
မောင်အောင်
====
“ဒီမှာ မောင်အောင်ရ။ ဟိုတစ်လောက ရေဒီယိုမှာ ကြားလိုက်တယ်။ ဝဥခြောက်ကို တရုတ်ကိုရောင်းတာ တယ်ပြီးဈေးရတယ်ဆိုပဲ။ အဲဒီတော့ ငါတို့လည်း ပိုက်ဆံရတယ်ဆိုတော့ စိတ်ဝင်စားတာပေါ့ကွာ။ ဝဥ ဆိုတာဘယ်လိုမျိုးလဲ။ ဒို့ ကန်စွန်းဥတို့၊ ပိန်းဥတို့လိုမျိုးလား”
အမေ့ရွာသို့ မရောက်သည်မှာကြာ၍ အလည်သွားဖြစ်သည်။ ကျွန်တော့်တစ်ဝမ်းကွဲ အစ်ကိုကြီးက အသက်ရှစ်ဆယ်ကျော်ပြီ။ သို့ပေမယ့် ရေဒီယိုနားထောင်သည်။ တီဗွီကြည့်သည်။ နိုင်ငံတော် ပြည်အရေးနှင့် စိုက်ပျိုးမွေးမြူရေးဝါသနာပါသည်။ တစ်သက်လုံးက တောင်သူလုပ်ခဲ့သူမို့ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အတော်လေး နှံ့စပ် သည်။ ကျွန်တော်ရွာရောက်တိုင်း အစ်ကိုနှင့်ဆွေးနွေးဖြစ်သည်။
“ဟုတ်တယ် အစ်ကိုရ။ ဝဥက ပိန်းဥလိုမျိုးပဲ။ ဒါပေမဲ့ အရွယ် အစား ပိုပြီးကြီးတယ်။ တချို့ကဆို ဆင်ခြေထောက်ဥလို့တောင် ခေါ်တယ်။ ဝဥမှာ အယဉ်နဲ့ အရိုင်းဆိုပြီး နှစ်မျိုးရှိတယ်။ ဝဥအရိုင်း ကို ပါးပါးလှီး အခြောက်လုပ်ပြီး တရုတ်ပြည်တို့၊ ဂျပန်ပြည်တို့ကို ရောင်းလို့ရတယ်။ အယဉ်ကတော့ ချက်စား၊ ပြုတ်စားလို့ရတာပေါ့။
“အေး တယ်ဟုတ်ပါလား။ နိုင်ငံခြားရောင်းစားတော့ ဘယ်ဈေး ရသလဲ”
“ဝဥ အစိုကတော့ တစ်ပိဿာကို ငွေကျပ် ၅၀၀ ကနေ ၂၀၀၀ လောက်အထိ ဈေးရတယ်။ ဝဥခြောက်ကတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ကနေ ၁၅၀၀၀ လောက်အထိ ဈေးရတယ်။”
ဈေးရတယ်ဆို၍ ကျွန်တော့်အစ်ကို စိတ်ဝင်စားသည်။
“နေပါဦး အဲဒီလောက် ဈေးရအောင် မင်းဝဥက ဘာကောင်း လို့လဲ”၊ “ဘာတွေများ ထူးခြားလို့လဲ”။
အစ်ကိုက ဘယ်ကိစ္စမျိုးမဆို အကျိုးနှင့်အကြောင်း ဆင်ခြင်တတ် သည်။ သို့ဖြစ်၍ ဈေးကောင်းသည်ဆိုလျှင် ဘာကြောင့် ဈေးကောင်း သည်ကို သူသိချင်သည်။
“ဘာကြောင့် ဈေးကောင်းလဲဆိုတော့ ဝဥက လူတွေမှာ အဝလွန် စေတဲ့ ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်ကို လျှော့ချပေးတယ်၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်၊ အစာချေမှုကို ကောင်းစေတယ်၊ ဝမ်းသက်စေတယ်၊ အဆီကျစေတယ်၊ ဆီးချိုရောဂါကို ထိန်းညှိပေး တယ်၊ အသားအရေကို ကောင်းမွန်စေတယ်၊ ထိခိုက်ဒဏ်ရာရရင် အကျက်မြန်စေတယ်၊ ကိုယ်ခံအား ကောင်းစေတယ်။ ဒါကြောင့် နောက်ပိုင်းထုတ်တဲ့ စားသောက်ကုန်တွေမှာ ဝဥနဲ့ထည့်ပြီးထုတ်တာ။”
“မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား။ မင်းက အရေးထဲ ငါ့ကို ဝဥဝယ်မယ့်သူထင်လို့ လာပြီး ညွှန်းနေတာလား။ ဒို့မြန်မာဆေးကျမ်း တွေမှာရော ဝဥနဲ့ပတ်သက်ပြီး ညွှန်ထားတာရှိသလား။
ကျွန်တော့်အစ်ကိုကြီးက အဲသည်လို စပ်စုသူဖြစ်သည်။ တော်ရုံလူ သူနဲ့ စကားပြော၍မဖြစ်။
“အော် အစ်ကိုကြီးကလည်း အစ်ကိုကြီးက ဝဥဝယ်မည့်သူ မဟုတ်သလို ကျွန်တော်ကလည်း ရောင်းမယ့်သူမှ မဟုတ်ဘဲ။ အခုက ကျွန်တော်သိသလောက် ပြောပြတာ။ ကျွန်တော်တို့ အရှင် နာဂသိန်ရဲ့ အခြေပြုဆေးအဘိဓာန်မှာကတော့ “ဝဥ(အယဉ်)သည် ခြောက်ထပ်စေ၏၊ ထက်မြက်၏၊ အယားပျောက်စေ၏၊ မြိန်စေ၏၊ ဆာလောင်မွတ်သိပ်စေ၏၊ သလိပ်ကိုပယ်တတ်၏၊ မြင်းသရိုက်၊ အဖျဉ်း၊ ဂူလုံး၊ ပြွေလန်ချောင်းပူ၊ အော့အန်၊ ဝမ်းဗိုက်နာ၊ သွေးရောဂါနှင့် ဆင်ခြေထောက်ရောဂါများကို ပျောက်ကင်းစေ၏၊ ဝဥ(အရိုင်း)ကတော့ အားအလွန်တိုးစေ၏၊ ကာမကို အားပေး၏၊ ဝဖြိုးစေ၏”လို့ ဆိုထားတယ်။ အဲ.. ယောအတွင်းဝန်မင်း ဦးဖိုးလှိုင်ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်းမှာတော့ ဝဥကို တိုက်ရိုက်တော့ ရေးမထားဘူး။ မျောက်ဥကိုတော့ မျောက်ဥ ဟူသမျှသည် ဆိမ့်၏၊ အေး၏၊ ကြေခဲ၏၊ လေချုပ်၏၊ ကျင်ကြီး ကျင်ငယ်တို့ကို နိုင်စေတတ်၏၊ အဆီမရှိ၊ အား၊ သုက်တို့ကို ပွားစေတတ်၏၊ ရတ္တပိတ်နာကို နိုင်၏၊ လေသလိပ်တို့ကို ပျက်စေတတ်၏၊ စဉ်းငယ်ဝမ်းမီးကို တောက်စေတတ်၏လို့ ရေးထား တယ်။”
“အဲ ပိန်းဥနဲ့ပတ်သက်ပြီးလည်း ပိန်းဥသည် ကြေခဲ၏၊ ဆိမ့်၏၊ စပ်၏၊ ဝမ်းကိုရွှင်စေတတ်၏၊ ကျိချွဲ၏၊ ဖျား၍ ကိုယ်ရောင်သော အာမဝါတနာကို ဖြစ်စေတတ်၏၊ သည်းခြေကို ပျက်စေတတ်၏၊ ပိန်းမဟော်ရာဥသည် ဆိမ့်၏၊ ကြေ၏၊ စပ်၏၊ အေး၏၊ ကိုယ်ရောင်နာကို နိုင်၏လို့ ရေးထားတယ်။ အဲ ဝက်မြေဥနဲ့ ပတ်သက်ပြီး”…….
“ရပါပြီ တော်ပါတော့ကွာ။ မင်းကျက်လာတဲ့စာတွေ ငါ့ကိုလာပြီး ရွတ်ပြမနေနဲ့တော့။ မင်းပြောတဲ့ ဝဥက ကိုးဆယ့်ခြောက်ပါးနိုင် တယ် ပြောရင်ရပါပြီ။ အဲဒီဝဥက ဒို့နိုင်ငံမှာ ဘယ်မှာစိုက်ပျိုးလို့ အဖြစ်ဆုံးလဲ”
ကျွန်တော့် အစ်ကိုကြီးအကြောင်းကို ကျွန်တော်သိနေသည်။ ကျွန်တော် မသိဘူးထင်လျှင် ခရေစေ့တွင်းကျ မေးတတ်သည်။ ကျွန်တော်ဖြေတာတွေ မှန်လျှင်တော့ စကားပြောင်းတတ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အဓိက စိုက်ပျိုးပါတယ်။ တခြားနေရာတွေမှာလည်း ရေ မြေ ရာသီဥတု ကိုက်ညီလျှင် စိုက်လို့ရပါတယ်။ အဓိက စီးပွားဖြစ်စိုက်တာတော့ ချင်းပြည်နယ်မှာပါ။”
“အဲဒါဆိုရင် ဝဥက ဘယ်လိုမြေမျိုးမှာ စိုက်လို့အဖြစ်ဆုံးလဲ။ ဘယ်လိုရာသီဥတုကို အကြိုက်ဆုံးလဲ”
“ပုံမှန်ကတော့ သစ်ရိပ်၊ ဝါးရိပ်ရှိပြီး အစိုဓာတ်ကောင်းတဲ့မြေ၊ သစ်တောမြေပွတွေမှာ စိုက်စရာတောင်မလိုဘဲ သဘာဝအလျောက် ပေါက်တတ်ပါတယ်။ မြေဆွေးဓာတ် များများပါဝင်ပြီး အစိုဓာတ်ထိန်း အားကောင်းတဲ့ နုန်းမြေမှာလည်း ဖြစ်ထွန်းပါတယ်။ အပင်ကတော့ ဘယ်အပင်မဆို ရေဝပ်တဲ့နေရာ ရေစီးရေလာမကောင်းတဲ့ နေရာတွေ မှာ မဖြစ်ထွန်းပါဘူး။ မိုးများပြီး မိုးကြာကြာရွာတဲ့ ရာသီဥတုမျိုးကို ကြိုက်ပါတယ်။ ပျမ်းမျှအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီ စင်တီဂရိတ်အကြား ပူနွေးစွတ်စိုတဲ့ရာသီဥတုကို ကြိုက်နှစ်သက် ပါတယ်။ အေးမြတဲ့ တောင်ပေါ်ဒေသတွေမှာလည်း ပေါက်ရောက်ပါ တယ်။ အပင်ကြီးထွားချိန်မှာ ပူနွေးစွတ်စိုတဲ့ ရာသီဥတုဖြစ်ပြီး ဥကြီးထွားချိန်မှာတော့ ခြောက်သွေ့အေးမြတဲ့ ရာသီဥတုဖြစ်ရင် အကောင်းဆုံးပါ။”
“မင်းဝဥကလည်း ရာသီဥတု တယ်ပြီးချေးများပါလား။ သူ့အကြိုက်လိုက်ပြီး မိုးရွာပေး၊ အေးပေးရမလိုဖြစ်နေပြီ။”
အစ်ကိုကြီးက ဝဥကို အပြစ်တင်နေသည်
“အဲဒီလိုလည်း မဟုတ်ပါဘူး အစ်ကိုကြီးရ။ ကျွန်တော်တို့ နိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီဥတု သုံးမျိုးရှိတယ်လေ။ အဲဒီတော့ မိုးဦး ကျမှာစပြီး စိုက်မယ်၊ မေလလယ်၊ မေလကုန်မှာ စိုက်မယ်၊ မိုးရွာ အားကောင်းတဲ့အချိန်မှာ အပင်ဖြစ်မယ်၊ ဆောင်းတွင်းမှာ ဥဖြစ်မယ်။ အဲဒီတော့ ကွက်တိပဲလေ။”
“အေး ဟုတ်ပါပြီ။ စိုက်တော့ရော ဘယ်လိုစိုက်မလဲ။ မျိုးက ဘယ်ကရမလဲ”
“မျိုးကတော့ ဝဥကို ပြန်ပြီး စိတ်ပြီး စိုက်လို့ရပါတယ်။ ပြီးတော့ သူ့အရွက်က သီးတဲ့ ရွက်သီးကိုလည်း စိုက်လို့ရတယ်။ အဲဒီဝဥပင်က ပန်းပွင့်ပြီး ပန်းခိုင်မျိုးစေ့ကလည်း စိုက်လို့ရတယ်။ သိပ္ပံနည်းကျ အပင်တစ်သျှူးမျိုးပွားနည်းနဲ့လည်း စိုက်လို့ရတယ်။ သဘာဝနည်း နဲ့ကတော့ ဝဥတူးချိန်မှာ ကျန်ခဲ့တဲ့ဝဥအစအနနဲ့ အမြစ် အကြွင်းအကျန်တွေက ပေါက်တာရှိသလို ရွက်သီးတွေ ကြွေကျတာ၊ ဝဥပန်းခိုင်က ကြွေကျတာတွေကနေ ပေါက်တာလည်းရှိတယ်။ အဲဒါကြောင့် တစ်ခါ ဝဥစိုက်ပြီးတဲ့နေရာမှာတော့ ဝဥကဆက်ပြီး ပေါက်တာများပါတယ်။ မျိုးပြတ်သွားတယ်မရှိပါဘူး။”
“အေးဟုတ်ပြီ။ မင်း ဝဥစိုက်ရင် ဘယ်လိုစိုက်ရင် အကောင်းဆုံး လဲ။
ကျွန်တော့်အစ်ကိုကြီး ဝဥစိုက်ပျိုးရေး စိတ်ပါလာပုံရပါသည်။
“စိုက်တာတော့ သိပ်ပြီးမဆန်းပါဘူး။ ကျန်တဲ့အပင်တွေ စိုက်သလိုပါပဲ။ ပထမဆုံး ဝဥစိုက်မည့်မြေမှာ ချုံပင်၊ သစ်ပင်၊ ပေါင်း မြက်တွေကို ရှင်းမယ်။ ပြီးတော့ သစ်ရွက်ဆွေးမြေဩဇာတို့၊ နွားချေး တို့၊ ဘိုကာရှီတို့ထည့်မယ်။ တကယ်လို့ အထွက်ကောင်းချင်တယ်၊ အလွယ်တကူရမယ်ဆိုရင်လည်း နိုင်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက် စီယမ် ဓာတ်မြေဩဇာ ဆတူထည့်မယ်။ ပြီးတော့ ထယ်တစ်စပ်၊ ထွန် နှစ်စပ်ထိုးမယ်။ ပြီးမှ ခြောက်လက်မပတ်လည်၊ ခြောက်လက်မ အနက် ကျင်းလေးတွေ တူးမယ်။ အတန်းလိုက်စိုက်မှာဖြစ်တဲ့အတွက် အဲဒီ ကျင်းလေးတွေတူးတဲ့အခါ တစ်ပင်နဲ့တစ်ပင် နှစ်ပေခြားနဲ့ တစ်တန်း နဲ့တစ်တန်း လေးပေခြား တူးရမယ်။ ပြီးတော့ ဝဥမျိုးရဲ့အပေါ်မှာ အပေါ်ယံ မြေ(၂-၃)လက်မလောက်ဖုံးပြီး စိုက်ရုံပါပဲ။ မေလလယ် လောက် မိုးဦးကျချိန်မှာ စစိုက်ပြီး စက်တင်ဘာလကုန်လောက်မှာ အရွက်အသီးတွေ ကြွေကျတတ်ပါတယ်။ အဲဒီအရွက်အသီးကို မကြွေမီခူးပြီး မျိုးအနေနဲ့စုဆောင်းရပါတယ်။ အရွက်အသီး တစ်ပိဿာကို ပျမ်းမျှအလုံးရေ ၇၀၀ လောက် ရှိပါတယ်။ အဲဒါကို နေလှန်းပြီး သိမ်းထားရင် နောက်နှစ် ပြန်ပြီးစိုက်လို့ရပါတယ်။ ဝဥပင် ကတော့ တစ်လခွဲလောက်ကြာတဲ့အခါမှာ အညွန့်တွေထွက်လာပြီး အပင်ပိုင်းကြီးထွားလာပါတယ်။ အမြစ်တွေ ပေါ်လာတဲ့အခါ ပင်ခြေမှာ ပေါင်းသင်မြေဆွပြီး ပေါင်လုံးပေးရပါတယ်။ ပင်ခြေမှာ ရေမဝပ်ဖို့ ဂရုစိုက်ရပါမယ်။”
“ဝဥပင်မှာ ပိုးမွှားကျရောက်မှုနည်းပါတယ်။ တစ်ခါတလေတော့ ရွက်စားပိုးကျရောက်တတ်ပါတယ်။ ဝဥစိုက်ပြီးအပင်ဖြစ်ချိန်မှာ ဝဥ ပင်စည်မှာ ထိခိုက်ဒဏ်ရာရပြီး ပုပ်တတ်၊ ရိတတ်ပါတယ်။ အဲဒီလို ဖြစ်ရင် ပုပ်တဲ့နေရာ၊ ရိတဲ့နေရာကို ဇွန်းနဲ့ခြစ်ထုတ်ပြီး မြေကြီး ဒါမှမဟုတ် ပြာလိမ်းလိုက်ရင် ရပါတယ်။ ဒီလိုမလုပ်ရင် ထိခိုက် ဒဏ်ရာရတဲ့နေရာကနေ အစေးတွေထွက်ပြီး အပင်နာနိုင်ပါတယ်။ အဲဒါကြောင့် ဒဏ်ရာမရဖို့ ဂရုစိုက်ဖို့လိုပါတယ်။ မိုးကုန်ပြီး ဆောင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာ မြေပေါ်ပင်ပိုင်း ညှိုးခြောက်သွားချိန်မှာ ဝဥတူးဖော်လို့ရပါပြီ။ တူးတဲ့အခါမှာလည်း ဝဥကို ဒဏ်ရာမရအောင် တူးဖို့လိုအပ်ပါတယ်။”
“မင်း ဝဥကလည်း တယ်ပြီး အယုအယကြိုက်သကိုးကွ။ ဒါနဲ့ မင်းတို့ စိုက်ပျိုးရေးဌာနက ဝဥနဲ့ ပတ်သက်ပြီး သုတေသနလုပ်တာ တွေရော ရှိသလား။ ဘာတွေလုပ်ထားသလဲ။”
ဝဥ မျိုးအကြောင်း၊ စိုက်ပျိုးနည်းအကြောင်းတွေ မေးပြီးတော့ ကျွန်တော့်အစ်ကိုကြီးက သုတေသနဘက် လှည့်လာခြင်းဖြစ် သည်။
“လုပ်တာပေါ့အစ်ကိုရ။ ကျွန်တော်တို့ စိုက်ပျိုးရေးသုတေသန အပင်ဇီဝနည်းပညာဗဟိုဌာနက ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာပြည်အတွင်း ဒေသအလျောက်ပေါက်ရောက်နေတဲ့ ဝဥမျိုးတွေကို စုဆောင်းပြီး မျိုးဗီဇအခြေခံတွေကို မော်လီကျူလာမတ်ကာတွေ အသုံးပြုပြီး မျိုးသစ်တွေထွက်ပေါ်လာဖို့နဲ့၊ မျိုးသုဉ်းပျောက်ကွယ်မသွားဖို့ လုပ်နေ ပါတယ်။ ဒါ့အပြင် အပင်တစ်သျှူးနည်းပညာနဲ့ အရည်အသွေးကောင်းတဲ့ မျိုးသစ်တွေ ရောဂါပိုးမွှားတွေဒဏ်ခံနိုင်ပြီး ရောဂါပိုးမွှားကင်းစင်တဲ့ အပင်တွေ အချိန်တိုအတွင်း အမြောက်အမြားထုတ်လုပ်ပေးနေပါ တယ်။ ဒါ့အပြင် ဝဥအပင်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို အာဟာရပြင် Media အမျိုးမျိုးမှာ ဟိုမုန်းဆေးအမျိုးမျိုးထည့်ပြီး စမ်းသပ်ခြင်း ဖြင့် အကောင်းဆုံးမျိုးရရှိရေးကို ရန်ကုန်အပင်ဇီဝနည်းပညာဗဟိုမှာ လုပ်နေတာပါ။”
“မွန်ပြည်နယ် အပင်ဇီဝနည်းပညာဌာနမှာတော့ ဝဥမျိုးတွေ ကို ဘယ်လိုသိုလှောင်ထားရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို သိရှိအောင် သိုလှောင်သိမ်းဆည်းနည်းအမျိုးမျိုးကို သုတေသနပြု လေ့လာနေပြီး ကရင်ပြည်နယ် ကော့ကရိတ်မှာတော့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေမယ့် ရော်ဘာပင်ကြား၊ ဝဥကို ဘိလပ်မြေအိတ်ခွံမှာမြေဆွေးထည့်စိုက်ပျိုးခြင်း စမ်းသပ်သုတေသန လုပ်နေပါတယ်။ ဝဥမျိုးတွေကို သိုလှောင်ထိန်းသိမ်းတာနဲ့ ပတ်သက် ပြီး ဘာကြောင့်သုတေသနလုပ်ရသလဲဆိုရင် ဝဥမျိုးဥဈေးက တစ်ပိဿာ ငွေကျပ် ၃၅၀၀ ရှိပြီး မျိုးရွက်သီးက တစ်ပိဿာ ငွေကျပ် ၁၅၀၀၀ ဈေးရှိပါတယ်။ ဒါကြောင့် သိုလှောင်ထိန်းသိမ်းတာ အထူး အရေးကြီးပါတယ်။ ဝဥကို မြေပေါ်မှာ ဖြန့်ထားမယ်၊ မြေမြှုပ်ပြီး သိမ်းမယ်၊ သဲဖုံးပြီးသိမ်းမယ်၊ မြေနဲ့ထရိုင်ကိုဒါးမားရောပြီးဖုံးမယ်၊ တစ်လုံးချင်းစီမြှုပ်မယ်၊ ကျင်းတူးပြီးမြှုပ်မယ်၊ စင်ပေါ်မှာသိမ်းမယ်၊ သမံတလင်းပေါ်မှာသိမ်းမယ်၊ ရော်ဘာစိုက်ခင်းအောက်မှာ သိမ်းမယ် စတဲ့သိမ်းမယ့်ပုံစံ ၁၀ မျိုးနဲ့ စမ်းသပ်ထားပါတယ်။ ငါးလကြာစမ်းသပ်ပြီး အဖြေဖော်ထုတ်တာ လောလောဆယ်အတိအကျတော့ မသိရသေးပါဘူး။”
“အဲဒီလိုပဲ ကရင်ပြည်နယ် ကော့ကရိတ် အပင်ဇီဝ သုတေသနမှာ လုပ်တဲ့ ရော်ဘာပင်ကြား ဘိလပ်မြေအိတ်ခွံမှာ မြေဆွေးထည့်ပြီး စိုက်တဲ့ သုတေသနလုပ်ငန်းကလည်း ကော့ကရိတ်မြို့နယ် မြောက် ကြားအင်းကျေးရွာအုပ်စု လှိုင်ကွယ်ကျေးရွာ ရော်ဘာစိုက်ခင်းမှာ ထုတ်လုပ်နေတာပါ။ ဒီသုတေသနလုပ်ငန်းကို ၂၀၁၈ ခုနှစ်ကစပြီး လုပ်တာကြောင့် သုံးနှစ်ရှိသွားပါပြီ။ မကြာခင်အဖြေကို သိရှိရပြီး ရော်ဘာစိုက်တောင်သူနဲ့ ဝဥစိုက်တောင်သူတွေကို မကြာမီ ရလဒ်ကို ပြောနိုင်တော့မှာပါ။”
ကျွန်တော်က ဝဥသုတေသနနှင့်ပတ်သက်ပြီး အရှည်ကြီးရှင်းပြ လိုက်ရ၍ အေးနေသော ရေနွေးကြမ်းခွက်ကိုယူ၍ တစ်ကျိုက်တည်း မော့ချလိုက်သည်။
“အင်း မင်းဝဥကလည်း တယ်ပြီးလုပ်ရပါလား။ ကဲ ထားပါတော့ ဝဥစိုက်ရင် တစ်ဧက ဘယ်လောက်ထွက်ပြီး ဝင်ငွေဘယ်လောက်ရမှာမို့ မင်းတို့သုတေသနတွေဘာတွေ လုပ်နေရတာလဲ။”
အစ်ကို၏ မေးခွန်းက တကယ့် အဓိကအချက် ဖြစ်နေသည်။
“ကျွန်တော်တို့ လက်ရှိ ချင်းပြည်နယ် မြို့၁၃ မြို့မှာ ဝဥစိုက် ဧရိယာ ၁၆၉၂၁ ဧက စိုက်ပြီး စုစုပေါင်း ၁၈၂၉၁၄၄၆ ပိဿာထွက်တယ်။ ပျမ်းမျှအထွက်နှုန်း ၁၇၃၇ ဒသမ ၄၀ ပိဿာထွက်တဲ့အတွက် တစ်ပိဿာကို ငွေကျပ် ၁၀၀၀ ဈေးနဲ့တွက်ရင် ၁၇ သိန်း ခုနစ်သောင်းကနေ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ဈေးနဲ့ တွက်ရင် ၃၅ သိန်းလောက်ရမှာ။ ဒါတောင် ပျမ်းမျှအထွက်နှုန်းနဲ့တွက်တာ။ ဝဥအထွက်အများဆုံး မတူပီတို့၊ ဆမီးတို့၊ ပလက်ဝတို့မှာဆိုရင် တစ်ဧက ပိဿာချိန် ၃၀၀၀ ကျော် ထွက်တဲ့အတွက် ဝဥစိုက်တဲ့တောင်သူဟာ တစ်ဧကကို သိန်း ၃၀ ကနေ သိန်း ၆၀ အထိ ရနိုင်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသနေ ပြည်သူတွေ ဝင်ငွေတိုးတက်ရရှိအောင် ဝဥကို တိုးချဲ့စိုက်ကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးက တိုက်တွန်းနေတာပါ။”
“အေးပေါ့ကွာ စိုက်ရမှာပေါ့။ မင်းတို့ဝဥက ရွှေဥပဲ။ မင်းတို့ စိုက်ပျိုးရေးဌာနက လုပ်နေတာ ရွှေဥသုတေသနပဲလေကွာ”
အသက်(၈၀)ကျော် ကျွန်တော့်အစ်ကိုကြီး အားရဝမ်းသာ သူ့ပေါင်ကိုပုတ်၍ ပြောလာခြင်းဖြစ်ပါသည်။ ။
- Log in to post comments