ရွှေထည်ပစ္စည်းနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ 
ရွှေထည်ပစ္စည်းနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၂၇

 


မန္တလေးတိုင်းဒေသကြီး     ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့်  ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ”   ရွှေဆိုင်တို့ကို   သေနတ်ဖြင့်     ပစ်ခတ် ခြိမ်းခြောက်ကာ   ရွှေထည်ပစ္စည်းများနှင့်  ငွေများ ဓားပြတိုက်၊     လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှု  မလိုလားသည့် ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင်  မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန် မြို့နယ် (ဇ)ရပ်ကွက် ၆၂ လမ်းနှင့် ၁၃၄ လမ်းထောင့်၊ စက်မှု(၁) ဈေးတိုက်တန်း၊ အခန်းအမှတ်(D-3)ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာ ပြီး   သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်းရှိ မှန်ဗီရို အား ရိုက်ခွဲကာ ဆွဲကြိုး အကုံး ၃၀၊ လက်ကောက် ၃၄ ကွင်း၊ ဟန်းချိန်း ၁၂ ခု၊ ရွှေကလစ် ၁၇ ခု၊ နားကပ် ၅၂ ရန်၊ ပီချူးရုပ် တစ်ခု၊ စုစုပေါင်းရွှေ ၆၅ ကျပ်သား ၉ ပဲ ၄ ရွေး (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၁၈၀ ခန့်)တို့ကို လုယက်ယူဆောင်သွားသဖြင့် ရွှေထည်ပစ္စည်း များပါဆုံးသွားခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖွေး(ခ)ဖြိုးသန္တာအောင်  (၃၃)  နှစ်တွင်  ယာလက်မောင်း ကျည်ရှပ်ထိဒဏ်ရာ နှစ်ချက် ရရှိခဲ့သဖြင့် ပြည်ကြီး တံခွန်မြို့နယ် စက်မှုရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့်လည်းကောင်း။

 


၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲ တွင်  ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် လမ်း ၈၀  ၂၉ လမ်းနှင့် ၃၀ လမ်းကြားတွင် ဖွင့်လှစ် ထားရှိသော “ဝိန့်လီ”ရွှေဆိုင်သို့ ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသား  ခြောက်ဦး ရောက်ရှိလာပြီး ပစ္စတိုသေနတ် နှစ်လက်ဖြင့် ငါးချက် ပစ်ဖောက်၍ ရွှေဆိုင်ဝန်ထမ်း များနှင့်      ဆိုင်အတွင်း  ရောက်ရှိနေသူများအား မှောက်ခိုင်းကာ ရွှေရောင်းချသည့် ကောင်တာ ခုနစ် ခုကို  ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ရွှေဆွဲကြိုး အကုံး ၁၈၀၊ ရွှေလက်ကောက် ခြောက်ကွင်း၊ စိန်လက်ကောက် ၁၁ ကွင်း၊ ဟန်းချိန်း ၅၄ ခု၊ စိန်ဆွဲသီးငါးခု (ကာလ တန်ဖိုးငွေကျပ် သိန်း ၁၅၀၀၀)ကို ယူဆောင်ပြီး ဆိုင် အတွင်း   ရွှေဝယ်ရန်   ရောက်ရှိနေသူ  အမျိုးသမီး တစ်ဦးအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်းအား   လုယူပြီး  ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့်       ချမ်းအေးသာစံ မြို့နယ် အမှတ် (၈)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

 


မသင်္ကာဖွယ်အချက်အလက်များရရှိခဲ့


ကျူးလွန်သူများအား   ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေးအတွက်   အထူးအမှုစစ်အဖွဲ့များ  ဖွဲ့စည်းကာ  စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ  “ဝိန့်လီ”   ရွှေဆိုင်အား ဝင်ရောက်ဓားပြတိုက်သူများနှင့်     ဆက်စပ်သည့် မသင်္ကာဖွယ်     အချက်အလက်များရရှိခဲ့ပြီး   မဟာ အောင်မြေမြို့နယ် (၈၆)လမ်း ၃၇ လမ်းနှင့် ၃၈ လမ်း ကြားရှိ မြောင်ပွဲရုံပိုင်ရှင် သိန်းနိုင်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ   သိန်းနိုင်ဦးမှာ  ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဇနီးဖြစ်သူ မစန်းစန်းဌေး ကို    စစ်ဆေးအတည်ပြုခဲ့ရာ   သိန်းနိုင်ဦးသည် ညီဝမ်းကွဲတော်စပ်သူ  မောင်ဆန်(ခ)ဆန္ဒအောင်နှင့် အတူ ခရီးထွက်သွားကြောင်း သိရှိရသဖြင့် မောင်ဆန် (ခ) ဆန္ဒအောင် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မောင်ဆန်(ခ) ဆန္ဒအောင်သည် မိသားစုနှင့်အတူ   တိမ်းရှောင်လျက်ရှိပြီး  နေအိမ် အတွင်းမှ “ဝိန့်လီ”ရွှေဆိုင် ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့်     အဝတ်အထည်များ   တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 


ဆက်လက်စုံစမ်းဖော်ထုတ်


အထူးအမှုစစ်အဖွဲ့သည် “ဝိန့်လီ”ရွှေဆိုင် ဓားပြ တိုက်မှုကျူးလွန်သူများအား      ဖမ်းဆီးရမိရေး တာဝန်သိပြည်သူများ၏  ပူးပေါင်းကူညီမှုနှင့်ရရှိသည့် သတင်းအချက်အလက်များအပေါ်   အခြေခံကာ ကွင်းဆက်မပြတ် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး မြောင်မြို့ နယ်၌ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေသူ ကိုမျိုး (ခ)  မျိုးလင်းနိုင်  (သိန်းနိုင်ဦး၏ တပည့်ဖြစ်သူ)ကို စစ်ကိုင်းမြို့ ကန်တလူစစ်ဆေးရေးဂိတ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေး ခဲ့ရာ   ၂၀၂၁   ခုနှစ်   အောက်တိုဘာ ၁၇ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်” ရွှေဆိုင်လုယက် မှုနှင့်  ဒီဇင်ဘာ ၁၈ ရက် ချမ်းအေးသာစံမြို့နယ် “ဝိန့်လီ”   ရွှေဆိုင်ဓားပြတိုက်မှု   ဖြစ်စဉ်တို့တွင် ၎င်းကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြောင်းနှင့် လုယက် မှုဖြစ်စဉ်များတွင်    သိန်းနိုင်ဦး  (ခ)  မောင်သိန်း၊ မောင်ဆန်   (ခ)  ဆန္ဒအောင်၊  ထင်အောင်ကျော်၊ ဇော်ဇော်နိုင်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်၊ မောင်ဟိန်း(ခ)ဟိန်းကိုကိုတို့ ခုနစ်ဦး ပါဝင်ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

 


ဖမ်းဆီးရမိရေးဆောင်ရွက်


ဆက်လက်၍   အထူးအမှုစစ်အဖွဲ့သည်  ပြစ်မှု ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ပရိမ္မ ကျေးရွာနေ မောင်ဟိန်း (ခ) ဟိန်းကိုကို (၂၈)နှစ်ကို ဆိုင်ကယ် တစ်စီးနှင့်အတူ ဇန်နဝါရီ ၁၇ ရက်တွင် မဟာအောင်မြေမြို့နယ်ရှိ   ၎င်း၏နေအိမ်၌လည်း ကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် လွပ်လပ်ရေး ရပ်ကွက် အမှတ်(၅၈၈)နေ ထင်အောင်ကျော် (၃၁)နှစ်ကို ဆိုင်ကယ်တစ်စီး၊   ငွေကျပ် ၃၄၅၀၀၀ ကျပ်၊ 
“ဝိန့်လီ”ရွှေဆိုင်ဓားပြတိုက်ရာမှ ရရှိခဲ့သည့် ရွှေဆွဲ ကြိုး နှစ်ကုံးနှင့် လက်ကောက် သုံးကွင်းအား အရည် ကြိုထားသည့် ရွှေတုံး သုံးတုံးနှင့်အတူ   ဇန်နဝါရီ ၁၈ ရက်  ည ၇ နာရီခွဲတွင် တောင်ကြီးမြို့၌လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မရိုးကုန်းကျေးရွာနေသူများဖြစ်သည့် ဇော်ဇော်နိုင်(၃၀)နှစ်နှင့် ဖြိုးမင်းနိုင်(ခ)ကိုဖြိုး (၂၂)နှစ်တို့ကို  “မောသစ်” ရွှေဆိုင်လုယက်စဉ်ရရှိခဲ့သည့်   ရွှေဆွဲကြိုးအပြတ်  တစ်ကုံး၊ “ဝိန့်လီ” ရွှေဆိုင် ဓားပြတိုက်စဉ်က ရရှိခဲ့ သည့် ရွှေဆွဲကြိုး သုံးကုံးတို့နှင့်အတူ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် ဇော်ဇော်နိုင်၏ နေအိမ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင် မြေ မြို့နယ် အကြော်စုရပ်ကွက် (၃၇)လမ်းနှင့် (၃၈)လမ်းကြား  (၈၅)  လမ်းနှင့်  (၈၆)  လမ်းကြားနေ သိန်းနိုင်ဦး  (ခ) မောင်သိန်း  (၃၈) နှစ်နှင့်  ၎င်း၏ တပည့်ဖြစ်သူ   အောင်နိုင်မိုး  (၂၅) နှစ်တို့ကို  ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည် ၁၅ တောင့်၊ လက်ပစ် ဗုံး နှစ်လုံး၊ တိုက်ရာပါ ရွှေထည်ပစ္စည်းများနှင့်အတူ စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်၌ ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး   မြောင်မြို့နယ်   အလယ်ရပ်ကွက်နေ မောင်ဆန်  (ခ)  ဆန္ဒအောင်(၃၄)နှစ်၊  ဇနီးဖြစ်သူ မြတ်သူဇာ(၃၅)နှစ်နှင့် မြင်းမူမြို့နယ် ကုလားတန်း ရပ်ကွက်  မင်းရဲကျော်စွာရပ်နေ  အောင်ဖြိုးပိုင်(ခ) အငယ်လေး(၂၃)နှစ်တို့ နှစ်ဦးကို စစ်ကိုင်းမြို့ ဇေယျာ တိုးချဲ့ရပ်ကွက်၌       ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆန် ငါးတောင့််တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

 


ဖမ်းဆီးရမိသူများ၏   ထွက်ဆိုချက်များအရ “မောသစ်”ရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင် သိန်းနိုင်ဦး(ခ)မောင်သိန်းမှ ဦးဆောင်ကာ မောင်ဆန် (ခ) ဆန္ဒအောင်မှ  (ဒုခေါင်းဆောင်)  အဖြစ်လည်း ကောင်း၊  ကိုမျိုး (ခ) မျိုးလင်းနိုင်၊  မောင်ဟိန်း(ခ) ဟိန်းကိုကို၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုးတို့မှ အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပူးပေါင်းပါဝင်၍ လည်းကောင်း။

 


ထိရောက်စွာအရေးယူ


“ဝိန့်လီ”  ရွှေဆိုင်ဓားပြမှု  ကျူးလွန်ခဲ့ရာတွင် သိန်းနိုင်ဦး  (ခ)   မောင်သိန်းမှ  ဦးဆောင်ခဲ့ကာ မောင်ဆန်(ခ)ဆန္ဒအောင် (ဒုခေါင်းဆောင်)အဖြစ် လည်းကောင်း၊ ထင်အောင်ကျော်၊ ကိုမျိုး(ခ) မျိုးလင်း နိုင်၊ ဇော်ဇော်နိုင်(ခ)ငဇော်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်တို့က အဖွဲ့ဝင်များအဖြစ် လည်းကောင်း   ပူးပေါင်းပါဝင်၍  လည်းကောင်း ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ မြတ်သူဇာ နှင့် အောင်နိုင်မိုးတို့မှာ ဓားပြတိုက်/လုယက်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများ ထုခွဲရောင်းချရာတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 


ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူတရားခံ ရှစ်ဦး၊ ပူးပေါင်းပါဝင်သူ နှစ်ဦး စုစုပေါင်း တရားခံ ၁၀ ဦးနှင့် ၎င်းတို့ထံမှ ပစ္စတိုသေနတ် နှစ်လက်၊  ၎င်းကျည် အတောင့် ၂၀၊ လက်ပစ်ဗုံး နှစ်လုံး၊ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် နှစ်ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀၊ တိုက်ရာပါပစ္စည်းများကို ရောင်းချ၍ ဝယ်ယူထားသော လက်ကိုင်ဖုန်း ငါးလုံး၊ ဆိုင်ကယ် ငါးစီးတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ ကာ ကျန်ရှိသည့်သက်သေခံပစ္စည်းများကို ဆက်လက် စစ်ဆေးဖော်ထုတ်သိမ်းဆည်း၍    ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင် များက    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်