ရိုးသား၍၊ ကြိုးစားစေချင်ပါသည်

 

မမဝန်ထမ်း

“အစိုးရရာထမ်းမှုထမ်း” ဆိုသည်မှာ ရာဇသတ်ကြီးပုဒ်မ ၁၄ ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတော် သမ္မတက သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏အာဏာအရသော်လည်းကောင်း၊ ဆက်လက်ထမ်းရွက်ရသူ သို့တည်းမဟုတ် ခန့်ထားခြင်းခံရသူ သို့တည်းမဟုတ် စေခိုင်းခြင်းခံရသူ ရာထမ်း၊ မှုထမ်းအရပ်ရပ်တို့ပါဝင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။


ကျင့်ဝတ်စည်းကမ်းများစွာရှိ


ထို့အတူ  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဂ)တွင် “ဝန်ထမ်းအဖွဲ့အစည်း” ဆိုသည်မှာ   ဖွဲ့စည်းပုံဖြင့်ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်ဟုလည်းကောင်း၊    ပုဒ်မခွဲ(င)တွင်   “ဝန်ထမ်း”ဆိုသည်မှာ   ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင်  ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်ဟုလည်းကောင်း  အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံဖြင့်   ဖွဲ့စည်းထားသည့်     ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ခန့်အပ်ခြင်းခံရသည့်  ကျွန်မတို့နိုင်ငံ့ဝန်ထမ်းများသည် လိုက်နာစောင့် ထိန်းအပ်သည့် ကျင့်ဝတ်စည်းကမ်းများစွာရှိပြီး လိုက်နာကြရန်လည်း လိုပါသည်။


“စည်းကမ်းဟူသည် မိမိကိုယ်မိမိ တာဝန်ယူနိုင်ခြင်း” ဖြစ်သဖြင့် မိမိ၏အသိတရားဖြင့်    လိုက်နာဆောင်ရွက်ကြလျှင်    လုပ်ငန်းခွင် အေးချမ်းသာယာမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။  တစ်ခါတစ်ရံ ဝန်ထမ်း ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများကို မသိမသာ ချိုးဖောက်မိတတ်ကြ သည့်အတွက်   နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဝန်ထမ်းတိုင်း လေ့လာသိရှိထားရန်လိုအပ်ပါသည်။


ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည့်  အလုပ်ချိန်နှင့်သက်ဆိုင် သော ဝန်ထမ်းစည်းကမ်းဆိုင်ရာ   ပြစ်မှုများကို   နိုင်ငံ့ဝန်ထမ်း နည်း ဥပဒေများ၊   နည်းဥပဒေ ၁၆၁ တွင်  အောက်ပါအတိုင်း  ပြဋ္ဌာန်း ထားပါသည်-


    (က)    လုံလောက်သော  အကြောင်းရင်းမရှိဘဲ  အလုပ်တက်ချိန် နောက်ကျ၍ အလုပ်ခွင်သို့ ရောက်ရှိခြင်း၊
    ( ခ )    လုံလောက်သောအကြောင်းရင်းမရှိဘဲ   အလုပ်ဆင်းချိန် ထက်စော၍ အလုပ်ခွင်မှ ထွက်ခွာခြင်း၊
    ( ဂ )    အထက်တာဝန်ရှိသူ၏ ခွင့်ပြုချက်မရဘဲ မကြာခဏ အလုပ် ခွင်မှပျက်ကွက်ခြင်းတို့မှာ အလေ့အကျင့်ကဲ့သို့ဖြစ်နေခြင်း၊
    (ဃ)    ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊
    ( င )    ခိုင်လုံသောအကြောင်းမရှိဘဲ   ခွင့်ရက်ထက်ပို၍နေခြင်း သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊
    ( စ )    ခိုင်လုံသောအကြောင်းမရှိဘဲ    ခွင့်ပြုထားသည့်အလုပ် ကူးပြောင်းချိန်ကုန်ဆုံးပြီးနောက်  အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း။
အထက်ပါနိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊  နည်းဥပဒေ ၁၆၁ ပါ ပြဋ္ဌာန်းချက်များအနက်  နည်းဥပဒေခွဲ (က)၊  နည်းဥပဒေခွဲ(ခ)နှင့် နည်းဥပဒေခွဲ(ဂ)တို့ပါ  ပြဋ္ဌာန်းချက်များကို  ဝန်ထမ်းအချို့ လိုက်နာရန် အားနည်းမှုများ ရှိနေပါသည်။   အကြောင်းအမျိုးမျိုးပြ၍  ရုံးတက်၊ ရုံးဆင်းချိန်မမှန်ခြင်း၊ မကြာခဏအလုပ်ခွင်မှပျက်ကွက်ခြင်း  စသည့် အလေ့အကျင့်ဆိုးများကို ဝိုင်းဝန်းပြုပြင်ပေးရန်  လိုနေပါသေးသည်။ ထိုသို့ပြုမူနေမှုအပေါ် အထက်အရာရှိက ခေါ်ယူသတိပေးခြင်း၊ အရေး ယူခြင်းများ ရှိလျှင်လည်း  အဆိုပါဝန်ထမ်းများက ကျေနပ်နှစ်သက်ခြင်း မရှိကြပေ။ 


လုပ်ငန်းတာဝန်ကို ကျေပွန်ရန်လို


ရုံးတက်၊  ရုံးဆင်းချိန်မှန်နေရုံဖြင့် မိမိတာဝန်ကျေပွန်ပြီဟုလည်း ယူဆ၍မရသေးချေ။ မိမိအား ပေးအပ်ထားသည့်လုပ်ငန်းတာဝန်ကို ကျေပွန်ရန်လည်းလိုပါသည်။ တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန် ကိုပေါ့ဆစွာထမ်းဆောင်ခြင်း  သို့မဟုတ်  မိမိ၏ပေါ့လျော့မှုကြောင့် ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် များကို   မလိုက်နာမှုကြောင့်ဖြစ်စေ     နိုင်ငံ့ဘဏ္ဍာငွေ  သို့မဟုတ် နိုင်ငံတော်ပိုင်ပစ္စည်းများ   ဆုံးရှုံးပျက်စီးမှုမရှိစေရန်   အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် လုပ်ငန်းသဘာဝ အလျောက် သတ်မှတ်ထားသည့်ကျင့်ဝတ်နှင့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ပါသည်။
ထို့အပြင်  ဝန်ထမ်းတစ်ဦး၏ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည် ကိုင်ရည်တို့နှင့်ပတ်သက်၍   ဌာနဆိုင်ရာ  အရေးယူအပြစ်ပေးနိုင် သည့် ပြစ်မှုများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-


    (က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကိုပေါ့ဆစွာ ထမ်းဆောင်ခြင်း၊
    ( ခ )    ပေါ့လျော့မှုကြောင့်ဖြစ်စေ၊   လုပ်ငန်းဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊  အမိန့်နှင့်ညွှန်ကြားချက်များကို  မလိုက်နာမှု ကြောင့်ဖြစ်စေ   နိုင်ငံ့ဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင်ပစ္စည်း ဆုံးရှုံးပျက်စီးရခြင်း၊
    ( ဂ )    ခန့်အပ်ထားသည့်ရာထူးနှင့်မညီဘဲ    လုပ်ရည်ကိုင်ရည် အဆင့်အတန်းမမီခြင်း သို့မဟုတ် အရည်အချင်းညံ့ဖျင်းခြင်း၊ အရည်အသွေးမပြည့်ဝခြင်း၊
    (ဃ)    ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာရန် ပျက်ကွက်ခြင်း။
အထက်ပါပြဋ္ဌာန်းချက်များအရ     ကျွန်မတို့နိုင်ငံ့ဝန်ထမ်းများသည်  ဥပဒေစည်းမျဉ်း၊   စည်းကမ်းများ၊   ညွှန်ကြားချက်များကို လိုက်နာရန်လိုပါသည်။ မိမိ၏ ရာထူးအဆင့်နှင့်လျော်ညီစွာ ပေးအပ် ထားသည့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမည့်အပြင် မိမိကြောင့် နိုင်ငံပိုင်ပစ္စည်းများ   ပျက်စီးဆုံးရှုံးမှုမရှိစေရေး သတိပြုဆောင်ရွက် ရမည်ဖြစ်သကဲ့သို့  မိမိရာထူးအဆင့်နှင့်လျော်ညီစွာ ကျင့်ဝတ်သိက္ခာ ကို စောင့်ထိန်း၍ လုပ်ရည်ကိုင်ရည်ပြည့်ဝစေရေးအတွက် စဉ်ဆက် မပြတ် လေ့လာဆည်းပူးနေကြရန်လည်း လိုအပ်ပါသည်။ 


ဝန်ထမ်း၏ ပြုလုပ်မှု၊   ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်း ဖောက်ဖျက်မှု၊   တာဝန်ပျက်ကွက်မှုတစ်ခုခုနှင့်စပ်လျဉ်း၍  အရေးယူ ရန်ရှိပါက အရေးယူချမှတ်သည့်ပြစ်ဒဏ်များနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်   ကိစ္စရပ်များလည်း   ရှိပါသည်။   နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၀ အရ “ဝန်ထမ်းတစ်ဦးကို အရေးယူ ရာတွင်    ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်ဝန်ထမ်းသည်      ဝန်ထမ်း စည်းကမ်းဆိုင်ရာ  ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူခံရပြီးနောက် ကျူးလွန်ပျက်ကွက်ခဲ့သော     ပြစ်မှုမျိုး     ထပ်မံမဖြစ်စေရေးနှင့် အသိတရားရရှိစေရေးဟူသည်   ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန် ရည်ရွယ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်း ထားပါသည်။


နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ


နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊  နည်းဥပဒေ ၂၀၉ အရ ဌာနဆိုင်ရာ အရေးယူမှုများတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါပြစ်ဒဏ်တစ်ရပ် ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ    ချမှတ်နိုင်သည်ဟု   ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့်    နိုင်ငံတော်၏   အုပ်ချုပ်ရေးယန္တရားအားကောင်းရေး အတွက် အဓိကတာဝန်ရှိသူ ကျွန်မတို့နိုင်ငံ့ဝန်ထမ်းများသည် မည်သူ တစ်ဦးတစ်ယောက်၏ သွေးထိုးလှုံ့ဆော်မှုကိုမျှ  လိုက်ပါနားယောင် ၍မဖြစ်ပါ။ မိမိ၏ အသိဉာဏ်ပညာဖြင့် ချင့်ချိန်နှိုင်းဆ၍ အဖြူနှင့် အမည်း၊ အမှားနှင့်အမှန်ခွဲခြားသိမြင်နိုင်ရန် လိုပါသည်။


ထို့ကြောင့်   နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ   စံတန်ဖိုးများနှင့် ပတ်သက်၍ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည် ထိုက်သောဝန်ထမ်းများဖြစ်ရန်   လိုအပ်သည့်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   စီမံ ခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် ၆/၂၀၂၁ ၏ သဘော တူညီချက်ဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုး (Ethical value for Civil Service Personnel) များကို ၂၈-၅-၂၀၂၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ ဖြင့်   ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။
အထက်ပါ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက် များသည်  ယခင်ပြဋ္ဌာန်းထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကျင့်သုံးလျက်ရှိသော စံနမူနာကောင်းများကို အခြေခံ၍ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီးရှိ  တာဝန်ရှိသူများနှင့်ပူးပေါင်းညှိနှိုင်းရေးဆွဲထားခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့်အဓိကစံတန်ဖိုးများ ဖြစ်ပါသည်။
“ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” (A Stronger Civil Service A Stronger Nation) ဟူသော    ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ  ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို     လေ့ကျင့်ပေးလျက်ရှိသည့်     ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့်   (အထက်မြန်မာပြည်)တို့သို့ သင်တန်းတက်ရောက်လာကြသူတိုင်းသည်  နေ့စဉ်နံနက်တန်းစီချိန် များ၌  မပျက်မကွက်ရွတ်ဆိုကြရသော  နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ရှိပါသည်။ ၎င်းတို့မှာ -


    (က)     ကျွန်ုပ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏  သစ္စာကို စောင့်သိရိုသေပါမည်။
    ( ခ )    ကျွန်ုပ်တို့သည်ပြည်ထောင်စုမပြိုကွဲရေးကို    ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။
    ( ဂ )    ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။
    (ဃ)    ကျွန်ုပ်တို့သည်   အမိနိုင်ငံတော်၏  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။
    ( င )    ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများပီသစွာဖြင့် ပါတီနိုင်ငံရေး နှင့်ကင်းရှင်းအောင် နေထိုင်ပါမည်။
    ( စ )    ကျွန်ုပ်တို့သည် နိုင်ငံတော်ကပေးအပ်သော   အမိန့်နှင့် တာဝန်များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်းဆောင်ရွက် သွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ဆိုကြရပါသည်။ 


အထက်ပါ   သစ္စာအဓိဋ္ဌာန်ပါအချက်များကိုကြည့်ပါက    နိုင်ငံ့ ဝန်ထမ်းများဖြစ်လာပါက မိမိနိုင်ငံအပေါ်  သစ္စာစောင့်သိရန်လိုပါသည်။ အချင်းချင်းမညီညွတ်ပါက “နွားကွဲလျှင်ကျားဆွဲမည်” ဖြစ်၍ စိတ်ဝမ်း ကွဲနေ၍မရဘဲ စည်းလုံးညီညွတ်ရန်လိုပါသည်။ ကျွန်မတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မ (၃) ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ မယိမ်းယိုင်အောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရပါမည်။   ထို့အပြင် ပါတီနိုင်ငံရေးနှင့်လည်းကင်းရှင်းရမည်ဖြစ်ပြီး မိမိအားပေးအပ်သည့် အမိန့်၊  တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ပါသည်။ စေတနာအရင်းခံဖြင့် အတူတကွ ဝိုင်းဝန်းဆောင်ရွက်ရန်လိုပါသည်။ အလုပ်ခွင်အတွင်းတွေ့ကြုံရသည့် အခက်အခဲ၊ အတိုက်အခံများအပေါ်  စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ရင်ဆိုင်နိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းရှိအောင် လေ့လာသင်ယူဖို့လိုပါသည်။ 


အင်အားဖြစ်စေချင်


ကျွန်မတို့ဝန်ထမ်းများသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံ ထုတ်ပေးသည့်လစာနှင့်စရိတ်ကို ခံစားနေသူများဖြစ်၍ မိမိလိုလား သည့် အခြေအနေတစ်ရပ်ဖြစ်လာခြင်း၊ ဖြစ်မလာခြင်းအပေါ် ဘေးထိုင်၊ ဘုပြောနေမည့်အစား နိုင်ငံတော်၏ ဦးတည်ချက်၊  ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင်   အုတ်ကောင်းတစ်ချပ်၊  သဲဖြူတစ်ပွင့် အဖြစ် အင်အားဖြစ်စေချင်ပါသည်။


အချုပ်အားဖြင့် မိမိတို့တာဝန်ယူနေရသည့် ရာထူး၊ နေရာနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးများ မည်သို့ပင် ကွာခြားစေကာမူ နိုင်ငံတော်အတွက် ဝန်ထမ်းတိုင်းသည် သူ့နေရာနှင့်သူ  မရှိမဖြစ် အရေးပါကြပါသည်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ မှုကို ယိုင်လဲမသွားစေချင်ပါ။   ရိုးသားစေချင်၊ ကြိုးစားစေချင်ပါသည်။ နိုင်ငံတော်အကျိုးလိုလားကာ    နိုင်ငံချစ်စိတ်ဖြင့် စုပေါင်းညီညာ လက်တွဲကြပါစို့ ၊ “တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအား ဖြင့်ယူသော်ရ၏”  ဆိုသည့်အတိုင်း ကျွန်မတို့အားလုံးတွေဝေမှု၊ တုံ့ဆိုင်းနေမှုများကို ဖယ်ထုတ်ပြီး ရိုးသား၊ ကြိုးစားကာ  စည်းလုံး ညီညွတ်စွာဖြင့်  ရှေ့ဆက်လျှောက်လှမ်းကြပါစို့၊  မိမိတို့၏ သမိုင်း မှတ်တိုင်ကို မိမိတို့ကိုယ်တိုင်စိုက်ထူကြပါစို့ဟု ဆန္ဒဖြင့် တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။    ။