ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အမိန့်အမှတ်  ၂၆၅ /၂၀၂၁
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်  ၂  ရက်
(၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်)


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်   ကူးစက်ရောဂါများ  ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ   ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။


၁။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်   လတ်တလော   အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ   ဆောင်ရွက်လျက်ရှိရာ  ရှမ်း ပြည်နယ်၊ လားရှိုးမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှု များပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိပါသဖြင့် အဆိုပါမြို့နယ်တွင် နေထိုင် သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ် ပါသည်။ 


၂။    သို့ဖြစ်ပါ၍   ရှမ်းပြည်နယ်၊  လားရှိုးမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့်   နေအိမ်တွင် နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။ 


၃။    အဆိုပါမြို့နယ်ရှိ   နေအိမ်တွင်နေထိုင်ရေး   (Stay at Home) အစီအစဉ်တွင်   အကျုံးဝင်သော   ပြည်သူများသည်   အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -
    (က)    မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်း များ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင် ရန် သွားရောက်သူများမပါ)၊


    (ခ)    မဖြစ်မနေ‌ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊


    (ဂ)    ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊


    (ဃ)    နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊


    (င)    တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊


    (စ)     ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ/ဆေးခန်းသွားရောက်ခြင်း အတွက်   ယာဉ်မောင်းအပြင်  ယာဉ်ပေါ်တွင်   နှစ်ဦးသာ သွားရောက်ရန်၊


    (ဆ)    အဆိုပါမြို့နယ်မှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှု စံသတ်မှတ် ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။


၄။    အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ)နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ် ရေးအဖွဲ့သို့သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန် ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။


၅။    ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။


၆။    ဤအမိန့်သည်  ၂၇-၆-၂၀၂၁ ရက်၊ ၀၄:၀၀ နာရီအချိန်မှ စတင် သက်ရောက်သည်။
    
                    ဒေါက်တာသက်ခိုင်ဝင်း
                      ပြည်ထောင်စုဝန်ကြီး