ရေကြည်ထွက်အောင် တူးကြပါ

Type

 

 

ကို(စစ်တက္ကသိုလ်)

 

ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်-စာငတ်-စာမပြတ်ဟူသော   ကျောရိုးအတိုင်း တင်ပြ သွားပါမည်။
ယခုခေတ်တွင်   စာမတတ်သူဦးရေ   အလွန် နည်းပါးသွားပါပြီ။ “အ”သုံးလုံးကျေးဇူးကြောင့် ယခင် စာမတတ်သူများသည် ယခုရေးတတ်၊ ဖတ်တတ် လာကြသည်။   စာရေးသူပြောချင်သော စာတတ် ဆိုသည်မှာ   ပညာတတ်ကြီး    မဖြစ်ချင်နေပါစေ။ အနည်းဆုံး စာကိုဖြောင့်ဖြောင့်တန်းတန်း ဖတ်နိုင် နားလည်နိုင်သော  အဆင့်ကို ဆိုလိုပါသည်။ စာအုပ် တစ်အုပ်ကို ဖတ်နိုင်စွမ်းရှိသော အဆင့်ကို ဆိုလိုပါ သည်။ ဒီလိုစာတတ်သူတွေ  ပေါပေါများများရှိရန် လိုအပ်ပါသည်။   တစ်နိုင်ငံလုံး   စာတတ်ကြလျှင် အကောင်းဆုံးပါပေ။
ကောင်းပါပြီ။   စာတတ်သူတွေ   အများအပြား ရှိနေပါပြီတဲ့။  ထိုအထဲမှ  ဘယ်နှယောက် စာဖတ် ကြပါသနည်း။  စာရေးသူပြောချင်သော  စာဖတ် ဆိုသည်မှာ လုပ်ငန်းဆိုင်ရာစာ၊  ကျောင်းသင်ခန်းစာ စာဖတ်ခြင်းကို   မဆိုလိုပါ။  ဗဟုသုတရှာမှီးရန် အလို့ငှာ၊ စိတ်အပန်းဖြေရန် ရသတစ်မျိုးမျိုး ခံစား ရန်အလို့ငှာ    ပြင်ပစာပေဖတ်ရှုခြင်းကို     ဆိုလိုပါ သည်။
စာမဖတ်တော့မသိဘူး
၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုနှင်းသဘင် တွင်တွေ့သော    တိုင်းဒေသကြီးအဆင့်    တာဝန်ခံ ရသော ပုဂ္ဂိုလ်တစ်ဦးကို  စာရေးသူ၏စာအုပ်လက် ဆောင်ပေးလိုသဖြင့် ပြင်ပစာပေဖတ်ရှုချိန် ရှိ၊ မရှိ ပဋိသန္ဓာရ စကားခံကြည့်ရာ စာမဖတ်ကြောင်း၊ အချိန်မပေးနိုင်ကြောင်း ဖြေလေသည်။ “စာဖတ် လျှင်သိတယ်၊ စာမဖတ်တော့မသိဘူး။ သိခြင်းနှင့် မသိခြင်း    အများကြီးကွာသွားတယ်”    ဟူသော ဆရာချစ်ဦးညို၏စကားကို သတိရလိုက်သည်။ နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်၏ ပြောစရာလုပ်ရပ်တွေ ကြားသိသောအခါ မအံ့ဩမိပေ။
စာတတ်ပြီဆိုလျှင်   နောက်တစ်ဆင့်   တက်ရ မှာက စာဖတ်ရန်ဖြစ်သည်။ စာဖတ်ခြင်းကြောင့် အသိဉာဏ်ပညာ ပြည့်ဝခြင်း၊  ဗဟုသုတကြွယ်ဝ ခြင်း၊ စဉ်းစားတွေးခေါ်တတ်ခြင်း၊ ဝေဖန်ပိုင်းခြား တတ်ခြင်း၊ အကောင်းအဆိုး၊  အကျိုးအပြစ်အမှား အမှန်ကို ခွဲခြားသိမြင်လာသဖြင့် ဆုံးဖြတ်ချက်မှန်၊ အလုပ်မှန်လာခြင်း၊ ရသတစ်ပါးပါးကို ခံစားရသော အခါတွင်  စိတ်၏ကျေနပ်နှစ်သိမ့်မှုကို  ရရှိခြင်း ဟူသော အကျိုးကျေးဇူးများကို ရရှိသည်။ 
ထို့ကြောင့်   စာဖတ်ရန်   တိုက်တွန်းချင်သည်။ စာဖတ်မှ “ထိပ်” ကိုရောက်မည်။ စာအုပ်ကိုချစ်မှ စာအုပ်က  ပြန်ပြီးအကျိုးပြုမည်။     လူသားများ တီထွင်ခဲ့ကြသော     ပစ္စည်းများအနက်    တန်ဖိုး အရှိဆုံး၊    တန်ခိုးအထက်ဆုံးနှင့်  ဩဇာအသက် ရောက်ဆုံး အရာဝတ္ထုသည်  စာအုပ်ဖြစ်ကြောင်း ဖတ်မှတ်ဖူးသည်။      “လူခါးတောင်းကျိုက်လျှင် ကူလီပဲဖြစ်မည်။        ဉာဏ်ခါးတောင်းကျိုက်မှ ထိပ်ဆုံးသို့ရောက်မည်”ဟု   ဆရာဦးအောင်သင်းက ရေးသားခဲ့သည်။
စာဖတ်၍  ထိပ်ရောက်သူတွေ  အများကြီး  ရှိ သည်။ ဥပမာ သုံးယောက်ပြပါမည်။ 
စာဖတ်သောအကျိုး
ဝန်ဇင်းမင်းရာဇာ။ ငယ်မည် မောင်ညိုဖြစ်၏။ လယ်သမားဖြစ်၍ ဆင်းရဲသည်။ သူက စာပေ ဖတ်ရှု လေ့လာမှုတွင် ဝါသနာကြီးသည်။ လယ်ထွန်ရင်း စာဖတ်သည်။ လယ်နားချိန် စာဖတ်သည်။ အိမ်မှာ နေရင်းလည်းဖတ်သည်။  ယောက္ခမက မကြည်ဖြူ ချေ။ စာတိုပေစများကို ဖတ်လွန်း၊ မှတ်လွန်းအားကြီး တော့  ရွာနီးချုပ်စပ်မှ  “စာတိုငညို”ဟု     အမည် တွင်သည်။  တစ်နေ့  မိတ္ထီလာရွာသို့  ဘုရင်ကြွလာ သည်။  ကန်ပေါင်ပေါ်က    နတ်ကွန်းအကြောင်း မေးသည်။ ရွာလူကြီးက မဖြေနိုင်ချေ။ မောင်ညို စာဖတ်၍ သူသိနိုင်ကြောင်း လူကြီးများက  လျှောက် တင်သဖြင့်  ခေါ်မေးသည်။       “နတ်ကွန်းမဟုတ်ကြောင်း၊ ဘေးလောင်းတော်၊  ဘိုးလောင်းတော် ကြွလာစဉ် မိဖုရားကွယ်လွန်ကြောင်း၊ မိဖုရားကို မြတ်နိုးတော် မူလွန်း၍  ရုပ်တုထုပြီး ကန်ပေါင်မှာမြှုပ်နှံခဲ့ကြောင်း၊ အပေါ်မှာ  နတ်ကွန်းသဖွယ်  ဆောက်ထားခြင်းသာ ဖြစ်ကြောင်း”   မောင်ညိုက  လျှောက်တင်သည်။ ကန်ပေါင်ကို   တူးကြည့်တော့  ရုပ်တုတွေ့သည်။ မောင်ညိုကို နန်းတော်ခေါ်သွားပြီး   ဝန်ကြီးခန့်သည်။ သမိုင်းတွင်     ဝန်ဇင်းမင်းရာဇာဟု    ထင်ရှား၏။ စာဖတ်သောအကျိုးကြောင့်   တိုင်းပြည်၏   ထိပ် မဟုတ်သည့်တိုင် သူ့ဘဝ၏ ထိပ်ကိုမူရောက်ခဲ့၏။
ပခုက္ကူ ဦးအုန်းဖေ။ ငယ်စဉ်က ဆိုးခဲ့မိုက်ခဲ့သည်။ ဓားပြဖြစ်သည်။ ထောင်ကျသောအခါ ပခုက္ကူထောင် ထဲတွင်ရှိသော စာကြည့်တိုက်မှ စာအုပ်များ အကုန် ဖတ်သည့်အပြင် သူသဘောကျသော စာကြောင်း စာပုဒ်များကို မှတ်စုကူးယူလာသည်။    စာပေက သူ့အသိဉာဏ်ကို ဖွင့်ပေးလိုက်သည်။    ကောင်းရောင်း ကောင်းဝယ်     လုပ်ကိုင်စားသောက်တော့သည်။ စီးပွားတိုး၍   လူကုံထံ ဖြစ်လာသည်။ စာပေကြောင့် သူ့ဘဝပြောင်းလဲရသည်ဆိုပြီး  စာပေကို ကျေးဇူး ဆပ်ချင်သည်။  လူငယ်များ အားကျစေချင်၊ စာဖတ် စေချင်သည်။ 
ယနေ့ထက်တိုင်အောင်ရှင်သန် 
ထို့ကြောင့်    ကျပ် ၇၆ သိန်းကျော်     (၁၉၉၂ ခုနှစ်က ငွေတန်ဖိုးပါ)    မတည်၍    စာပေပြိုင်ပွဲနှင့် ပညာသင်ဆု   ငွေပဒေသာပင်      ထူထောင်ခဲ့သည်။ သူကိုယ်တိုင်လည်း    စာရေးဆရာဖြစ်သွားသည်။ နိုင်ငံခြားခရီးများပင်   သွားခဲ့ရသည်။ သူကွယ်လွန် သော်လည်း သူထူထောင်ခဲ့သော စာပေပြိုင်ပွဲနှင့် ပညာသင်ဆုမှာ      ယနေ့ထက်တိုင်အောင်   ရှင်သန် နေဆဲဖြစ်သည်။  ဦးလေးအုံးသည်   စာဖတ်သော ကြောင့်  သူ့ဘဝ၏ ထိပ်ကိုရောက်ခဲ့သည်။ 
အေဘရာဟင်လင်ကွန်း။    ဆင်းရဲသောမိဘ က  မွေးဖွားသည်။  တောထဲမှာသစ်လုံးအိမ်ဖြင့် နေရသည်။   ပင်ပင်ပန်းပန်း    အလုပ်လုပ်ရသည်။ အတန်းကျောင်းမနေခဲ့ရချေ။   အမေနှင့်မိထွေးက စာသင်ပေးသောကြောင့် စာတတ်သည်။ စာတတ် တော့  စာဖတ်သည်။ ရရာစာအုပ်ငှားဖတ်သည်။ မိုင်ချီဝေးသောနေရာက   စာအုပ်ကို   ခြေကျင်သွား ငှားသည်။     ညရောက်မှ    ထပ်ခိုးအိပ်ခန်းတွင် မီးအိမ်ထွန်းဖတ်သည်။ ဖတ်ပြီးတော့ ခြေကျင်ပဲ ပြန်သွားအပ်သည်။   စာဖတ်နာလာတော့   ဥပဒေ စာအုပ်များဖတ်သည်။ လေ့လာသည်။     တောရှေ့နေ ဖြစ်လာသည်။   ရွေးကောက်ပွဲဝင်ရာရှုံး၏။  ထပ်ဝင် ပြန်ရာရှုံးပြန်၏။     နောက်ဆုံးတော့ အရွေးခံရပြီး ဥပဒေပြုအမတ်ဖြစ်လာသည်။     သမ္မတရွေးပွဲဝင် သည်။   အမေရိကန်ပြည်ထောင်စု၏   သမ္မတဖြစ် လာသည်။ လူမည်းများကို  ကျွန်ဘဝမှ လွတ်မြောက် စေသူ၊   အမေရိကန်နိုင်ငံကို   နှစ်ခြမ်းကွဲမည့်ဘေးမှ ကယ်တင်ပေးသူအဖြစ်   သမိုင်းတွင်ထင်ရှားသည်။  စာဖတ်သောကြောင့် နိုင်ငံ၏ထိပ်သို့ ရောက်ခဲ့သော ဥပမာဖြစ်သည်။ 
စာဖတ်ကြပါဟု တိုက်တွန်းချင်
ထို့ကြောင့်   စာဖတ်ကြပါဟု   တိုက်တွန်းချင် သည်။ စာစုံဖတ်စေချင်သည်။ နေ့တိုင်းစာဖတ်ချိန် ပေးစေချင်သည်။ ဘယ်သွားသွား စာတစ်အုပ်ယူသွား ပြီး ကားစောင့်ရင်း၊ ရထားစောင့်ရင်း၊ လေယာဉ် ထွက်ချိန်စောင့်ရင်း၊  ကား/ရထား/လေယာဉ်စီးရင်း ဖတ်နိုင်ပါသည်။ ယုတ်စွအဆုံး  အိမ်သာတက်ရင် လည်း စာဖတ်နိုင်သည်ပင်။
စာဖတ်၍ ထိပ်ရောက်သည်ကိုရေးပြီးသောအခါ စာမဖတ်၍ ကွဲသည်ကိုလည်းရေးချင်သည်။ မိမိ ဘာသာနေလျှင် ကိစ္စမရှိ။ စာမဖတ်ဘဲ သူများကို ဆရာသွားလုပ်တော့ အရှက်ကွဲသည်။
လွန်ခဲ့သော  ဆယ်နှစ်ကျော်လောက်က ၈၈ ပွင့်လင်းအဖွဲ့ဝင်တစ်ယောက်က   “တပ်မတော် အင်အားရှိမှ     တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်ကိုတော့ ရဲရဲပဲပြောမယ်၊  တစ်မျိုးမထင်ပါ နဲ့၊  အတွေးအခေါ်အရ    မှားယွင်းနေတယ်။   လုံးဝ လက်မခံပါဘူး” ဟု   ကျောက်ဆည်မြို့တွင်  လူသိ ရှင်ကြား ဟောပြောခဲ့သည်။ 
သူသာစာဖတ်နာခဲ့လျှင်  သို့မဟုတ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်၍   စကားမကျွံမီ  လေ့လာ မေးမြန်းစူးစမ်းလျှင်   တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည်မှာ ဆောင်ပုဒ် (motto) မဟုတ်ဘဲ  သီချင်းစာသားဖြစ်သည်ကို လည်းကောင်း၊  တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည်မှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏    အတွေးအခေါ်ဆိုသည် ကိုလည်းကောင်း၊   ၁၉၄၅ ခုနှစ်က  ဗိုလ်ချုပ်၏ ဆန္ဒအရ ဆရာရွှေတိုင်ညွန့်က  ရေးဖွဲ့သီကုံးပေးသော သီချင်း ဖြစ်သည်ကိုလည်းကောင်း  သိပေလိမ့်မည်။ သိလျှင် ဗိုလ်ချုပ်ကိုတော့  စော်ကားလိမ့်မည်မထင်ပါ။ မသိတော့ ဗိုလ်ချုပ်ကို စော်ကားရာရောက်သည်။ ရှေ့တွင်ရေးခဲ့သော     ဆရာချစ်ဦးညိုပြောသည့် “သိခြင်းမသိခြင်း၏ကွာဟချက်”သည်           အဲဒါပဲ ဖြစ်၏။ စာမဖတ်လို့ဖြစ်၏။
၂၀၁၅ ခုနှစ်က   အမျိုးသားစာပေဆု စိစစ်ရာ တွင် စာရေးဆရာတစ်ယောက်ရေးသော လူငယ် စာပေဆိုင်ရာ    စာအုပ်တစ်အုပ်ကို       ဖတ်မိသည်။ တစ်နေရာမှာ ...“ယနေ့လူငယ်၊  နောင်ဝယ် လူကြီး” လို့   မည်သူက ထွင်လိုက်မှန်းမသိဘူး။ သစ်ပင်ပေါက် လာရင်     အပင်ငယ်လေးကနေ အပင်ကြီးဖြစ်လာတာ သဘာဝပဲ။     ငယ်ရာကနေ   ကြီးလာတယ်ဆိုတာ ထုံးစံပဲ။ ဒီနေ့လူငယ်ဆိုတာကလည်း  နောင်တစ်ချိန် မှာ လူကြီးဖြစ်လာမှာ ဓမ္မတာပဲ။ ဘာမှမဆန်းတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး  သုံးနေတယ်...ဆိုသည့် သဘောမျိုးရေးထားသည်။
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသည်မှာ ဘယ်သူကမှ    ထွင်တာမဟုတ်ဘဲ   ဂန္ထဝင်ကဗျာ ဆရာကြီးဇော်ဂျီ၏   “အို-တက်လူတို့”   ကဗျာမှ ပါဒနှစ်ခုကို        ကောက်နုတ်ထားခြင်းဖြစ်သည်။ အဓိပ္ပာယ်အလွန်လေးနက်ပြီး လူငယ်များကို လွတ် လပ်ရေးအတွက် လမ်းညွှန်ပေးသော  ဇာတိမာန် ကဗျာဖြစ်သည်။ ဆရာဇော်ဂျီ၏ ကဗျာကို  ၎င်း စာရေးဆရာ  မသိသည်မှာ ထင်ရှား၏။ ဆရာဇော်ဂျီ ၏ လူသိများကျော်ကြားသော ကဗျာများအနက် ၎င်းကဗျာသည် တစ်ပုဒ်အပါအဝင်ဖြစ်ပြီး တစ်ချိန် က အထက်တန်းကျောင်းသုံး ကဗျာစာအုပ်တွင် ပြဋ္ဌာန်းခဲ့ဖူးသည်။    ထို့ကြောင့်  ၎င်းကဗျာကို ကျောင်းဆရာဖြစ်သော စာရေးဆရာ မသိခြင်းမှာ အံ့ဩဖို့ကောင်း၏။
နောက်တစ်ယောက်လည်း   ၈၈   မျိုးဆက်သစ် ပွင့်လင်းကျောင်းသားကြီးပဲ  ဖြစ်သည်။     သူက ရန်ကုန်မြို့၌  တပ်မတော်ကို  ပုတ်ခတ်ပြောဆိုရာ တွင် အချက်အလက်အမှားများ အများကြီးပါသွား ခဲ့သည်။  မှားသမျှ  ကောက်နုတ်ပြလျှင် နောက်ခံ ရာဇဝင်ပြန်ရှင်းပြရသည်နှင့် စာရှည်မည်ဆိုး၍ အချက် အချို့ကိုသာ ဆွဲထုတ်ရေးပါမည်။ သူက အောင်ဆန်း- အက်တလီစာချုပ်ကို    ဖဆပလအဖွဲ့ချုပ်    ဥက္ကဋ္ဌ အဖြစ် ဦးအောင်ဆန်းက  လက်မှတ်ရေးထိုးခဲ့သည် ဟု   ပြည်သူတို့ကို   ဟောပြောခဲ့သည်မှာ  မှားယွင်း နေ၏။ အမှန်မှာ  မြန်မာနိုင်ငံဘုရင်ခံ  အမှုဆောင် ကောင်စီ  ကိုယ်စားလှယ်အဖြစ်   လက်မှတ်ထိုးခြင်း ဖြစ်သည်။   ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဟာ   နိုင်ငံရေး ပါတီတစ်ခုပါဟု လွဲမှားစွာ  ပြောပြန်သည်။   စင်စစ် ပြည်သူ့ရဲဘော်အဖွဲ့သည်   နိုင်ငံရေးပါတီမဟုတ်။ နယ်ချဲ့ဗြိတိသျှက လွတ်လပ်ရေးမပေးလျှင် ပြန်ချ ရန် တပ်မတော်၏ အရန်အင်အားအဖြစ်   ကန္ဒီစာချုပ် အရ တပ်မတော်ထဲ  ဆက်ပါခွင့်မရသော စစ်သားဟောင်းများနှင့်ဖွဲ့ထားသည့် စစ်တိုက်ရမည့်အဖွဲ့ ဖြစ်ပြီး ဖဆပလလက်အောက်တွင်  ထားသည်။ ဗိုလ်ချုပ်အစီအမံသည်  ဖဆပလက နိုင်ငံရေးလုပ် မည်။    ပြည်သူ့ရဲဘော်က    လျှို့ဝှက်ထားသော လက်နက်များဖြင့်   စစ်တိုက်မည်။   တပ်မတော်ကို ကူညီမည်။ နောက်ထပ်ပြောပါသေးသည်။ ဖဆပလ ဟာ အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့  အရပ်သား စစ်စစ် နိုင်ငံရေးပါတီပါတဲ့။ တော်တော့်ကို   စာမဖတ် တာဖြစ်သည်။                      
ဖဆပလတွင်    တပ်မတော်၊    ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ် (ပြည်သူ့အရေးတော်ပုံ)ပါတီဟူသော အဖွဲ့ သုံးဖွဲ့ပါဝင်ပြီး   ဖွဲ့စည်းထားသည်။    ဂျပန်ကို တော်လှန်သည်။   နယ်ချဲ့အင်္ဂလိပ်ပြန်ဝင်လာတော့ ကန္ဒီစာချုပ်အရ   တပ်မတော်ကို   အင်အားလျှော့ပြီး ပြန်လည်ဖွဲ့စည်းလိုက်ရသောကြောင့်  ဖဆပလတွင် မရှိတော့သည့်   တပ်မတော်နေရာတွင်   ဗိုလ်ချုပ်က စစ်သားဟောင်းများဖြင့်  ပြည်သူ့ရဲဘော်အဖွဲ့ဆိုပြီး ထည့်ပေးခြင်းဖြစ်သည်။  နောက်အမှားတစ်ခုသည် ဦးအောင်ဆန်းက သိမ်ဖြူမဲဆန္ဒနယ်မှ ဝင်ပြိုင်သည် ဆိုသော ဟောပြောချက်ဖြစ်၏။ ဗိုလ်ချုပ်အမှန် တကယ်   ဝင်ပြိုင်ခဲ့သည့်   မဲဆန္ဒနယ်မှာ   သိမ်ဖြူ မဟုတ်။ လမ်းမတော်မဲဆန္ဒနယ်ဖြစ်သည်။ ထိုသူ၏ အလွဲပြော၊ အမှားပြောချက်များက အန္တရာယ်ကြီး သည်။ ရိုးသားသော၊ မသိနားမလည်သော ပြည်သူ များ၏ ဦးနှောက်ထဲကို အဆိပ်ရည်များ ထည့်ပေး လိုက်ခြင်းဖြစ်သည်။ သိနားလည်သော ပြည်သူများ ရှေ့မှောက်တွင်မူ     နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမည်ခံပြီး ကိုယ့်နိုင်ငံ၏    လွတ်လပ်ရေးသမိုင်း ကြောင်းကို ဂဃနဏ   ဖတ်မထားသူ    အရှက်ကွဲ သည်။ သိက္ခာကျသည်။ 
စာဖတ်လျှင် ထိပ်သို့တက်လှမ်း၍ စာမဖတ် ပါက အလျဉ်းမသင့်လျှင်  သိက္ခာကျအရှက်ကွဲ တတ်ပုံကို သာဓကဆောင်ပြခြင်းဖြစ်သည်။
စာလည်း တတ်ပြီ။
စာလည်း ဖတ်ပြီ။...ဆိုလျှင် ဘာလိုပါသေး သလဲ။
လိုတာပေါ့။ “စာဖတ်တတ်”ရန် လိုပါသေးသည်။
ဆရာမကြီး စောမုံညင်းက “ငါးဟင်းစားသလို စာဖတ်ပါ”ဟုပြောခဲ့သည်။ ငါးဟင်းစားလျှင် အရိုး ထွင်ပြီး အသားကိုစားသလို စာဖတ်လျှင် မကောင်း သည့်စာကိုဖယ်ပြီး ကောင်းသည့်စာကို ရွေးဖတ်ဖို့ ဆိုလိုသည်။ 
တစ်ဖန် စာဖတ်ရုံနှင့်မပြီးသေး။ မှတ်ဖို့လည်း လိုပါသေးသည်။      မှတ်ဉာဏ်ကောင်းသူများက ကွန်ပျူတာဦးနှောက်ထဲမှာ သိမ်းဆည်းထားသည်။ တချို့က ကိုယ်အလိုရှိသော စာကြောင်း၊ စာပိုဒ်ကို မှတ်စုထုတ်ကူးယူသည်။ ကိုယ်ပိုင်စာအုပ်ဖြစ်လျှင် အလံထိုး မျဉ်းသားမှတ်၏။ သတင်းစာ၊ ဂျာနယ် များကျတော့ ကိုယ်လိုချင်တာကို cutting ဖြတ်ကာ ဖိုင်တွဲသည်။
အဆင့်မြင့်သော စာဖတ်သူ
စာတစ်အုပ်ဖတ်ပြီးလျှင် စာရေးသူက  ဘာပေး ချင်တာလဲ။ ရည်ရွယ်ချက်က  ဘာလဲဆိုသည်ကို မိအောင်ဖမ်းရသည်။  ဖမ်းမိပြီဆိုလျှင် စေတနာ လား၊ ဝေဒနာလား  ပေါ်လွင်လာသည်။ စာဖတ်သူက စေတနာဖြင့် သုတတွေ၊ ရသတွေပေးနေတာလား။ ဝေဒနာနဲ့ ဖျက်ဆီးနေတာလား။ စာဖတ်သူအကျိုး အတွက်    ရေးတာလား။     စာရေးသူနာမည်ရဖို့၊ လူသိဖို့၊ အထင်ကြီးခံဖို့ ရေးတာလား။ တစ်ဦးတစ်ဖွဲ့ ကို   အဆိုးမြင်စေပြီး    ကျန်တစ်ဦးတစ်ဖွဲ့ကို အကောင်းမြင်အောင်   ရေးတာလား။   ယုတ္တိယုတ္တာ ရှိသလား။ မရှိဘူးလား။ ဓမ္မဓိဋ္ဌာန်လား၊ ပုဂ္ဂလဓိဋ္ဌာန် လား။ ရေးသင့်တဲ့အကြောင်းအရာလား။ မရေးသင့် တဲ့အကြောင်းအရာလား စသည်တို့ကို စဉ်းစားရ မည်။ ချင့်ချိန်ရမည်။   စာရေးသူရေးသမျှယုံခြင်း သည် အဆင့်နိမ့်သော   စာဖတ်သူဖြစ်၍   စဉ်းစား တွေးခေါ်ပြီးမှ    လက်သင့်ခံခြင်းသည်   အဆင့်မြင့် သော စာဖတ်သူဖြစ်သည်။ 
စာအဖတ်များလာလျှင် မူကွဲတွေ့လာတတ် သည်။ အချက်အလက်နှစ်မျိုး တွေ့လာတတ်သည်။ ထိုအခါတွင်  ဘယ်မူကွဲက မှန်သလဲ၊  ဘယ်စာရေး ဆရာရေးတာက ဖြစ်နိုင်သလဲဆိုတာ ဆက်လက် စူးစမ်းရန်၊ စဉ်းစားရန်မှာ  စာဖတ်သူ၏ အလုပ်ဖြစ် သည်။    ဥပမာ   အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော  အကြောင်းကိုရေးရာတွင် စာအုပ် တစ်အုပ်၌ “(၁) ဗိုလ်ချုပ်ကို  လျှို့ဝှက်သက်တော် စောင့်များ   ချပေးလိုတဲ့အတွက်   စိတ်ချရတဲ့ရဲဘော် တွေပေးပါလို့   ဦးကျော်ငြိမ်းက   ဗိုလ်နေဝင်းထံ တောင်းကြောင်း၊  (၂) မောင်းပြန်သေနတ်များကိုင် ဆောင်ထားသော အရပ်ဝတ်အရပ်စားနှင့် စစ်သား များမှာ   တပ်ရင်း(၄)မှ    ရဲဘော်များဖြစ်ကြောင်း၊ (၃) လုပ်ကြံမှုဖြစ်ပွားသော  ဇူလိုင်လ ၁၉ ရက်က သက်တော်စောင့်များမရှိကြဘဲ   ပျောက်ကွယ်နေ သည်မှာ ဗိုလ်နေဝင်း၏အစီအစဉ်ဟု   ယုံကြည်ရ ကြောင်း” တွေ့ရသည်။  သက်တော်စောင့်များ   မရှိ သည့်လက်သည်မှာ  ဗိုလ်နေဝင်းဟု တဲ့တိုးမစွပ်စွဲရုံ တစ်မည်ဖြစ်သည်။ ဗိုလ်နေဝင်းဟု ယုံကြည်သည်။ ယုံကြည်တာတောင်မှ မုချယုံကြည်သည်ဟု ဆင်ဝှေ့ ရန်ရှောင်ရေးကာ စာဖတ်သူကို လှည့်စားသည်။ အဆင့်နိမ့်သော စာဖတ်သူဖြစ်လျှင်  ဦးစောလူများ ဝင်လို့ရအောင်   ဗိုလ်နေဝင်းက   အစောင့်များကို ရုပ်သိမ်းပေးလိုက်သည်၊    ဟပေးလိုက်သည်ဟု ထင်သွားမည်မှာမလွဲချေ။ 
နောက်စာအုပ်တစ်အုပ်တွင် ဤအကြောင်း အရာကို ရေးသားရာ၌ “(၁) BOD ခေါ် British Ordinance Dep မှ မောင်းပြန်သေနတ်နှင့် ခဲယမ်း များ လိမ်ထုတ်သွားသောသတင်းကို SB ကရသည်။ ပြည်ထဲရေးဝန်ကြီး  ဦးကျော်ငြိမ်း နိုင်ငံခြားခရီး ထွက်နေချိန်ဖြစ်၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ပြည်ထဲရေးကိုတွဲကိုင်နေသည်။ (၂) ဦးမြက    ပြည်ထဲရေးဝန်ကြီးဌာန   ကွပ်ကဲမှု အောက်မှာရှိသော သောင်းကျန်းမှုနှိမ်နင်းရေးတပ်-နောင် UMPက တပ်စိတ်တစ်စိတ်ကို တာဝန်ချထား လိုက်သည်။ ဗိုလ်ချုပ်သဘောထားကို သိတဲ့အတွက် ဦးမြနှင့်ဗိုလ်ချုပ်အပါးတော်မြဲတို့က  ဗိုလ်ချုပ်ကို အသိမပေးချေ။ (၃) တစ်နေ့ လက်နက်ကိုင်အစောင့် တွေကို ဗိုလ်ချုပ်ကအမှတ်မထင်မြင်၍ အပါးတော် မြဲကိုမေးသည်။ အကျိုးအကြောင်းတင်ပြသည်။ ဗိုလ်ချုပ်က သူ့ကိုဘယ်သူကမှ ဘာမှ မလုပ်ပါဘူးဆို ပြီး အစောင့်တွေကို ဖယ်ခိုင်းလိုက်သည်။ ဦးမြနှင့် အပါးတော်မြဲတို့က အစောင့်တပ်စိတ်ကို ရုပ်သိမ်း လိုက်ရသည်”ဟုတွေ့ရသည်။
ဤမူကွဲနှစ်ခုမည်သည်က     အမှန်ဖြစ်နိုင် သနည်း။ အချက်သုံးချက်ကွဲလွဲမှုတွင်    ပထမနှင့် ဒုတိယအချက်များက အရေးမကြီး။ တတိယအချက် က အလွန်အရေးကြီးသည်။ သက်တော်စောင့်များကို ဗိုလ်နေဝင်းက    ဖယ်လိုက်တာလား။    ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က    ဖယ်ခိုင်းတာလား။ စာရေးဆရာ နှစ်ယောက်ကို ဆန်းစစ်ရမည်။ ပထမ စာအုပ်ကိုရေးသူက တပ်ခေါင်းဆောင်တွေအပေါ် မကောင်းမြင်စာအုပ်တွေ တောက်လျှောက်ရေးလာ သူဖြစ်၏။ ဒုတိယစာအုပ်ကိုရေးသူမှာ ဗိုလ်ချုပ် အောင်ဆန်း၏  အပါးတော်မြဲ    တက္ကသိုလ်နေဝင်း ဖြစ်သည်။   ဘယ်သူရေးတာက    အမှန်ဖြစ်သည်ကို စာရေးဆရာပေါ်  မူတည်၍ စာဖတ်သူက  ဆုံးဖြတ် ရမှာဖြစ်သည်။    သာမန်စာဖတ်သူအဆင့်တွင် တင်းတိမ်မနေဘဲ  စာရေးသူကိုပင် လေ့လာသုတေ သနပြုနိုင်သည့် အဆင့်ထိရောက်ရှိအောင် စာဖတ် တတ်စေချင်ပါသည်။   ရင့်ကျက်သော စာဖတ်သူ တချို့သည်  သူတို့အမြင်နှင့်သူတို့   Black List စာရေးဆရာစာရင်းထားပြီး Black List တွေ၏ စာအုပ်ကို   မဖတ်ကြောင်း သိရသည်။ ဒါကတော့ တစ်ဖက်စွန်းရောက်သွားပြီဟု        ထင်ပါသည်။ ဖတ်တော့   ဖတ်သင့်ပါသည်။    ဘာရေးထားလဲ သိရတာပေါ့။  ကိုယ်က အဆင့်မြင့်စာဖတ်သူ ဖြစ်နေ ပြီပဲ။   ကိုယ်ကချင့်ချိန်ပိုင်းခြားနိုင်သူပဲ။   ကိုယ်က လက်မခံလျှင် ပြီးတာပဲမဟုတ်ပါလား။
ဤသို့ စာဖတ်တတ်လာပြီဆိုလျှင် စာဖတ်ခြင်း ၏ အရသာကို သိလာပါလိမ့်မည်။ ထိုအခါ...စာဖတ် ခြင်းတွင် ပျော်မွေ့လာပါလိမ့်မည်။ ထိုအခါ“စာငတ်” သောအဆင့်သို့ ရောက်လာပါပြီ။
ဝမ်းဗိုက်က အစားအစာစားချင်လျှင် ဗိုက်ဆာ လာသလို  စိတ်ကစာဖတ်ချင်သောအခါ “စာ”ကို တောင့်တလာတာမျိုးဖြစ်ပါသည်။    ဝမ်းဗိုက်ကို ဖြည့်တင်းဖို့  စားစရာတစ်ခုခုကို   ရှာဖွေရသကဲ့သို့ စိတ်၏ဆာလောင်မွတ်သိပ်မှုကို ဖြည့်တင်းပေးရန် “စာ” အာဟာရဖြစ်သော“စာအုပ်”ကို  အငမ်းမရ ရှာဖွေလာပါလိမ့်မည်။
ဘယ်မှာရှာမည်နည်း။
တစ်ချိန်က စာအုပ်အငှားဆိုင်များ  ရှိခဲ့ဖူး၏။ အပျော်ဖတ်  ဝတ္ထုများသည်။    အငှားနည်းမည့် စာအုပ်  ဆိုင်ပေါ်မတင်။    သုတစာအုပ်ရှာမှရှား။ ခုတော့     အငှားဆိုင်လုပ်ကွက်    ပျောက်သွားပြီ။  စာအုပ်အရောင်းဆိုင်များမှာ   သုတ၊ ရသ ကြိုက်ရာ ရွေးဝယ်နိုင်သော်လည်း    စာအုပ်ဈေးကကြီး  လွန်း သည်။ ပလက်ဖောင်း အဟောင်းဆိုင်များတွင်တော့ စာအုပ်စုံစုံလင်လင် တွေ့နိုင်သည်။ ကိုယ်လိုချင်သော စာအုပ်အမည်ပြောလိုက်လျှင် ဆိုင်ရှင်က တစ်ရက် နှစ်ရက်အတွင်း  ရှာပေးသည်။ သို့သော် အဟောင်း ဆိုပေမယ့်   ဈေးချထားသော   အပုံထဲက စာအုပ် မဟုတ်လျှင်   အံ့ဖွယ်ဈေးဆိုလိမ့်မည်။   မိတ်ဆွေ သူငယ်ချင်းများထံမှ  ငှားဖတ်က သူ့မှာရှိတာပဲ ငှားနိုင်မည်။  တချို့ Book Crazy တွေက မငှားပေ။ ဒီလိုနေရာများမှာ ကိုးကားချင်သော  (Reference) စာအုပ်၊ ဂျာနယ်၊  သတင်းစာရှာရသည်မှာ  မဟာ အခက်အခဲဖြစ်တော့၏။
တစ်နေရာပဲကျန်သည်။ အဲဒါက “စာကြည့် တိုက်”။
စာကြည့်တိုက်တွေ ထူထောင်ပေးရမည်
စိတ်အစာကျွေးဖို့၊ မှီငြမ်းစာရှာဖွေဖို့ စသည်ဖြင့် စာပေအာဟာရကို   မပြတ်ဖြည့်ဆည်းပေးသော နေရာသည် စာကြည့်တိုက်ဖြစ်၏။ လောက်လောက် လားလား စာကြည့်တိုက်တွေရှိလျှင် စာငတ်သူတွေ အတွက် “စာမပြတ်” တော့ပေ။ ထို့ကြောင့် စာငတ် သူတွေ    စာမငတ်ရအောင်   စာကြည့်တိုက်တွေ ထူထောင်ပေးရမည်။ 
စာကြည့်တိုက်တစ်ခုဖြစ်မြောက်ရန် အင်္ဂလိပ် အက္ခရာဘီ (B) ငါးလုံးလိုအပ်၏။ ၎င်းတို့မှာ
B    - Building (အဆောက်အအုံ၊ အခန်း)၊
B    - Budget (ဘဏ္ဍာငွေ)၊
B    - Books (စာအုပ်များ)၊
B    - Borrowers (ငှားရမ်းသူများ၊ 
       စာဖတ်သူများ)၊
B    - Brain (စာကြည့်တိုက်၏ ဦးနှောက်
        သို့မဟုတ် စာကြည့်တိုက်မှူး) ဖြစ်သည်။
၎င်းတို့အနက် စာကြည့်တိုက်မှူးက အခရာကျ သည်။ စာကြည့်တိုက်တစ်ခု၏ အောင်မြင်မှုသည် စာကြည့်တိုက်မှူးနှင့်    ဘဏ္ဍာငွေကြေးပေါ်တွင် မူတည်၏။ 
ဤလောက၌     တန်ဖိုးအရှိဆုံးနေရာသည် စာကြည့်တိုက်   (The most precious place is library) ဟု   ပြောကြသည်။   ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်သည်      အမေရိကန်နိုင်ငံတွင်ရှိပြီး   စာအုပ်သန်းပေါင်း       ရာနှင့်ချီရှိသည်ဟု   ဆို၏။ ဒုတိယကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်မှာ အင်္ဂလန် နိုင်ငံတွင်  ရှိ၏။   အင်္ဂလန်တွင်   ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခု တည်ထောင်လျှင် မဖြစ်မနေပါရမည့် အရာမှာ စာကြည့်တိုက်ဟု သိရ၏။ တိုးတက်သော နိုင်ငံမှာ ပြည်သူများစာဖတ်ကြသည်။ ပြည်သူတွေ စာများများဖတ်လျှင် နိုင်ငံတိုးတက်သည်မှာ အမှန် ဖြစ်၏။ ထို့ကြောင့် မိမိတို့နိုင်ငံတွင်   စာကြည့်တိုက် တွေ ဖြစ်ဖြစ်မြောက်မြောက်နှင့်  များများစားစား ပေါ်ပေါက်လာအောင်   ပြုလုပ်ပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင်  မြို့နယ်ပေါင်း ၃၃၀ ရှိသည်။ ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ     မြို့နယ်ပြန်ဆက်ရုံးများတွင် စာကြည့်တိုက်ပါကြောင်း   သိရှိရသဖြင့်    မြို့နယ် တိုင်းတွင် စာကြည့်တိုက်တစ်ခုစီ ရှိနေပြီဟု မှတ်ယူ နိုင်သည်။ တစ်ဖန် မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိရာ    ကျေးရွာတိုင်းတွင် စာကြည့်တိုက်ရှိရန် လုပ်ငန်းပမာဏမှာ နည်းနည်း နောနောမဟုတ်ပေ။ သို့ရာတွင် ၂၀၁၀-၂၀၁၅ အစိုးရ က ကျေးရွာများတွင် စာကြည့်တိုက် ဖွင့်လှစ်နိုင်ရန် စနစ်တကျစီမံကိန်းချမှတ်၍ အကောင်အထည်ဖော် ပေးခဲ့သည်။ အင်္ဂလန်ကဲ့သို့ ကျေးလက်နေပြည်သူ များ၏ အသိဉာဏ်ပွင့်လင်း၍ ဗဟုသုတတိုးပွားလာ အောင် ရွာသူရွာသားများ စာဖတ်စေရန် ရည်ရွယ် သည်။ ဤအကျိုးပြုလုပ်ငန်းအတွက်  လုံလောက် သောငွေကြေး မတည်ပေးကာ  စာကြည့်တိုက် ဖောင် ဒေးရှင်းတစ်ခု       ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံစာကြည့်တိုက်   ဖောင်ဒေးရှင်း သည်  လေးငါးနှစ်အတွင်း  ကျေးရွာများသို့ဆင်း၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ    အတော်အတန်    ဖြစ် မြောက်  အောင်မြင်ခဲ့သည်။  ၂၀၁၅-၂၀၂၀ အစိုးရ လက်ထက်တွင်မူ  ဖောင်ဒေးရှင်းသည်  အစိုးရ၏ အားပေးကြည့်ရှုမှု      ကင်းကွာသွားသောကြောင့် ခဲယဉ်းစွာ         ရပ်တည်လုပ်ဆောင်နေရသည်မှာ ဝမ်းနည်းဖွယ်ပင်။ 
ထို့ပြင်  ဝါသနာရှင်တွေလုပ်နေကြသော (က) ရွေ့လျားစာအုပ်အငှားလုပ်ငန်း (ခ)  အီလက်ထရွန် နစ်/အွန်လိုင်းအငှားလုပ်ငန်းများ    ပေါ်ထွန်းနေ ကြောင်း တစ်လောက  သတင်းများတွင်  တွေ့ရ သည်။  အဆိုပါ  ဝါသနာရှင်တို့၏   စေတနာကား ချီးကျူးဖွယ်၊ လေးစားဖွယ်ကောင်း၏။ မိမိအတွက် အကျိုးအမြတ်မယူဘဲ    စာဖတ်ဖြစ်စေလိုသည့် စစ်မှန်သောစေတနာကို အခြေခံလုပ်ဆောင်သဖြင့် အားပေးထောက်ကူကြစေချင်ပါသည်။      ယနေ့ ထိုစေတနာရှင်လုပ်ငန်းတွေ ဆက်လက်ရှင်သန်နေ သေးသလားဆိုသည်ကိုမူ   စာရေးသူ   မျက်ခြည် ပြတ်သွားခဲ့ပါသည်။ 
အခြေတကျဖွင့်လှစ်ပြီး   စာကြည့်တိုက်များ လည်းရှိကြသည်။    ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ရန်ကုန်တက္ကသိုလ် များ  ပင်မစာကြည့်တိုက်၊ အချို့မြို့နယ်၊ ရပ်ကွက် များရှိ  ပုဂ္ဂလိကစာကြည့်တိုက်များ၊ အထက်တွင် ရေးခဲ့သော မြို့နယ်ပြန်ဆက်စာကြည့်တိုက်များ၊ စာပေဗိမာန်စာကြည့်တိုက်နှင့်   ကလေးစာကြည့် တိုက်၊ အမျိုးသားစာကြည့်တိုက်များရှိကြသည်။ 
တပ်မတော်သားများနှင့်  မှီခိုသူများအတွက် တပ်ရင်း၊ တပ်ဖွဲ့များတွင်  စာကြည့်တိုက်များ ဖွင့်ပေး ထားကြောင်း   သိရသည်။     စစ်ကျောင်းကြီးများ၊ အကယ်ဒမီများ  စစ်ဦးစီးတက္ကသိုလ်နှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တို့တွင်       အထင်ကရ စာကြည့်တိုက်တွေရှိသည်။  ရဲဘော်ဆယ်ယောက် တစ်ဖွဲ့ Pool လုပ်၊  တစ်ယောက် ၁၀၀၀/၁၅၀၀ ကျပ်လောက်ထည့်၊ လစဉ် စာအုပ်ဝယ်ပြီး လဲလှယ် ဖတ်လျှင် တစ်နှစ်တွင် အနည်းဆုံးစာအုပ် ၁၀၀ ကျော် ဖတ်ပြီးဖြစ်ကြောင်း၊ စာအုပ်လည်း အပိုင်ရ ကြောင်း၊ Pool  ငွေမှာ   ခေါက်ဆွဲတစ်ပွဲစာတောင် မရှိကြောင်း၊ တပ်မတော်နေ့   ဟောပြောပွဲတစ်ခုတွင် စာရေးသူက   ပြောခဲ့ဖူးသည်။   အရပ်သားလူငယ် များလည်း  စာဖတ်ဝါသနာပါသူများစု၍ စမ်းသပ် ကြည့်နိုင်သည်ပင်။
ရေကြည်ထွက်အောင်  
စာဖတ်သဖြင့် စိတ်မလေခြင်းသည် လက်ငင်း အကျိုးဖြစ်သည်။ မကောင်းတာတွေ   မတွေးဖြစ်၊ မလုပ်ဖြစ်တော့    ဗဟုသုတ    အသိအမြင်ကြွယ်ဝ သည်။   အထက်တွင်ရေးခဲ့သော    စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း        ခံစားရသည်။ အိုင်ကျူမြင့်သော  လူသားအရင်းအမြစ်တွေ ဖြစ်လာ မည်။ ဒီလိုလူတွေများလာလျှင်   နိုင်ငံတိုးတက် ကြီးပွားမည်။   ရေကြည်ထွက်အောင်  တူးလက်စ ရေတွင်းကို   ဝိုင်းဝန်းတူးဖော်ကြပါစို့။        ။