
ရန်ကုန် အောက်တိုဘာ ၂၂
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ROTHO ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် ရိုတို တိုက်ကွမ်ဒိုချန်ပီယံရှစ် ဖိတ်ခေါ်ဖလား (ROTHO TAKEWONDO CHAMPIONSHIP 2022) ပြိုင်ပွဲကို ယနေ့နံနက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ(ဘူယောင်းတိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ)၌ ကျင်းပ ရာ အားကစားသမား ၃၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် Rotho ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စန္ဒာရွှေ တို့က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ပထမနေ့ပြိုင်ပွဲ များကို ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုး သမီးအတိုက် (Kyorungi)နှင့် ကကွက် (Poomsae) ပြိုင်ပွဲများ၊ သက်ငယ်တန်း (Cadet)အဆင့်၊ ဂျုနီယာတန်း (Junior) အဆင့်၊ ကီလိုတန်းအလိုက် ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ခါးစည်းအနက် (Kukki- Won) ဒန်အဆင့်ရရှိထားသူများနှင့် မြန်မာ နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ခါးစည်းအစိမ်းမှ အနီ(၁)ဒီဂရီအထိ ရရှိထားသူများက ပထမ နေ့ ပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။ ယင်း ပြိုင်ပွဲသို့ ကလပ်အသင်း ၁၃ သင်း ပါဝင်ကြ ပြီး အောက်တိုဘာ ၂၃ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး