ရှေ့နေနှင့် ဇာတ်လမ်းများ

Type
၁

ဆောင်းပါး

========

 

ရှေ့နေနှင့် ဇာတ်လမ်းများ

==================

 

ဦးဟန်ညွန့် (ဥပဒေ)

 

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ ရှေ့နေနှင့် ဇာတ်လမ်းများပါတဲ့ ”

“ဘာကိုဆိုလိုတာလဲဆရာ”

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပေးနေတဲ့ ပညာပေး ဇာတ်လမ်းများအကြောင်းကို ရှေ့နေတစ်ဦးအနေနှင့် တင်ဆက်ရေးသားချင်လို့ပါ ”

“ဘယ်လိုဇာတ်လမ်းများပါလဲဆရာ”

“ကိုင်း --ဖတ်ရှုလေ့လာကြည့်ကြစို့ ”

 

ဇာတ်လမ်းများ

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး တွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးတို့အတွက် ပြဋ္ဌာန်းဥပဒေနှင့်အညီ အလေးပေးဆောင်ရွက်လျက်ရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေး ခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်း စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်(၃)ရပ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ အသိပညာပေးရေးလုပ်ငန်း လုပ်ငန်းစဉ်တွင် အခြေခံပညာကျောင်းများအတွက် ဖြောင့်မတ်တည်ကြည် မှု မြှင့်တင်ရေးစာစောင်များဖြန့်ဝေခြင်း၊ တက္ကသိုလ်များ အဆင့် ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းများဖွင့်လှစ် ခြင်း၊ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

ဖြောင့်မတ်တည်ကြည်မှုရှိခြင်း

 

အသိပညာပေးခြင်းမှာ အရေးယူအပြစ်ပေးခြင်းထက် ပိုမိုထိရောက်သော ရှေးဦး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေ သည်။ ဖြောင့်မတ်တည်ကြည်မှုရှိဖို့ အသိပညာပေးခြင်းမှာ အဓိကကျပေသည်။ အသိပညာပေးခြင်းလုပ်ငန်းကို အထူးသဖြင့် လူငယ်ထုအတွင်း ဦးစားပေးဆောင်ရွက်နေ ပါသည်။

 

ဟောပြောဆွေးနွေးခြင်း

 

အဂတိလိုက်စားမှုဆန့်ကျင်ရေးနှင့် တိုက်ဖျက်ရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဟောပြောဆွေးနွေးခြင်း အစီအစဉ် များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလျက်ရှိပါသည်။ အပြန်အလှန် ဆွေးနွေးပညာပေးမှုများလည်း ပြုလုပ် လျက်ရှိပါသည်။ ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်ခဲ့ပါသည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) များကို လည်း ဝန်ကြီးဌာနအသီးသီးတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။

 

အသိပညာပေးဖော်ပြမှုများ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များမှ အပ ကော်မရှင်၏လုပ်ငန်းစဉ်များကို အများပြည်သူသို့ အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက်ရှိပါသည်။ ကော်မရှင် ၏ Website, Facebook Page နှင့် နိုင်ငံပိုင်သတင်းစာ များတွင် အသိပညာပေးအစီအစဉ်များကို တင်ဆက်လျက် ရှိပါသည်။ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်အဖြစ် ရုပ်သံဇာတ်လမ်းများ၊ တေးသီချင်း များကိုပါ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့် တင်ဆက်လျက်ရှိပါသည်။ ထို့ပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်-UNDP နှင့် ပူးပေါင်းတင်ဆက်နေသော “တက်ညီလက်ညီ” Facebook မှာလည်း လူကြိုက်များ နေပါသည်။

 

ထုတ်လွှင့်ခဲ့သောဇာတ်လမ်းများ

 

အသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အောက်ပါ အသိပညာပေး အစီအစဉ် ရုပ်သံဇာတ်လမ်းတိုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးခဲ့ပါသည်-

စဉ် အသိပညာပေးအစီအစဉ်များ

၁။ မှန်မှန်ကန်ကန်မျှမျှတတ (ရုပ်ပြသီချင်း)

၂။ ကိုယ်ကျင့်တရားအလေးထား(ရုပ်ပြသီချင်း)

၃။ မှန်တာကိုပြောပါ(ရုပ်ပြသီချင်း)

၄။ ရိုးသားပါ(ရုပ်ပြသီချင်း)

၅။ မျှတသောယှဉ်ပြိုင်ခြင်း(ရုပ်ပြသီချင်း)

၆။ ရထိုက်ခွင့်မရှိသော အခွင့်အရေးကို ပေးခြင်း (ရုပ်သံဇာတ်လမ်းတို)

၇။ တင်ဒါအကြောင်းသိကောင်းစရာ(ရုပ်ပြသရုပ်ဖော်)

၈။ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ(ICAC)ဇာတ်လမ်းအပိုင်း(၄)ပိုင်း( ဟောင်ကောင်အဂတိ တိုက်ဖျက်ရေးကော်မရှင်မှ ကူညီသည်။)

၉။ အရာထမ်း၊ အမှုထမ်း(စာတန်းထိုးသီချင်း)

၁၀။ ဖြောင့်မတ်တည်ကြည်မှုသည် တစ်ခုတည်းလမ်း ဖြစ်သည်(ရုပ်ပြသီချင်းသရုပ်ဖော်)

၁၁။ တံခါးမှူး ဒတ္ထသို့တမ်းခြင်း (ရွှေမန်းချမ်းသာ) ရုပ်သံဇာတ်လမ်းတို ဒါရိုက်တာမြတ်ခိုင်

၁၂။ ဤအပြုအမူမျိုး ပြုလုပ်သင့်ပါသလား

(သရုပ်ဆောင်-ရန်အောင်နှင့်အဖွဲ့)

၁၃။ ကျင့်ဝတ်လိုက်နာကြပါစို့

(သရုပ်ဆောင်- ရဲအောင်၊ သန်းသန်းစိုး)

၁၄။ အနာဂတ်ဘဝအောင်မြင်ချင်လျှင်

(သရုပ်ဆောင်- ခန့်စည်သူ)

၁၅။ ဘယ်သူနိုင်မည် ထင်ပါသလဲ

(သရုပ်ဆောင်- ပွင့်၊ ယွန်းယွန်း)

၁၆။ ဖေ့ဖေ့အပြစ်ပါ

(သရုပ်ဆောင်- နေဆန်း၊ အားကိုးရာ)

၁၇။ ကမ္ဘာကြီးကို ပိုပြီးသာယာလှပစေသူ

(သရုပ်ဆောင်-ကျော်ထက်အောင်)

၁၈။ အကျိုးစီးပွားပဋိပက္ခမှရှောင်ရှားခြင်း

(သရုပ်ဆောင်- ခန့်စည်သူ၊ မေသဉ္ဇာဦး)

၁၉။ ကပ်ပါးပင်မဖြစ်စေလိုပါ

(သရုပ်ဆောင်- နေမျိုးအောင်၊ ထွန်းကိုကို)

၂၀။ လက်ကိုသန့်ရှင်းအောင်ထားကြပါစို့

(သရုပ်ဆောင်- လူမင်း၊ ခိုင်သင်းကြည်)

 

အသိပညာအဖုံဖုံစုံညီ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တင်ဆက်ခဲ့သော ဇာတ်လမ်း(အသီးသီး)တွင် ရည်ရွယ် ချက်အသီးသီးရှိပါသည်။ သူ့ဇာတ်လမ်းနှင့်သူ အံဝင်ခွင်ကျ ချည်းဖြစ်ပါသည်။ စွဲမက်ဖွယ်၊ သင်ခန်းစာယူဖွယ်များ လှပါသည်။ ထိုများစွာထဲက ဒါရိုက်တာ ဝေဠုဝဿန် ရိုက်ကူးသော “လက်ကို သန့်ရှင်းအောင်ထားကြပါစို့”ဆို သည့် ဇာတ်လမ်းကလေးကို ကောက်နုတ်တင်ဆက်ပါရ စေ . . . ။

 

လက်ကိုသန့်ရှင်းအောင်ထားကြပါစို့

 

“ လက်ကိုသန့်ရှင်းအောင်ထားကြပါစို့ ” ဇာတ်လမ်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်လွှင့် ခဲ့သော အသိပညာပေးဇာတ်လမ်းတိုတစ်ခုဖြစ်ပါသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းနှင့် အကယ်ဒမီ ခိုင်သင်းကြည်တို့က မိဘများအဖြစ် ဦးဆောင်ပါဝင်ထား ပြီး အထက(၂)တာမွေမှ Grade-10 ကျောင်းသူ မစော ရတနာ (သရုပ်ဆောင်အမည် မခင်ဖြူ) က သမီးနေရာမှ သရုပ်ဆောင် ရိုက်ကူးထားပါသည်။ အဂတိလိုက်စားမှုကို ကျူးလွန်မိတော့မည့် မိဘနှစ်ပါးသည် သမီး မခင်ဖြူ(စောရတနာ)၏ဟောပြောမှုကြောင့် အမှန်တရားရသွား ပုံကို သရုပ်ဖော်ထားခြင်းပါ။

 

လက်ကို သန့်ရှင်းနေမည်ဆိုလျှင် နိုင်ငံတော်ကြီး ဘယ်တော့မှ ဆုတ်ယုတ်ကျဆင်းပြိုလဲမှာ မဟုတ်ပါ။ လက်သန့်ရှင်းသောလူသားသည် ရိုးသားဖြောင့်မတ်သော သူ၊ ရောင့်ရဲတင်းတိမ်မှုရှိသောသူကို ဆိုလိုပါသည်။ ထို့ပြင် လူသားတို့ရဲ့ ပင်ကိုသဘာဝအရ လောဘဆိုတာ ရှိပါ သည်။ မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာ ငွေကြေးပမာဏစတဲ့ရုပ်ဝတ္ထုပစ္စည်းအခြေအနေမျိုးစုံတို့နှင့် မတင်းတိမ်နိုင်ကြပါ။ ထို့ကြောင့် လူတွေရဲ့ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်းရင်း တွေထဲတွင် “ ရောင့်ရဲတင်းတိမ်မှုမရှိခြင်း ” သည် အဓိက အချက်တွေထဲမှာ ပါဝင်ပါသည်။ လူတွေ၏ ဒုက္ခအခက် အခဲများ ကြီးမားလာရခြင်းသည် မရလို့လည်းမဟုတ်ပါ။ မရှိလို့လည်း မဟုတ်ပါ။ ရောင့်ရဲတင်းတိမ်မှု မရှိခြင်း ကြောင့် လူတွေ၏ ဒုက္ခနှင့်အခက်အခဲများ ပိုမိုကြီးမားလာ ရခြင်းဖြစ်ပါသည်ဟူ၍ မစောရတနာက သရုပ်ဆောင် ပြောကြားသွားပါသည်။ သူ့ပြောကြားချက်က ထိမိလွန်း လှပါသည်။

 

လက်သန့်ရှင်းရေးအချက်(၃)ချက် ဇာတ်လမ်းပမာ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ လက်ကိုသန့်ရှင်းအောင် ထားကြရန်အတွက် အချက်(၃)ချက်ကို လိုက်နာဆောင် ရွက်ဖို့လိုအပ်ပါသည်-

(၁) မကောင်းမှုမှန်သမျှ လက်ထဲမှလွှတ်ချပါ။

မကောင်းမှုကို ပထမဆုံးအကြိမ်ပြုလုပ်မိခြင်းသည် ဒုတိယအကြိမ် မကောင်းမှုပြုရန် မကောင်းမှုတံခါးပေါက် ကိုဖွင့်ပေးခြင်း ဖြစ်သွားပါလိမ့်မည်။ တတိယအကြိမ် မကောင်းမှုသည် နောက်ကလိုက်ပြီး ထိုအမှားများကို ဖုံးမရ ဖိမရ ဖြစ်လာပြီး နောက်ထပ်အကြိမ်ပေါင်းများစွာ အမှားများ လုပ်ဆောင်မိလာပါလိမ့်မည်။ ထို့ပြင် အဂတိ လိုက်စားမှုပြုရန် ပထမအကြိမ်လက်ခံခြင်းသည် မကောင်း မှုကို ဆက်တိုက် လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်ခြင်းပင် ဖြစ်ပါ သည်။

 

(၂) မိမိလက်နှစ်ဖက်က ကောင်းတာတွေပဲ လုပ်ဆောင်ရမယ်။

သဘာဝက လက်နှစ်ဖက်ကို ပေးခဲ့ခြင်းသည် တစ်ပါး သူ၏ အကျိုးတစ်စုံတစ်ရာကို စုပ်ယူဖျက်ဆီးရန် မဟုတ်ပါ။ နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာ တည်ဆောက် ပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကောင်းတဲ့အရာကို ခဏခဏ ပြုလုပ်ကြရမည်။ သို့မှသာ လူ့စိတ်သည် ကောင်းသည့်အရာများနှင့် နီးစပ်မှုရှိလာပါမည်။ ကောင်းမှု တွေ မပြုလုပ်မိခြင်းက မကောင်းမှုတွေ လုပ်ဆောင် မိအောင် အလွယ်တကူ အခွင့်အရေးဖွင့်ပေးထားခြင်း ဖြစ်လိမ့်မည် ဖြစ်ပါသည်။

 

(၃) စိတ်ကောင်းနှလုံးကောင်းနှင့်ကောင်းမွန်သည့် ကိုယ်ကျင့်တရားကိုပျိုးထောင်ပါ။

စနစ်တကျပျိုးထောင်မှုမရှိဘဲနှင့် ဘယ်အရာကိုမှလိုချင် လို့မရပါ။ မိမိလက်နှစ်ဖက်နှင့် မိမိရဲ့စိတ်နှလုံးသားထဲမှာ ကောင်းမွန်သည့်ကိုယ်ကျင့်တရားကိုမွေးမြူပါ။ ကောင်း မွန်သည့်ကိုယ်ကျင့်တရားမှ ဘဝတစ်လျှောက်လုံးအတွက် အရိပ်ကောင်းကိုရရှိစေပါလိမ့်မည်ဟူ၍ မစောရတနာက ပြောကြားခဲ့သည်မှာ သရုပ်သကန် ပီပြင်လွန်းလှပါသည်။ ထို့ပြင် ပူးပေါင်းပါဝင်သရုပ်ဆောင်ကြသော ပြင်ပပညာ ရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များကိုလည်း ကျေးဇူးတင်လှပါသည်။

 

နိဂုံး

(၁) ဇာတ်လမ်းများသည် မှတ်တမ်းများ ဖြစ်ပါသည်။

(၂) ထိုမှတ်တမ်းများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မော်ကွန်းများပင်ဖြစ်ပါ

ကြောင်း . . . ။ ။