
ဆောင်းပါး
=======
ရွေးကောက်ပွဲတွင် အခရာကျသော မဲရုံမှူးနှင့် အဖွဲ့ဝင်များ၏တာဝန်
===============================================
ဦးအုန်းသန်း(ဥပဒေ)
===========
Oxford Learner’s Dictionary တွင် Election ဆိုသော စကားရပ်ကို Process of Choosing Representative by voting ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယင်း အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒပြုခြင်းဖြင့် ကိုယ်စားလှယ်ရွေးချယ်သောလုပ်ငန်း စဉ် ဖြစ်ပါသည်။ ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံရေး စနစ်တစ်ခုကို ပုံဖော်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲသည် လွှတ်တော်နိုင်ငံရေး၏ တံခါးပေါက်တစ်ခုဖြစ်သည်။ ပြည်သူအားလုံးပါဝင်နိုင်သော နိုင်ငံရေးသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းပင် ဖြစ်ပါသည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၈ ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပ မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများကို သတ်မှတ်ပြီးဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် နေထိုင်ကြသော မဲဆန္ဒရှင်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ကြရတော့မည်ဖြစ်ပါသည်။
အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ် အောင်မြင် ရေးအတွက် အဓိကအကောင်အထည်ဖော်ပေးကြရသူများမှာ အခြေခံကျသော ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများတွင် တာဝန်ကျသော မဲရုံမှူးများနှင့် အဖွဲ့ဝင်များ ပင်ဖြစ်ပါသည်။ မဲရုံမှူးနှင့် အဖွဲ့ဝင်များ၏တာဝန်ကို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန် တို့တွင် ဖော်ပြထားရာ ယင်းတို့အနက် အဓိကကျသော အချက်တို့ကို ဖော်ပြအပ်ပါသည်။
မဲရုံမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ရွေးကောက်ပွဲမကျင်းပမီ ဆောင်ရွက်ရန်-
(၁) သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ တာဝန် ပေးအပ်လွှာရယူထားရန်၊
(၂) ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်၏ လမ်းညွှန် ချက်ကို ရယူထားရန်၊
(၃) မဲပုံး၊ မဲစာရင်း၊ မဲလက်မှတ်ပုံစံများ၊ အခြားပစ္စည်း များရရှိရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်ထံမှ ရယူထားရန်။
ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီဆောင်ရွက်ရန်-
(၁) မဲရုံမှူးရှေ့မှောက်၌ မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်တို့က ပုံစံ (၈) တွင်လက်မှတ်ရေးထိုး စေရန်နှင့် မဲရုံမှူးကိုယ်တိုင် လက်မှတ်ရေးထိုး ထားရန်၊
(၂) ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်ထံမှ ဆန္ဒမဲ လက်မှတ်စာအုပ်များ ရယူထားရန်၊
(၃) ဆန္ဒမဲလက်မှတ်စာအုပ်အမျိုးအစား၊ အရေအတွက် လက်ခံရရှိကြောင်း ပုံစံ (၁၁) ဖြင့် မှတ်တမ်းတင် ထားရန်၊
(၄) မဲပုံး၌ မဲလက်မှတ်ဝင်နိုင်ရုံသာ အပေါက်ဖောက် ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊
(၅) ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ထံမှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် ပုံစံ (၁) မဲစာရင်း သုံးစောင် တစ်စုံကို သက်ဆိုင်ရာတိုင်းရင်း သား လူမျိုးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကျစီ အတွက် ပုံစံ(၁-က) ပြုစုထားသည့် မဲစာရင်းတစ်စုံ ရယူထားရန်၊
(၆) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ က နည်းဥပဒေ ၅၁ (ဆ) အရကြိုတင်မဲပေးပြီးသူများ စာရင်းပုံစံ (၁၃) လေးစောင်နှင့် ဆန္ဒပြုပြီးသော မဲလက်မှတ်စာအိတ်များထည့်ထားသည့် ချိပ်ပိတ် မဲပုံးကို မဲလက်ခံဖြတ်ပိုင်းများနှင့်အတူ မဲရုံမှူးထံ အပ်နှံသောအခါ ပုံစံ (၁၃) တွင် လက်မှတ်ရေးထိုး၍ ရယူထားရန်၊ ပုံစံ (၁၃) တစ်စောင်ကို မဲရုံတွင် ကပ်ထားပြီး နှစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည် ပေးအပ်ရန်နှင့် ကျန်ပုံစံ (၁၃) တစ်စောင်ကို သိမ်းဆည်းထားရန်၊
(၇) ကြိုတင်မဲပေးပြီးသူအရေအတွက်နှင့် ကျန်ရှိသော ဆန္ဒမဲအရေအတွက်တို့ကို မဲစာရင်းပါ ဦးရေနှင့် တိုက်ဆိုင်စစ်ဆေးရန်၊
(၈) ဆန္ဒမဲလက်မှတ်များတွင် မဲရုံမှူးက ကြိုတင်လက်မှတ် ရေးထိုးထားရန်၊
(၉) ဆန္ဒမဲပေးခြင်းမစမီ မဲရုံမှူးသည် မိမိယူလာသော မဲလက်မှတ်များကို ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ၏ ရှေ့မှောက်တွင် ရေတွက်၍ ပုံစံ (၁၁) ဖြင့် မှတ်တမ်းတင်ထားရန်၊
(၁၀) မိမိနာရီကို မြန်မာစံတော်ချိန်နာရီနှင့် ညှိထားရန်၊
(၁၁) မဲစာရင်းတစ်စုံစီကို မဲစာရင်းစစ်ဆေးသူအား နောက် ဆက်တွဲ ပုံစံ (ခ) (လုပ်ငန်းလမ်းညွှန်) ဖြင့် ထုတ်ပေး ရန်၊
(၁၂) ဆန္ဒမဲလက်မှတ်ထုတ်ပေးမည့်သူများအား မဲလက်မှတ် စာအုပ်များကို နောက်ဆက်တွဲပုံစံ (ဂ)ဖြင့် ထုတ်ပေး ရန်၊
(၁၃) မဲပုံးအလွတ်များကို မဲရုံအတွင်းမြင်နိုင်သော နေရာ တွင် ထားရှိရန်၊
(၁၄) နံနက် ၆ နာရီတိတိတွင် မဲရုံဖွင့်လှစ်ကြောင်း ကြေညာ ရန်၊
(၁၅) ဆန္ဒမဲပေးသူများ မဲရုံအတွင်းသို့ စည်းကမ်းတကျ
ဝင်နိုင်ရေးဆောင်ရွက်ရန်၊
(၁၆) ဆန္ဒမဲပေးသူသည် ကျန်းမာသန်စွမ်းခြင်းမရှိပါက ကူညီဆောင်ရွက်ပေးရန်၊
(၁၇) မဲရုံလုံခြုံရေးကြည့်ရှုစစ်ဆေးရန်။
ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံဖွင့်စဉ်ဆောင်ရွက်ရန်-
(၁) ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ တစ်ဦးဦးကသော်လည်းကောင်း၊ အစိုးရ ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မဲဆန္ဒရှင်တစ်ဦးဦးကသော်လည်းကောင်း၊ ရွေးကောက် ပွဲကျင်းပသည့်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး ကြိုတင်မဲမပေးရသေးကြောင်း အထောက်အထား တင်ပြနိုင်ပါက ဆန္ဒမဲပေးခွင့်ပြုရန်၊
(၂) မဲဆန္ဒရှင်တစ်ဦးသည် စာမတတ်လျှင်သော်လည်း ကောင်း၊ မဲမပေးတတ်လျှင်သော်လည်းကောင်း၊ မသန်စွမ်းလျှင်သော်လည်းကောင်း၊ မဲစာရင်းပါ၎င်း၏ မိသားစုဝင်တစ်ဦးဦးက မဲဆန္ဒရှင်၏ဆန္ဒအတိုင်း ကိုယ်စားမဲထည့်ပေးရန်၊ မိသားစုဝင်မရှိပါက မဲရုံမှူး က ကိုယ်စားဆောင်ရွက်၍ ဆန္ဒမဲပေးသူကိုယ်တိုင် မဲပုံးထဲသို့ ထည့်စေရန်၊
(၃) မဲပေးသူတိုင်းကို နောက်တစ်ကြိမ်မဲမပေးနိုင်ရန် မင်တို့၍ အမှတ်အသားပြုရန်၊
(၄) သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ ဆန္ဒမဲပေးခြင်း မပြုနိုင်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ တင်ပြ ရန်၊
(၅) ဆန္ဒမဲပေးခိုက်တွင် မဲပေးခြင်းကို ရပ်ဆိုင်းရပါက မဲရုံမှူးသည် မဲပုံးကို ချိပ်တံဆိပ်ပိတ်ရန်၊
(၆) သူတစ်ပါးအယောင်ဆောင်၍ မဲလက်မှတ်တောင်းဆိုကြောင်းသိရှိပါက ဆန္ဒမဲပေးခွင့်မပြုဘဲ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊
(၇) ဆန္ဒမဲစတင်ပေးသည့်အချိန်မှ ပြီးဆုံးသည့် အချိန်အတွင်း မဲရုံထဲသို့ ဝင်ခွင့်ပြုထားသူမှအပ အခြားသူများ မဝင်စေရေးဆောင်ရွက်ရန်၊
(၈) ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုကို ကျူးလွန်သူအား ဖမ်းဆီးအရေးယူရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားရန်၊
(၉) မဲရုံကို ညနေ ၄ နာရီတိတိတွင် ပိတ်ရန်၊ သို့ရာတွင် မဲရုံပရဝဏ်အတွင်း၌ ဆန္ဒမဲပေးရန်ရောက်ရှိနေသူများ ကို မဲပေးခွင့်ပြုရန်၊
(၁၀) မဲရုံပိတ်ပြီးပါက ဆန္ဒမဲရေတွက်ပြီးနောက် ပုံစံ (၁၆-၁) ဖြင့် သုံးစောင်ပြုစုရန်၊
(၁၁) ဆန္ဒမဲရေတွက်ရာ၌ နည်းဥပဒေ ၆၅ အရ ရောက်ရှိနေ သည့် သက်သေအနည်းဆုံး ၁၀ ဦး၏ အမည်စာရင်းကို ပုံစံ (၁၆) ၏ ကျောဘက်တွင်မှတ်တမ်းတင်ထားရန်၊
(၁၂) မဲရုံပိတ်ချိန်တွင် မဲရုံမှူးသည် မသုံးဘဲကျန်သော ဆန္ဒမဲလက်မှတ်များ၊ လက်ခံဖြတ်ပိုင်းများနှင့် ပုံစံ (၁၆-၁) တစ်ထုပ်၊ မဲရုံတွင်အသုံးပြုသော မဲစာရင်း တစ်ထုပ် ကြိုတင်မဲလက်မှတ်လက်ခံဖြတ်ပိုင်း တစ်ထုပ်၊ ပယ်မဲ ပုံစံ (၁၇)၊ ပုံစံ (၁၇-က) တစ်ထုပ်တို့ကို ချိပ်တံဆိပ်ရိုက်နှိပ်ပြီး ပုံစံ (၁၆)၊ ပုံစံ (၁၆-က) ထည့် ထားသော စာအိတ်နှင့်အတူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ သို့ အမြန်ဆုံးပေးပို့ရန်။
ပယ်ရမည့်မဲလက်မှတ်များ-
(၁) ကော်မရှင်က အတည်ပြုထားသော အမှတ်အသားမပါ သည့် ဆန္ဒမဲလက်မှတ်၊
(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊
(၃) ဆန္ဒပြုထားခြင်းမရှိသော မဲလက်မှတ်/ မသေချာ မထင်ရှားသော မဲလက်မှတ်/ မဲလက်မှတ်အတု၊
(၄) မဲပေးသူကိုသိအောင် အမှတ်အသားပြုသည့် မဲလက်မှတ်၊ စုတ်ဖြဲထားသည့်မဲလက်မှတ်။
ပယ်ရမည့် ကြိုတင်မဲလက်မှတ်များ-
(၁) ကော်မရှင်က အတည်ပြုထားသော အမှတ်အသား မပါသည့် မဲလက်မှတ်၊
(၂) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ၏ တံဆိပ်မပါသော မဲလက်မှတ်၊
(၃) တာဝန်ခံ ထုတ်ပေးသူ၏အမည်နှင့် လက်မှတ်မပါသော မဲလက်မှတ်၊
(၄) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ဆန္ဒပြုထားသည့် မဲလက်မှတ်၊
(၅) ဆန္ဒပြုထားခြင်းမရှိသော မဲလက်မှတ်/ မထင်ရှားသော မဲလက်မှတ်/ မဲလက်မှတ်အတု/ စုတ်ဖြဲထားသည့် မဲလက်မှတ်။
ဒုတိယမဲရုံမှူး၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
မဲရုံမဖွင့်မီဆောင်ရွက်ရန်-
(၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ထံမှ လိုအပ်သော မဲစာရင်းများ၊ ပုံစံများ၊ စာရေး ကိရိယာများနှင့် အခြားလိုအပ်သောပစ္စည်းများကို ရယူထားရန်၊
(၂) ဆန္ဒမဲလက်မှတ်စာအုပ်များ ရရှိပြီးနောက်၊ ဆန္ဒမဲ လက်မှတ်စာအုပ်အလိုက် အတွင်းလက်ခံဖြတ်ပိုင်းရှိ အမှတ်စဉ်များကို စာအုပ်တစ်အုပ်စီအတွက် အစမှ အဆုံးရေးမှတ်ပေးရန်၊
(၃) မဲစာရင်း၏စာမျက်နှာ အမှတ်စဉ်နှင့် အရွက်ရေ ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးရန်၊
(၄) မဲရုံအဖွဲ့ဝင်များကို သတ်မှတ်နေရာများ၌ နေရာချ ထားရန်၊
(၅) မဲရုံအတွင်းသို့ ဝင်ခွင့်ရှိသော ပုဂ္ဂိုလ်များကို နေရာချ ထားရန်၊
(၆) မဲပုံးအလွတ်ကို မဲရုံရှိသူရှေ့မှောက်တွင် ပြသပြီး သတ်မှတ်နေရာ၌ထားရန်၊
(၇) စာမတတ်သော မဲဆန္ဒရှင်များ လက်ဗွေနှိပ်ရန်၊ မင်ခံခွက်နှင့် လက်သုတ်အဝတ်ထားရှိရန်။
မဲရုံဖွင့်စဉ်ဆောင်ရွက်ရန်-
(၁) ရွေးကောက်ပွဲကို တရားမျှတစွာ ဖြစ်စေရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို မဲရုံအတွင်းသို့ စည်းကမ်းတကျ ဝင်ခွင့်ပေးရန်၊
(၂) ကျန်းမာသန်စွမ်းခြင်းမရှိသူက ဆန္ဒပြုပြီးသော မဲလက်မှတ်ကို မဲပုံးထဲသို့ မထည့်နိုင်လျှင် ကူညီပေး ရန်၊
(၃) မဲလက်မှတ်ကို အပြင်သို့ထုတ်ယူသွားလျှင်သော် လည်းကောင်း၊ စုတ်ဖြဲ၍ မဲပုံးအတွင်းသို့ ထည့်ရန် ကြံရွယ်ကြောင်း တွေ့ရှိလျှင်သော်လည်းကောင်း မဲရုံမှူးထံတင်ပြရန်၊
(၄) မဲရုံလုံခြုံမှုစစ်ဆေးရန်။
မဲစာရင်းစစ်ဆေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(၁) မိမိနှင့်သက်ဆိုင်သည့် လွှတ်တော်မဲစာရင်း ဟုတ်၊ မဟုတ်စစ်ဆေးရန်၊
(၂) မဲစာရင်းပါစာမျက်နှာ အမှတ်စဉ်နှင့် အရွက်ရေ ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးရန်၊
(၃) မဲစာရင်းပါ မဲဆန္ဒရှင်အမှတ်စဉ်များ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရန်၊
(၄) ကြိုတင်မဲပေးပြီးသူများစာရင်းကို မဲစာရင်းတွင် မှတ်သားပြီး၊ မပြီး စစ်ဆေးရန်၊
(၅) မဲပေးသူများကို စိစစ်၍ မဲစာရင်းပုံစံ (၁-က) ပါ အမည်တည့်တည့်တွင် လက်မှတ်ရေးထိုးစေရန်၊
(၆) မဲဆန္ဒရှင်တစ်ဦးသည် မဲစာရင်းနှင့် မကိုက်ညီလျှင် မဲရုံမှူးထံတင်ပြရန်၊
(၇) ကိုယ်စားမဲပေးခြင်းကို ခွင့်မပြုရန်၊
(၈) အယောင်ဆောင်မဲတောင်းလျှင်သော်လည်းကောင်း၊ အယောင်ဆောင်သည်ဟု သံသယရှိလျှင်သော် လည်းကောင်း မဲရုံမှူးထံ တင်ပြရန်၊
(၉) မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းပြီးပါက မဲရုံမှူးထံ ပြန်အပ်ရန်။
ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(၁) မိမိနှင့် သက်ဆိုင်သည့် လွှတ်တော်အတွက် ဆန္ဒမဲ လက်မှတ်စာအုပ် ဟုတ်၊ မဟုတ် စစ်ဆေးရန်၊
(၂) ဆန္ဒမဲလက်မှတ်စာအုပ်များတွင် အရွက်ရေပြည့်စုံ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရန်၊
(၃) ဆန္ဒမဲလက်မှတ်များတွင် မဲရုံမှူးက လက်မှတ်ရေး ထိုးထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊
(၄) မဲလက်မှတ်မထုတ်ပေးမီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ အမည်နှင့် မဲစာရင်းအမှတ်တို့ မှန်ကန်ပါက ဆန္ဒမဲလက်မှတ်၏ လက်ခံဖြတ်ပိုင်း၌ရေးသွင်းရန်၊
(၅) စာမတတ်သူများအား ဆန္ဒမဲထုတ်ပေးသည့်အခါ လက်ဗွေနှိပ်သည့်လက်ကို အဝတ်ဖြင့် သုတ်စေရန်၊
(၆) ဆန္ဒမဲလက်မှတ်ထုတ်ပေးသည့်အခါ ဆန္ဒမဲ လက်မှတ် အပိုမပါသွားစေရေးအတွက် သတိထား ထုတ်ပေးရန်၊
(၇) မူလကပင် စွန်းထင်းစုတ်ပြတ်နေသော ဆန္ဒမဲ လက်မှတ်များတွေ့ရှိပါက ထုတ်မပေးရန်၊
(၈) မဲလက်မှတ်အရေအတွက် ကွဲလွဲနေလျှင် မဲရုံမှူး ထံတင်ပြရန်၊
(၉) မဲရုံပိတ်လျှင် မဲစာရင်းလက်ကျန်ကိုစိစစ်၍ မဲရုံမှူး ထံ အမြန်ပေးအပ်ရန်။
မဲရုံလုံခြုံရေးဆောင်ရွက်သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(၁) မိမိစောင့်ရမည့် မဲပုံးများသတ်မှတ်နေရာတွင် ထားရှိခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊
(၂) မဲပုံးများ၌ ဆန္ဒမဲလက်မှတ် လွယ်ကူစွာထည့် နိုင်သောအပေါက် ရှိ၊ မရှိစစ်ဆေးရန်၊
v စာမျက်နှာ ၆ မှ
(၃) ကျန်းမာသန်စွမ်းခြင်း မရှိသူက မဲပုံးထဲသို့ မဲထည့် နိုင်ရေးကို ဒုတိယမဲရုံမှူးနှင့်အတူ ကူညီရန်၊
(၄) မဲပုံးကို မတရားနည်းဖြင့် ယူဆောင်သွားလျှင် ဖြစ်စေ၊ တမင်ပြုလုပ်ခြင်းဖြင့်ဖြစ်စေ၊ မဲပုံးအတွင်းရှိ ဆန္ဒမဲလက်မှတ်များ ပျက်စီး/ပျောက်ဆုံးလျှင် ဖြစ်စေ မဲရုံမှူးထံတင်ပြရန်၊
(၅) မဲဆန္ဒရှင်ကိုယ်တိုင် မဲလက်မှတ်ကို မဲပုံးထဲသို့ ထည့်၊ မထည့် စောင့်ကြပ်ကြည့်ရှုရန်နှင့် မဲလက်မှတ်ကို မဲပုံးတွင်မထည့်ဘဲ အပြင်သို့ ယူဆောင်လျှင်သော်လည်းကောင်း၊ စုတ်ဖြဲ၍ မဲပုံး အတွင်းသို့ ထည့်ရန် ကြံရွယ်လျှင်သော်လည်းကောင်း မဲရုံမှူးထံတင်ပြရန်၊
(၆) မဲပေးခြင်းကို အနှောင့်အယှက်ပြုရန် မသင်္ကာ ဖွယ်ရာတွေ့ရှိလျှင် မဲရုံးမှူးထံတင်ပြရန်၊
(၇) လွတ်လပ်စွာမဲပေးခြင်းကို မထိခိုက်ရန်၊ လေ့လာသူ များအား စနစ်တကျရှိရေး ကြပ်မတ်ရန်၊
(၈) မဲပေးသူတိုင်း မင်တို့စေရေးကြပ်မတ်ရန်။
မဲပေးပြီးကြောင်း မင်တို့မည့်မဲရုံအဖွဲ့ဝင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(၁) မဲရုံမဖွင့်မီ မဲရုံမှူးထံမှ မင်အိုးနှင့် မင်ခွက်ပစ္စည်းများ ထုတ်ယူထားရန်၊
(၂) မဲပေးပြီး ပြန်လည်ထွက်ခွာမည့်သူများအား သက်ဆိုင် ရာလွှတ်တော်အသီးသီးအတွက် မဲပေးခြင်း ပြီးစီးမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းရန်၊
(၃) မဲပေးပြီးပါက ထိုသူ၏ လက်ဝဲဘက်လက်သန်း လက် သည်းခွံပေါ်တွင် မင်တို့ပေးရန်။
အချုပ်အားဖြင့်တင်ပြရသော် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များသည် လုပ်ငန်းလမ်းညွှန်ပါရွေးကောက်ပွဲတွင် မဲမဆွယ်ရ၊ ဘက်မလိုက်ရဆိုသော ကျင့်ဝတ်ကိုလိုက်နာပြီး တိကျ မှန်ကန်စွာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဥပဒေနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ပါက ပြစ်မှုကြောင်း၊ တရားမ ကြောင်းအရ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ဆဲကာလတွင် အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ် အောင်မြင်စွာကျင်းပနိုင် ခဲ့ခြင်းမှာ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ကျင့်ဝတ်လိုက်နာမှု နှင့် တာဝန်ကျေပွန်မှုများကြောင့်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များသည် အထွေထွေရွေးကောက် ပွဲတွင် အခရာကျသောသူများဖြစ်သဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်ကြပါရန် တင်ပြအပ်ပါသည်။ ။
- Log in to post comments