Relief Flight များဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားသုံးဦးထံမှ အိုမီခရွန်ရောဂါပိုးတွေ့ရှိ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

    (၁၄-၁-၂၀၂၂) ရက်နေ့


၁။    ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ ပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ   မြန်မာနိုင်ငံသို့   ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက် လာသူများတွင် SARS-CoV-2 Variant  Omicron  (အိုမီခရွန်) ရောဂါ ပိုး တွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ  အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။  

 


၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာ  ပြည်ပနိုင်ငံများမှ   ပြန်လည် ရောက်ရှိလာ၍ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာ များအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ   မျိုးရိုးဗီဇ စစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်၌ (၁၃-၁-၂၀၂၂) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2   Variant  Omicron (အိုမီခရွန်)  ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၃) ခုတွင် အတည်ပြုတွေ့ရှိ ခဲ့ရပါသည်။

 


၃။    အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ နိုင်ငံခြားသား (၃) ဦးမှာ  Relief Flight များဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဝင်ရောက်လာသူ (၂) ဦးနှင့် မလေးရှားနိုင်ငံမှ ဝင်ရောက်လာသူ (၁) ဦးတို့ ဖြစ်ကြပါသည်။ 

 


၄။    အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်း ခရီးစဉ်တွင်  အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း  အသွား အလာကန့်သတ်ခြင်း (Strict Quarantine)  နှင့်  ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

 


၅။    သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး  စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း စဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန