
သီဟစည်သူ
“မြွေပူရာ ကင်းမှောင့်၊ ဘူးလေးရာ ဖရုံဆင့်” စသည့်စကားပုံအချို့သည် မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင် ဆိုစမှတ်ရှိကြသည်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသကဲ့သို့ ဒုက္ခတစ်ခု တွေ့ကြုံခံစားနေရချိန် အခြားသော ပူပင်သောကတစ်ခု ရောက်ရသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံရှိဒေသ အတော်များများ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်နေချိန် ရေစီးနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ပြင်းမြွေဆိုးများ၏ အန္တရာယ်ကိုလည်း သတိပြုရမည့်အချိန်ဟုပင် ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု ဖြစ်စဉ်များမှာ ဇွန်လနှင့် ဒီဇင်ဘာလတို့ အကြား မိုးရာသီကာလ တစ်လျှောက်လုံး နှင့် မိုးအကုန် ဆောင်းဦးပေါက်ကာလ တို့တွင် အများဆုံးဖြစ်ပွားလေ့ရှိကြောင်း လေ့လာမှုများအရ သိရသည်။ မိမိတို့ နိုင်ငံတွင် ကျေးလက်တောရွာများ၌ နေထိုင်သူအများစုရှိရာ မိုးဦးကာလ လယ်ယာစိုက်ခင်းသို့ စတင်ဝင်ရောက် ချိန်နှင့် မိုးနှောင်းကာလ သီးနှံရိတ်သိမ်း ချိန်တို့တွင် မြွေကိုက်ခံရမှုနှုန်း မြင့်မား လေ့ရှိသည်ဟုဆိုသည်။ ထို့အတူ မိုးတွင်း ကာလတွင် ရေကြီးရေလျှံမှုနှင့် မုန်တိုင်း များ တိုက်ခတ်ခြင်းတို့ကြောင့် အဆိပ် ပြင်း မြွေများ နေရာပြောင်းရွှေ့လာခြင်း နှင့် တောတောင်များအတွင်းမှ တောင်ကျ ရေများစီးဆင်းလာချိန်တွင် သစ်ပင်များ၊ ထင်းတုံးများ၊ အမှိုက်သရိုက်များနှင့် အတူ မြွေများ မျောပါလာခြင်းတို့ကြောင့် လူတို့နေထိုင်ရာနေရာများသို့ မြွေများ ရောက်ရှိလာတတ်သည်။ ထို့အတူ ၎င်းတို့ ခိုအောင်းကျက်စားရာ နေရာများတွင် ရေဝင်ရောက်သည့်အတွက် ဘေးလွတ် ရာ ပြောင်းရွှေ့ခိုအောင်းနေသည့် မြွေများ နှင့် မိုးကာလတွင် ထွက်တတ်သည့် ပိုးကောင်ငယ်များ၊ ဖားများ၊ ကြွက်များ၊ ရှဉ့်များကို ရှာဖွေစားသောက်ရင်းဖြင့် နေအိမ်၊ အဆောက်အအုံ သို့မဟုတ် လူနေထိုင်ရာနေရာများသို့ ရောက်ရှိလာ တတ်သည့် မြွေဆိုးများနှင့် ထိတွေ့မှု ကြောင့် မြွေကိုက်ခံရသည့်ဖြစ်စဉ် များ မိုးရာသီကာလတွင် အဖြစ်များ လေ့ရှိကြောင်း လေ့လာသူများက ဆိုသည်။
မြွေအန္တရာယ်မှာ ပိုမိုဆိုးရွားလာနိုင်
ကမ္ဘာ့ဒေသ အများအပြားတွင် အဆိပ်ရှိသောမြွေမျိုးစိတ်များ နေထိုင်ရာ နေရာများသည် လူတို့ နေထိုင်သွားလာ လုပ်ကိုင်ရသည့် နေရာများနှင့် သိသိ သာသာ ထပ်တူကျနေလေ့ရှိပြီး အထူး သဖြင့် စိုက်ပျိုးရေးဧရိယာများတွင် မြွေများနှင့် ထိတွေ့ခြင်းကို လုံးဝ ရှောင်ကြဉ်ရန် မဖြစ်နိုင်ဘဲ ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာခြင်းနှင့်အတူ တိုးပွားလာသည့် မြွေမျိုးစိတ်များ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ကျက်စားနေထိုင်ရာနေရာများ ရွှေ့ပြောင်း နေထိုင်မှုများကြောင့် မြွေအန္တရာယ်မှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတိပေးထားသည်။
ကမ္ဘာပေါ်တွင် မြွေအမျိုးအစား ပေါင်း ၂၇၀ဝ ခန့်ရှိပြီး အမျိုးအစား ၃၅၀ ခန့်မှာ အဆိပ်ရှိမြွေဆိုးများဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် မြွေအမျိုးအစား ၁၅၀ ခန့်ရှိပြီး အဆိပ်ပြင်းသော မြွေဆိုး အမျိုး အစားပေါင်း ၅၀ ခန့် ရှိကြောင်း သိရသည်။ အဆိုပါ အဆိပ်ပြင်းမြွေဆိုးများအနက် ၉၀ ရာခိုင်နှုန်းသည် မြွေပွေးများဖြစ် ပြီး ကျန်မြွေအမျိုးအစားများအနက် မြွေဟောက်၊ ငန်းတော်ကျား၊ တောကြီး မြွေဟောက်(ခ)ငန်းပုပ်၊ ပင်လယ်ဂျပ်မြွေ၊ သံကွင်းစွပ်၊ မြွေစိမ်းမြီးခြောက် အစ ရှိသည်တို့သည် အဆိပ်ပြင်း မြွေအမျိုး အစားများတွင် ပါဝင်သည်။
အဆိပ်ပြင်း မြွေကိုက်ခံရမှုဖြစ်စဉ်များ
ကမ္ဘာတစ်ဝန်းတွင် ခန့်မှန်းခြေ လူပေါင်း ၅ ဒသမ ၄ သန်းခန့်သည် နှစ်စဉ် မြွေကိုက်ခံရပြီး ၁ ဒသမ ၈ သန်းမှ ၂ ဒသမ ၇ သန်းအထိ အဆိပ်ပြင်းမြွေများ အကိုက်ခံရလျက်ရှိသည်။ မြွေကိုက်ခံရမှု ကြောင့် လူပေါင်း ၈၁၄၁၀ မှ ၁၃၇၈၈၀ ခန့် နှစ်စဉ်သေဆုံးနေရပြီး ကိုယ်လက် အင်္ဂါများ ဖြတ်တောက်ခံရခြင်းနှင့် အခြား အမြဲတမ်းမသန်စွမ်းဖြစ်မှုမှာ သေဆုံးမှု နှုန်းထက် သုံးဆခန့်ပိုများသည်။
အာရှတိုက်သည် နှစ်စဉ် အဆိပ် ပြင်း မြွေကိုက်ခံရသူအရေအတွက် ၂၅၀၀၀၀ မှ တစ်သန်းကြားရှိသည်ဟု ခန့်မှန်းကြသည်။ အာရှတိုက်သည် လူဦးရေအများဆုံး ဖြစ်သည့်အပြင် အဆိပ်ပြင်း မြွေမျိုးစုံ နေထိုင်ရာနေရာ လည်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။ အဆိပ်ပြင်းမြွေ အကိုက်ခံရမှုကြောင့် နှစ်စဉ်အာရှတိုက်ရှိ လူ ၁၅၀၀၀ မှ ၅၅၀၀၀ ကြား သေဆုံးနေ ပြီး အာဖရိက ဆာဟာရအောက်ပိုင်း ၌ နှစ်စဉ်သေဆုံးသူဦးရေမှာ ၃၅၀၀ မှ ၃၂၀၀၀ ကြားရှိသည်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံတွင်၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နှစ်စဉ်လူဦးရေ ၉၀ဝ၀ ခန့် မြွေကိုက်ခံရပြီး အကိုက်ခံရသူများ၏ ၆၀ဝ ခန့်(၇ ရာခိုင်နှုန်းခန့်)မှာ အသက် ဆုံးရှုံးခဲ့ရသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံစာရင်းဇယားများ အရ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှုနှုန်း အများဆုံးသောဒေသများမှာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး သေပျောက်မှုအများဆုံးမှာ ဧရာဝတီ တိုင်းဒေသကြီးတွင်ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ တွင် နေထိုင်သောသူများဖြစ်ကြပြီး မြွေကိုက်ခံရမှုနှုန်းမှာလည်း ကျေးလက် တောရွာဒေသများတွင် ပိုမိုများပြားသည်။ လူဦးရေထူထပ်ခြင်း၊ လယ်ယာလုပ်ငန်း ခွင်များတွင် နေ့စဉ်အလုပ်လုပ်ကိုင်နေ ကြရခြင်း၊ အဆိပ်ရှိသော မြွေဆိုးများ ပေါများလာခြင်းနှင့် ကျန်းမာရေး ဗဟုသုတနည်းပါးခြင်းတို့ကြောင့်လည်း သေဆုံးမှုနှုန်းများရခြင်းဖြစ်သည်။
သတိပြုကာကွယ်မြွေအန္တရာယ်
အဆိပ်ပြင်း မြွေအကိုက်ခံရသူ အများစုမှာ လယ်ယာ၊ တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများ၊ တိရစ္ဆာန် ထိန်းကျောင်းနေသူများ၊ ရေလုပ်သား များ၊ မြွေများကို ရှာဖွေဖမ်းဆီးနေသူများ၊ ကိုင်တွယ် ထိန်းသိမ်းနေရသူများနှင့် ကလေးသူငယ်များဖြစ်ကြသည်။ အထူး သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး နောက် ညအခါ အလင်းရောင်နည်းချိန် အကာအကွယ်နှင့် မီးအလင်းရောင်မပါဘဲ သွားလာတတ်သူများနှင့် ကလေးသူငယ် များ ဆော့ကစားရင်းဖြင့် မြွေများ ခိုအောင်းသည့်နေရာကို တုတ်များ၊ ခဲများ ဖြင့် ခြောက်လှန့်မိခြင်းကြောင့် မြွေကိုက် ခံရသည့်ဖြစ်စဉ်များ ဖြစ်လေ့ရှိသည်။ အဆိပ်ပြင်းမြွေများ အကိုက်ခံရပါက ကလေးငယ်များသည် ၎င်းတို့၏ ခန္ဓာ ကိုယ်ထုထည် သေးငယ်သောကြောင့် လူကြီးများထက် ပိုမိုပြင်းထန်သော သက်ရောက်မှုများကို ခံစားရနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှုသည် နှစ်စဉ် လူ ၁၀၀၀ ခန့် သေဆုံးလျက်ရှိပြီး အသက်ရှင်ကျန်ရစ်သူ အချို့တွင်လည်း နာတာရှည် ကျောက်ကပ်ချို့ယွင်းမှုနှင့် အမြဲတမ်းရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု များ ခံစားရနိုင်သည်။ မြွေကိုက်ခံရမှု ဖြစ်စဉ်များတွင် နံနက် ၄ နာရီမှ မွန်းတည့် ချိန်အထိ ၅၂ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်းလွဲမှ ညနေ ၆ နာရီအထိ ၂၈ ဒသမ ၇ ရာခိုင်နှုန်းနှင့် ညနေ ၆ နာရီမှ သန်းခေါင်ယံအချိန်အထိ ၁၈ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး နံနက်ပိုင်းတွင် အကိုက်ခံ ရပြီး သေဆုံးမှုနှုန်းမှာ ၇၂ ဒသမ ၇ ရာခိုင် နှုန်းရှိကြောင်း မြန်မာနိုင်ငံ ဆေးသုတေ သနဂျာနယ်ပါ လေ့လာမှုတစ်ရပ်အရ သိရသည်။
နှစ်စဉ် လူသန်းနှင့်ချီ၍ ထိခိုက်စေပြီး အပူပိုင်းဒေသနိုင်ငံ အများစုတွင် ဖြစ်ပွား နေသော မြွေကိုက်ခံရမှုနှင့်ဆက်စပ်သော ကျန်းမာရေးဆိုင်ရာပြဿနာကို ဖြေရှင်း ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ထိခိုက်သူ အရေအတွက်ကို ၅၀ ရာခိုင်နှုန်းလျှော့ချ ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုပ်ဆောင် လျက်ရှိသကဲ့သို့ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ မြွေဆိပ်ဖြေဆေးများကို ပြည်တွင်း လိုအပ်ချက်ထက် ကျော်လွန်အောင် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ သို့သော် လည်း ကျေးလက်ဒေသများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတနည်းပါး ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း နှင့် ဆေးရုံဆေးခန်းများနှင့် လက်လှမ်း မမီခြင်း၊ ဆေးရုံဆေးခန်းများနှင့် ဝေးကွာ ခြင်းတို့ကြောင့် အချိန်မီ ဆေးကုသမှု ခံယူနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရခြင်း ကြောင့် အသက်သေဆုံးမှုများ ရှိနေ သည်။
မြွေအန္တရာယ်ကာကွယ်ရေး
ထို့ကြောင့် အဆိပ်ပြင်းမြွေ အကိုက်ခံ ရပါက မြွေဆိပ်ဖြေဆေးထိုးနိုင်ရန် အတွက် အကိုက်ခံရပြီးနောက် တစ်နာရီ မှ သုံးနာရီအတွင်း နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ ရောက်ရှိရန် အလွန် အရေးကြီးသည်။ ယခုကဲ့သို့ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ရထား လမ်း၊ ကားလမ်းအများစုမှာ ရေကျော် နေခြင်းကြောင့် ဆက်သွယ်သွားလာရန် ခက်ခဲနေချိန်လည်းဖြစ်ရာ မြွေအန္တရာယ် ကို ကြိုတင်ကာကွယ်နိုင်ရန် အထူးသဖြင့် မြွေဆိုးများ ပေါများချိန်ဖြစ်သော မိုးရွာ ပြီးချိန်၊ ရေကြီးချိန်၊ စိုက်ပျိုး ရိတ်သိမ်းချိန် နှင့် ညအခါတွင် သတိဖြင့်သွားလာခြင်း၊ ညအခါ လမ်းလျှောက်သောအခါ ဖိနပ် ရှည်ရှည် ဝတ်ဆင်ခြင်း၊ ညအခါ ဓာတ်မီး၊ မီးအိမ်အသုံးပြုသွားလာခြင်း၊ ညအခါ မြေကြီးပေါ်၌ အိပ်စက်ခြင်းကို ရှောင်ကြဉ် ခြင်း၊ အိမ်အနီးအနားတစ်ဝိုက်တွင် မြွေ များ ကြိုက်တတ်သည့် တိရစ္ဆာန်များ မွေးမြူခြင်းကို ရှောင်ကြဉ်ခြင်း၊ တွင်းခေါင်း၊ သစ်ခေါင်းများအတွင်း လက် ဖြင့် နှိုက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အိမ် အနီးအနားတစ်ဝိုက်တွင် မြွေများ မခို အောင်းနိုင်အောင် အမှိုက်သရိုက်များအား ရှင်းလင်းခြင်း၊ ပပ်ကြားအက်များ၊အက်ကွဲကြောင်းများနှင့် ထင်းပုံများကြား တွင် မြွေများ ခိုအောင်းလေ့ရှိသဖြင့် မိမိနေအိမ်နှင့် အနီးပတ်ဝန်းကျင်တွင် မြွေများခိုအောင်ခြင်းရှိ၊ မရှိ မကြာခဏ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်သင့်သည်။
အဆိပ်ပြင်းမြွေ အကိုက်ခံရပါက
လုပ်ဆောင်ရန်အချက်များ
မြွေကိုက်ခံရပါက အောက်ပါအချက် များကို အလျင်အမြန် လိုက်နာလုပ်ဆောင် သင့်သည် - မြွေအကိုက်ခံရသော နေရာ အား ဆပ်ပြာနှင့်ရေဖြင့် သေချာစွာ ဆေးကြောပါ။ အကိုက်ခံရသောနေရာ အား လှုပ်ရှားမှုမရှိအောင် ပြုလုပ်ပြီး လူနာအား လမ်းမလျှောက်စေဘဲ နီးစပ် ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပါ။ အကိုက်ခံရသော နေရာ အား ရေခဲ (သို့မဟုတ်) အခြားအေး စေသော မည်သည့်အရာကိုမျှ မတင် ပါနှင့်။ အနာပေါ် ဓားဖြင့်ခွဲခြင်း၊ မြွေဆိပ် များအား စုပ်ထုတ်ခြင်း မပြုရပါ။ ကျပ်စည်းခြင်း မပြုရပါ။ တင်းကျပ်စွာ ကျပ်စည်းခြင်းသည် သွေးကြောကို လုံးဝ ပိတ်သွားစေပြီး အကိုက်ခံရသောနေရာသို့ သွေးမရောက်တော့သဖြင့် အကိုက်ခံရ သော ခြေ၊ လက်တို့ကို ဆုံးရှုံးစေနိုင် သည်။ မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီးနောက် တစ်နာရီမှ လေးနာရီအတွင်းထိုးလျှင် ထိရောက်မှု အရှိဆုံးဖြစ်ပြီး အကယ်၍ ၁၂ နာရီကျော် ပါက ဆေးအာနိသင်မှာ လျော့ပါးနိုင် သည်။ ထို့ကြောင့် နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ အချိန်မီသွားရောက်နိုင် ပါက အကောင်းဆုံးဖြစ်သည်။ သို့ဖြစ်၍ အထက်ပါအချက်များကို လိုက်နာခြင်း အားဖြင့် ရေကြီးမှုနောက်ဆက်တွဲ ကြုံတွေ့လာနိုင်သည့် မြွေဆိုးများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို သတိပြု ကာကွယ်သွားနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား -
1. https://www.who.int/news-room / fact-sheets / detail/snakebite-envenoming
2. Prognostic indicators in patients with snakebite: analysis of two-year data from a township hospital in central Myanmar
3. https://www.mdn.gov.mm/my / mechipsngkhngnng-chephkwngapngmaae - akhnknndd
4. ကျန်းမာရေးဝန်ကြီးဌာန ထုတ် ပြန်ချက်များ။
- Log in to post comments