
လေ့လာသူတစ်ဦး
==========
(ယမန်နေ့မှအဆက်)
နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထုလိုအပ်သော အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို ဖြည့်စွမ်း ပေးခြင်း၊ အင်အားသုံးမှု အနည်းဆုံးထားဆောင်ရွက် ခြင်းတို့ဖြင့် နိုင်ငံ၏လူမှုနေသားတကျရှိမှုကို ဖန်တီး တည်ဆောက်ထိန်းသိမ်းရသည်။ အများပြည်သူ ဆိုင်ရာဝန်ဆောင်မှုများဟူသည်မှာ ပြည်သူလူထု၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဘုံအကျိုးကျေးဇူး သို့မဟုတ် စုပေါင်းအကျိုးခံစား ခွင့်များကို အစိုးရက ဖန်တီးဖြည့်ဆည်းပေးရခြင်း ဖြစ်သည်။ နိုင်ငံတော်၏ ခွန်အားကို အဆိုပါ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအား ဖန်တီး ဖြည့်ဆည်းပေးခြင်းမှ ရရှိသည်။ ဤနေရာတွင် နိုင်ငံတော်ဟူသည်မှာ ပိုင်နက်နယ်မြေ၊ ပြည်သူ လူထု၊ အချုပ်အခြာအာဏာနှင့် အစိုးရဟူသည့် အစိတ်အပိုင်းလေးခုဖြင့် ဖွဲ့စည်းထားသည့် အင်စတီကျူးရှင်းနှင့် နယ်နိမိတ်ဆိုင်ရာ အပေါင်း အစုတစ်ခုဖြစ်သည်။ အစိုးရတစ်ရပ်က ၎င်း၏ ပြည်သူအား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတားဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အား မတည်မငြိမ် ဖြစ်စေရန်နှင့် အားနည်းစေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
လူမှုကွန်ရက်နှင့် သတင်းမီဒီယာများ
NLD၊ NUG နှင့် CRPH တို့မှ ယနေ့ဆောင်ရွက် လျက်ရှိသော အတိုက်အခံနိုင်ငံရေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများပေးနိုင်စွမ်းနှင့် လူမှုနေသားတကျ ရှိမှု တည်ဆောက်နိုင်စွမ်းကို အလုံးစုံဆန့်ကျင် ဟန့်တားလျက်ရှိသည်။ NLD ပါတီနှင့် ယင်း၏ ထောက်ခံသူများ၊ အစွန်းရောက်များ၏ သွေးထိုး လှုံ့ဆော်မှုနှင့် မီဒီယာများ၏ မြှောက်ပင့်ပုံဖော်မှုတို့ကြောင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများသည် ထိပ်တိုက်တွေ့မှုနှင့် ဆူပူအကြမ်းဖက်မှုများအဖြစ် သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ပြည်သူ လူထု၊ အထူးသဖြင့် Generation-Z ဟုဆိုသော ငယ်ရွယ်သည့်လူငယ်များကို ဆူပူအကြမ်းဖက် မှုများဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ဟောင်း ကျော်မိုးထွန်း အနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များကြောင့် လူမှုဘဝခပ်ခွာခွာနေထိုင်မှု စည်းမျဉ်း ကိုလိုက်နာ၍ လူစုလူဝေးဖြစ်မှုတို့အား ရှောင်ရှား ရမည့်အချိန်တွင် လမ်းပေါ်ထွက် ဆူပူမငြိမ်သက် မှုများ ဆောင်ရွက်ခြင်းကို အားပေးထောက်ခံခဲ့သည်။ လုံခြုံရေးအင်အားစုများသည် အဓိကရုဏ်းထိန်းချုပ် ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံး၍ အင်အားသုံးစွဲမှုအနည်းဆုံးဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သတိထား၍ ဆောင်ရွက်ခဲ့ သည်။ သို့ရာတွင် လူမှုကွန်ရက်နှင့် သတင်းမီဒီယာ များ၌မူ ထိုသို့မငြိမ်သက်မှုများအား ဖြိုခွင်းထိန်းချုပ် သည့်ပုံရိပ်များအနက် အချို့ကို လိုသလိုရွေးထုတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းအပေါ် ဆန့်ကျင် ဝေဖန်မှုများ ထွက်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် ဖြန့်ချိခဲ့ကြသည်။ သို့ရာတွင် ဆူပူအကြမ်းဖက် လုပ်ဆောင်မှုများ၏နောက်ကွယ်တွင် ဖြစ်ပေါ်နေ သည့် အမှန်တရားနှင့်စပ်လျဉ်း၍ နှုတ်ဆိတ်နေခဲ့ကြ သည်။
၎င်းကိုယ်ကိုယ် NUG နှင့် CRPH များအတွင်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာပိုင်အဖြစ် အသွင်ယူထားသည့် NLD သည် ၎င်း၏နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် လူထုကို ဓားစာခံအဖြစ် ဆက်လက်အသုံးချခဲ့သည်။ အရပ်ဘက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် အယူအဆပိုင်းအရ မှားယွင်းနေသကဲ့သို့ ကျင့်ဝတ်၊ လူ့အခွင့်အရေးနှင့် ဥပဒေပိုင်းအရပါ လွဲမှားသောလှုပ်ရှားမှုဖြစ်သည်။ အယူအဆပိုင်းအရ အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အစိုးရကို ပြုတ်ကျစေလိုခြင်းထက် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကျဆုံးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြည်သူလူထုအတွက် မရှိ မဖြစ်လိုအပ်သောဝန်ဆောင်မှုများကို ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းက ပေးအပ်ရသည်။ နိုင်ငံ့ ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်းသည် တာဝန်ကင်းမဲ့လှပြီး သက်ဆိုင်ရာ ကျင့်ဝတ်အသီးသီးအား လုံးဝအလေးမထားခြင်းကို ပြသနေသည်။ CDM ကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးခန်းများသို့ ဆရာဝန်၊ သူနာပြုနှင့် အခြား ကျန်းမာရေးလုပ်သားများ မလာရောက်ကြတော့ သဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ၊ မတော်တဆမှုဖြစ်ပွားသူများနှင့် အခြား အတွင်းလူနာ၊ အပြင်လူနာများစွာတို့အတွက် ဆေးကုသခွင့် ဆုံးရှုံးခဲ့ကြရသည်။ ဝင်ငွေနည်းပါးပြီး အရေးပေါ် သို့မဟုတ် ဆက်တိုက်ဆေးကုသမှုလိုအပ် သည့် နှလုံးရောဂါခံစားနေရသူများ၊ ကျောက်ကပ် မကောင်း၍ ကျောက်ကပ်ဆေးနေရသူများနှင့် ကင်ဆာအတွက် ဓာတုကုထုံးခံယူနေရသူများအနေ ဖြင့် ကျန်းမာရေးစနစ် ယိမ်းယိုင်အားနည်းသွားခြင်း ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်း ရိုက်ခတ်နေချိန်တွင် ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေးစနစ်အား ပြိုလဲစေခြင်းသည် ကျင့်ဝတ် နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေပေသည်။ ကျန်းမာ ရေးကဏ္ဍ၌ CDM လုပ်ဆောင်ခြင်းသည် ပြည်သူများ ၏ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်မှ ကြည့်ပါကလည်း မှားယွင်းလှပေသည်။ တက္ကသိုလ် နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများကို အလုပ်မသွားရန်နှင့် ကျောင်းသားများအား ကျောင်းမတက်ရန် တိုက်တွန်းခြိမ်းခြောက်ခြင်းသည် လည်း ပြည်သူလူထု၏ ပညာရေးဆိုင်ရာဝန်ဆောင်မှု ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်ရန်နှင့် တိုင်းပြည်၏အနာဂတ်ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်း ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့် အစိုးရတက်သည်ဖြစ်စေ တည်ဆဲဥပဒေနှင့် နည်းဥပဒေများက ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။ ယင်းမှာ ဗျူရိုကရေစီစနစ်၏ ရည်ရွယ်ချက် ပင်ဖြစ်ပြီး အခြားသောဒီမိုကရေစီနိုင်ငံများ တွင်လည်း အလားတူပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ ကို ၎င်းတို့၏တာဝန်၊ ဝတ္တရားများအား ထမ်းဆောင် နိုင်ခြင်းမရှိစေရန် ရန်စခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့် ခြင်း၊ ထိပါးနှောင့်ယှက်ခြင်းနှင့် တာဝန်သိနိုင်ငံ့ ဝန်ထမ်းများအပေါ် social punishments ဟုဆိုသော “လူမှုရေးပြစ်ဒဏ်ခတ်မှု” များပြုလုပ်ခြင်းသည် ဒီမိုကရေစီစနစ်၏ အကြမ်းမဖက်ရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာစံနှုန်းများအား ချိုးဖောက်ခြင်း ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် နိုင်ငံတော်၏တာဝန်အရပ်ရပ်အား လွှဲပြောင်း ရယူစဉ်ကတည်းက တည်ဆဲဥပဒေနှင့် နည်းဥပဒေ စည်းမျဉ်းများကို တိတိကျကျလိုက်နာဆောင်ရွက် ခဲ့သည်။ NLD၊ NUG နှင့် CRPH တို့သည် ပြည်သူများ ကို ဥပဒေအား လိုက်နာရန်/ မလိုက်နာရန် အမိန့်ပေး ညွှန်ကြားနိုင်သည့် ဥပဒေ၏အထက်တွင် ရှိနေသည့် အလား စည်းရုံးလှုံ့ဆော်ခဲ့ကြပြီး ဥပဒေအား လေးစားလိုက်နာခဲ့ကြသည့် ပြည်သူလူထုအကြား ဥပဒေစိုးမိုးမှုကင်းမဲ့ကာ မငြိမ်မသက်ဖြစ်စေခဲ့သည်။
နိုင်ငံ၏ဗျူရိုကရေစီယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ
နိုင်ငံ့ဝန်ထမ်းများစွာသည် အလုပ်နေရာဆုံးရှုံး ရသောဝန်ထမ်းများကို လစာပေးမည်ဟူသော တလွဲ ကတိများကို ယုံကြည်ကာ “ရုံးမတက်နဲ့ ရုန်းထွက်” ဟူသောလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ထိုသို့ ပါဝင်ခဲ့သူများသည် ဆန္ဒအလျောက် အခက်အခဲ ဒုက္ခများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ NLD၊ NUG နှင့် CRPHတို့သည် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အသိ ပညာများစွာဖြင့် အချိန်ယူတည်ဆောက်ထားရသည့် နိုင်ငံ၏ ဗျူရိုကရေစီယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စနစ်တကျဖျက်ဆီးနေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအား လုံးဝအားနည်း သွားစေရန် ဖြိုချဖျက်ဆီးလိုသော ၎င်းတို့၏ရည်ရွယ် ချက်ကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးများ သည် ပြည်သူလူထုအပေါ်သို့သာ ကျရောက်လာ သည်။
မည်သို့ပင်ဆိုစေကာမူ NLD၊ NUG နှင့် CRPH ကို ကိုယ်စားပြုလျက်ရှိသည့် ကျော်မိုးထွန်းနှင့် NUG ၏ “ကျန်းမာရေးနှင့် အားကစားဝန်ကြီး” နှင့် “ပညာ ရေးဝန်ကြီး” ဆိုသူ ဒေါက်တာဇော်ဝေစိုးကဲ့သို့ ပုဂ္ဂိုလ်များသည် CDM လှုပ်ရှားမှုကို မြင့်မြတ်သော တာဝန်တစ်ခုသဖွယ် အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်လျက်ရှိကြသည်။ ဒေါက်တာဇော်ဝေစိုး သည် ဆရာဝန်တစ်ဦး၏ကျင့်ဝတ်နှင့် ဆန့်ကျင်စွာ ပင် တော်လှန်ပုန်ကန်ရာတွင် ဖောက်ခွဲရေးပစ္စည်း များအသုံးပြုရေးနှင့် အဆိပ်ခတ်ထားသည့်အစား အစာများ အသုံးပြုရေးကဲ့သို့သော မကောင်းကျင့် မကောင်းကြံများကိုပင် ပြောကြားခဲ့သည်။ စင်စစ် တွင် ထိုလှုပ်ရှားမှုများသည် ၎င်းတို့၏နိုင်ငံရေးအရ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ဆောင်ရွက်နေသော လူသားမဆန်၊ ယုတ္တိမရှိသည့် လုပ်ရပ်များသာ ဖြစ်သည်။ ဘဏ်လုပ်ငန်းကဏ္ဍမှ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းသည် ပြည်တွင်း ပြည်ပ ငွေလွှဲပေးပို့မှုများအပါအဝင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အကျပ်အတည်းဖြစ်စေခဲ့ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနှင့်ပြီးသော နိုင်ငံ့စီးပွားရေးကို အဆုံးထိဆွဲချရန်ရည်ရွယ်ချက် မှာ ရက်စက်လွန်းလှသည်။ ပို၍ရက်စက်ပုံရသည်မှာ လစဉ်စားဝတ်နေရေးအတွက် ငွေသားထုတ်ရန် လာရောက်ရသော သက်ကြီးရွယ်အိုများ၊ ပင်စင်စား များနှင့် မသန်စွမ်းပုဂ္ဂိုလ်များကို ပူပြင်းသော နေရောင်အောက်၌ လူတန်းရှည်ကြီးအဖြစ် တန်းစီ ရသည့်အနေအထားသို့ ဆိုက်ရောက်စေခြင်း ဖြစ်သည်။ ထိုသက်ကြီးရွယ်အိုများနေရာတွင် မိမိ တို့၏အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မိဘ ဘိုးဘွားများသာဖြစ်လျှင်ဟူသော အတွေးကို ထည့်သွင်းစဉ်းစားသင့်သည်။ CDM သည် အကြမ်း မဖက်သောနည်းလမ်းပုံစံပေါ်သော်လည်း ပြည်သူ လူထုအပေါ် ယင်း၏ နောက်ဆက်တွဲသက်ရောက် မှုများမှာမူ လူသားမဆန်မှုနှင့်အတူ အကြမ်းဖက် လုပ်ရပ်များထက်ပင် ပိုမိုဆိုးရွားလျက်ရှိသည်။
အမျိုးမျိုးသောအကြမ်းဖက်လုပ်ရပ်များကျူးလွန်
NLD၊ NUG၊ CRPH နှင့် ၎င်းတို့၏ ထောက်ခံသူ များ၊ အစွန်းရောက်များသည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်အတွက် အမျိုးမျိုးသောအကြမ်းဖက် လုပ်ရပ်များစွာကို ကျူးလွန်လျက်ရှိကြသည်။ အဆိုပါလုပ်ရပ်များတွင် ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ လုံခြုံရေးအင်အားစုများအား ပစ္စတိုများ၊ ရိုင်ဖယ် များ၊ ဗုံး၊ လောက်လေးခွ၊ သံချိတ်၊ လောင်စာပုလင်း၊ တုတ်၊ ကျောက်ခဲ၊ ဓား၊ လှံနှင့် မှိန်း စသည့်လက်နက် များဖြင့် တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ရက်စက်စွာသတ်ဖြတ်ခြင်း၊ USDP ပါတီဝင်များနှင့် ၎င်းတို့၏မိသားစုများအား ရက်စက်စွာတိုက်ခိုက် သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့အရပ်သားများနှင့် စစ်မှုထမ်းဟောင်းများကို သတင်းပေး/ ဒလန်အဖြစ် စွပ်စွဲကာ ဥပဒေမဲ့သတ်ဖြတ်ခြင်း စသည်တို့ပါဝင် သည်။ NUG ၏ “ကာကွယ်ရေးဝန်ကြီး”နှင့် “ဒုတိယ ကာကွယ်ရေးဝန်ကြီး” ဟုဆိုသူ ဦးရည်မွန်နှင့် ဒေါ်ခင်မမမျိုးတို့သည် တပ်မတော်အား ဆန့်ကျင် ပုန်ကန်ရန် လူသိရှင်ကြား အားပေးအားမြှောက်ပြုခဲ့ ကြသည်။
၎င်းတို့နှစ်ဦးသည် တပ်မတော်အား ဆန့်ကျင် ပုန်ကန်ရေးအတွက် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးအင်အားစု (PDF) ဟုဆိုသောအဖွဲ့ကို သင်တန်းများပေးရာတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေသူများဖြစ်သည်။
တရားဥပဒေနှင့် မညီညွတ်သောလုပ်ရပ်များ
၎င်းတို့၏ အဖျက်အမှောင့်လုပ်ငန်းများတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ နယ်မြေ စခန်းများ၌ အခြေခံစစ်သင်တန်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ လမ်း များပိတ်ဆို့ခြင်း၊ ပြည်သူပိုင်အဆောက်အအုံနှင့် တံတားများဖျက်ဆီးခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုနှင့် ဆက်နွှယ်သည့်စက်ရုံများအား မီးရှို့ ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများနှင့် USDP ရုံးများအား လက်လုပ်ဗုံးများ၊ ချိန်ကိုက်ဗုံးများဖြင့် တိုက်ခိုက် ခြင်း၊ ဘဏ်များအား လက်လုပ်မိုင်းများဖြင့် ပစ်ခတ် ခြင်း၊ ဆေးရုံ၊ ကျောင်း၊ မြို့နယ်ပညာရေးရုံး၊ တက္ကသိုလ်၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရုံး၊ မြို့နယ် ခန်းမ၊ မြို့နယ်တရားရုံး၊ ရဲစခန်းများနှင့် အခြား ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အဆင့် အစိုးရရုံးများ၊ ဆက်သွယ်ရေးရုံးများ၊ အစိုးရဝန်ထမ်းအိမ်ရာများ၊ ယာဉ်ကြောအချက်ပြထိန်းချုပ်ရေး အဆောက်အအုံ များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးများအား မီးရှို့တိုက်ခိုက်ခြင်း သို့မဟုတ် လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများနှင့် တိုက်ခိုက်ခြင်း စသည့် မြောက်မြားစွာသောလုပ်ရပ်များ ပါဝင်လျက်ရှိသည်။ ထိုအကြမ်းဖက်လုပ်ရပ်များ၏ အမျိုးအစားနှင့် သဘောသဘာဝ၊ ပစ်မှတ်နှင့် တိုက်ခိုက်ခံရသူများ ကို လေ့လာဆန်းစစ်ကြည့်ပါက NLD၊ NUG၊ CRPH နှင့် ၎င်းတို့၏ထောက်ခံသူများ၊ အစွန်းရောက်များ သည် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဘဝအဆင်ပြေရေးတို့အတွက် ကောင်းစွာ လုပ်ဆောင်လည်ပတ်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံနှင့် လူ့အဖွဲ့အစည်း မငြိမ်မသက်ဖြစ်စေရေးအတွက် စနစ်တကျဖျက်ဆီးလျက်ရှိသည်ကို တွေ့မြင်နိုင် သည်။ NLD ပါတီနှင့် ယင်း၏နောက်လိုက်များသည် ၎င်းတို့၏နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်စေရေး အတွက် နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ဆန့်ကျင်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အဖွဲ့လိုက် တိုက်ခိုက်မှုများအား အားပေးအားမြှောက်ပြုလျက်ရှိ သည်။ ယင်းက အသက်ဘဝ၊ လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ ဒီမိုကရေစီစံနှုန်းများနှင့် မတူ ကွဲပြားမှုများအား သည်းခံခြင်းနှင့်စပ်လျဉ်းသော ဒီမိုကရေစီစံနှုန်းတို့ကို ချိုးဖောက်လျက်ရှိသည်။ ထိုသို့ ရန်လိုအကြမ်းဖက်ပြီး တရားဥပဒေနှင့် မညီညွတ်သောလုပ်ရပ်များသည် အစိုးရတစ်ရပ် ပြုမူဆောင်ရွက်ရမည့်ပုံစံနှင့် လုံးဝဆန့်ကျင်ကွဲပြား လျက်ရှိသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ဆုံးဖြတ် ချက်ချမှတ်ခြင်းနှင့် မူဝါဒရေးဆွဲခြင်းတို့တွင် ဒီမို ကရေစီနှင့် သွေဖည်ခဲ့သည့် NLD ၏လုပ်ရပ်များ သည် ယခုအခါ တစ်ဖက်သက်ထင်ရာမြင်ရာ ဆောင်ရွက်ချက်များဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လတွင် NLD ၏ လက်အောက်ခံအဖွဲ့ဖြစ်သော NUG က ရခိုင်ပြည်နယ်မှ လူအုပ်စုတစ်စုနှင့် စပ်လျဉ်း၍ မူဝါဒစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ သည်။ ထိုသို့ထုတ်ပြန်ရာတွင် ၎င်းတို့၏မူဝါဒ ရေးဆွဲမှု၌ အားလုံးပါဝင်မှုရှိသယောင်ဖြင့် “ရခိုင် ပြည်နယ်ရှိ stakeholders များစွာနှင့် တိုင်ပင် ဆွေးနွေးပြီးနောက်” ဟူသောစာစုကို ထည့်သွင်း ဖော်ပြခဲ့သည်။ ပထမဆုံးအနေဖြင့် NUG နှင့် CRPH တို့သည် တရားမဝင်သောအဖွဲ့အစည်းများဖြစ်ကြ သည်။ ဒုတိယအနေဖြင့် NLD က ခန့်အပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင် ပြည်နယ် နေရာအများစုတွင် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ဥပဒေပြုရေးနှင့် အချို့မူဝါဒ များအတည်ပြုရေးတွင် ရခိုင်တိုင်းရင်းသားများအား အလုံအလောက်ရွေးကောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် NLD ၏ မူဝါဒစာတမ်းသည်လည်းကောင်း၊ CRPH သည်လည်းကောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူလူထုကို ကိုယ်စားပြုခြင်းမရှိ ပေ။ ၎င်းတို့အနေဖြင့် အလွတ်သဘောထင်မြင် ယူဆချက်များကို ကောက်ယူရရှိခဲ့သည်ဆိုလျှင်ပင် ယင်းမှာ ရခိုင်တိုင်းရင်းသားပြည်သူလူထု၏ မူဝါဒ ရေးရာအရ သဘောတူလိုလားမှုဟု မဆိုနိုင်ပေ။ NLD၊ NUG နှင့် CRPH အနေဖြင့် ကိုယ်စားပြုမှု၏ အဓိပ္ပာယ်ကိုပင် နားမလည်ခြင်းကြောင့်ဖြစ်နိုင် သကဲ့သို့ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားနေခြင်း လည်း ဖြစ်နိုင်သည်ကို အဆိုပါစာတမ်းက ဖော်ပြနေ သည်။ ယင်းမှာအံ့အားသင့်ဖွယ်မရှိပေ။
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများ
NLD၊ NUG နှင့် CRPH ၏ မူဝါဒ၊ ဆုံးဖြတ်ချက် များသည် ကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ မေးခွန်း ထုတ်စရာဖြစ်နေသကဲ့သို့ ကျိုးကြောင်းပေါင်းစည်း ညီညွတ်မှုနှင့် ရှေ့နောက်ညီညွတ်မှုတို့နှင့် စပ်လျဉ်း ၍လည်း သံသယဖြစ်ဖွယ်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က နိုင်ငံတော်အပေါ် သစ္စာ ဖောက်သွားခဲ့သော ကျော်မိုးထွန်းက ၎င်းသည် “ရွေးချယ်တင်မြှောက်ခံထားပြီး တရားဝင်သည့်” NLD အစိုးရကိုသာ ကိုယ်စားပြုသည်ဟု ထိုနေ့က ပြောကြားခဲ့သည်။ ၎င်း၏ကိုယ်စားပြုမှုနှင့် စပ်လျဉ်း သောသဘောထားသည် အခြေခံအားဖြင့် မှားယွင်း လျက်ရှိသည်။ အမြဲတမ်းကိုယ်စားလှယ်များနှင့် အခြားသံတမန်ရေးအရ ကိုယ်စားပြုသူများ၏ အဓိကတာဝန်မှာ အစိုးရတစ်ရပ်ကို ကိုယ်စားပြုရန် မဟုတ်ဘဲ နိုင်ငံကိုသာ ကိုယ်စားပြုရန်ဖြစ်သည်။ အစိုးရဟူသည်မှာ နိုင်ငံတော်၏ အစိတ်အပိုင်း လေးခုအနက် တစ်ခုမျှသာဖြစ်သည်။ NLD နှင့် ၎င်း၏အသုံးတော်ခံအဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့အား ကိုယ်စားပြုမှု အဆင့်အတန်း သတ်မှတ်၍မရချေ။ ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံကို မဆိုထားနှင့်၊ အစိုးရတစ်ရပ်ကိုပင် ကိုယ်စားပြုခြင်း မရှိသူများဖြစ်သည်။ ထို့ပြင် CRPH နှင့် NUGတို့သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသော တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။ ထို့ကြောင့် NLD၊ CRPH နှင့် NUG တို့တွင် ဆုံးဖြတ်ချက်ချမှတ် နိုင်/ မူဝါဒရေးဆွဲနိုင်သည့် အခွင့်အာဏာလည်း မရှိပေ။ ၎င်းတို့တွင် အွန်လိုင်းမျက်နှာစာမှလွဲလျှင် လုပ်ပိုင်ခွင့်အာဏာရော၊ အကောင်အထည်ဖော်ပေး မည့် အင်စတီကျူးရှင်းနှင့် ယန္တရားများလည်း မရှိပေ။
ကျော်မိုးထွန်းသည် ၎င်း၏တာဝန်နှင့် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြုသဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းမှအစပြု၍ ထုတ်ပယ်ခံခဲ့ရသည်။ မြန်မာ အစိုးရအနေဖြင့် ကုလသမဂ္ဂ၌ ကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို အသိအမှတ်မပြုကြောင်း ကြိမ်ဖန် တလဲလဲ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ၌ မြန်မာကိုယ်စားပြုမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ၌ သတင်းမှားများ၊ တစ်ဖက်သတ် သုံးသပ်ချက်များကို ရှုထောင့်မျိုးစုံမှ ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ အချို့သတင်း အေဂျင်စီများအနေဖြင့် ယခင်အမြဲတမ်းကိုယ်စား လှယ် ကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးများ သို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ဆက်လက် တက်ရောက်ခွင့်ရရှိနေပြီး ထိုသို့ဆက်လက် တက်ရောက်ခွင့်ရရှိခြင်းသည် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ အောင်ပွဲပင်ဖြစ်ကြောင်း လွဲမှားစွာဖော်ပြခဲ့ကြသည်။ အဆိုပါဖော်ပြချက်များ သည် ဖြစ်စဉ်အမှန်နှင့် များစွာကွဲလွဲလျက်ရှိသည်။ NUG ကို ကိုယ်စားပြုသည်ဟု ထုတ်ဖော်ပြောကြား ခဲ့သည့်အတွက် ၎င်းသည်အကြမ်းဖက်အဖွဲ့ဝင် ဖြစ်ကြောင်း၊ ကိုယ်တိုင်ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
အဖွဲ့ဝင်ကိုးဦးပါ
ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံး လုပ်နည်း ၂၈ အရ အထွေထွေညီလာခံ ဖွင့်ပွဲနေ့တွင် အဖွဲ့ဝင်ကိုးဦးပါ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ကော်မတီသည် ယင်း၏ဝန်ထမ်းများကို ခန့်အပ်၍ ကိုယ်စားလှယ်အဖွဲ့များ၏ ခန့်အပ်လွှာ (Credentials) များကိုစိစစ်ကာ အထွေထွေညီလာခံ သို့ အစီရင်ခံတင်ပြရမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) တွင် သက်ဆိုင်ရာနိုင်ငံများ၏ ကိုယ်စားပြု တက်ရောက်မှုအတွက် အငြင်းပွားမှုများ ရှိခဲ့ပါက ခန့်အပ်လွှာစိစစ်ရေးကော်မတီက အထွေထွေ ညီလာခံသို့ အစီရင်ခံစာတင်ပြပြီး ဆုံးဖြတ်ချက်မချမီ ကာလအတွင်း လက်ရှိကိုယ်စားလှယ်သည် ယာယီ အားဖြင့် ဆက်လက်တက်ရောက်ခွင့်ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ ရာထူးမှ ထုတ်ပယ်ထားခြင်းခံရသည့် ယခင်အမြဲတမ်း ကိုယ်စားလှယ် ကျော်မိုးထွန်း (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲသို့ တက် ရောက်ခဲ့ခြင်းနှင့် ကော်မတီအစည်းအဝေးများ တက်ရောက်ခွင့်ရနေခြင်းသည် ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) အရသာ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ် ရသည်။ ထို့အပြင် နိုင်ငံတော်အစိုးရကို ကိုယ်စားပြု တက်ရောက်ခြင်းမဟုတ်ကြောင်း အခိုင်အမာ ဖော်ပြလိုသည်။
ကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ သံတမန် နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်သူမဟုတ်တော့ သကဲ့သို့ သံတမန်တစ်ဦး၏ အဆင့်အတန်းလည်း မရှိတော့သူ သို့မဟုတ် မည်သည့်ကိုယ်စားပြု သက်သေခံအထောက်အထားမျှ မရှိတော့သူ ဖြစ်သည်။ ၎င်း၏ အမေရိကန်၌ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးပါက ၎င်းတွင် အကျုံးဝင်သည့်နိုင်ငံကူး လက်မှတ်လည်း ရှိတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံ ၏ တရားဥပဒေအရ အကျုံးဝင်သည့် သက်သေ အထောက်အထားပြစာရွက်စာတမ်းနှင့် ယင်း စာရွက်စာတမ်းပေါ်တွင် အကျုံးဝင်သည့် ဗီဇာ မရှိပါက ၎င်းသည် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံ မှုပြုနေသူတစ်ဦးမျှသာဖြစ်ပေသည်။ သို့ဖြစ်ရာ ၎င်း၏ကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ မေးခွန်းထုတ် ရန်ပင် မလိုအပ်ချေ။ ထို့အပြင် ၎င်းသည် မြန်မာ နိုင်ငံ၏ တည်ဆဲဥပဒေများအရ တရားစွဲဆိုထားခြင်း ခံရသော၊ အလိုရှိသော တရားခံပြေးတစ်ဦးသာလျှင် ဖြစ်ပေသည်။
ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များ
မြန်မာပြည်သူလူထုသည် ၎င်းတို့၏ မျှော်မှန်း ချက်များ အကောင်အထည်ပေါ်လာနိုင်ရေးအတွက် NLD ပါတီထံတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ NLD သည် ၎င်း၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် သက်တမ်း အတွင်း ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များကို ဆောင်ရွက်ခဲ့ပြီး ထောက်ခံသူများအပေါ် တာဝန် မကျေဖြစ်ခဲ့သည်။ လွှတ်တော်တွင်းအများစုမှ အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို အကောင်းဆုံးအသုံးချ ရမည့်အစား နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များ သို့မဟုတ် အမျိုးသားအသိုက်အဝန်းတည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့်ဆန့်ကျင်သော ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ အတားအဆီးအခက်အခဲ အဖြစ် ပြောင်းလဲပျက်စီးစေခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏မသမာမှုများ ထွက်ပေါ် လာသည့်နောက်တွင်လည်း ၎င်း၏နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများအတွက် ပြည်သူကို ဓားစာခံဖြစ်စေ ပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက်ဖျက်ဆီးမှု ပြုကာ နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနှင့် ၎င်း၏ အစွန်းရောက်ထောက်ခံသူများကိုပါ ထိခိုက်နစ်နာ စေခဲ့သည်။ NLD သည် ၎င်းအပေါ် အများစု၏ ထောက်ခံမှုကိုလည်း တလွဲမျှော်လင့်ချက်အဖြစ်သို့ အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။ NLD သည် မြန်မာ နိုင်ငံကို ဒီမိုကရေစီစနစ်အတွင်းသို့ ခေါ်ဆောင်နေ ခြင်းမဟုတ်ဘဲ ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေခြင်း ဖြစ်သည်။
တစ်ပါတီ၊ လူတစ်စုတစ်ဖွဲ့၏ အာဏာရရှိရေး အကျိုးစီးပွားအတွက် မျိုးဆက်သစ်လူငယ်များအား သေတွင်းသို့ပို့ဆောင်ခဲ့ပြီး အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းများကို ရက်စက်စွာလုပ်ကြံ သတ်ဖြတ်ကာ စာသင်ကျောင်း၊ ဆေးရုံ စသည့် ပြည်သူ့ဝန်ဆောင်မှုနေရာများကို တိုက်ခိုက်မီးရှို့ ဖျက်ဆီးနေသည်မှာ ဒီမိုကရေစီအရေခြုံ၍ မင်းမဲ့ စရိုက်ကိုထူထောင်ကာ အစီအစဉ်ရှိရှိ နိုင်ငံကို ဖျက်ဆီးနေသည့် လုပ်ရပ်များသာဖြစ်ကြောင်း ဖော်ထုတ်သုံးသပ်ရပါသတည်း။ ။
n
- Log in to post comments