
သတင်းဆောင်းပါး
========
ရေလှောင်တမံတွေ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး ဦးစားပေးအဆင့်ထား ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို မိုးရာသီကာလမှာ အထူးဂရုစိုက်ပြီး စောင့်ကြပ်ထိန်းသိမ်းဆောင်ရွက်နေပါတယ်။
===============================================================================
ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်
သတင်းဆောင်းပါး-ရှင်မင်း
ဓာတ်ပုံ-မောင်ဖိုးဇော်(ကလေး)
နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ် တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက် တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာ ခဲ့သည်။ ချောင်း၏ ရေစီးလမ်းကြောင်း သည်လည်း ကျဉ်းမြောင်းလာပြီး ချောင်း ပေါင်မှရေလျှံကာ ချောင်းရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။
ချိန်းချောင်း(မုက္ခမူချောင်း) သည် အလျား ၃၆ ဒသမ ၅ မိုင်ခန့် ရှည်လျားကာ ကျောက်တံခါးမြို့နယ်အတွင်း အသဝိအင်း မှအစပြုကာ စီးဆင်းလာပြီး ညောင်လေးပင် မြို့နယ် ရေပေါ်သောင်ရွာအနီးတွင် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်သော ချောင်းတစ်ခု ဖြစ်သည်။ ချိန်းချောင်း (မုက္ခမူချောင်း)သည် ရန်ကုန်- မန္တလေး ကားလမ်းဟောင်းနှင့် စစ်တောင်းမြစ် ရေဘေးကာကွယ်ရေးတာအကြား တည်ရှိ ပြီး ကျောက်တံခါးမြို့နယ်နှင့် ညောင်လေး ပင်မြို့နယ်တို့၏ ရေထုတ်နုတ်ရာ အဓိက ရေနုတ်ချောင်းကြီးတစ်ခု ဖြစ်သည်။
ချိန်းချောင်း(မုက္ခမူချောင်း) သည် ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိသော အဓိကရေနုတ်ချောင်းဖြစ်သည့် အပြင် ယင်းအတွင်းသို့ ချောင်းလက်တက် ပေါင်းများစွာ စီးဝင်လျက်ရှိသည်။
သို့သော် ချောင်းကောလာပြီး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်မှု ရှိလာသည့်အတွက် ချိန်းချောင်း (မုက္ခမူ ချောင်း) ပြန်လည်တူးဖော်ရေးလုပ်ငန်း များကို လက်ရှိအစိုးရလက်ထက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက အပိုင်းသုံးပိုင်းဖြင့် ပိုင်းခြား ဆောင်ရွက်လျက်ရှိသည်။
ချိန်းချောင်း (မုက္ခမူချောင်း) ပြန်လည် တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိုင်ကွလေးကျေးရွာမှ မုက္ခမူမီးရထား သံလမ်းတံတားအထိ အပိုင်းကို အပိုင်း (၁) အဖြစ်လည်းကောင်း၊ မုက္ခမူ မီးရထား သံလမ်းတံတားမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် နယ်စပ်အထိ အပိုင်းကို အပိုင်း (၂) အဖြစ်လည်းကောင်း၊ ညောင်လေး ပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်စပ်မှ အသဝိအင်းအထိအပိုင်းကို အပိုင်း (၃) အဖြစ် လည်းကောင်း ပိုင်းခြားဆောင်ရွက်လျက် ရှိသည်။
စိုင်ကွလေးကျေးရွာမှ မုက္ခမူမီးရထား သံလမ်းတံတားအထိအပိုင်း တူးဖော်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါအပိုင်း တူးဖော်ပြီးစီး သည့်အချိန်တွင် ချောင်း၏ရေနုတ်အားမှာ သိသိသာသာကောင်းမွန်လာခဲ့ပြီး ရေကြီး လွှမ်းမိုးမှုကို အတော်အတန်လျှော့ချနိုင်ခဲ့သည်။
“အခုလို ချိန်းချောင်း ပြန်လည်တူးဖော် လိုက်တော့ ရေနုတ်မြောင်း ရေစီးရေလာ ကောင်းသွားတယ်။ စိုက်ပျိုးမြေတွေ ရေလွတ် သွားတယ်။ ဘေးတာပေါင်နှစ်ဖက် ဖော်လိုက် တော့ ဘေးပတ်ဝန်းကျင်ကျေးရွာတွေ ရေဘေး ကင်းလွတ်သွားပါမယ်။ တာပေါင်ကိုလည်း ကုန်ထုတ်လမ်းအဖြစ် သုံးနိုင်တယ်”ဟု ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာ ဒေသခံတောင်သူ ဦးစံထွန်းအောင်က ပြော သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မုက္ခမူမီးရထားသံလမ်း တံတားမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက် တံခါးမြို့နယ် နယ်စပ်အထိအပိုင်း တူးဖော်ရေး လုပ်ငန်းများကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
“ကျွန်တော်တို့ ပဲခူးခရိုင်မှာ မြို့နယ် ရှစ်ခုရှိပြီး နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီး နစ်မြုပ်မှုဒဏ်ကို ခံစားရပါတယ်။ ဒါကြောင့် ဦးစားပေးအလိုက် ဆောင်ရွက်နေပါတယ်။ အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ အသုံးပြု ပြီး ဆောင်ရွက်တဲ့ ချောင်းကော၊ မြောင်းကော တူးဖော်ပေးတဲ့လုပ်ငန်း သုံးခု ရှိပါတယ်။ ဒီလုပ်ငန်းသုံးခုထဲမှာ ညောင်လေးပင်မြို့နယ် ချိန်းချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အပိုင်း (၂) က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ လုပ်ငန်းစတင်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ ရာနှုန်းပြည့် ပြီးစီးခဲ့ပါပြီ”ဟု ပဲခူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်က ဆိုသည်။
မုက္ခမူချောင်း(ခ) ချိန်းချောင်းသည် ညောင်လေးပင်မြို့နယ်၏ အဓိကပင်မ ရေနုတ်ချောင်းမကြီး ဖြစ်သည့်အလျောက် ယင်းချိန်းချောင်း အပိုင်း(၂)အား တူးဖော်ခြင်း ကြောင့် ချောင်းဘေး ဝဲ/ယာ တစ်လျှောက်ရှိ ကျေးရွာအုပ်စုခြောက်အုပ်စုရှိ လယ်မြေဧရိယာ ပေါင်း ၁၂၀၀၀ ကျော်အား ရေကြီးနစ်မြုပ် ပျက်စီးမှုမှ လျှော့ချနိုင်ခဲ့ပြီး ယခင် ဆောင်းသီးနှံ တစ်မျိုးတည်းသာ စိုက်ပျိုးလုပ်ကိုင်ကြရရာမှ မိုးစပါးများ စိုက်ပျိုးခြင်း၊ ဆောင်းသီးနှံနှင့် နွေစပါးများပါ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာ နိုင်မည် ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ညောင်လေးပင်မြို့နယ် နှင့် ကျောက်တံခါးမြို့နယ်စပ်မှ အသဝိအင်း အထိ မုက္ခမူချောင်း(ခ)ချိန်းချောင်း အပိုင်း (၃) ဆက်လက်တူးဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ထိုကဲ့သို့ မုက္ခမူချောင်း(ခ)ချိန်းချောင်း ပြန်လည်တူးဖော်ခြင်းအပါအဝင် နိုင်ငံ အတွင်းရှိ ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရန်ပုံငွေရရှိမှုအပေါ်မူတည် ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက် ရှိသည်။
“အဓိကကတော့ ပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ လိုက်လျောညီထွေရှိဖို့ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေဖို့အတွက် ချောင်းကော၊ မြောင်းကောနဲ့ ရေနုတ်မြောင်း တူးဖော်တာ တွေ ဆောင်ရွက်ပါတယ်။ အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရေနုတ်မြောင်း တူးဖော်တဲ့ လုပ်ငန်း ၂၅ ခုကို တိုင်းဒေသကြီး ငါးခုမှာ ဆောင်ရွက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ လေးခု၊ ပဲခူးတိုင်းဒေသကြီးမှာ ရှစ်ခု၊ မကွေးတိုင်းဒေသကြီးမှာ နှစ်ခု၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ခြောက်ခုနဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ ငါးခုကို ရန်ပုံငွေကျပ် ၉၆၈၄ ဒသမ ၈၇၀ သန်း သုံးစွဲဆောင်ရွက်ခဲ့ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ရရှိတဲ့ရန်ပုံငွေအပေါ် မူတည်ပြီး ဦးစားပေးအလိုက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။
နိုင်ငံအတွင်း ရေဘေးကာကွယ်ရေးနှင့် ရေငန်တားတာအရေအတွက် ၂၂၁ ခု၊ အလျား မိုင်ပေါင်း ၂၄၆၆ မိုင်ခန့်ရှိပြီး အဆိုပါ တာများ ကြံ့ခိုင်မှုရှိစေရေးအတွက် နှစ်စဉ်မိုးရာသီ မတိုင်မီ ပြုပြင်ခြင်းများ၊ ပန်းတာလိုအပ်သည့် နေရာများတွင် ပန်းတာသစ် လုပ်ဆောင်ခြင်း များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် ပြည်ထောင်စု ရန်ပုံငွေ/တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေ များ အသုံးပြုဆောင်ရွက်ခဲ့ကာ ယခုမိုးရာသီ ကာလ တစ်လျှောက်လုံးမှာလည်း ၂၄ နာရီ ကင်းလှည့် စောင့်ကြည့်ထိန်းသိမ်းသည့် လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် တည်ဆောက်ထိန်းသိမ်း ထားသော ရေလှောင်တမံများ၏ ဘေးကင်း လုံခြုံမှု (Dam Safety) နှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ နေ့စဉ်ပုံမှန် စစ်ဆေးခြင်း (Visual Inspection Report on Dam Surveillance) အစီရင်ခံစာပါ လုပ်ငန်းစဉ်များအတိုင်း ပုံမှန်စောင့်ကြည့် လျက်ရှိပြီး တမံစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်း၍ နိုင်ငံအဝှမ်းရှိ ရေလှောင်တမံများ အားလုံးကို အသေးစိတ်ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထို့အပြင် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင် ပညာရှင်များနှင့် Dam Safety Management အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ ရရှိလာသည့် နည်းပညာဆိုင်ရာ ဗဟုသုတများကို အခြေခံ ၍ ရေလှောင်တမံတွင် သဘာဝဘေး အန္တရာယ်တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပေါ်လာပါက တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု လျော့ပါးသက်သာစေရေး အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြိုတင်စီမံခန့်ခွဲ ဆောင်ရွက် နိုင်ရန် ရေလှောင်တမံတစ်ခုချင်းအလိုက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergency Prepardness Plan– EPP) များ စနစ်တကျရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ ဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားရှိပြီးဖြစ်တဲ့ ရေလှောင်တမံ အရေအတွက်ပေါင်း ၂၃၅ ခု ရှိပါတယ်။ အများစုဟာ မြေသားရေလှောင်တမံတွေ ဖြစ်သလို တည်ဆောက်ပြီးကာလမှာ နှစ် ၂၀ ကျော်တွေ များပါတယ်။ ဒါကြောင့်မို့ ရေလှောင်တမံတွေ ဘေးကင်းလုံခြုံမှု (Dam Safety)နဲ့ပတ်သက်ပြီး ဦးစားပေးအဆင့် ထား ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို မိုးရာသီကာလမှာ အထူးဂရုစိုက်ပြီး စောင့်ကြပ် ထိန်းသိမ်းဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင် နဝင်းရေလှောင်တမံ၏ အောက်ဘက်တွင် နေထိုင်သော ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုအတွက် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေးဆွဲနိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကညင်၊ မမြ၊ မုက္ခာ၊ သုံးဆယ်ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံများကို ဆက်လက်ရေးဆွဲလျက်ရှိကြောင်း သိရ သည်။
ထို့အပြင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ဆွာချောင်း၊ ဘောနီ၊ သဲကော၊ မာလဲနတ်တောင်၊ မြောက်ယမား၊ ဆင်သေ၊ ငလိုက်ရေလှောင်တမံ များ၏ ဘေးကင်းလုံခြုံမှုတည်နေရာပြမြေပုံများကို ကမ္ဘာ့ဘဏ်၏ အတိုင်ပင်ခံအဖွဲ့ ဖြစ်သော KRC အဖွဲ့နှင့် ပူးပေါင်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ထားသည့် ဆည်၊ တာ၊တမံများမှ ပြည်သူများထံ စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ လယ်ကြားမြောင်း တူးဖော်ခြင်းမရှိဘဲ ကွက်ဆင့်သောက်စနစ်ကိုအသုံးပြု၍ ရေယူ ခြင်းကြောင့် ရေလှည့်စနစ် ပေးဝေရာတွင် အဆင်မပြေခြင်း၊ ရေလုံလောက်စွာမရခြင်း စသည့် အခက်အခဲများကို အဓိကတွေ့ကြုံ ဖြေရှင်းရလျက်ရှိသည်။
ထို့ကြောင့် တည်ဆောက်ပြီး ရေလှောင် တမံ၊ ရေလွှဲဆည်များမှ ရေကိုအသုံးပြုပြီး စိုက်ပျိုးရေပေးဝေခြင်း ဆောင်ရွက်သည့်အခါ ရေလေလွင့်ဆုံးရှုံးမှုနည်းကာ အကျိုးရှိစွာဖြင့် သုံးစွဲနိုင်ရေးကို ဦးတည်ပြီး တိုက်ရိုက်ရေ ပေးမြောင်းတစ်ခုချင်းအလိုက် ရေအသုံးချသူ များအဖွဲ့ (Water User Group- WUG)များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
“အခု ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ WUG အဖွဲ့ပေါင်း ၇၉၀၆ ဖွဲ့နဲ့ အဖွဲ့ဝင် တောင်သူဦးရေပေါင်း ၂၂၇၂၉၈ ဦးကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကဦးတည်တာကတော့ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ကိုအခြေခံ ပြီး ရေစီမံခန့်ခွဲမှု ပိုမိုစနစ်တကျရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်”ဟု ညွှန်ကြား ရေးမှူးချုပ်က ပြောပြသည်။
ယခုနှစ်မိုးရာသီအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်းထားရှိသော ရေလှောင်တမံ ၂၃၅ ခုတွင် အများစုမှာ ရေဝင်ရောက်မှု နည်းပါးပြီး ရေလှောင်ပမာဏ သိသာစွာ လျော့နည်းကျဆင်းလျက် ရှိနေ သည့်အတွက် ဆည်ရေသုံးစွဲရာတွင် ရေအလေ အလွင့် နည်းပါးစွာ စနစ်တကျသုံးစွဲနိုင်စေရန် ရေအသုံးချသူများအဖွဲ့ (WUG) များနှင့် ပူးပေါင်းကာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာပြီး ရေကိုပိုမိုချွေတာ နိုင်ကာ စိုက်ပျိုးရေဖူလုံမှုကို အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လက်ရှိအစိုးရ လက်ထက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ပေါင်း ၁၃၂၉၆ ခု၊ ရေကြီးနစ်မြုပ်မှု ကာကွယ် ရေးအတွက် ရေနုတ်မြောင်းနှင့် ရေဘေး ကာကွယ်ရေးတာ အပါအဝင် လုပ်ငန်း ၄၅၁၉ ခုနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ၁၂၅၅ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“အခုအစိုးရလက်ထက်မှာ လုပ်ငန်းပမာဏ ကြီးမားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏများပြားတဲ့ စီမံကိန်းအသစ်တွေကို တည်ဆောက်ခြင်း မပြုဘဲ အချိန်တိုအတွင်း ချက်ချင်းအကျိုး ခံစားနိုင်တဲ့ ဆည်ရေသောက်စနစ်တွေကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ရေလှောင်တမံ၊ ရေလွှဲဆည် တည်ဆောက်ပြီးစီး ပေမယ့် ဆည်ရေသောက်စနစ်မပြီးသေးတဲ့ လုပ်ငန်းတွေ ပြီးစီးအောင်၊ တည်ဆောက်ပြီး ကာလကြာမြင့်လာတဲ့အတွက် ရေပေးမြောင်း တွေ စွမ်းဆောင်ရည် ကျဆင်းလာတဲ့ ရေသောက်စနစ်တွေ အဆင့်မြှင့်တင် ပြုပြင် တာတွေ ဆောင်ရွက်ခဲ့ပါတယ်”ဟု ညွှန်ကြား ရေးမှူးချုပ်က ပြောသည်။
ထိုသို့ဆောင်ရွက်သည့်အခါ နိုင်ငံတော် ရန်ပုံငွေအပြင် ကမ္ဘာ့ဘဏ်၊ ဂျပန် ODA ချေးငွေအစရှိသည့် နိုင်ငံတကာချေးငွေများ ဖြင့်လည်း ရယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ရေသွင်း စိုက်ပျိုးနိုင်သောဧကများ တိုးတက်လာပြီး နွေစပါးနှင့် အခြားသီးနှံများကို ယခင်ကထက် တိုးတက်ရေပေးဝေ စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် တည်ဆောက်ပြီး ဆည်ရေသောက်စနစ်များ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံ ငွေဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူအညီ များ ရယူ၍လည်းကောင်း အကောင်အထည် ဖော်လျက်ရှိရာ ပဲခူးအနောက်ဘက်ခြမ်းတွင် ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီးနှင့် တောင်ညို ရေသောက် စနစ်များ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ရေသောက်ဧရိယာဧက နှစ်သိန်းကျော်ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆင်သေ၊ ဆွာ ချောင်း၊ မာလဲနတ်တောင်နှင့် မြောက်ယမား ရေလှောင်တမံတို့၏ ဆည်ရေသောက်စနစ်များ ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ အဆင့် မြှင့်တင်ပြုပြင်ပေးလျက်ရှိကြောင်း၊ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငလိုက် ရေလှောင်တမံ၊ ဇီးတောရေလွှဲဆည်၊ ဘောနီ ရေလှောင်တမံ၊ သဲကောရေလှောင်တမံတို့၏ ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်အကောင် အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည် ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိရာ စီမံကိန်းပြီးစီးပါက မူလဆည် ရေသောက်ဧရိယာ ငါးသိန်းခန့်ကို စိုက်ပျိုး ရေလုံလောက်စွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် တည်ဆောက်ပြီးကာလ ၅၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ဝိုင်းမော်မြို့နယ် ဝါရှောင်ရေလွှဲဆည် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများဖြစ်သည့် ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော်ခြင်းနှင့် ရေပေးအဆောက် အအုံများ ပြုပြင်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများပြီးစီးပါက မူလ ရေသောက်ဧရိယာ ၁၁၄၄၆ ဧကကို စိုက်ပျိုးရေ ပြည့်မီစွာပေးဝေနိုင်မည် ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသည် ပြည်သူများ သောက်သုံးရေရရှိရေးအတွက် ရေရှားပါး သော စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်၊ ပုလဲဒေသမှ ရေလျှံဇုန်များတွင် တူးဖော် ထားသော ရေလျှံတွင်းများကို လိုအပ်သော အချိန်တွင် အသုံးပြု၍ မလိုအပ်သော အချိန်တွင် ပိတ်ထားခြင်းဖြင့် ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် မြေအောက်ရေ သယံဇာတ ရေရှည်တည်တံ့ရေးအတွက် ပိုက်ထောင်၍ ဂိတ်ဘားတပ်ခြင်း ၁၂၃၉ တွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ရွာငံ - ဟန်မြင့်မိုရ် ကားလမ်းပေါ်တွင် တည်ရှိ၍ ဓနုတိုင်းရင်းသားကျေးရွာ ဖြစ်သည့် ဆင်နက်ချောင်ကျေးရွာသည် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ကြုံတွေ့ နေရခြင်းကြောင့် အနက်ပေ ၆၀၀၊ အချင်း ခြောက်လက်မ စက်ရေတွင်း တူးဖော် အောင်မြင်ခဲ့ရာ ရေထွက်နှုန်း ၁၀၀၀ ဂါလန်/ နာရီ ရေထွက်ရှိခဲ့ပြီး ဒေသခံပြည်သူများ၏ ရေအခက်အခဲ ပြေလည်စေခဲ့သည်။
ထိုကဲ့သို့ ပြည်သူများအတွက် ရေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ရွာများနှင့် စိုက်ပျိုးပြီး သီးနှံများ ရေကြီးနစ်မြုပ်မှု မရှိစေရေး အတွက် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သောက်သုံးရေ ရရှိရေးအတွက် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင်တူးဖော်ခြင်းနှင့် သောက်သုံးရေ စက်ရေတွင်းများ တူးဖော်ခြင်းတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လိုအပ်ချက်အလိုက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ လုပ်ငန်းများအပြင် တည်ဆောက်ပြီးစီးသည့် ဆည်မြောင်း စီမံကိန်းများနှင့် မူလစီမံကိန်းလျာထားချက် အတိုင်း မပြီးစီးဘဲ ကျန်ရှိနေသည့် ရေသောက်စနစ်လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီး အသုံးပြုခဲ့သည့် သက်တမ်း ကြာ၍ ပျက်စီးနေသော ဆည်မြောင်း စီမံကိန်းများ၏ ရေသောက်စနစ်များနှင့် ရေပေးအဆောက်အအုံများကို ဒေသ အလိုက် ဦးစားပေးလိုအပ်ချက်အရ အသစ် ပြန်လည်မွမ်းမံ အကောင်အထည်ဖော်ခြင်း တို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ရင်းဖြင့် ပြည်သူတို့၏ အကျိုးစီးပွား၊ ဒေသခံ တောင်သူများ၏ အကျိုးစီးပွားအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖော်ဆောင်လျက် ရှိပါကြောင်း။ ။
- Log in to post comments