ရွှေရတု စိန်ရတုပွဲများမှ ရာပြည့်ပွဲအထိ (ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်)

Type
၁

 

 

မောင်ခင်မင်(ဓနုဖြူ)

 

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်းအခမ်းအနား (Launching ceremony) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအခမ်းအနားတွင် ကိုယ်စားပြုကျောင်းသားဟောင်း တစ်ယောက်စီက အမှတ်တရစကားပြောကြားသည့် အစီအစဉ်ပါဝင်ရာ စာပေကိုယ်စားပြု ကျောင်းသားဟောင်းအဖြစ် ကျွန်တော့်ကိုတာဝန်ပေးသည့်အတွက် ကျောင်းသားဟောင်းများဖြစ်သော ဆရာကြီးဒေါက်တာ တင်အောင်အေး (ပါမောက္ခချုပ်-ငြိမ်း)၊ ဦးကြည်စိုးထွန်း(ရုပ်ရှင်)၊ ဦးချစ်ဦးညို(သဘင်)၊ ဒေါ်နွဲ့ယဉ်ဝင်း(ဂီတ)၊ ဦးနန္ဒကျော်စွာ(အားကစား)တို့နှင့်အတူ ကျွန်တော် အမှာ စကား ပြောရပါသည်။ ကျွန်တော်က “အမိတက္ကသိုလ်ရဲ့ငွေရတုပွဲကိုတော့ ကျွန်တော်မမီပါဘူး။ ရွှေရတုပွဲနဲ့ စိန်ရတုပွဲကိုတော့ မီခဲ့ပါတယ်။ အခုရာပြည့်ပွဲပါ မီတဲ့အတွက် အင်မတန် ဝမ်းသာ ဂုဏ်ယူပါတယ်” ဟု ထည့်ပြောခဲ့ပါသည်။

မှန်ပါသည်။ ရန်ကုန်တက္ကသိုလ် ၂၅ နှစ် ပြည့် ငွေရတုတုန်းက ကျွန်တော်တက္ကသိုလ် မရောက်သေးပါ။ နှစ် ၅၀ ပြည့် ရွှေရတုပွဲနှင့် ၇၅ နှစ်ပြည့် စိန်ရတုပွဲမှာတော့ တက္ကသိုလ် ဆရာတစ်ယောက်အဖြစ် အမှုထမ်းရင်း ပါဝင် ဆင်နွှဲခွင့်ရခဲ့ပါသည်။ အငြိမ်းစားယူပြီးနောက် ယခုရာပြည့်ပွဲတွင် ပါဝင်ဆင်နွှဲရန် အခွင့်အခါ ကြုံရပါပြီ။

၁၉၇၀ ပြည့်နှစ်....

ဒီဇင်ဘာလအစောပိုင်းနေ့တစ်နေ့ နံနက် စောစောတွင် ကျွန်တော်သည် ရန်ကုန် တက္ကသိုလ်ဝိဇ္ဇာခန်းမ၏ စင်မြင့်ထက်သို့ ရောက်နေပါသည်။ ရန်ကုန်တက္ကသိုလ် ရွှေရတု အထိမ်းအမှတ် မြန်မာမှုစာတမ်းဖတ်ပွဲတွင် ‘မြန်မာဝတ္ထု’ စာတမ်းကို တင်သွင်းဖတ်ကြား ရန် ရောက်နေခြင်းဖြစ်သည်။ စာတမ်းမှာ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်- ကထိက)တို့ ပူးတွဲ ပြုစုသောစာတမ်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့မှာ လုပ်သက် ၇ နှစ် ရှိသော နည်းပြများ ဖြစ်သည်။ ရွှေရတုပွဲ၏အစီအစဉ် တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်၏ သက်တမ်း နှင့်အညီ နှစ် ၅၀ အတွင်း ဖွံ့ဖြိုးလာသော မြန်မာစာပေကို ကဏ္ဍများခွဲ၍ သုတေသန စာတမ်းများ ပြုစုဖတ်ကြားခြင်းဖြစ်သည်။ ဆရာဦးသိန်းဟန် (ဆရာဇော်ဂျီ)၏ စီမံမှုဖြင့် စာတမ်းများပြုစုကြခြင်းဖြစ်ရာ ကျွန်တော်နှင့် ဦးဟုန်ဝမ်က မြန်မာဝတ္ထုစာတမ်း ပြုစုရပါ သည်။ ၁၉၂၀ မှ ၁၉၇၀ အတွင်း မြန်မာဝတ္ထု ဖွံ့ဖြိုးလာပုံကို နှစ်ပိုင်းခွဲ၍ တစ်ပိုင်းစီတာဝန်ယူ ပြုစုခြင်း ဖြစ်သည်။

မှတ်မိပါသေးသည်။ ထိုနေ့က ကျွန်တော် တို့စာတမ်းကို မနက် ၈ နာရီမှာ ဖတ်ရသည်။ မိုးတစိမ့်စိမ့်ရွာနေသည့်အတွက် ခန်းမထဲမှာ စစချင်း လူအနည်းငယ်သာ ရှိပါသည်။ နောက်မှတဖွဲဖွဲ ရောက်လာသည်။ ဆရာကြီး ဆရာမကြီးများ တက်ရောက်အားပေးသည့် အတွက် အားရှိသွားပါသည်။ စာတမ်းဖတ်ပွဲကို သုံးရက်ဆက်၍ ကျင်းပသည်။ ဆရာ မင်းသုဝဏ်က မြန်မာစကား၊ ဆရာဇော်ဂျီက မြန်မာစကားပြေ၊ ဆရာဦးမောင်မောင်ကြီးက မြန်မာပြဇာတ်စာတမ်းများ ဖတ်သည်။ စာတမ်းများက စိတ်ဝင်စားစရာကောင်းသည်။ ဆရာဦးဘကြည်က မြန်မာသတင်းစာများမှ ကာတွန်းရုပ်ပြောင်များအကြောင်း၊ ဆရာ ဦးနန်းဝေက မြန်မာပန်းချီအကြောင်း ဖတ်ကြားကြသည်။ စာရေးဆရာသုံးယောက် (ကျော်အောင်၊ မင်းကျော်၊ ညွန့်ကြူး) ပေါင်း၍ မြန်မာဝတ္ထုတိုစာတမ်း၊ ဆရာဦးဝင်းမွန်နှင့် ဦးဇော်မြင့်က မြန်မာကဗျာစာတမ်း၊ ဆရာ ဦးဖိုးကျော်မြင့်က မြန်မာသတင်းစာ၊ ဆရာ ဦးမြင့်ကြည်က မြန်မာ့ဂီတ၊ ဆရာ ဦးခင်မောင်ထွန်းက မြန်မာမဂ္ဂဇင်း စာတမ်း များဖတ်ကြားကြသည်။ ဌာနအသီးသီးမှ ပါမောက္ခဆရာကြီး ဆရာမကြီးများကလည်း ဌာနဖွံ့ဖြိုးလာပုံစာတမ်းများ ဖတ်ကြပါသည်။ ရွှေရတုအထိမ်းအမှတ် စာစောင် ၃ စောင် ထုတ်သည်။

ပျော်ရွှင်ပွဲ၊ ဖျော်ဖြေရွှင်ပွဲများဖြင့်စည်ကား

ရန်ကုန်တက္ကသိုလ် ပရိဝုဏ်တွင် စည်ကားနေသည်။ အဓိပတိလမ်း တစ်လျှောက် ပြခန်းများ၊ ဆိုင်ခန်းများ၊ ပျော်ပွဲ ရွှင်ပွဲအစီအစဉ်များဖြင့် ကြိတ်ကြိတ်တိုး နေသည်။ ညမှာတော့ စင်သုံးစင်မှာ ပဒေသာ ကပွဲတင်ဆက်သည်။ ဝိဇ္ဇာခန်းမရှေ့မှာ တစ်စင်၊ အမရဆောင်ထောင့်မှာတစ်စင်၊ ပြည်လမ်းဆေးတက္ကသိုလ်(၁)ရှေ့မှာ တစ်စင် ပါ။ တက္ကသိုလ်ပေါင်းစုံမှ အနုပညာရှင် ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများက ယိမ်း၊ အငြိမ့်၊ ပြဇာတ်၊ အဆိုအက အစီအစဉ်အမျိုး မျိုးဖြင့် ဝေဝေဆာဆာ တင်ဆက်ကြသည်။ လုပ်ငန်းခွင်မှာ အရာရှိကြီးတွေ၊ ဆရာကြီး ဆရာမကြီးတွေ၊ ဆရာဝန်တွေဖြစ်နေသူများ က ငယ်မူ ငယ်သွေးတွေ ပြန်ပေါ်လာပြီး ကပြ ဖျော်ဖြေကြသည်မှာ ပျော်စရာကောင်းလှ ပါသည်။ အဓိပတိလမ်းမှာရော တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာရော စားသောက်ဆိုင်တွေ၊ မုန့်ဆိုင်တွေနှင့် စည်ကားနေသည်။

မိုးကလည်း ရွာလို့ကောင်းနေသည်။ အခြားတက္ကသိုလ်များမှာလည်း ပွဲများကျင်းပ သည်။ တတိယနေ့ကျတော့ မိုးဖျက်သဖြင့် မနက်ပိုင်းမှာပင် ပွဲသိမ်းလိုက်ကြသည်။ အမှတ်တရကလေးများပါ။

၁၉၉၅ ခုနှစ်....

ရွှေရတုမှ ၂၅ နှစ် လွန်မြောက်သော ၁၉၉၅ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုပွဲကာလသို့ ရောက်လာသည်။ ကျွန်တော်က တွဲဖက်ပါမောက္ခဖြစ်နေပါပြီ။ ဒဂုံတက္ကသိုလ်မှာပါ။ စိန်ရတုပွဲမှာတက္ကသိုလ် အားလုံး ဝိုင်းကြဝန်းကြရသည်။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်းမှာ စုဝေးပြီး ကော်မတီအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရ သည်။

ရွှေရတုပွဲတုန်းကလိုပင် ရန်ကုန် တက္ကသိုလ်ပရိဝုဏ်မှာ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စိန်ရတုအထိမ်းအမှတ် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပသည်။ ရန်ကုန်တက္ကသိုလ် သမိုင်းစာအုပ်များ ပြုစု သည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုစာစောင် များ ထုတ်ဝေသည်။ စာတမ်းဖတ်ပွဲများ လည်း ကျင်းပသည်။ အားကစားပြိုင်ပွဲများ လည်းကျင်းပသည်။ ရုပ်ရှင်ရိုက်တာတို့၊ ဗီဒီယို ရိုက်တာတို့၊ အင်တာဗျူးလုပ်တာတို့ စသည့် လှုပ်ရှားမှုအမျိုးမျိုးဖြင့် လှုပ်ရှားကြသည်။

စိန်ရတုပွဲဆင်နွှဲ

ရွှေရတုတုန်းကတော့ ကျွန်တော့်မှာ နည်းပြဆရာလေးမျှသာ ဖြစ်သည့်အတွက် ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပသော ဖွင့်ပွဲကို မတက်ရပါ။ ကိုယ်စားလှယ်တချို့သာ တက်ရသည်။ စိန်ရတုပွဲကျတော့ ကျွန်တော်က လူရာဝင်နေပါပြီ။ ကော်မတီတွေ အများကြီး မှာ မမောနိုင်၊ မပန်းနိုင် ပါဝင်ဆောင်ရွက် နေရ ပါပြီ။ စာပေပြိုင်ပွဲကျင်းပပြီး ပွဲပြီးမြောက်သည် အထိ စီစဉ်ပေးရသည်။ စိန်ရတုစာစောင် စာတည်းအဖွဲ့ဝင်အဖြစ် စာမူတွေ ရွေးချယ် ပေးရသည်။ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်နှင့် အညီ ‘မြန်မာဘာသာစကားလေ့လာမှု ၇၅ နှစ် ခရီး’ စာတမ်းပြုစုပြီး ဖတ်လိုက်သေးသည်။ ၇၅ နှစ်ပြည့် စိန်ရတုအစီရင်ခံစာလည်း ရေးပေးရသေးသည်။ မှတ်တမ်းကော်မတီက မေတ္တာရပ်ခံသဖြင့် နောက်ခံသီချင်းများ ရွေးချယ်၍ တက္ကသိုလ်သမိုင်းကြောင်းကို နောက်ခံစကားပြောနှင့် သရုပ်ဖော်သည့် ဗီဒီယိုရိုက်ဖို့အတွက် ဇာတ်ညွှန်းလည်းရေးပေး ရသေးသည်။

ကျွန်တော့်လက်ရာကို ရုပ်မြင်သံကြားက ထုတ်လွှင့်သည်ကို ကြည့်လိုက်ရသေး သည်။ ထိုမျှမကသေးပါ၊ တက္ကသိုလ် စာတိုက်ရှေ့ကကွင်းထဲမှာ ဖျော်ဖြေရေးစင် နှင့် ဈေးဆိုင်များ ခင်းကျင်းရောင်းချသည်ကို ကျွန်တော်တို့ တွဲဖက်ပါမောက္ခများက လုံခြုံရေးစောင့်ရှောက်ရန် တာဝန်ကျသဖြင့် သုံးညလုံး စောင့်ကြပ်ပေးရပါသေးသည်။ သည်တော့ စိန်ရတုအခမ်းအနား ဖွင့်ပွဲမှာ ကတည်းက ခံ့ခံ့ညားညား တက်ခွင့်ရပါ သည်။ ဘွဲ့ဝတ်ရုံဝတ်ပြီး တက်ရခြင်းဖြစ် သည်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနား ဖွင့်ပွဲကို မိန့်ခွန်းများ၊ အစီရင်ခံစာများဖြင့် ဝေဝေဆာဆာ ဖွင့်ပေးခဲ့ကြပါသည်။ ညဘက် မှာ ဆိုင်ခန်းတွေကို လုံခြုံရေးစောင့်ကြပ်ရင်း လုပ်ဖော်ကိုင်ဖက်များ စကားစမြည်ပြောရ သည်။ မနီးမဝေးက ဖျော်ဖြေရေးစင်မြင့်မှာ ကျောင်းသူ ကျောင်းသားတွေ အစီအစဉ် အမျိုးမျိုး တင်ဆက်ကပြသည်ကိုလည်း ငေးကြည့်ခဲ့ရပါသည်။

ထိုစဉ်က စိန်ရတုပွဲအစီအစဉ်များကို ကြီးကြပ်ဆောင်ရွက်ပေးရသော ဒုတိယ ပါမောက္ခချုပ် (နောင်ပါမောက္ခချုပ်) ဆရာကြီး ဒေါက်တာတင်အောင်အေးက ကျွန်တော် ပြေးလွှားလှုပ်ရှားနေပုံများကို ကြည့်ပြီး “ကိုယ့်လူ၊ ကြည့်လဲလုပ်နော် ဖျားနာနေအုံး မယ်” ဟု သတိပေးလေ့ရှိသည်ကို သတိတရ ဖြစ်နေမိပါသည်။

စိန်ရတုပွဲ ဆင်နွှဲပြီးကတည်းက ကျွန်တော့်မှာပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်ခဲ့ပါသည်။ အခြားမဟုတ်ပါ။ “ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကိုမီရင် သိပ်ကောင်းမှာပဲ” ဟူသော ဆန္ဒဖြစ်သည်။ စိန်ရတုပွဲမှ နောက် ၂၅ နှစ်ဖြစ်သော ရာပြည့် ကာလကို မီမလား၊ မမီဘူးလား ကိုယ့်ကိုယ် ကိုယ် ကြိုတင်တွက်ဆနိုင်စွမ်း မရှိသည့် အတွက် မမီမှာကိုစိတ်ပူမိခြင်း ဖြစ်ပါသည်။

ယခုတော့ ကျွန်တော်သည် အငြိမ်းစား ယူပြီး ၁၄ နှစ်အကြာ၊ အသက် ၈၀ ကျော် ၁ နှစ်စွန်းမှာ အမိရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်ပွဲကို ပါဝင်ဆင်နွှဲခွင့်ရပါပြီ။ ကျွန်တော့် ဆန္ဒပြည့်ပါပြီ။ များစွာ ဝမ်းသာကျေနပ်မိပါ သည်။ ။

စာရေးသူ၏

အတ္ထုပ္ပတ္တိအကျဉ်း

------------------------

- အမည်- ဒေါက်တာခင်အေး

- ဓနုဖြူမြို့နယ်၊ ကျုံတနီးရွာ ဇာတိ ဖြစ်ပြီး ၁၉၄၀ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။

- ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ

(အထွေထွေ ဂုဏ်ထူး)ဘွဲ့၊ မဟာ

ဝိဇ္ဇာ(မြန်မာစာ)ဘွဲ့၊ ဂုဏ်ထူးဆောင်

စာပေပါရဂူ(ဒီလစ်) ဘွဲ့များ ရရှိသည်။

- တက္ကသိုလ်ဆရာအဖြစ် ၄၃ နှစ်

အမှုထမ်းပြီး ၂၀၀၆ ခုနှစ်တွင်

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန

ပါမောက္ခဌာနမှူးအဖြစ်မှ အငြိမ်းစား

ယူသည်။

- အငြိမ်းစားယူပြီးနောက် မြန်မာစာ

အဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်၊ အမျိုးသား

သင်ရိုးညွှန်းတမ်း ကော်မတီဝင်အဖြစ်

ဆောင်ရွက်လျက် ရှိသည်။

- စာပေအဖွဲ့အစည်းများတွင် ပါဝင်

ဆောင်ရွက်လျက်ရှိသည်။

- ရသစာတမ်းများ၊ ဆောင်းပါးများ၊

စာအုပ်များ၊ သုတေသနစာတမ်းများ

ရေးသားခဲ့သည်။ ဘာသာစကား၊

စာပေ၊ ပညာရေး၊ လူငယ်အကြောင်း

များနှင့် ဘဝအတွေ့အကြုံများကို

ရေးသားလေ့ရှိသည်။ ယခုလည်း

ရေးသားနေဆဲဖြစ်သည်။

- စာပေဗိမာန်စာမူဆု၊ အမျိုးသား

စာပေဆု၊ အမျိုးသားစာပေ တစ်သက်

တာဆု၊ ထွန်း ဖောင်ဒေးရှင်း စာပေဆု၊

ဆရာဝန်တင်ရွှေ စာပေတစ်သက်တာ

ဆု၊ ထွန်းဖောင်ဒေးရှင်း တစ်သက်တာ

ဆု၊ သုတစွယ်စုံ တစ်သက်တာ ဆုများ

ရရှိသည်။