ရှေ့နေနှင့် လုလင်လုံမ

Type
၁

ဆောင်းပါး

======

 

ရှေ့နေနှင့် လုလင်လုံမ

============

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း
“ဆရာ”
 “ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် လုလင် လုံမပါတဲ့”
“ဘာအဓိပ္ပာယ်လဲ ဆရာ”
“နယ်ပယ်စုံက ထင်ရှားသူများ ရေးသားထားတဲ့ လူငယ်များသို့ စာမွန်များ စာအုပ်အကြောင်း ဆွေးနွေး ရေးသားချင်လို့ပါ”
“စာအုပ်အမည်က ဘာလဲဆရာ”
“လုလင်လုံမဘာရွေးကြမယ်” ဖြစ်ပါတယ်။ 
“စိတ်ကူးချိုချို အနုပညာစာအုပ်တိုက်” က ၂၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ ထုတ်ဝေတဲ့ စာအုပ်ပါ။
“စိတ်ဝင်စားပါတယ်ဆရာ”
“ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့”
မာတိကာ
လုလင်လုံမဘာရွေးကြမယ်စာအုပ်တွင် အောက်ပါ စာမွန် (၁၂)ပုဒ် ပါရှိသည်-
၁။    ကျောင်းသားဝတ္တရား၊ ရေးသူ- မောင်အောင်ဆန်း (ဘီ-အေ)
၂။    တို့ဗမာနဲ့ ကျောင်းသားလူငယ်၊ ရေးသူ- သခင် တင်မောင်(ကျုံမငေး)
၃။    အောင်ဇော၊ ရေးသူ- ဝင်းတင်
၄။    ဇွဲသတ္တိနှင့် ဖွဲသတ္တိ၊ ရေးသူ - မောင်သော်က
၅။    ကြီးမြတ်တဲ့ တစ်သက်တာ ဂုဏ်ပြောင်တဲ့ သေဆုံးမှု၊ ရေးသူ - ဇော်ဝင်းကို
၆။    ရွက်နုတွေ ဝေစေချင်လို့၊ ရေးသူ- အောင်သင်း
၇။    လူငယ်လမ်းညွှန်တဲ့လား၊ ရေးသူ - ကြည်မင်း
၈။    လူငယ်နှင့် နိုင်ငံရေး၊ ရေးသူ - ဦးတင်ဦး (ကျူရှင်)
၉။    လူငယ်နှင့်   လွတ်လပ်မှုတန်ဖိုး၊   ရေးသူ - ဦးတင်ဦး (ကျူရှင်)
၁၀။    လူငယ်နှင့် ပညာရေး၊ ရေးသူ - ဒေါက်တာ မြင့်မြင့်ခင်
၁၁။    ခေတ်သစ် ပုတ္တောဝါဒ ၊ ရေးသူ - ဒေါက်တာ အောင်ကြီး
၁၂။    လုလင် လုံမ ဘာရွေးကြမယ် ၊ ရေးသူ - မင်းကိုနိုင်
၁။ ကျောင်းသားဝတ္တရား  
 မောင်အောင်ဆန်း (ဘီ-အေ)က အောက်ပါအတိုင်း ရေးသည်-
“အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထို ကမ္ဘာဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်း အစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်း လူတိုင်းမှာ သိ၊ ကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ် ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ် ကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ် အမွေခံ ဖြစ်ကြ သော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူး သဖြင့် အသက် ၁၆ နှစ်၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေ” မှ မကင်းလွတ်ကြချေ။ “ယင်းသို့ဖြစ်လျှင် ကျောင်းသား၏ ဝတ္တရားသည် အဘယ်နည်း။”
“အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ    တန်းစာကျက်၍၊    စာမေးပွဲ အောင်ရုံမျှဟူသော အများအယူအဆတိမ်းခြင်း၏ အဖြစ် ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျ သည့် အယူမျှသာ ဖြစ်ပေသည်။” “ကျောင်းတွင်တစ်ခါမျှ မနေဖူး၍ စာတစ်လုံးမျှ မသင်ဖူးသူတွင် ပညာရှိဖြစ်နိုင်၏”
၂။ တို့ဗမာနဲ့ ကျောင်းသားလူငယ် 
သခင်တင်မောင် (ကျုံမငေး) က -
“၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အိန္ဒိယပြည်နဲ့ ဗမာ ပြည်ခွဲခွာလိုက်ပြီး ဗမာပြည်မှာ "၉၁ ဌာန အုပ်ချုပ်ရေး သစ်"လို့ ကင်ပွန်းတပ်ထားတဲ့ ၁၉၃၅ ခုနှစ် ဗမာပြည် အုပ်ချုပ်ရေး ဥပဒေအရ အုပ်ချုပ်ရေးစနစ်သစ်ကို စတင် လိုက်ပါတယ်။”
 “လူကြီးပိုင်း နိုင်ငံရေးသမားကြီးတွေရဲ့ လမ်းစဉ်နဲ့ လူငယ်ပိုင်းက ရှေးရှုနေတဲ့နိုင်ငံရေး လမ်းစဉ်ဟာ ဘယ်လို ခြားနားပြီး ဘယ်နိုင်ငံရေးလမ်းစဉ်က မှန်ကန်တယ် ဆိုတာကိုလည်း ပြည်သူလူထုက သိလာခဲ့ကြပါတယ်။”
“အဲဒီလို တို့ဗမာအစည်းအရုံးကြီးနဲ့ ကျောင်းသား သမဂ္ဂတို့ရဲ့ အပြန်အလှန် ရင်းနှီးအားပြုခဲ့ကြရတာတွေ ဟာ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကြီးမှာ ပိုပြီးခိုင်မာလေးနက်လာခဲ့ရပါတယ်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ် ဟာ တစ်ပြည်လုံးမှာရှိကြတဲ့ ကျောင်းသားတွေကို နိုင်ငံ ရေး စိတ်ဓာတ်တွေ  တက်ကြွအောင် သွေးထိုးလှုံ့ဆော်ပေး လိုက်တဲ့ သပိတ်ကြီးဖြစ်ပါတယ်။ ဗမာတစ်ပြည်လုံးမှာရှိ ကြတဲ့ ကျောင်းသားအားလုံးကို တစ်လုံးတစ်စည်းတည်း ဖြစ်လာအောင် ဖန်တီးပေးလိုက်တဲ့အတွက် မကြာခင် မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီး ရယ်လို့ ပေါ်ပေါက်လာခဲ့ရပါတယ်” စသည်ဖြင့် ရေးထား သည်။
၃။ အောင်ဇော  
ဝင်းတင်က “စိတ်ပညာရှင်တို့ အဆိုအရ ထိုတွန်းအား ကို ဖြစ်ပေါ်စေသည့် သက်ရောက်အားသည် အောင်မြင် ကြီးပွားတိုးတက်ထွန်းကားလိုသော ဇောစိတ်ဖြစ် ကြောင်း ဝေါဟာရအားဖြင့် အောင်ဇော ဟု ဆိုပါစို့ဟု အစချီကာ အောင်ဇောအကြောင်း ရေးထားသည်။ စိတ် ပညာရှင်တို့သည် အောင်ဇောကို စိတ်ဓာတ်ရေးရာ ဗိုင်းရပ်ပိုးမွှားသဘောမျိုး သတ်မှတ်သည်။ ဗိုင်းရပ်ပိုးမွှား ကို ဓာတ်ခွဲခန်းတွင် စူးစမ်းရှာဖွေဘိသကဲ့သို့ အောင်ဇောကို သုတေသနပြုလေသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အောင်ဇော၊ ထိုမှတစ်ဆင့် လူ့အသိုင်းအဝိုင်းတစ်ခု၏ အောင်ဇော၊  ထိုမှတစ်ဆင့် လူမျိုးတစ်မျိုး၏ အောင်ဇော၊ ဒေသနယ်ပယ်တစ်ခု၏ အောင်ဇော၊ ထိုမှတစ်ဆင့် တိုင်းနိုင်ငံတစ်ခု သို့မဟုတ် ခေတ်တစ်ခေတ်၏ အောင်ဇော ကို ခွဲခြားစိတ်ဖြာလေ့လာသည်။ သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာသည့် လူမျိုး၏အောင်ဇော၊ ခေတ်၏ အောင်ဇော၊ တိုင်းနိုင်ငံဒေသ၏ အောင်ဇော အပြင်းအပျော့၊  အတင်း အလျော့၊ အမြင့် အနိမ့်၊ အသွက် အနှေး၊ အမြန် အကြာ တို့ကို တွက်ဆလျက် ထိုလူမျိုး၊ ထိုခေတ်၊ ထိုနိုင်ငံ ဒေသတို့၏ လူမှုစီးပွားတိုတက်မှု နှင့် ခေတ်မီ ပြောင်းလဲမှု သမိုင်းအဖြေကို ဖော်ထုတ်လေသည်” စသည်ဖြင့် ရေးသည်။
၄။ ဇွဲသတ္တိနှင့် ဖွဲသတ္တိ
 မောင်သော်က က ဇွဲသတ္တိနှင့်ဖွဲသတ္တိအကြောင်း ရေးသားရာတွင် -
“သတ္တိဆိုသည်မှာ အကြောက်တရားကို ကျော်လွှား နိုင်ခြင်းပင် ဖြစ်သည်” ဆိုတဲ့ သိုးဆောင်းလူမျိုးတို့ရဲ့ ထုံး ကို အကြိုက်ဆုံးပဲ။ ဟုတ်တယ်၊ မကြောက်တတ်လျှင် သတ္တိမရှိနိုင်ဘူး။ ကြောက်စရာရှိတာကို ကြောက်ဖို့ကောင်း တဲ့အကြောင်း သိရှိထားပြီးမှ ဒီအကြောက်တရားကို ဘယ်လိုဖယ်ရှားမယ်၊ ဘယ်ပုံတွန်းလှန်မယ်ဆိုတာကို သိရှိပြီး လုပ်စရာရှိတာကို ရဲဝံ့စွာ လုပ်ဆောင်နိုင်ခြင်းဟာ သတ္တိအစစ်ပဲဖြစ်တယ်။ ဟုတ်တယ်၊ ကြောက်ရ ကောင်း မှန်းမသိလို့ လုပ်ရတဲ့သတ္တိဟာ မိုက်ရူးရဲ သတ္တိပဲ ဖြစ် တယ်။ စစ်မှန်တဲ့သတ္တိ မဖြစ်နိုင်ဘူး” ဟု ရေးသားခဲ့သည်။
၅။ ကြီးမြတ်တဲ့ တစ်သက်တာ 
ဂုဏ်ပြောင်တဲ့ သေဆုံးမှု 
ဇော်ဝင်းကို က “ရွေးချယ်မှုနှင့် ရွေးချယ်ခွင့်အကြောင်း” ပြောပြသည်။  “ရွေးချယ်မှုဆိုတာက လူတိုင်း အမြဲတစေ ကြုံတွေ့ရတဲ့ ကိစ္စပဲ။ နေ့တဓူဝ (နိစ္စဓူဝ) ကိစ္စတွေမှာကိုပဲ ရွေးချယ်မှုကို လုပ်နေရတာပါ။ ဥပမာ ထွန်းတေဇာ အိပ်ရာ ထပြီဆိုပါတော့။ မနက်အိပ်ရာနိုးတာနဲ့ ချက်ချင်း ထရ မလား၊ ဆက် ‘နှပ်” ရဦးမလားဆိုပြီး စဉ်းစားရပါတယ်။ အိပ်ရာကထပြန်တော့ ကိုယ်လက် အရင် သန့်စင်ရမလား၊ မျက်နှာအရင်သစ်ရမလား ရွေးချယ်ရပြန်ရော။ ဒီနောက် ဘာအဝတ်အစား ဝတ်မလဲ ဆိုတာ ရွေးချယ်ရပြန်တယ်။ အဲဒီနောက်တော့ တစ်နေ့လုံးအတွက် ရွေးချယ်စရာတွေနဲ့ မဖြစ်မနေ ရင်ဆိုင်ရတော့တာပဲ။ သေးဖွဲတာရော၊ ကြီးမားတာရောပေါ့” စသည်ဖြင့် ရေးသားဖော်ပြပါရှိသည်။
၆။ ရွက်နုတွေ ဝေစေချင်လို့ 
အောင်သင်း က  “ကျွန်တော် အသက် ၈၃ နှစ်ထဲ‌ ရောက်နေပါပြီ။ ရွက်ဟောင်းကြီး ဆိုပါစို့။ ရွက်ဟောင်းကြီး ဆိုတော့ ကြွေရက်ကလည်းနီးလာပြီပေါ့။ ရွက်ဟောင်းတွေ ကြွေရင် ရွက်သစ်တွေဝေမှ သင့်ပါလိမ့်မယ်။ ရွက်ဟောင်း ကြွေလျက် ရွက်သစ်မဝေလျှင် ထိုသစ်ပင်မှာ ခြောက်သ ယောင်း သွားရလိမ့်မည်။ သို့သော် လူ့လောကတည်းဟူ သော သစ်ပင်ကြီးက ဘယ်တော့မှ အသေခံခြောက် သယောင်း မသွားပါ။ ရွက်သစ်တွေ တဝေဝေဖြစ်နေ တတ်မြဲ ဖြစ်ပါသည်။ လောင်းရိပ်မိသော၊ အပူလောင်သော ရွက်နုတွေသာလျှင် နုလျက်နှင့် မဝေနိုင်ဘဲ ကြွေသွားရ တတ်မြဲ ဖြစ်သည်။ ‘ရွက်နုကြွေ’ပေါ့။” ထိုကဲ့သို့ ရွက်နုကြွေ မဖြစ်ဘဲ ရွက်နုတွေ ဝေစေချင်တာကြောင့် မျိုးဆက်သစ် အတွက် ခွန်အားသစ်စာပေတွေကို ကျွန်တော်ကြိုးစားပမ်းစားရေးနေမိကြောင်း၊ ရွက်နုလူငယ်များသို့ လူငယ် အချင်းချင်း ရိုင်းပင်းကြ၊ ရွက်နုဝေအောင် စွမ်းဆောင်ကြ ဟု ဆရာအောင်သင်းက နှိုးဆော်တိုက်တွန်းထားသည်။
၇။ လူငယ်လမ်းညွှန်တဲ့လား 
ကြည်မင်းကရေးသားသည်မှာ - စာဖတ်ခြင်းမှာ ရသ ဆိုလျှင် ခံစားမှုရရန် ဖြစ်၏။ သုတဆိုလျှင် အသိပညာ ရရန်ဖြစ်၏။ ဝါသနာအရဆိုလျှင် စိတ်အပန်းဖြေရန်ဖြစ်၏။ ခံစားမှုတို့ အသိပညာတို့ အပန်းပြေမှုတို့အတွက် စာအုပ်များထံကသာ ရယူမည်ဟု ဥပဒေသတ်မှတ် မထား ပါ။ စာမဖတ်ဘဲ တခြားတစ်ပါးသော နည်းဖြင့် အသိပညာ ရယူနေသည်ဆိုလျှင် စာမဖတ်ဖြစ်ခြင်းကို ယိုးမယ်ဖွဲ့ မနေသင့်ဟု ထင်ပါသည်။ စာဖတ်ခြင်းကို စာအုပ်လှန်ပြီး တကယ်ဖတ်ရှုနေခြင်းဖြင့် တိုင်းလျှင်တော့ တစ်မျိုးဖြစ် မည်။ ကျွန်တော်ကတော့ သိသင့်သိထိုက်တာတွေ သိချင် တာတွေကို စာအုပ်များထံမှ မဟုတ်ဘဲ တခြားနည်းလမ်း ဖြင့် ရယူနေလျှင်လည်း “စာဖတ်သည်” ဟုသတ်မှတ် မည်သာဖြစ်ပါ၏” စသည်ဖြင့် ရေးထားသည်။ 
၈။ လူငယ်နှင့် နိုင်ငံရေး 
ဦးတင်ဦး (ကျူရှင်) က  “လူငယ်များသည် နိုင်ငံရေးနှင့် ကင်း၍ မရသဖြင့် နိုင်ငံရေးတွင် ကိုယ်စွမ်းနိုင်ရာ ကဏ္ဍ ကတော့ ပါနေကြရမည်သာဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး နယ်ပယ်မှာပင် မြှုပ်နှံကာ နိုင်ငံရေးခေါင်းဆောင်ဖြစ်လို သည်ဆိုလျှင်ကား ပညာကို ဆည်းပူးကြရပါမည်” စသည် ဖြင့် ရေးသည်။
၉။ လူငယ်နှင့် လွတ်လပ်မှုတန်ဖိုး 
ဦးတင်ဦး (ကျူရှင်) ကပင် “အဖိုးတန်သော ရတနာစိန် ကျောက်သည်ပင်လျှင်  ရွှေနှင့်ကွပ်ပေးလိုက်မှ  ပို၍ လင်းလက် ကျက်သရေတက်လာသကဲ့သို့ပင် လူ့အဖွဲ့ အစည်းတွင် လွတ်လပ်မှုရှိမှသာလျှင် လူငယ်တို့မှာလည်း လင်းလက် အရောင်တက်ကာ နိုင်ငံ၏အဖိုးထိုက်ရတနာ ဖြစ်လာနိုင်ကြောင်း” အသိပေးထားသည်။
၁၀။ လူငယ်နှင့် ပညာရေး 
 ဒေါက်တာမြင့်မြင့်ခင်က “လူကြီးတွေအတွက် ပြောရ လျှင်လည်း  လူငယ်ပညာရေးဆိုတာက   တိုင်းပြည်ရဲ့ အနာဂတ်ပဲ။ သူတို့ကို အားကိုးနေရတာ။ ဒီတော့ လူငယ် ပညာရေးဆိုတာ ကိုယ်ရေး ကိုယ်တာ တစ်မည်တည်း အတွက် မဟုတ်တော့ဘူး။ လူမျိုးရေး၊ တိုင်းပြည်ရေး အဲဒီကနေ သွယ်ဝိုက်ပြီး နောက်ဆုံး ကိုယ့်အရေးဖြစ်လာ တယ်။ အထူးဦးစားပေးထိုက်တဲ့ အရေးပါ” ဟု ရေး 
သည်။
၁၁။ ခေတ်သစ် ပုတ္တောဝါဒ 
ဒေါက်တာအောင်ကြီး က  “ရန်ပွဲနဲ့ကြုံရင် ဘယ်တော့မှ ဦးဆုံး လက်မပါစေနဲ့။ ဒါပေမယ့် ပြန်ချပြီဆိုရင်တော့ နာနာသာ နှက်ပေရော့” စသည်ဖြင့် ရှင်းလင်းသောအမြင် ဖြင့် ရေးထားသည်ကိုလည်း ဖတ်ရသည်။
၁၂။ လုလင် လုံမ ဘာရွေးကြမယ် 
မင်းကိုနိုင်က “ခေတ်လူငယ်တွေကို ကျွန်တော်ပြောချင် တာက ကျွန်တော်တို့ခေတ်တွင် စာအုပ်စာပေအပါအဝင် ပညာလေ့လာလိုသူတိုင်းအတွက် ရင်းမြစ်များ ရှားပါးခဲ့ပါ သည်။ ခုခေတ်တော့ အင်တာနက်တွင် ကလစ်တစ်ချက် ခေါက်ရုံဖြင့် လေ့လာလိုသမျှ ဘာသာရပ်ဆိုင်ရာ ရင်းမြစ် တွေ ဝေါခနဲ ထွက်ကျလာပါပြီ။ ပေါများပါပေ့။ ပေါများလှ သော အရာတွေထဲက ခေတ်လူငယ်တွေ ဘာတွေကိုများ ရွေးကြမှာပါလိမ့်” ဟု မေးခွန်းထုတ်ခဲ့သည်။ မင်းကိုနိုင်၏ ဆောင်းပါးခေါင်းစဉ်ဖြစ်သော လုလင်လုံမ ဘာရွေးကြမယ် အမည်ကိုပင် လူငယ်များသို့ စာမွန်များစာအုပ်၏ အမည် အဖြစ် သုံးစွဲထားကြောင်း တွေ့ရသည်။

နိဂုံး
နိုင်ငံရေးနယ်ပယ်၊ ပညာရှင်နယ်ပယ်၊ သတင်းစာနှင့် စာပေနယ်ပယ်တို့မှ ထင်ရှားသူများ၏  စာမွန်များကို လေ့လာဖတ်ရှုကြပြီး လူငယ်အပေါင်း နိုင်ငံ့ကောင်းကျိုး ပြုနိုင်ကြပါစေကြောင်း . . .။