ရှေ့နေနှင့် မာန်

Type
၁

ဆောင်းပါး

======

 

ရှေ့နေနှင့် မာန်

=========

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် မာန်ပါတဲ့”

“ဘာအဓိပ္ပာယ်လဲ ဆရာ”

“စာရေးဆရာ ဒေါက်တာဖြိုးသီဟ ရေးသားပြုစုတဲ့ “မာန်” အမည်ရှိ စာအုပ်အကြောင်း မိတ်ဆက်ရေးသား တင်ပြချင်လို့ပါ။ “မာန်”ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာကြောင့်ရေး ခဲ့သလဲ။ ဝေခွဲကြည့်ချင်တယ်ဗျာ။ ပြီးတော့ ဒီနေ့လူငယ် တွေရဲ့ အတွေးကိုလည်း သတိထားစောင်းငဲ့ကြည့်တဲ့ သဘောပေါ့။”

“စိတ်ဝင်စားပါတယ်ဆရာ”

“ကိုင်း….ဒါဖြင့် ဖတ်ကြည့်ကြစို့”

 

စာအုပ်အကြောင်း

 

ရန်ကုန်စာပေ ခရီးသွားများစာအုပ်တိုက်က ၂၀၁၆ ခုနှစ် ပထမအကြိမ်၊ ၂၀၁၇ ခုနှစ် ဒုတိယအကြိမ်၊ ၂၀၁၈ ခုနှစ် တတိယအကြိမ် ထုတ်ဝေသည်။ ဆရာလင်္ကာ ရည်ကျော်က ဖန်သားပြင်နှင့် ယဉ်ကျေးမှုဟု ခေါင်းစဉ်တပ် ကာ အမှာရေးသည်။ Facebook မှာရေးသည့် စာကလေး တွေကို နှစ်သက်၍ မိတ်ဆွေဖွဲ့ရာမှ သူ့စာကိုယ့်စာ အပြန် အလှန် Share ကြရင်း ရင်းနှီးသွားပုံ၊ အဲသည်ထဲမှာ ဒေါက်တာ ဖြိုးသီဟလည်းပါပုံ၊ လူငယ်ဆရာဝန်လေးတစ်ယောက် ဖြစ်သော်လည်း အထိအတွေ့နည်းပုံ၊ နောက်ပိုင်းကျမှ သူရေးသောစာကလေးတွေကို နှစ်သက်ပြီး မိတ်ဆွေ ဖြစ်လာပုံ၊ ဒေါက်တာဖြိုးသီဟ၏ စာတွေကဖတ်လေ၊ နစ်လေ၊ လိုက်တွေးကြည့်လေ၊ ကျေနပ်လေ၊ အများကြီး ကျန်သည့်စာမျိုးတွေဖြစ်လာပုံ၊ စာဖတ်နှံ့စပ်ပုံများ ရေးသားထားပြီး “ဖတ်ကြည့်ပါဦးမိတ်ဆွေ”ဟု မိတ်ဆက် ထားသည်။ သုံးကြိမ်ပြန်ရိုက်ရသော စာအုပ်ဖြစ်သည်။

 

မာတိကာ

 

မာန်၊ ဘယ်အလုပ်အတွက်မဆို အသင့်ဖြစ်နေစေမည့် အရည်အသွေး(၁၀)ခု၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရောင်း မလဲ၊ ကြီးကြပ်-စီမံ-ခေါင်းဆောင်၊ အသင်းကောင်းတို့ မည်သည်၊ နှမ်းတစ်စေ့ မဟုတ်တဲ့ ခဲတစ်လုံး၊ ယနေ့လူငယ် ယနေ့ခေါင်းဆောင်၊ ပရဟိတလူငယ်များသို့၊ ဖွဲ့စည်းပုံနဲ့ ဖွဲ့မစည်းပုံ၊ အဲဒါကမှကျွန်တော်တို့အပြစ်၊ အမှတ်စက် များကိုဆက်ခြင်း၊ အသစ် အသစ် အသစ်၊ သင်ယူ-ဆန်းစစ်-ပြန်သင်ယူ၊ ILOC သမားလား ELOC သမားလား၊ လူ(၃)မျိုး၊ ချိတ်ဆက်ခြင်း အနုပညာ၊ ထိပ်ဆုံး ၁ % ထဲ ပါချင်သလား၊ ကိုယ့်ဘဝရဲ့မီးအိမ်ရှင်၊ ကိုယ်ပိုင်မူ တစ်ခုတော့ရှိရလိမ့်မယ်၊ သူများပါးစပ်မှာလမ်းမဆုံးစေနဲ့၊ ခေါင်းမော့နိုင်လောက်တဲ့နေရာ၊ ကိုယ့်ဘဝနဲ့ကိုယ်၊ ကြိုးစားဖို့က နံပါတ်၁၊ ရွေးချယ်ခွင့်၊ နိုင်ငံ့အရင်းအမြစ် တွေအဖြစ် ပြောင်းလဲဖို့၊ လူငယ်နှင့်မျိုးဆက်ပွား ကျန်းမာ ရေးဆိုင်ရာအခွင့်အရေးများ၊ ကျန်းမာစေကြောင်း နည်းကောင်းရှစ်သွယ်စသည့် ဆောင်းပါး (၂၇)ပုဒ် ဖော်ပြ ရေးသားထားသည်။

 

မာန်

 

မာန်၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန် စာမျက်နှာ ၁၇၀ တွင် ထောင်လွှားမောက်မာမှု၊ ခက်ထန်မှုဟူ၍ ဖွင့်ဆိုထား သည်။ မာနဟူသည် ထောင်လွှားခြင်း၊ မောက်မာမှု၊ မာန်ဝံ့မှု ဟူ၍လည်း ဖွင့်ဆိုချက်ရှိသည်။

ဒေါက်တာ ဖြိုးသီဟ ရေးချင်တဲ့ မာန်အကြောင်းက ဘာပါလိမ့်။ ကျွန်တော်တို့ အဘိုးကြီးတွေနှင့် ယနေ့လူငယ် တွေ အမြင်ချင်းမတူကြတော့ပြီမို့ သိချင်မိသည်။ ဖတ် ကြည့်စို့ . . .။

 

အားမာန်

 

အခမ်းအနားတချို့သွားဖူးတယ်။ ဟောပြောပွဲတွေ တက်ဖူးတယ်။ ဂုဏ်ပြုအခမ်းအနားတွေကို ရုပ်သံတွေမှာ ကြည့်ဖူးတယ်။ အဲဒီမှာ ဘာသတိထားမိလဲဆိုတော့ ဟောပြောသူတချို့၊ ဂုဏ်ပြုခံရသူတချို့ဟာ အဝတ်အစား ကို သာမန်လောက်ပဲ ဝတ်စားလာကြတာ တွေ့ရတယ်။ သိပ်ပြီး တခမ်းတနား ပြင်ဆင်မလာဘူး။ အဝတ်အစား ဖက်ရှင်က လူကိုယုံကြည်မှုရှိစေတာတော့ မှန်တယ်။

 

သူတို့ကျတော့ ယုံကြည်မှုကို အဝတ်အစားကနေ ပံ့ပိုးပေးစရာမလိုတော့ဘူး။ သူတို့မှာ ခိုင်မာတဲ့ရပ်တည် ချက်တွေရှိတယ်။ လေးစားလောက်စရာ ဖြတ်သန်းမှုတွေ ရှိတယ်။ ဂုဏ်ယူစရာမှတ်တမ်းတွေ တင်ထားတယ်။ ပညာ ရဲရင့်ပွဲလယ်တင့်တယ်။ အဲဒါတွေက သူတို့ကို ပါဝါထည့် ပေးလိုက်တယ်။ သူတို့မျက်လုံးတွေကိုသွားကြည့်၊ ညှိုးငယ် မနေဘူး၊ ယုံကြည်မှုအပြည့်ရှိတယ်။ အသံတွေကို နားထောင်ကြည့် တုန်ယင်မနေဘူး။ အားမာန်အပြည့်ပဲ။ (စာ- ၁၁)

 

စိတ်ဓာတ်နဲ့ ပညာချမ်းသာခြင်း

 

ပိုက်ဆံဆင်းရဲခြင်းက အငုံ့စိတ်ကိုဖြစ်စေနိုင်တာ မှန် တယ်။ ဒါပေမယ့် စိတ်ဓာတ်နဲ့ပညာ ချမ်းသာခြင်းက အဲဒီ အငုံ့စိတ်ကို ကျော်လွှားပစ်နိုင်တယ်။ လူတစ်ယောက်ကို ယုံကြည်မှု ရှိစေတယ်။ သူ့မျက်လုံး၊ သူ့အသံ၊ သူ့ဟန်ပန် တွေထဲကို ‘မာန်’ ထည့်ပေးလိုက်တယ်။ ဒီအခါမှာ တွေ့ရ၊ မြင်ရ၊ ဆက်ဆံရသူတိုင်းဟာ မလေးစားရင်နေမယ်၊ အထင်တော့ မသေးရဲတော့ဘူး။

သိပ်လှပတဲ့အဝတ်အစားတစ်စုံ၊ သိပ်အဖိုးတန်တဲ့ လက်ဝတ်ရတနာတွေထက် အဲဒီခံယူချက်၊ စိတ်ဓာတ်၊ ပညာနဲ့လုပ်ရပ်တွေက လူတစ်ယောက်ရဲ့ Personality တက်ဖို့ကို ပိုပြီးအထောက်အကူပေးပါတယ်။ (စာ-၁၂)

 

ဘယ်အလုပ်မဆို အသင့်ဖြစ်နေစေမယ့် အရည်အသွေး(၁၀)ခု

၁။ ကျိုးကြောင်းဆင်ခြင်တွေးခေါ်နိုင်စွမ်း(Critical thinking)

၂။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem solving)

၃။ ဖန်တီးနိုင်စွမ်းနဲ့ လိုက်လျောညီထွေ အလုပ်လုပ် နိုင်စွမ်း ( Creativity and Adaptability )

၄။ သတင်းအချက်အလက်ရှာဖွေအသုံးပြုနိုင်မှု (Information literacy)

၅။ ဆက်သွယ်ပြောဆိုခြင်း (Communication)

၆။ စီမံခန့်ခွဲမှုအရည်အချင်း(Management)

၇။ ပူးပေါင်းဆောင်ရွက်မှု(Collaboration)

၈။ ကိုယ့်အသိစိတ်နဲ့ဆောင်ရွက်ခြင်း(Self direction)

၉။ ပရော်ဖက်ရှင်နယ် ပီသမှု(Professionalism)

၁၀။ အကောင်းမြင်စိတ်(Positive Attitude) တို့ဖြစ်သည် . . . တဲ့။(စာ-၁၃ မှ စာ-၁၈)

 

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရောင်းမလဲ

 

အရည်အသွေးမကောင်းတဲ့ ပစ္စည်းဝယ်မိသလိုပေါ့။ အစပိုင်းတော့ အပြောကောင်းရင် အဟုတ်မှတ်ပြီး ဝယ်ကြမယ်၊ နောက်ပိုင်း အကြောင်းသိလာကြတဲ့အခါမှာ တော့ ဘယ်သူမှ ဝယ်ကြတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်ဟာ အပြော သက်သက်ကို ရောင်းတာမဟုတ်ဘဲ ကိုယ့်ရဲ့အရည်အချင်း နဲ့ လုပ်အားကိုပါရောင်းနိုင်ရပါမယ်။ အရည်အသွေး ပြည့်မီ တဲ့ ကုန်ပစ္စည်းတွေ ဖြစ်နေဖို့ကိုလည်း အမြဲမပြတ် အားထုတ်နေရပါမယ်။ ဒီအချက်ကိုတော့ မမေ့ကြစေချင် ဘူး။ (စာ-၂၃)

 

ယနေ့လူငယ် ယနေ့ခေါင်းဆောင်

 

တော်တော်များများက ပြောလေ့ရှိကြပါတယ်။ “ယနေ့ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ” တဲ့။ လူငယ်လေးတစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားဖူးပါတယ်။ ကျွန်တော်တို့က အနာဂတ်ကျမှ ခေါင်းဆောင်ရမှာ မဟုတ်ပါဘူး။ ခုကတည်းက ကိုယ့် သက်ဆိုင်ရာ နေရာအသီးသီးမှာ ဦးဆောင်ကြရမှာပါတဲ့။ ဟုတ်ပါတယ်။ အနည်းဆုံးတော့ အဖွဲ့အစည်းတစ်ခုခု မဟုတ်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ခေါင်းဆောင်ရပါ လိမ့်မယ်။ မြန်မာနိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ ကမ္ဘာကြီး အတွက်ပဲဖြစ်ဖြစ် လူငယ်တွေရဲ့အခန်းကဏ္ဍဟာ ဘယ်ခေတ်ကနဲ့မှမတူအောင် အရေးပါလာကြပါပြီ။ အရေးလည်း ပေးလာကြပါပြီ။ ဒီအခွင့်ကောင်းကို လူငယ်တွေ အမိအရ ဆုပ်ကိုင်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ဓာတ်တွေပြောင်းလိုက်ပါ။ လူငယ်တွေဟာ အနာဂတ်ကျမှ ဦးဆောင်ဖို့လိုတာမဟုတ်ပါဘူး။ ခုကတည်းက ဦးဆောင်ရပါလိမ့်မယ်။ ဟုတ်ပါတယ်။ ‘ယနေ့လူငယ်၊ ယနေ့ခေါင်းဆောင်’ပါ။ (စာ-၄၆)

အဲဒါကမှ ကျွန်တော်တို့ အပြစ်ပါ

 

ဆင်းရဲတဲ့တိုင်းပြည်၊ မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်မှာ လူလာဖြစ်ရတာ ကျွန်တော်တို့တွေရဲ့အပြစ်လား။ မဟုတ် ပါဘူး။ ကျွန်တော်တို့ အပြစ်လုံးဝမဟုတ်ဘူး။ အဲဒီအတွက် လည်း သိမ်ငယ်စရာ မရှိသလို ရှက်နေ၊ အားငယ်နေစရာ လည်း မလိုဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ သေဆုံးသွား တဲ့အခါ ခုလိုပဲ ဆင်းရဲတဲ့တိုင်းပြည်၊ LDC စာရင်းဝင် တိုင်းပြည်၊ ပဋိပက္ခပေါင်း မြောက်မြားစွာနဲ့ တိုင်းပြည် မျိုးကိုပဲ ဆက်လက်ချန်ထားခဲ့ကြဦးမယ်ဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ဖြစ်သွားပြီ။ သိပ်လည်း ရှက်စရာကောင်းသွားပြီ။ ဘယ်သူကမှ မတင်တဲ့ အဲဒီ အပြစ်၊ ဘယ်သူကမှ အရေးမယူ ထောင်မချတဲ့ အဲဒီအပြစ် ကို ကျွန်တော်တို့တွေအားလုံး ရှောင်လွှဲနိုင်ဖို့အတွက် ကြိုးစားသွားကြဖို့တော့ လိုအပ်နေပါပြီ။ (စာ-၆၁)

 

နိုင်ငံ့အရင်းအမြစ်တွေအဖြစ် ပြောင်းလဲဖို့

 

လူငယ်တွေရဲ့ အသံကို နားထောင်မယ်။ လူငယ်တွေကို ပညာသင်ပေးပြီးရင် နောက်ဆုံးအနေနဲ့ကတော့ လူငယ် တွေကို လုပ်ပိုင်ခွင့်ပေးဖို့ပါပဲ။ ကမ္ဘာအနှံ့အပြားမှာလည်း လူငယ်ခေါင်းဆောင်တွေ ပေါ်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာတော့ လူငယ်ဆိုရင် ယုံကြည်မှုနည်းတတ်တဲ့ ပြဿနာက အတိုင်းအတာတစ်ခုထိ ရှိနေတုန်းပဲ။ ဒီနေ့ ခေတ်ကို သေချာရေရာမူ မရှိတော့တဲ့ခေတ်လို့ ဆိုကြပါ တယ်။ သဘောကတော့ အပြောင်းအလဲတွေက သိပ်မြန်တဲ့ အခါ၊ နည်းပညာက တအားတိုးတက်လာတဲ့အခါမှာ အမြဲတမ်း အဆင်ပြေနေမယ်ဆိုတဲ့အလုပ်၊ အမြဲတမ်း အလုပ်ဖြစ်နေမယ့် ဖြေရှင်းနည်းရယ်လို့ မရှိတော့ဘူး။ ဒီအခါမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိဖို့ ဆိုတာထက် ခေတ်ကိုဘယ်လောက်ထိမှန်းဆနိုင်သလဲဆိုတဲ့Vision၊ အပြောင်းအလဲမှာ ဘယ်လောက်မြန်မြန်လိုက်ပါနိုင်သလဲ ဆိုတဲ့ Adaptability ၊ နောက်ပြီးတော့ ပြောခဲ့ပြီးတဲ့ နည်း ပညာအသုံးပြုနိုင်စွမ်း Digital literacy၊ ဒါတွေကပိုပြီး အရေးတကြီးလိုအပ်လာတယ်။ ဒါကြောင့် လူငယ်တွေကို အတွေ့အကြုံနည်းသေးလို့ဆိုပြီး နောက်တန်းပို့ထားလို့ မရတော့ဘူး။ သူတို့ကသာ လက်ရှိခေတ် အနေအထားမှာ ပိုလို့အံဝင်နေတာမျိုးတွေတောင် ရှိလာတယ်။ ဒါကြောင့် လူငယ်တွေကို ယုံကြည်ဖို့၊ နေရာပေးဖို့ လိုပါတယ်။

(စာ-၁၂၁)

 

3E

လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လို့ ပြော တတ်ကြပါတယ်။ လူငယ်လေး တစ်ယောက်တော့ ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားဖူးတယ်။ လူငယ်တွေဟာ အနာဂတ်မှ ဦးဆောင်ရမှာမဟုတ်ပါဘူး။ ခုကတည်းက ဦးဆောင်ကြရတော့မှာပါတဲ့။ လူငယ်တွေဟာ အခုချိန်မှာ အင်နဲ့ အားနဲ့ကို ရှိနေပါတယ်။ ဒါပေမဲ့ အရင်းအမြစ်ရယ်လို့၊ ခေါင်းဆောင်ရယ်လို့ ဖြစ်လာဖို့ဆိုရင်တော့ ကျွန်တော် တို့တွေ လုပ်ပေးရမှာရှိပါတယ်။ 3E ပါ။ 1. Engage သူတို့ကို ပါဝင်စေပါ။ 2. Educate ပညာသင်ပေးပါ။ နောက်ပြီး

3. Empower ယုံယုံကြည်ကြည်နဲ့ လုပ်ပိုင်ခွင့်ပေးပါ. . . တဲ့။ ဤရေးသားချက်ကတော့ ကျွန်တော့်ရင်ကို အထိဆုံး ပါပဲ။

 

နိဂုံး

 

ဒေါက်တာ ဖြိုးသီဟ၏ “မာန်” ကို ကျွန်တော်ဖတ် ပြီးပါပြီ။ ကျွန်တော်ဖတ်ပြီးရုံနှင့် မကျေနပ်သေး။ လူငယ် တွေကို ဖတ်စေချင်သေးသည်။ မာန်အရှိန်ဟုန်ပြင်းစေချင် သေးသည်။ လူငယ်တွေကို နေရာပေးချင်သေးသည်။ နေရာယူကြပါဦး။ ထို့ကြောင့် ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း . . . ။ ။