
ဆောင်းပါး
==========
လွှမ်းမိုး
(Traveller)
Snorkeling ခရီးစဉ်အား အနီးစပ်ဆုံး မြန်မာမှုပြုလျှင် ရေတိမ်ပိုင်း ရေအောက်အလှကြည့်ရှုခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းအလျားသည် မိုင် ၁၂၀၀ ကျော်ခန့် ရှည်လျားပြီး သဘာဝပထဝီဝင်အနေ အထားအရ ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းရိုး တန်းဒေသရှိ ကမ်းရိုးတန်းများနှင့် ကမ်းလွန်ကျွန်းများ အနီးတွင် သဘာဝသန္တာကျောက်တန်းများ တည်ရှိနေပါ သည်။ ၎င်းသန္တာကျောက်တန်းများအနက်မှ ရေတိမ်ပိုင်း တွင် တည်ရှိနေသော သန္တာကျောက်တန်းများနှင့် သန္တာ ကျောက်တန်းများကို မှီခိုရှင်သန်နေထိုင်လျက်ရှိသော သန္တာငါးများအား ရေအောက်ကြည့်မျက်မှန်နှင့် အသက်ရှူကိရိယာများ အသုံးပြုပြီး ကြည့်ရှုရသည့် လှုပ်ရှားမှုကို Snorkeling ပြုလုပ်သည်ဟု ခေါ်ဆိုကြပါ သည်။
တွေ့ကြုံခံစားရရှိစေနိုင်
Snorkeling ပြုလုပ်ရာတွင် Snorkeling ပြုလုပ် တတ်စေရန်အတွက် သီးသန့်သင်တန်းများ တက်ရောက် ရန် မလိုအပ်ဘဲ Snorkeling ဧည့်လမ်းညွှန်၏ အချိန် အနည်းငယ်အတွင်း ရှင်းလင်းပြသမှုဖြင့်ပင် လူကြီး/ လူငယ်မရွေး လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ Snorkeling ပြုလုပ်ခြင်းအားဖြင့် ထူးခြားသော အတွေ့အကြုံများ၊ စိတ်ဝင်စားဖွယ်ရာများနှင့် စိတ်ပျော်ရွှင်ကျေနပ်မှုများ ကိုလည်း တွေ့ကြုံခံစားရရှိစေနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းခရီးသွားများအနေဖြင့် Snorkeling ပြုလုပ် ခြင်းကို ၂၀၁၅ ခုနှစ်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာခဲ့ကြပါသည်။ Snorkeling ခရီးစဉ်များသည် သဘာဝ ကိုအခြေခံသော ခရီးစဉ်တစ်ခု ဖြစ်သကဲ့သို့ Social Distancing ကို ဖြစ်စေသော ခရီးစဉ်အမျိုးအစား တစ်ခုလည်း ဖြစ်ပါသည်။
Snorkeling ခရီးစဉ်များကို စနစ်တကျဆောင်ရွက် ခြင်းမရှိဘဲ အလျဉ်းသင့်သလို ခရီးစဉ်ဖော်ဆောင်ပါက ပင်လယ်ပြင်၏ ဂေဟစနစ်တစ်ခုဖြစ်သော သန္တာကျောက် တန်းကိုသာမက ၎င်းနှင့်ဆက်စပ်သော ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သဘာဝရေသယံဇာတများကို ပျက်စီးဆုံးရှုံးစေနိုင်ပါသည်။ သို့ဖြစ်၍ Snorkeling ခရီးစဉ်များကို ရေရှည်တည်တံ့ပြီး ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် စနစ်တကျဖော်ဆောင်နိုင်ရန်အတွက် ၎င်း ခရီးစဉ်တွင် ပါဝင်ပတ်သက်ကြသည့် ခရီးစဉ် ဖော်ဆောင် ရာဒေသမှ ဒေသခံများ၊ ဧည့်လမ်းညွှန်များ၊ ခရီးစဉ်အတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ ခရီးသွားကုမ္ပဏီများ၊ ခရီးစဉ်အား အဓိကဆောင်ရွက်ကြ သည့် ရေယာဉ်ဝန်ထမ်းများနှင့် ခရီးစဉ်တွင် ပါဝင်ဆောင် ရွက်သင့်သည့် ဌာနဆိုင်ရာများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ကာလတွင် ပြည်တွင်းခရီးသွားအများစု အနေဖြင့် လည်ပတ်သွားလာနိုင်သော ကမ်းခြေဒေသခရီး စဉ်များတွင် ပြုလုပ်နိုင်သည့် ခရီးသွားလှုပ်ရှားမှုတစ်ခု ဖြစ်သော Snorkeling ခရီးစဉ်ဒေသများကို ဒေသခံများနှင့် ခရီးစဉ်ဒေသအတွက် ကောင်းမွန်သော အကျိုးရလဒ်များ ရရှိစေရန် “တာဝန်သိ ခရီးသွားလုပ်ငန်း” အဖြစ် ဖော်ဆောင်နိုင်ရန် လိုပါသည်။
တာဝန်သိခရီးသွားလုပ်ငန်း
“တာဝန်သိခရီးသွားလုပ်ငန်း”ဟူသည့် စကားရပ်အား အတိုဆုံးနှင့် အထိရောက်ဆုံး အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင် ခရီးစဉ်တစ်ခု ဖော်ဆောင်ရာတွင် ၎င်းခရီးစဉ်ဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင်ဒေသခံများ၏ လူနေမှုဘဝနှင့် ဒေသတွင်းစီးပွားရေးကို ထိခိုက်မှုမရှိစေဘဲ ခရီးစဉ်ဖော် ဆောင်ရာမှရရှိသည့် အကျိုးအမြတ်များဖြင့် ခရီးစဉ်ဒေသ ရပ်ဝန်းတစ်ခုလုံးသို့ ကောင်းမွန်သောအကျိုးရလဒ်၊ ကောင်းမွန်သော သက်ရောက်မှုများကို ဖော်ဆောင်ပေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ခရီးသွားလုပ်ငန်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါမည်။
Snorkeling ခရီးစဉ်ဒေသအား “တာဝန်သိခရီးသွား လုပ်ငန်း”အဖြစ် ဖော်ဆောင်ရာတွင် ဒေသခံများ၊ ဧည့်လမ်း ညွှန်များ၊ ခရီးသည်များနှင့် ခရီးသွားကုမ္ပဏီတို့သည် ပူးပေါင်းဆောင်ရွက်ကြရုံသာမက လိုက်နာဆောင်ရွက်သင့် သည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။
Snorkeling ခရီးစဉ် ဖော်ဆောင်သည့်ဒေသမှ ဒေသခံများအနေဖြင့် သန္တာကျောက်တန်းများအား ချိုးဖဲ့၍ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်း၊ သန္တာကျောက်တန်း များအပေါ် ကျောက်ချခြင်း၊ ခရီးစဉ်သွားရောက်သည့် ပင်လယ်တွင်းနှင့် ကျွန်းများပေါ်သို့ စည်းကမ်းမဲ့အမှိုက်များ (စွန့်ပစ်လောင်စာဆီအပါအဝင်) စွန့်ပစ်ခြင်း၊ သန္တာ ကျောက်တန်းများကို ဖျက်ဆီးပြီးမှသာလျှင် ရရှိနိုင်သည့် အစားအသောက်များ (ဥပမာ-ကျားလက်သည်း) ရောင်းချ ခြင်း၊ ရှာဖွေခြင်း၊ စားသောက်ခြင်းများ၊ သန္တာကျောက်တန်း များ ပျက်စီးစေနိုင်သည့် တရားမဝင်ငါးဖမ်းလုပ်ငန်းများ (ဗုံးခွဲ၍ ငါးဖမ်းခြင်း၊ တရွတ်ဆွဲ ငါးဖမ်းခြင်း) ဆောင်ရွက် ခြင်းတို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြရပါမည်။
ရှောင်ကြဉ်ရမည်
ဧည့်လမ်းညွှန်များအနေဖြင့် သန္တာကျောက်တန်း များအား ပျက်စီးစေနိုင်သည့် အကြောင်းခြင်းရာများ၊ အချက်အလက်များကို ခရီးသည်များထံ ကြိုတင်သတိပေးရှင်းလင်းမှုများပြုလုပ်ခြင်း၊ ခရီးသွားဧည့်သည်များ Snorkeling ပြုလုပ်ရာတွင် သန္တာကျောက်တန်းများကို အကြိမ်ကြိမ် ထိတွေ့မှုများဖြစ်ခဲ့လျှင် လူ့ခန္ဓာကိုယ်၏ အပူချိန်ကြောင့် သန္တာကျောက်တန်းများ ပျက်စီးယိုယွင်းနိုင် သဖြင့် သန္တာကျောက်တန်းများနှင့် လွတ်ကင်းမှု မရှိနိုင်သည့် အခြေအနေမျိုးတွင် Snorkeling မပြုလုပ်ရန် တားမြစ် ခြင်း၊ ခရီးစဉ်တစ်လျှောက် သန္တာကျောက်တန်းများ မပျက်စီး စေရန်အတွက် ခရီးသွားဧည့်သည်များအား ရေယာဉ် ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်စေခြင်းတို့ကို ပြုလုပ် ကြရမည်ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားဧည့်သည်များအား ပင်လယ်ထွက်သယံဇာတများ၊ သန္တာကျောက်တန်းများကို ချိုးဖဲ့၊ ကောက်ယူ၍ လက်ဆောင်များပေးခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
ခရီးသွား ဧည့်သည်များအနေဖြင့်လည်း သန္တာ ကျောက်တန်းများအား ထိခိုက်ပျက်စီးစေမည့် သန္တာ ကျောက်တန်းများအပေါ် နင်းခြင်း၊ ချိုးဖဲ့ခြင်း၊ ကောက်ယူ ခြင်း၊ သန္တာကျောက်တန်းများအနီး ငါးစာကျွေးခြင်း၊ သန္တာကျောက်တန်းများဖြင့် ပြုလုပ်ထားသော အမှတ်တရ ပစ္စည်းများအား ဝယ်ယူခြင်း၊ ပင်လယ်ပြင်ဂေဟစနစ်ကို ပျက်စီးစေနိုင်မှသာလျှင် ရရှိနိုင်သည့် အစားအသောက်များ (ဥပမာ-ကျားလက်သည်း၊ ငါးမန်းတောင်ဟင်းချို) စားသောက်ခြင်း၊ ပင်လယ်ပြင်တွင် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ ကျွန်းပေါ်တွင်ရှိသည့် သစ်ပင်၊ ပန်းမန်များကို ချိုးဖဲ့ယူဆောင်ခြင်း စသည့် ပျက်စီးဆုံးရှုံးနိုင်သည့် ကိစ္စရပ်များကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြရပါမည်။ ၎င်းအပြင် ခရီးသွားဧည့်သည်များ အနေဖြင့်လည်း Snorkeling ပြုလုပ်ရာတွင် ဧည့်လမ်းညွှန်က အကြံပြု သည့် သတ်မှတ်ဧရိယာများတွင်သာ Snorkeling ပြုလုပ်ကြရမည် ဖြစ်ပါသည်။
ကြိုတင်အသိပေးရန် လိုအပ်
ခရီးသွားကုမ္ပဏီများနှင့် ရေယာဉ်ဝန်ထမ်းများ အနေဖြင့်လည်း Snorkeling ပြုလုပ်မည့် ခရီးသွား ဧည့်သည်များအား သန္တာကျောက်တန်းများကို ထိခိုက် ပျက်စီးစေနိုင်မည့် ကိစ္စရပ်များကို ကြိုတင်အသိပေးရန် လိုအပ်ပါသည်။ ထို့အပြင် ပင်လယ်တွင်း ခရီးသွားလာရာ တွင်အသုံးပြုသည့် ရေယာဉ်များ ကျောက်ချရာတွင် လည်းကောင်း၊ ဒီရေကျချိန်တွင် Snorkeling ပြုလုပ်သည့် နေရာများသို့ ရေယာဉ်များ ဝင်ရောက်ရာတွင်လည်း ကောင်း ရေယာဉ်ဝမ်းဗိုက်နှင့် သန္တာကျောက်တန်းများ ပွတ်တိုက်မိ၍ ပျက်စီးမှုများဖြစ်ပေါ်စေသည့်အတွက် ရေယာဉ်များ ကျောက်ချမည့်နေရာတွင် သန္တာကျောက် တန်းများကို မထိခိုက်စေဘဲ ကျောက်ချရပ်နားစေနိုင်မည့် ရေအောက်ကျောက်ကြိုးများ (Mooring Buoy) တည် ဆောက်ခြင်း၊ ဒီရေကျချိန်များ၌ လှေနှင့် သန္တာကျောက် တန်းများ လွတ်ကင်းစေရန် ချိန်ဆ၍ ခရီးစဉ်များ ရေးဆွဲခြင်း၊ Snorkeling ပြုလုပ်ခြင်းကြောင့် သန္တာ ကျောက်တန်းနှင့် ခရီးသည်များ ထိခိုက်မှုမရှိစေရန် လိုအပ်သည့်နေရာများတွင် လုံခြုံရေး ရေပေါ်ကြိုးတန်း များ (Safety Line) ပြုလုပ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ကြရန် လိုအပ်ပါသည်။
ခရီးစဉ်တစ်လျှောက် ရေယာဉ်ပေါ်တွင် ပါရှိသည့် ဝန်ထမ်းများအနေဖြင့် Snorkeling ပြုလုပ်ကြသည့် ကျွန်းများပေါ်တွင် ခရီးသွားဧည့်သည်များ စားပြီးသောက် ပြီး ပစ္စည်းများ၊ အမှိုက်များကို သိမ်းဆည်းပြီး ကျွန်းများ ပေါ်တွင် ချန်မထားဘဲ ကုန်းမကြီးပေါ်သို့ ပြန်လည် ယူဆောင်၍ စနစ်တကျ စွန့်ပစ်ကြရမည် ဖြစ်ပါသည်။ ထို့အပြင် ရေယာဉ်ပေါ်တွင် တင်ဆောင်နိုင်သည့် ဧည့်သည်အရေအတွက် ပြည့်မှသာ Snorkeling ပြုလုပ်သည့်နေရာများသို့ ပို့ဆောင်စေခြင်းဖြင့် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်သည့်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုလည်း လျော့နည်းစေ နိုင်မည်ဖြစ်ပါသည်။
Snorkeling ခရီးစဉ်များ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် သက်ဆိုင်ရာဌာန များအနေဖြင့်လည်း ခရီးသွားဧည့်သည်များနှင့် ခရီးစဉ် ဖော်ဆောင်သည့် ဒေသတွင်းရှိ ဂေဟစနစ်များ မထိခိုက်စေရန်နှင့် ခရီးစဉ်ဖော်ဆောင်ခြင်းကြောင့် ဒေသခံများသို့ ကောင်းမွန်သည့် စီးပွားရေး၊ လူမှုရေး အကျိုးသက်ရောက်မှုများ ရရှိစေရန်လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
သို့မှသာလျှင် အဏ္ဏဝါခရီးသွားလုပ်ငန်း၏ အစိတ် အပိုင်းတစ်ခုဖြစ်သော Snorkeling ခရီးစဉ်အတွက် တာဝန်ယူမှု/တာဝန်ခံမှုရှိသော ခရီးသွားလုပ်ငန်းကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပါသည်။ ။
- Log in to post comments