
တောင်ကြီး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၏ ကြီးကြပ်မှု အောက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော အမှုထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် တိုးတတ်လာစေရေး အတွက် ရုံးလုပ်ငန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်က ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံက သင်တန်း သားများအနေဖြင့် သင်ကြားပို့ချမှုများကို မိမိတို့၏ရှိပြီးသား အရည်အသွေးများ နှင့်ပေါင်းစပ်၍ ပိုမိုတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း ၊ လေ့လာ သင်ယူခြင်းဖြင့် မိမိတို့၏ အရည်အချင်း များကို မြှင့်တင်ကြရန်လိုကြောင်း၊ သင်တန်း စည်းကမ်းများနှင့်အညီ စနစ်တကျနေထိုင်ပြီး သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို သေချာလေ့လာမှတ်သား၍ နားလည် တတ်ကျွမ်းမှုရှိအောင် ကြိုးစားကြစေလို ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၁ ဦး တက်ရောက်ပြီး ငွေစာရင်း၊ နိုင်ငံဝန်ထမ်း ဥပဒေ/နည်းဥပဒေ၊ တရားစွဲအမှုလိုက်၊ စီမံ ဝန်ထမ်းရေးရာ၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက် ဥပဒေ၊ ရုံးလုပ်ငန်း၊ စီမံကိန်း၊ စာရင်းစစ်၊ ပင်စင် စသည့်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရ သည်။
စိုင်းသန်းကျော်(တောင်ကြီး)