
နေပြည်တော် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် အမျိုးသား ခြောက်ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နွားဘန်းကြီးကျေးရွာနေ မအိအိမွန် ၃၂ နှစ် (ဘ)ဦးမြသောင်း၏နေအိမ်တွင် အသေးစား ချေးငွေလုပ်ငန်း(PACT MYANMAR)မှ ကွင်းဆင်း တာဝန်ခံဖြစ်သည့် ရွာမရပ်ကွက်နေ ထက်အောင် ၃၂ နှစ် (ဘ)ဦးစံဌေးနှင့် တစ်ရပ်ကွက်တည်းနေ မတင်မျိုးဦး ၃၉ နှစ် (ဘ)ဦးမောင်စံတို့သည် ချေးငွေ ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် တူမီးသေနတ်များ ကိုယ်စီကိုင်ဆောင်ထားသော အမျိုးသား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ချေးငွေကျပ်သိန်း ၄၀ နှင့် မတင်မျိုးဦး ကိုင်ဆောင်သည့် ဖုန်း နှစ်လုံး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ကျောပိုးအိတ် နှစ်လုံးတို့ကို သေနတ်ပြခြိမ်းခြောက်၍ လုယက်ယူဆောင်ကာ နွားဘန်းကြီးကျေးရွာ၏ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေများ ကို လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်