကြီးတန်းရာထူးနေရာ ခန့်အပ်ခံထားရသူ များသည် အများစုမှ ၎င်းတို့အား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့် တရားဝင်မှုတို့ကို သက်တမ်းအကန့် အသတ်မရှိ တည်ရှိသကဲ့သို့     ယူဆပြုမူလျက်ရှိ ကြသည်။ ထို့ကြောင့် NUG နှင့် CRPH ဟူသော အဖွဲ့ အစည်းများအနေဖြင့် ၎င်းတို့ ကိုယ်ကိုယ် တရားဝင် သည်ဟု ကြေညာကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ဆောင်ရွက်လျက်ရှိခြင်းသည် ထောက်ခံမှု အချို့ရှိလျှင်ပင် တရားဥပဒေနှင့် ညီညွတ်မှုမရှိပေ။ ယင်းအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များ သည် မည်သည့်သရုပ်သကန်နှင့်မျှ ကျိုးကြောင်း ဆီလျော်မှု၊ မှန်ကန်မျှတမှု ရှိမနေပေ။ ၎င်းတို့သည် လက်ရှိအစိုးရ ကြေညာထားသည့်အတိုင်း တရား ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်အဖွဲ့အစည်း များမျှသာဖြစ်သည်။               
(ဆက်လက်ဖော်ပြပါမည်)