ရှမ်း(တောင်)မှသည် ရှမ်း(အရှေ့)ဆီသို့

Type
99

 

မြင့်စိုး (နတလ)

 

နေပြည်တော်-  လွိုင်လင်-  နမ့်စန်


“ဝ”   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  မက်မန်းခရိုင် မက်မန်းမြို့လေးသို့ ကျွန်တော်သွားမည်။သို့သော်    ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ  ကျွန်တော်သွားခဲ့ သလိုမျိုး   ရန်ကုန်မှ  ကျိုင်းတုံသို့  လေယာဉ်ဖြင့် ကျိုင်းတုံ-တုံတာ-မိုင်းပျဉ်း-မက်မန်းသို့  မော်တော် ယာဉ်ဖြင့် မဟုတ်တော့ပါ။ လေယာဉ်ခရီးစဉ်မပါ တော့ဘဲ ကားဖြင့် မက်မန်းသို့ အရောက်သွားရန် စဉ်းစားလိုက်ပါသည်။  သို့ဖြစ်၍  ကားမောင်းပြီး လိုက်ပို့ပေးမည့် ကျွန်တော့်မိတ်ဆွေ ဦးအောင်မင်း ထွန်းနှင့်အတူ မတ်လ ၂ ရက်နေ့ နံနက် ၇  နာရီ တွင် နေပြည်တော်မှ  စတင်ထွက်ခွာလာခဲ့ကြသည်။ သူ၏တပည့် အင်ဂျင်နီယာပေါက်စ အညာသားလေး  တစ်ယောက်လည်း အတူပါလာ၏။ 

 


နေပြည်တော်-တပ်ကုန်း-ရမည်းသင်း-ပျော်ဘွယ် လမ်းခွဲ-ဘုရားငါးဆူ-ယင်းမာပင်-   ကလောလမ်းက ကျွန်တော်မကြာမကြာသွားဖူးနေ၍  ဘာမှထူးထူး ခြားခြား မခံစားရ။  ထို့အတူ ကလော-အောင်ပန်း-ဟဲဟိုး-ညောင်ရွှေလမ်းခွဲ-ရွှေညောင်- တောင်ကြီး လမ်းကလည်း ရိုးအီ၍ နေပါပြီ။ သို့သော် အတူ လိုက်ပါလာသော အညာသားလေးက ရှမ်းပြည်နယ် ကို လုံးဝမရောက်ဖူးပါ။ သည့်အတွက် ဟဲဟိုး-တောင် လေးလုံးနှင့် ညောင်ရွှေလမ်းခွဲကြားက ဘဝသံသရာ တံတားအနီးမှာ ကားခဏရပ်ပြီး ဓာတ်ပုံရိုက်ပေး လိုက်သည်။  ကိုယ်တွေက  မကြာခဏရောက်ဖူး နေ၍ မထူးခြားသော်ငြားလည်း  အညာသားအတွက် ကတော့ အမှတ်တရ ဖြစ်သွားပါလိမ့်မည်။  ဓာတ်ပုံ ရိုက်ရင်း ဆရာကြီးဦးသုခ၏   ဘဝသံသရာရုပ်ရှင် အကြောင်း၊ ဇာတ်ဝင်တေးအကြောင်း  ရှင်းပြလိုက် သည်။ ရွှေညောင်မှာ  နေ့လယ်စာစားကြ၏။ 

 


တောင်ကြီးမှဟိုပုံး၊ ထိုမှမိုင်းပွန်ကိုဖြတ်ပြီးလျှင် လွိုင်လင်မြို့သို့ ဝင်ပါပြီ။ လွိုင်လင်မှာ နတလခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိသည်။ ဝင်၍ နှုတ်ဆက်ရဦး မည်။ တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်ကြီးဖြစ် သော်ငြားလည်း   ရုံးမှာ တကူးတကစောင့်နေကြပြီး     ကျွန်တော့်ကို နှုတ်ဆက်ကြသည်။ ဒုညွှန်မှူး  ဦးဟန် ဝင်းအောင်၊  တပည့်မ နွဲ့ယဉ်ဝင်း၊  ပြေခိုင် စသည့် တပည့်များ။ လွိုင်လင်ရုံးမှာ ခဏထိုင်စကားပြော ကြရင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊   ကျောက်တန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများ ဖြစ်သော ဆနင်း၊  နားတစ်ကျေးရွာ   အုပ်စုများ၊ လွိုင်လင်-လဲချားကားလမ်းပေါ်က နောင်လိုင်ကျေးရွာ အုပ်စုများကို ဆက်သွယ်ပေးမည့်လမ်းဖောက်လုပ် ရေးကိစ္စ စကားစပ်မိကြသည်။ 

 


လွိုင်လင်ခရိုင်    ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ကွင်းဆင်းလေ့လာထားသည့်   ပင်လုံ-  ဖက်နမ်- ကျောက်တန်းလမ်းမကြီးနှင့်  ဆနင်း- နားတစ်- နောင်လိုင်ကျေးရွာ  အုပ်စုချင်းဆက် ၂၅/၀ မိုင် လမ်းဖောက်လုပ်ရေးစီမံချက်ကို     ကျွန်တော် ကွက်ကွက်ကွင်းကွင်းမြင်ပါသည်။  အကြောင်းမှာ ကျောက်တန်းမှ ဖက်နမ်အထိ နတလလမ်းဖြစ်ပြီး ဖက်နမ်တံတားတည်ဆောက်ထားသည့် နေရာသို့    ကျွန်တော် သွားရောက်စစ်ဆေးကြည့်ရှုဖူးပါသည်။    ဖက်နမ်မှပင်လုံအထိ   ဆောက်လုပ်ရေးဝန်ကြီးဌာန      လမ်းဦးစီးဌာနက     တာဝန်ယူ ဖောက်လုပ်ထားသည်။           နောင်လိုင်ဆိုသည်ကလည်း  ၁၉၈၁   ခုနှစ်၊  တပ်မ  (၅၅) ကွန်မန်ဒိုတပ်ခွဲတွင်   တာဝန်ထမ်းဆောင်စဉ်  မကြာခဏ လမ်းလုံခြုံရေးယူပေးရသည့်   နေရာ။   ဆနင်း ဆိုသည်ကလည်း  ကျွန်တော်တို့  တပ်မ (၅၅)၊ တပ်ရင်းသုံးရင်းဖြင့်  ၁၉၈၃  ခုနှစ်၌   SURA ဌာနချုပ်ကို တိုက်ခိုက် ရှင်းလင်းခဲ့သည့်နေရာ။  

 


သို့ဖြစ်၍ ဖောက်လုပ်ပြီး ဟိုပုံး- ကျောက်တန်း-     ဖက်နမ်- ပင်လုံလမ်းသို့   ဆက်သွယ်နိုင်မည့်    ၂၅/၀     မိုင်အရှည်ရှိ ထီကဒူး-  ဆနင်း-ပန်ဟူ-ဆမ်ဆန်-  ခုန်ကောက်- ပါမင့်-နောင်လိုင်လမ်းကို  ဖောက်လုပ် နိုင်ပါက  ဆနင်း၊  နားတစ်နှင့်   နောင်လိုင်ကျေးရွာ အုပ်စု သုံးစုအတွင်းရှိ ကျေးရွာပေါင်း ၇၁ ရွာ၊ အိမ်ခြေ ၃၃၉၃ အိမ်၊ လူဦးရေ ၆၂၈၈၃ ဦးတို့၏  ပညာရေး၊   ကျန်းမာရေးမှအစ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ အငြိမ်းစားဝန်ထမ်းတစ်ယောက် ဖြစ်နေလင့်ကစား    ဒေသဖွံ့ဖြိုးရေးအကြောင်း၊   တိုင်းရင်းသားများအကြောင်း စကားစလာလျှင်       တမေ့တမြော ပြောနေမိသည်မှာ  လက်ရှိ   ပစ္စက္ခ အခြေအနေများကိုပင် မေ့သွားသည်အထိ  ဖြစ်ခဲ့ သည်။ ဆင်ခြင်ဦးမှ ဖြစ်မည်။

 


နမ့်စန်မှာ ညအိပ်ရပ်နားသောအခါ ၁၉၉၆ ခုနှစ်၊      ဦးခွန်ဆာ ခေါင်းဆောင်သော MTA လွယ်မော်အဖွဲ့ အကြွင်းမဲ့လက်နက်စွန့်ချိန် ဟိုမိန်းမြို့လေး၌ ခင်မင် ရင်းနှီးခဲ့သည့် ဦးမဟာကြာထံသို့  သွား၍နှုတ်ဆက် ဖြစ်ခဲ့သည်။   ဟိုမိန်းမြို့က  မိတ်ဆွေတွေအကြောင်း    မေးဖြစ်ခဲ့၏။   ဦးနော်မိန်းခွမ်းက  ကျန်းကျန်းမာမာ ရှိနေသည်။    ဦးရွက်ခေးကတော့   ဆုံးသွားရှာပြီ။ နောင်လုံကန်ရေအားလျှပ်စစ်ဖြင့်   ဟိုမိန်းမြို့လေး မီးလင်းတော့မည်ဖြစ်ကြောင်း ကြားရ၍ ဝမ်းသာ သည်။ နမ့်စန်မြို့လေးက ဟိုမိန်းသို့ သွားသည့်အခါ တိုင်း ဖြတ်သွားရသဖြင့် ကျွန်တော်နှင့်မစိမ်း။ ဆလိမ် နသတ်နှင့်ဆန်သော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက နမ့်ဆန်၊ စလုံးနသတ်နှင့်စန်သော  ရှမ်း ပြည်နယ် တောင်ပိုင်းဒေသက    နမ့်စန်၊    ဤသို့ဤပုံ   ခွဲခြားမှတ်သားခဲ့ရသည်။

 


နမ့်စန်- ခိုလမ်- ကွန်ဟိန်း-
ကာလိ- တာကော်- မိုင်းပျဉ်း


သည်လမ်းပိုင်းမှာတော့ ကားပေါ်တွင် ပါလာ သည့်    အညာသားလေးကဲ့သို့   ကျွန်တော်လည်း   တောသားမြို့ရောက်ပုံစံဖြင့် မြင်မြင်လေရာ ပြူးတူး ပြဲတဲလိုက်ကြည့်ရပါတော့သည်။  အကြောင်းမှာ  လွန်ခဲ့သည့် ၃၄ နှစ်တာကာလ၊ ၁၉၈၈ ခုနှစ်က   ယာဉ်တန်းဖြင့် ကျောက်ဆည်မှ   ကျိုင်းတုံသို့    နောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ နတလသို့  ကူးပြောင်း တာဝန်ထမ်းဆောင်သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း ကာလများမှာ ကျိုင်းတုံဆိုလည်း လေယာဉ်၊  တာချီ လိတ်ဆိုလည်း လေယာဉ်ဖြင့်သာ သွားခဲ့ရ၏။ သည့် အတွက် သည်ခရီးစဉ်မှာ ခိုလမ်ဆိုလည်း  ပြူးတူး ပြဲတဲ၊   ကွန်ဟိန်းဆိုလည်းပြူးတူးပြဲတဲ၊     ကာလိနှင့်   တာကော်တံတားမှာလည်း ဟိုကြည့်သည်ကြည့်၊    သည်လိုနှင့်    မိုင်းပျဉ်းသို့သာဝင်လာသည်။   လွန်ခဲ့ သည့်  အနှစ် ၃၀ ကျော်က  မှတ်မိတာဆို၍ တစ်ခု တလေမျှပင်မရှိတော့၊  လမ်းတွေကတော့ အလွန် ကောင်းသည်။ ခိုလမ်အဝင်၊ အထွက်မှာပဲ အနည်းငယ် ကျဉ်းသယောင်ရှိပြီး ကျန်မြို့ရွာများမှာ တစ်ခါတလေ          လေးလမ်းသွားနီးပါးလောက် အကျယ်ချဲ့ထားကြောင်း တွေ့ရ၏။  

 


ခိုလမ်မြို့အဝင်မှာ ဉာဏ်တော်အမြင့် ၅၇   ပေရှိ       ကောင်းမှုလုံစေတီ  ပုံစံတူတစ်ဆူကို   ဝင်ရောက် ဖူးမြော်ခဲ့သည်။  ခိုလမ်မြို့   ကားလမ်းဝဲယာတွင်   ပေါက်ပင်များ   ရဲရဲနီအောင်ပွင့်နေကြ၍   ခိုလမ်ကို ပေါက်မြို့တော်ဟု  စိတ်ထဲမှာ   တင်စားခေါ်ဝေါ် မိသည်။ ကွန်ဟိန်းမှာ နတလမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးရှိနေသောကြောင့် တပည့်များကို  ဝင်ရောက် နှုတ်ဆက်ဖြစ်သေး၏။ ကာလိမြို့အထွက်တွင် အတန် ငယ်မြင့်သော တောင်ကုန်းကြီးများကို မြင်ရသည်မှာ တစ်မျိုးတစ်ဘာသာဆန်းနေ၏။   ကျောက်တောင် များပဲ  ဖြစ်ပါလိမ့်မည်။  ခရီးအကွာအဝေးများကတော့   လွိုင်လင်မှစ၍ ပြောရလျှင် လွိုင်လင်-နမ့်စန်   ၁၆/၀ မိုင်၊ နမ့်စန်-  ခိုလမ် ၃၃/၀  မိုင်၊   ခိုလမ်-  ကွန်ဟိန်း ၃၄/၀  မိုင်၊   ကွန်ဟိန်း-  ကာလိ ၈/၀  မိုင်၊ ကာလိ-  တာကော်၁၉/၀ မိုင်၊ တာကော်- မိုင်းပျဉ်း ၄၇/၂  မိုင် ဖြစ်သောကြောင့် လွိုင်လင်မှ မိုင်းပျဉ်းထိ စုစုပေါင်း    ၁၅၇/၂  မိုင် ဖြစ်ပါသည်။

 


တာကော်တံတားမှာ ခေတ္တနားခဲ့


ကာလိမြို့လေးမှနေ၍ မိုင်းစံမြို့သို့  သွားနိုင် ကြောင်းလည်း လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ပြထား ကြောင်းတွေ့ခဲ့ရသည်။  ၅၄ ဒသမ ၇၁ ကီလိုမီတာ ဝေးသည်  ဆိုထားသောကြောင့်  ခန့်မှန်းမိုင်အားဖြင့်    ၃၄ မိုင်ခန့် ရှိပါလိမ့်မည်။  မိုင်းစံသို့   ကျွန်တော် မရောက်ဖူးပါ။ တာကော်တံတားထိပ်သို့  မတ်လ  ၃   ရက်နေ့ နံနက် ၁၁  နာရီအချိန်  ရောက်ပါသည်။   ဪ …   သံလွင်တံတား  (တာကော်)၊  လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က  ဖြတ်ကူးခဲ့ဖူးသော တာကော်၊ ခုချိန်ထိလည်း နိုင်သမျှဝန်ကို ထမ်းနေတုန်းပင်။   ကုန်တင်ယာဉ်ကြီးများ၊  ဘီးတွဲယာဉ်ကြီးများကိုမူကုန်အပြည့်နှင့် ဖြတ်သန်းခွင့်မပြုတော့ပါ။  ဟိုဘက် ထိပ်၊  သည်ဘက်ထိပ်တွင်ရပ်ပြီး  ကုန်ပစ္စည်းများကို          ယာဉ်ငယ်များဖြင့် ကဲ့ယူနေကြသည်ကို တွေ့ခဲ့ရ၏။    ဤအခြေအနေကြောင့်ပဲဖြစ်ပါလိမ့်မည်။ ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တံတားဟောင်း နှင့်ကပ်လျက်  မနီးမဝေးနေရာမှာ သံလွင်မြစ်ကူး တံတားသစ်ကြီးတစ်စင်း      တည်ဆောက်နေပြီ ဖြစ်သည်။   

 


တာကော်တံတားမှာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ ၏။ တာကော်တံတားကြီးအား ၁၉၆၅ ခုနှစ်  ဖေဖော် ဝါရီလတွင်  စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တံတားကြီးမရှိသေးမီ သံလွင်အရှေ့ဘက်ကမ်းသို့       ပွန်တွန်းစက်လှေ သုံးစင်းပူးတွဲထားသည့်အပေါ်မှာ  ကားများကိုတင်ပြီး ကူးရသောကြောင့်   တပ်ရင်း တစ်ရင်းလုံး အရှေ့ဘက်ကမ်းသို့ရောက်ရန် သုံးရက် ခန့်ကြာကြောင်း လူကြီးတစ်ယောက်က ပြောပြပါ သည်။ တာကော်နှင့်  မိုင်းပျဉ်းမြို့အကြား  ခရီးကမူ    တောင်တက်တောင်ဆင်းများသည်။  သံလွင်မြစ်မှ အပေါ်ကိုပြန်တက်ရသည့်  သဘောပင်။  ကုန်တင် ယာဉ် ကြီးများကတော့  တဝေါဝေါ တဖြောဖြောနှင့် သွားလာနေကြသည်။ မိုင်းပျဉ်းမြို့မှာ  ညအိပ်ရပ်နား ခဲ့သည်။    

 


မိုင်းပျဉ်းမှ မက်မန်းသို့


သည်ခရီးစဉ်ကတော့ ကျွန်တော်နှင့်သိပ်မစိမ်း သေး၊၊ မစိမ်းဆို  ၂၀၁၈ ခုနှစ်  နှစ်ဆန်းပိုင်းမှာ တစ်ကြိမ် ရောက်ဖူးထားသည်လေ။  အကွာအဝေး မိုင်အားဖြင့် ၆၈/၀ မိုင် ဝေးပါသည်။  လမ်းတွင်  တွေ့ရသော ဝမ်တာခက်တံတားလေးက မိုင်းပျဉ်း မြို့နယ်နှင့်      မက်မန်းမြို့နယ်တို့၏  နယ်ခြားစည်းပဲ ဖြစ်၏။  မက်မန်းမြို့နယ်ထဲမှာ   ပါဝင်သည့်  ဝမ်တာခက်-  မက်မန်းလမ်းပိုင်းက ၄၆/၇    မိုင်ဖြစ် သည်။    လမ်းအခြေအနေက  ပထမတစ်ခေါက် လာစဉ်ကထက်       ပိုကောင်းနေသည်ကို  တွေ့ရ၏။   ကတ္တရာ   ၁/၂   မိုင်၊ ကျောက်ချောလမ်း ၈/၁ မိုင်၊ ကွန်ကရစ်လမ်း ၂၁/၂ မိုင်၊ အမာခံလမ်း ၁၇/၀  မိုင် ဖြစ်သောကြောင့် မိုးတွင်းအပါအဝင် ရာသီမရွေး သွားနိုင်သောလမ်းဖြစ်နေပြီ။    

 


လမ်းတာဝန်ခံဖြစ်သော       ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန    AE    ဦးမိုင်းနိုင် နေလင်းနှင့်  သူ့ဝန်ထမ်းများ၏  မက်မန်းဒေသ အပေါ်ထားရှိသော စေတနာကို မိုင်းပျဉ်း-  ဝမ်တာ ခက်- မက်မန်းကားလမ်းပေါ်မှာ ကျွန်တော်  ရှာဖွေ တွေ့ရှိလိုက်ရသည်။ ဦးမိုင်းနိုင်နေလင်းသည် မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)၊အမှတ်စဉ်(၅) ကျောင်းဆင်းဖြစ်နေသော ကြောင့်  ဂုဏ်ယူဝမ်းသာဖြစ်ခဲ့ရသည်။   လက်ရှိ မက်မန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသော ဦးထွန်းလင်းအောင်ဆိုလျှင် လည်း     ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်း မှ အမှတ်စဉ်(၁) ကျောင်းဆင်းဖြစ်သည်။ 

 


ထို့ပြင် ပရဟိတ (ကျားကျောင်း)မှ ၁၀ တန်း အောင်သူဖြစ်နေသောကြောင့် လေးမျက်နှာပရဟိတ ကျောင်းထွက် ကျွန်တော်နှင့်က ရေစက်လာ၍ဆုံပြန် ပါသည်။  ကျွန်တော်တို့    လေးမျက်နှာပရဟိတ ဆရာတော်ကြီး ဦးပညာလောကသည် ကျားကျောင်း ပရဟိတ ဆရာတော်ကြီးနှင့်  အလွန်ရင်းနှီးပါသည်။   သည့်ထက်ပို၍ ရေစက်ဆုံသည်ကတော့ “ဝ” တိုင်းရင်း သားဖြစ်သည့်   သူ့ဖခင်သည်   တန့်ယန်း  ခလရ    ( ၃၃)     ရဲညွန့်တပ်ခွဲတွင် နေထိုင်  ပညာသင်ယူဖူးသူဖြစ်နေခြင်းပင်။    

 

     
ဒီဂရီကောလိပ်ကျောင်းဆင်း   ညီအစ်ကိုများ   မက်မန်းမြို့လေးမှာ   လာဆုံကြပြီး   ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲညီညီဆောင်ရွက်နေသည် ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ခဲ့ရ၏။  ဝမ်တာခက် တံတားမှ မက်မန်းအကြားမှာ   တောင်အတက် အဆင်း သုံးနေရာရှိသည်။ ဆွတ်ဝိုးအတက်၊ နမ့်တော် အတက်၊ မငေါက်အတက် ဆိုသည့်   သုံးနေရာဖြစ် သည်။ မည်ရွေ့မည်မျှပင်မြင့်မားသည် ဆိုစေကာမူ         အတက်အဆင်းပြေပြစ်စေရန် ကွန်ကရစ်ခင်းပေး ထားသောကြောင့် အဆင်ပြေပြေ မောင်းနှင်နိုင်ပါ သည်။

 


ဆွတ်ဝိုးဆေးရုံသို့ ဝင်ရောက်နှုတ်ဆက်


ဆွတ်ဝိုးဆေးရုံသည် မက်မန်းဆေးရုံနှင့်အတူ ၁၉၈၉  ခုနှစ်၊      နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပေးကတည်းက   နတလမှ ဖွင့်ပေးထားသော   ဆေးရုံဖြစ်သည်။   ယခင် တစ်ခေါက်ကလည်း  ဝင်ရောက်နှုတ်ဆက်ရင်း သူနာပြုဆရာမလေး နှစ်ဦးအား  စာအုပ်လက်ဆောင် များပေးခဲ့သည်။   ထိုစဉ်က    ပြည်နယ်ခွဲဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး  (ကျိုင်းတုံ) မှ  ဦးအေးကိုက စားသောက်ဖွယ်ရာများ  လက်ဆောင်ပေးသည်။ ယခုတစ်ကြိမ်မှာ  သူတို့မရှိတော့၊ မြမြင့်မိုရ်စိုး ဟုခေါ်သည့်   သူနာပြုဆရာမလေးကို   တွေ့ခဲ့ရ သည်။  သူ့ဖခင်က   ကျွန်တော်နှင့်နာမည်လာတူ နေသေးသည်၊  ဦးမြင့်စိုးဟူ၍။   
   ဆွတ်ဝိုးမှတက်လာပြီး      အောင်သံလွင်ကျေးရွာ သို့အရောက်   ကောင်းကေး-ရောင်အူကြီး     လမ်းခွဲ ကို   မြင်ရ၍      လှမ်းမျှော်ကြည့်လိုက်သေးသည်။ နမ့်ဟာနူးရွာမရောက်မီလေးမှာ ဝိန်းနောင်လမ်းခွဲ ကိုတွေ့ရသည်။  ဝိန်းနောင်လမ်းသည်   သံလွင်ကူးတို့ ဆိပ်ထိပေါက်နေပြီဖြစ်၍    ဒေသခံများ  ကား၊ ဆိုင်ကယ်တို့ဖြင့်  သွားလာနေကြပြီဖြစ်၏။ မိုင်းပျဉ်း မှာ   နံနက်စာစားပြီး ထွက်လာသော ကျွန်တော်တို့ အဖွဲ့  မက်မန်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်လေးနား ကို    နံနက်    ၁၁  နာရီ ၄၅ မိနစ်မှာ ရောက်လာပါတော့ သည်။ 

 


မိုင်းပျဉ်းမှ  မက်မန်းခရီးကိုမူ  မက်မန်းမြို့က  မိတ်ဆွေဦးမိုးခိုင်၏ကားနှင့်   ထွက်ခွာလာခြင်းဖြစ် ၏။ ဦးမိုးခိုင်ဟု နာမည်ရင်းရှိသော်လည်း  မည်သူ ကမျှ မခေါ်ဝေါ်ပါ။  ကိုဗလဟူ၍ပဲခေါ်နေကြသည်။   လူက သေးသေးညှက်ညှက်လေးမို့    ငယ်စဉ်ကတည်း က ခေါ်တွင်လာကြသည့် Nick  Name  ဖြစ်ပါလိမ့် မည်။ သူကိုယ်တိုင် ကားမောင်းရင်းကျွန်တော်သိလို သမျှ မေးသမျှကိုလည်း စိတ်ရှည်လက်ရှည်ဖြေကြား ပေးသေး၏။ မက်မန်းတစ်ခွင်မှာ သစ်ပင်သစ်တော တွေထူထူထပ်ထပ်ရှိစဉ်က   နွေရာသီဆိုတာမရှိတော့ ဘဲ မိုးနှင့် ဆောင်းရာသီနှစ်မျိုးသာ  ရှိခဲ့ဖူးကြောင်း ပြောတာကိုတော့ဖြင့်   ကျွန်တော်နားထဲမှာရော ရင်ထဲမှာပါ စွဲသွားပါတော့သည်။

 


ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ


ကိုဗလ၏အိမ်မှာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း အောင်နှင့်   အဖွဲ့ဝင်များက လာရောက်စောင့်ကြို နေသည်။ သူတို့နှင့်အတူ  နေ့လယ်စာစားသည်။    ပြီးလျှင်  မက်မန်းအထကကျောင်းသို့သွားကြမည်။   ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရန်   မွန်းလွဲ    ၁ နာရီမှာ စီစဉ်ထားကြောင်းသိရ၏။    

 


ယခုတစ်ခေါက်   ကျွန်တော်    မက်မန်းသို့ သွားရောက်ရခြင်း  အဓိကရည်ရွယ်ချက်မှာလည်း မက်မန်း အထကကျောင်းမှ    တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်  ကျောင်းသား၊  ကျောင်းသူများနှင့် တွေ့ဆုံ၍  စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမည်၊ ဒုတိယအနေဖြင့်   နယ်စပ်ရေးရာဝန်ကြီးဌာန အောက်မှာ   ဖွင့်ထားသည့်      ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊    ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ      စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)  နှင့်  (စစ်ကိုင်း)  ကျောင်းများအကြောင်း ရှင်းလင်း ဟောပြောမည်၊      ကျောင်းအတွက်   ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ်များက  ထုတ်ဝေသည့်   နှစ်လည် မဂ္ဂဇင်းစာအုပ်များ  လှူမည်၊ မက်မန်း  ပြန်/ ဆက်ရုံး ကိုလှူရန် သုတ၊ ရသစာအုပ်များကိုလည်း   သယ်ယူ လာခဲ့သေး၏။ 

 


ကျွန်တော်တို့အဖွဲ့ကို    မြို့နယ်ပညာရေးမှူး ဆရာမကြီး    ဒေါ်သန်းထွေးခင်၊   မက်မန်းအထက               ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့်   ဆရာ ဆရာမများက  ကြိုဆိုပါသည်။   တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းမှ  ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး စုစုပေါင်း ၆၃  ဦး    တက်ရောက်နားထောင်ကြသည်။ စာမေးပွဲဖြေဆိုမည့်အထဲတွင်  ကိုရင်များပါ  ပါဝင် နေသဖြင့် ပြောမှားဆိုမှား  ငရဲမကြီးအောင် သတိ ထား၍   ပြောရဟောရသေး၏။ အပင်ပန်းခံ၍ လာရကျိုး၊  ပြောရကျိုးနပ်ပါသည်။   အားလုံးက စိတ်ဝင်တစား  နားထောင်မှတ်သားကြကြောင်း တွေ့ရသည်။

 


အဘယကုန်းတော်သို့ ရောက်ရှိ


မြို့နယ်အုပ်ချုပ်ရေးမှူး  ကိုထွန်းလင်းအောင်က  အောင်တော်မူ  လာဘမုနိရုပ်ပွားတော်မြတ်ကြီး တည်ထားမည့် မက်မန်းမြို့  အရှေ့တောင်ဘက်ရှိ အဘယကုန်းတော်သို့   လိုက်လံပြသပေးသည်။ မက်မန်းမြို့  ထေရဝါဒဗုဒ္ဓသာသနာပြု  ပညာဒီပ ဘုန်းတော်ကြီးစာသင်တိုက်မှ  ပဓာနနာယက ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ စန္ဒာသီရိထံမှ   ဩဝါဒခံယူ၍ ဉာဏ်တော်  ၄၅ ပေရှိ  ရုပ်ပွားတော်ကြီးကို  တည်ထားမည်  ဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၏     မက်မန်း ဒေသ ခရီးစဉ်၌ ပညာဒီပကျောင်းမှ   ရဟန်း၊ ကိုရင်၊ ကျောင်းသားများအတွက်  ဆန်၊  ဆီ၊ ဆား၊ ပဲ ရိက္ခာ လေးမယ်ကို လစဉ်  ထောက်ပံ့လှူဒါန်းပေးထား ကြောင်း သိရသည်။ 

 


ကိုထွန်းလင်းအောင်တို့    ထွေအုပ်အဖွဲ့က ဦးဆောင်၍  ၂၀၂၁ ခုနှစ်တွင်   မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းမှ သံဃာတော်  ၅၁၅ ပါးအား  ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း နိုင်ခဲ့၍  ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါသည်။ မတ်လ  ၄  ရက်နေ့  ညနေပိုင်းမှာ  မင်းရန်အောင် စေတီကိုသွားရောက်ဖူးမြော်ပြီး   မက်မန်းပြည်သူ့ ဆေးရုံသို့ရောက်ခဲ့သည်။ ထို့နောက်  ရပ်ကွက် (၁) နှင့် (၂)မှ လူနေအိမ်ခြေများကို  လိုက်လံကြည့်ရှုခဲ့ သည်။ မက်မန်းကား  ရှေးယခင်က  မက်မန်းမဟုတ် တော့ပြီတည်း။

 


ပြောင်းလဲတိုးတက်လာသော မက်မန်း


အမျိုးသမီးသူကြီး ဒေါ်နန်းဖောင်  ဩဇာညောင်း ခဲ့သော မော်ဖဒေသနှင့် မက်မန်းကျေးရွာ၊ အိမ်ခြေ  ၄၊  ၅၊   ၁၀  အိမ်မှ  အစပြု၍   မြို့ဖြစ်လာခဲ့သော   မက်မန်းကျေးရွာ၊   ၁၉၉၁ ခုနှစ်မှာ  မြို့သစ်တည်ခဲ့ သည့် မက်မန်းကျေးရွာ။ ယခုဆိုလျှင် အိမ်ခြေ ၇၇ အိမ်၊ လူဦးရေ  ၅၀၀ ကျော်၊    ကိုယ်ပိုင်အိမ်စီးကား   ၂၀   ကျော်၊  စတိုးဆိုင်  ၁၀  ဆိုင်၊  ကုန်မာဆိုင်  ၁၈ ဆိုင်၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်နှင့် သာသာယာယာ တွေ့ခဲ့ရသည်။   မြို့နယ်အဆင့်၊    ခရိုင်အဆင့် ဝန်ထမ်းမြို့လေးဖြစ်နေ၍       ရုံးကားများလည်း တိုးလာသည်။   ရှေးယခင်ကာလတုန်းက မိုင်းပျဉ်း သို့ တစ်ပတ်၊  ၁၀ ရက်လမ်းလျှောက်ရသည့်  ဒုက္ခ တွေမရှိတော့ပါ။  ၂၀၀၅-၂၀၀၆ ခုနှစ်အထိ    လယ် ထွန်စက်နှင့် ရိက္ခာများ၊ စားစရာများ   သယ်ယူနေရ သောမက်မန်း မဟုတ်တော့ပါ။   

 


  နတလက မြို့ပတ်လမ်း ဖောက်ပေးထားသည့်  နေရာမှာ   ခရိုင်ရုံးတွေ၊  မြို့နယ်ရုံးတွေအသစ် ဆောက်နေပြီ။  ဝန်ထမ်းနေအိမ်တွေပါ စုပေါင်းကာ  ရပ်ကွက် (၃)   ဖြစ်လာမည့်သဘောပင်။      ဖြစ်နိုင် မည့်မြေနေရာမှာ ဘောလုံးကွင်းတစ်ကွင်းဖောက် ထားသည်ကို တွေ့ရ၍ အံ့ဩရသည်။  နောင်သော အခါ အဘယဘုရားကုန်းအခြေမှာ  အိမ်တွေတိုးလာ ရန်ရှိကြောင်း၊ဘာသာသာသနာ ထွန်းကားပြန့်ပွား အောင်    ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ကိုထွန်းလင်းအောင်က  ရှင်းပြသည်။   

 


မော်ဖဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ဓား ကောင်းလုပ်ရန်ပန်းပဲဖိုများရှိသည့်အရပ်ဒေသ ဟု အဓိပ္ပာယ်ကောက်ယူနိုင်သလို လွေလဘာသာစကား အရမူ မော်ဖသည်  မော်ဖရာမှ ဆင်းသက်လာကြောင်း၊     ဘာသာသာသနာ စတင်ထွန်းကားလာမည့်   အရပ် ဒေသအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း လေ့လာသိရှိ ရပါသည်။

 


လွမ်းမောစွာ နှုတ်ဆက်ခဲ့သည်


မတ်လ ၅ ရက် နံနက်ပိုင်းမှာ မက်မန်းမြို့လေးမှ          ပြန်လည်ထွက်ခွာခဲ့ပါသည်။ အောင်သံလွင်ကျေးရွာ သို့ရောက်သည်အထိ မက်မန်းမြို့လေးရှိရာသို့ သမင် လည်ပြန်ငေးကြည့်ရဆဲ၊  မြင်နေရဆဲ၊၊  တဖြည်းဖြည်း ဝေး၍ကျန်ခဲ့သည်။နောက်တစ်ကြိမ်ရောက်ဖို့ဆိုတာ ကတော့ မသေချာတော့ပြီ။ နှုတ်ဆက်ခဲ့ပါတယ်     ချစ်သောမက်မန်းရေ . . . ။ ကလေးတွေလည်းစာမေးပွဲ အောင်မြင်ကြပါစေ။      ။