ရေကြည်မြို့နယ်၌ အောင်သစ္စာဆန်စက်၏ ဖွဲကြိတ်စက် အပူရှိန်လွန်ကဲရာမှမီးလောင်

 

ရေကြည်   ဇန်နဝါရီ   ၂


ဧရာဝတီတိုင်းဒေသကြီး    ရေကြည်မြို့နယ်   အသုတ်မြို့  ဒေါင့်မဒေါ့ကျေးရွာအုပ်စု       ငှက်ပျောတောကွင်းကျေးရွာ  ပုသိမ် - မုံရွာကားလမ်းဘေးရှိ     အောင်သစ္စာဆန်စက်၏ ဖွဲကြိတ်စက်    ဒီဇင်ဘာ ၃၁ ရက်   ည ၉ နာရီခွဲက  အပူရှိန် လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။

 


“မီးလောင်မှုဖြစ်ပွားတာ ဟုတ်ပါတယ် ။ ဒေါင့်မဒေါ့အုပ်စု  ငှက်ပျောတောကွင်းကျေးရွာမှာ  ဦးဝင်းထွန်းလှိုင် ၃၇  နှစ် စက်ပိုင် အောင်သစ္စာဆန်စက်  ဖွဲကြိတ်စက်  အပူရှိန်လွန်ကဲ ပြီး  မီးလောင်မှုဖြစ်တာပါ” ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

 


မီးလောင်မှုဖြစ်ပွားရာသို့       ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိန်ဝင်း၊ ရာအိမ်မှူး  ဦးလှမြင့်နှင့် ကျေးရွာနေပြည်သူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန  ဦးစီးမှူး  ဦးစိုးနိုင်  ဦးစီးလျက် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အသုတ်မြို့  အရန်မီးသတ်မီးသတ် စခန်းမှ    တပ်ခွဲမှုး   ဦးလှအေးနှင့်အတူ  မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က မီးသတ်ယာဉ်သုံးစီးဖြင့်  မီးငြှိမ်းသတ်ရာ  ည ၉ နာရီ ၄၅  မိနစ်တွင်  မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ပေါ့ဆစွာမီးသုံးစွဲသူ ဦးဝင်းထွန်းလှိုင် အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။


ဆန်းတင့် (ရေကြည်)