
သုတေသီတစ်ဦး (ရန်ကုန်တက္ကသိုလ်)
နိုင်ငံတစ်နိုင်ငံ၏ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးသည် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်မျှော်မှန်းပြီး ထိန်းသိမ်း ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အသုံးပြုခြင်းတို့အပေါ် များစွာတည်မှီပါသည်။ မြန်မာနိုင်ငံကို အာရှနှင့် ပစိဖိတ်ဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲအကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုကြပါသည်။
နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများ
သို့စေကာမူ ကောင်းမွန်မှန်ကန်သည့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ် ခြင်းတို့အတွက် နှစ်ပေါင်းများစွာ ပူးပေါင်းကြိုးပမ်း အားထုတ်နိုင်မှုမရှိခဲ့ခြင်းကြောင့် နိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများ ယုတ်လျော့ခဲ့ရပြီးဖြစ်ပါသည်။ အမှန် စင်စစ် ဇီဝမျိုးစုံမျိုးကွဲများသည် သက်ရှိများအား ထောက်ပံ့ပေးသောစနစ် (ဂေဟစနစ်) ၏ အဓိက အစိတ်အပိုင်းဖြစ်သည့်အလျောက် လူ့အဖွဲ့အစည်း ၏သာယာဝပြောရေးအတွက် အလွန်ပင်အရေးပါ လှပါသည်။
ဇီဝမျိုးစုံမျိုးကွဲများသည် အခြေခံလိုအပ်ချက် များဖြစ်သည့် အစားအစာ၊ နေရာထိုင်ခင်း၊ အဝတ် အစား၊ အလှကုန်ပစ္စည်း၊ ဆေးဝါးနှင့် အပန်းဖြေခြင်း အစရှိသည်တို့ကို ပံ့ပိုးပေးသည့်အတွက် ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် မှန်ကန် စွာအသုံးချခြင်းသည် ပဓာနကျပါသည်။ ထို့အပြင် ရာသီဥတု တည်ငြိမ်မျှတရန် ထိန်းညှိခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများအပေါ် လုံးလုံးလျားလျားတည်မှီ နေသည့်အလျောက် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုး သည် ပို၍ပို၍မြင့်မားလာခဲ့ပါသည်။
သဘာဝအရင်းအမြစ်များ (natural resources) များအား ထိန်းသိမ်းကာကွယ်ခြင်းသည် မြန်မာနိုင်ငံတွင် အစိုးရမူဝါဒ၏လုပ်ငန်းတစ်ခု အဖြစ် ရှိနေသည်မှာ ရာစုနှစ်တစ်ခုနီးပါးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော သဘာဝနယ်မြေ ကို ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပါသည်။ စနစ်သစ် ထိန်းသိမ်းကာကွယ်ခြင်းသည် ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကာလတွင် အစပြုခဲ့ပါ သည်။ တည်ထောင်ပြီးသဘာဝနယ်မြေ ၃၉ ခုအနက် ခုနစ်ခုသည် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Parks _ AHPs) များအဖြစ် သတ်မှတ်ခံ ထားရပါသည်။ အာဆီယံအမွေအနှစ်ဥယျာဉ်များ သည် အာဆီယံနိုင်ငံများတွင် ဇီဝမျိုးစုံမျိုးကွဲတန်ဖိုး သို့မဟုတ် ထူးခြားမှုအရ အသိအမှတ်ပြုခံရခြင်း ဖြစ်ပြီး ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော် ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်း တော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင် အမျိုးသား ဥယျာဉ်တို့ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ရမ်ဆာ ဒေသတစ်ခု (Ramsar Site) ဖြစ်သော မိုးယွန်းကြီး ရေတိမ်ဒေသကို သတ်မှတ်ထားပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာများ အမည်စာရင်းတင်သွင်းရန် ဆောင်ရွက်လျက်ရှိပါသည်။
သဘာဝနယ်မြေ ၃၉ ခု
အထက်ပါ တည်ထောင်ပြီး သဘာဝနယ်မြေ ၃၉ ခုတွင် ဝက်သည်းကန်ဘေးမဲ့တောသည် ၁၉၃၉ ခုနှစ်ကတည်းက စိုက်ပျိုးရေးနှင့် သစ်တောဌာန၏ ခွင့်ပြုမိန့်အမှတ် ၂၇၅ (Notification No.275) အရ စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင်ရှိသော ရေတိမ်ရေဝပ်ဒေသ (Small Wetland) တစ်ခုဖြစ်ပါသည်။ ၎င်းအပေါ်တွင် မှီခိုရေငှက်များ (Waterbirds) နှင့် အခြားရေနေ သက်ရှိများ (Aquatic Fauna) များကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ပါသည်။
ဝက်သည်းကန်ဘေးမဲ့တောသည် မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၏ အနောက်ဘက် တစ်ကီလိုမီတာနှင့် မင်းဘူးမြို့၏ အနောက်မြောက် ဘက် ကီလိုမီတာ ၅၀ အကွာအဝေးတွင် တည်ရှိပါ သည်။ စုစုပေါင်း ၄ ဒသမ ၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀ ရှိပြီး ကန်နှင့်ဆက်စပ်လျက် ၈၂ ကီလိုမီတာ မြင့်သော ကန်ချောင်တောရ သာသနာ့ကုန်းနယ်မြေ တစ်ခုလည်းရှိပါသည်။ ရေဝပ်ဒေသအမျိုးအစား တစ်ခုဖြစ်ပြီး ရေအရင်းအမြစ်အဖြစ် မိုးရေနှင့် ဆည်ရေတို့ကို အားထားရပါသည်။ မိုးရာသီ မိုးများ ချိန်တွင် ရေမျက်နှာပြင်မြင့်တက်လာ၍ ရေကြီးရေလျှံ ပြီး ကန်နှင့်ဆက်သွယ်ထားသော ရေထုတ်ပေါက် (Sluice Gate) မှ ဆည်တူးမြောင်းများအတွင်းသို့ ဖြတ်သန်းစီးဆင်းပါသည်။ ဝက်သည်းကန်ဘေးမဲ့ တောဒေသ၏နေရင်းသက်ရှိများ (Fauna and Flora) နှင့် အခြားသောဂေဟစနစ် အချက်အလက်များကို ပိုမိုကောင်းမွန်သောစီမံအုပ်ချုပ်မှု ရှိလာစေရန် လည်းကောင်း၊ နယ်မြေဧရိယာကို စနစ်တကျ သတ်မှတ်မှု၊ ရေနေသက်ရှိ၊ အပင်တို့ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကို ထိန်းကွပ်ရန်လိုအပ်မှုတို့ကို အထောက်အကူပြုရန်အတွက်လည်းကောင်း၊ သုတေ သနလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်သင့် ပါသည်။ လက်လှမ်းမီသလောက်လည်း သုတေသန များပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဝက်သည်းကန်ဘေးမဲ့ တောသည် သမိုင်းနောက်ခံအကြောင်းအရာများ ရှိသကဲ့သို့ နိုင်ငံတော်၏ဘာသာ၊ သာသနာ၊ ယဉ်ကျေး မှုဓလေ့များအတွက် ကာကွယ်စောင့်ရှောက်သင့် သောနေရာတစ်ခုလည်းဖြစ်ပါသည်။
အပင်မျိုးစိတ် ၁၂၈ မျိုး
ဝက်သည်းကန်ဘေးမဲ့တောအတွင်း ပြုလုပ်ခဲ့ သော သုတေသနမှတ်တမ်းများအရ ရေငှက်မျိုးစိတ် ပေါင်း ၆၄ ခု၊ ကုန်းငှက် ၆၆ ခု၊ ငါးမျိုးစိတ် ၁၀ ခု၊ ရေနေအင်းဆက်မျိုးစိတ် ၁၂ ခုတို့ကိုလည်းကောင်း၊ ရေနေအပင်မျိုးစိတ် ၂၂ ခုအပါအဝင် အပင်မျိုးစိတ် ၁၂၈ မျိုးတို့ကိုလည်းကောင်း တွေ့ရှိခဲ့ကြောင်း သိရှိ ရပါသည်။ မူလကန်ချောင်ဆရာတော်ကြီးက ဘေးမဲ့တောဧရိယာအဖြစ် သတ်မှတ်ပေးရန် အဆိုပြု ခဲ့ခြင်းဖြစ်သည်ကိုလည်း သိရှိခဲ့ရပါသည်။ ဘေးမဲ့ တော နယ်နိမိတ်အတွင်း ရှေးဟောင်းသမိုင်းဝင် ဘုရားများ၊ ဘုန်းတော်ကြီးကျောင်း (နာမည်ကျော် ရုပ်စုံကျောင်းကြီးအပါအဝင်)များနှင့် ဒေသနေ လူများ၏ ပလတ်စတစ်အစား ပဒုမ္မာကြာဖက်အသုံး ပြုသည့်ဓလေ့များကိုလည်း တွေ့ရှိခဲ့ရပါသည်။ ဒေသတွင်းနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ အတွက် များစွာ အထောက်အကူဖြစ်စေနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အချို့သယံဇာတ ပစ္စည်းများ လေ၊ ရေ၊ အစားအစာ စသည်တို့သည် အစားထိုးအသစ်တစ်ဖန် ပြန်လည်ရရှိနိုင်သော် လည်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီ စသည့်သယံဇာတပစ္စည်းများမှာ ပြန်လည်ဖြစ်ပေါ်နိုင်စွမ်းမရှိကြပေ။
A စာမျက်နှာ ၆ မှ
သယံဇာတများကို အစားထိုးနိုင်ခြင်းမှာ သက်ရှိ ဖြစ်သော အစိမ်းရောင်ရှိအပင်နှင့် သတ္တဝါများ ဆက်သွယ်မှုရှိခြင်းတို့ကြောင့် လေထုထဲတွင် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ မျှတစွာတည်ရှိနိုင်မှုကို ထိန်းသိမ်းထားနိုင်ခြင်း ကြောင့်လည်းကောင်း၊ ရေငွေ့ပျံခြင်းနှင့် မိုးရွာခြင်း တို့ကြောင့် ကမ္ဘာမြေကြီးရှိ ရေရရှိမှုကို ထိန်းသိမ်း ထားနိုင်ခြင်း စသည်တို့ကြောင့်လည်းကောင်း ဖြစ်ပါသည်။
ပြန်လည်ဖြစ်ပေါ်နိုင်စွမ်းမရှိသော သယံဇာတ များမှာမူ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် မြေပေါ်မြေအောက် သက်ရှိများ သေကျေဆွေးမြည့် ခြင်းမှ ဖြစ်ပေါ်တည်ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့ကို လူသားတို့က အလွန်အကျွံသုံးစွဲခြင်း၊ ဖျက်ဆီးပစ်ခြင်းနှင့် လောင်စာပစ္စည်းများကို လျင်မြန်စွာသုံးစွဲခြင်းတို့ကို ပြုလုပ်ခဲ့ပါက ပြန်လည် ဖြစ်ပေါ်နိုင်စွမ်းမရှိသော သယံဇာတများပြုန်းတီး ပျောက်ကွယ်သွားသည့်အခါ ပြန်လည်၍အစား မထိုးနိုင်ခြင်းကြောင့် လုံးဝကွယ်ပျောက်သွားနိုင် သည့်အခြေအနေသို့ ဆိုက်ရောက်လာနိုင်သည်မှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။
အစားထိုးနိုင်စွမ်း မရှိသည့်သယံဇာတများ
အထူးသဖြင့် ယခုကဲ့သို့ လူနေမှုစနစ် ခေတ်မီ တိုးတက်လာသည်နှင့်အမျှ နေထိုင်မှုအဆင့်အတန်း ကို တိုးတက်သည်ထက် တိုးတက်လာအောင်သာ အလေးထား၍ သဘာဝပတ်ဝန်းကျင်အနေအထား ပေါ်မူ အလေးထားမှုလျော့ပါးလျက်ရှိပါသည်။ ဤကဲ့ သို့သာ ရပ်တည်သွားမည်ဆိုပါက အစားထိုးနိုင်စွမ်း မရှိသည့်သယံဇာတများကို မိမိတို့အကျိုးအတွက် သာလျှင် အသုံးပြုသွားကြပါလိမ့်မည်။ ထိုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေပါက လူသားများအပါအဝင် သက်ရှိမျိုးစိတ်များ၊ ကမ္ဘာမြေကြီးမှ ကွယ်ပျောက် သွားရန်သာ အကြောင်းရှိပါတော့သည်။ ထို့ကြောင့် လူသားတိုင်း မိမိတို့နေထိုင်မှီဝဲနေရသည့် သဘာဝ အခြေအနေကို ရေရှည်တည်တံ့စေရန် အသိ စိတ်ဓာတ်အပြည့်အဝဖြင့် ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသမျှ ထိန်းသိမ်းဆောင်ရွက်ရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။
လူသားအားလုံးတို့သည် မိမိတို့၏ပတ်ဝန်းကျင် ကို လူဦးရေတိုးပွားမှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု၊ သယံဇာတ၊ မြေဆီလွှာသစ်တောများ လျော့နည်းမှု သက်ရှိမျိုးစိတ်ကွဲများ မျိုးသုဉ်းပျောက်ကွယ်မှုတို့မှ ကာကွယ်တားဆီးနိုင်ရန် လိုအပ်လှပါသည်။ ဤကဲ့ သို့ စွမ်းဆောင်နိုင်မှုရရှိစေရန် လူသားများ၏ အသိ ဉာဏ်ဗဟုသုတကြွယ်ဝမှုနှင့် လူသားများ မိမိတို့၏ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်မှုပေါ်တွင် များစွာ မူတည်နေပါသည်။
ဤရှုပ်ထွေးလှသော ပတ်ဝန်းကျင်ပြဿနာ များကို နားလည်နိုင်ရန် အသင်းအဖွဲ့ဖွဲ့စည်း၍ စူးစမ်း လေ့လာဆောင်ရွက်ခြင်း၊ စည်းကမ်းဥပဒေများကို ချမှတ်ဆောင်ရွက်ခြင်းတို့ လိုအပ်ပါသည်။ ထို့အပြင် အသင်းအဖွဲ့အစည်းဝင်များတွင် ဇီဝဗေဒ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းခြင်း၊ မိုးလေဝသနှင့် ဇလဗေဒ၊ ဓာတု ဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေနှင့် ဘူမိဗေဒဆိုင်ရာ ပညာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ မနုဿဗေဒနှင့် သမိုင်း ဆိုင်ရာပညာရပ်များနှင့် သက်ဆိုင်သည့်သုတေသန လုပ်ငန်းများကို လုပ်ဆောင်ပညာပေးဖြန့်ဝေရန်လည်း အထူးလိုအပ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
ကိုးကားစာရင်း
၁။ ရန်ကုန်တက္ကသိုလ်/ ဒဂုံတက္ကသိုလ်/ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်/ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ သတ္တ/ရုက္ခ/ဓာတု/ပထဝီ/ဥပဒေ ဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ/ကထိက များ။ (၂၀၀၂)။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်တိုက်ဖွံ့ဖြိုးတိုးတက်မှု (၂၀၀၁ ခုနှစ် ဇွန်လ ထိ)။ အမျိုးသားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီးဌာန။
၂။ KHIN GYEE MAUNG (2005). Community Structure and Seasonal Occurrence of Avian Fauna in Wetthigan Wildlife Sanctuary, Magway Division, Myanmar (June 2002 to July 2003). INIS -MM- -114. Myanmar. REF. NO. 41086855. INIS Volume 41. INIS Issue 31.
၃။ MOECAF (2011). The Republic of the Union of Myanmar National Biodiversity Strategy and Action Plan Myanmar. The Government of the Union of Myanmar, UNEP, MOECAF, AND GEF, Nay Pyi Taw, Myanmar.
၄။ MOECAF (2015). The Republic of the Union of Myanmar National Biodiversity Strategy and Action Plan Myanmar (2015- 2020). The Government of the Union of Myanmar, UNEP, MOECAF, AND GEF, Nay Pyi Taw, Myanmar.
- Log in to post comments