ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တက်ရောက်ခဲ့စဉ်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တက်ရောက်ခဲ့စဉ်

============================

 

ဒေါ်မွှေး

(ဌာနမှူး၊ သင်တန်းရေးရာ-ငြိမ်း)

 

 

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (Rangoon Arts and Science University) (RASU - ရာဇူး) ဟု အမည်တွင် ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် ၁၀၀ ပြည့်ခဲ့ပါသည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကိုမူ (MASU - မာဇူး) ဟု ခေါ်ကြပါသည်။

 

၁၉၆၉ - ၁၉၇၀ ပညာသင်နှစ်သည် RASU ၏ ရွှေရတုပြည့်သောနှစ် ဖြစ်ပါသည်။ ထူးခြားမှုများနှင့်လည်း ပြည့်ခဲ့ပါသည်။ မေဂျာစုံ ပထမနှစ် သင်တန်းသားများကို ဘွဲ့နှင်းသဘင်ခန်းမကြီးထဲတွင် ဘိလပ်ပြန် မောင်သောင်းဖေပြဇာတ်နှင့်အတူ အနုပညာဖျော်ဖြေပွဲ များနှင့် နွေးထွေးခမ်းနားစွာ ကြိုခဲ့ပါသည်။ (ဆရာ ချစ်ဦးညိုတို့ဖြစ်ကြောင်း ယခုမှ သိရပါသည်။)

 

၁၉၆၉ ခုနှစ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ နိုင်ငံများကိုယ်စားပြု ဆိုင်းဘုတ် ကိုင် တက္ကသိုလ်ကျောင်းသူအချောအလှ ခြောက်ဦး ရွေးချယ်ခဲ့ရာ ကျွန်မတို့ ပထမနှစ် ဓာတုဗေဒမှ ကျောင်းသူ ထာနီ မန်ဂရိုင်းလည်း ပါဝင်ပါသည်။ ဓာတုဗေဒဌာန ပါမောက္ခ ဆရာကြီးကတော့ ဆရာကြီး ဦးအောင်ခင် ဖြစ်ပါသည်။

 

ထိုအားကစားပွဲကျင်းပစဉ်ကာလအတွင်း ကျောင်း သားအရေးအခင်း ဖြစ်ခဲ့ပါသည်။ ကျွန်မမှာ ရူပဗေဒ လက်တွေ့ခန်းတွင် Pilot ဖောင်တိန်ကျန်ခဲ့သဖြင့် နောက် တစ်နေ့ နံနက်စောစော ကျောင်းသို့သွားရာ ဘတ်စ် ကားမှာ ဆင်မလိုက် သုံးထောင့်ကွေ့တွင် ရှေ့ဆက်မသွား နိုင်တော့ပါ။ လမ်းမပေါ်တွင် လူအုပ်စုများဖြင့် ပြည့်နေပါ သည်။ Pilot ဖောင်တိန် ပြန်လည်ရယူလိုဇောဖြင့် ကျောင်းသို့ ခြေကျင်ဆက်သွားရပါတော့သည်။ လမ်း တစ်လျှောက် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရှေ့ အထိ လူများစုရုံးတီးတိုးပြောဆိုနေကြလျက်ရှိပါသည်။

ကျောင်းသားများခွင့်ပြုချက်ဖြင့် အဓိပတိလမ်းဂိတ်ဝင် ပေါက်အသေးမှ တက္ကသိုလ်အတွင်းဝင်ရောက်ပြီး အဓိပတိ လမ်းအတိုင်း သိပ္ပံဆောင်သို့သွားရာ RC ရှေ့ အရောက်တွင် ပါမောက္ခချုပ်နှင့်အတူ ဆရာကြီးများနှင့် တွေ့ပါတော့သည်။ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ က အဓိပတိလမ်း ဂိတ်ရှိ ကျောင်းသားများ၏ အခြေအနေကို ကျွန်မအား မေးပါသည်။ ဖောင်တိန်ယူပြီး မာလာဆောင်ရှေ့ မှ ပြန်ရန်၊ ကျောင်းပိတ်တော့မည်ဖြစ်၍ ရေဒီယိုမှ ကြေညာ ပေးမည်ဖြစ်ကြောင်း ဆရာက တပည့်ရင်းအား ပြောကြား သကဲ့သို့ (ဘေးရန်ဆီးကာ) မှာကြားပါသည်။ ပထမနှစ် ကျောင်းသူ၏ မမေ့နိုင်စရာ အမှတ်တရပါ။

 

၁၉၇၀ ပြည့်နှစ် ပထမနှစ်သင်တန်းမှာပင် တက္ကသိုလ် နှစ် (၅၀) ရွှေရတုသဘင်နှင့် ကြုံခဲ့ရပါသည်။ ကျွန်မတို့ သူငယ်ချင်းတစ်စုမှာ ဘာသာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများ ပြသထားရာ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သုတေသနစာတမ်းများ ဖတ်ကြားရာ ဝိဇ္ဇာနှင့် သိပ္ပံခန်းမများသို့ သွားရောက်ကြည့်ရှု နားထောင်ကြပါသည်။ ပထမနှစ်ကျောင်းသူများဖြစ်၍ ဖတ်ကြားသော စာတမ်းများကို အလုံးစုံ နားမလည် သော်လည်း ဗဟုသုတတော့ ရခဲ့ပါသည်။ ပျော်ပွဲရွှင်ပွဲများ ကိုလည်း ဝင်ရောက်နွှဲပျော်ခဲ့ပါသေးသည်။

 

ရွှေရတုသဘင်အထိမ်းအမှတ် ပို့စ်ကတ် ရှစ်မျိုး၊ ပြက္ခဒိန်၊ လွယ်အိတ်၊ မဂ္ဂဇင်း စာအုပ် အထူကြီးနှစ်မျိုးကို လည်း အမှတ်တရ ဝယ်ယူခဲ့ပါသေးသည်။ ပန်းချီ အောင်ကျော်မိုးရေးဆွဲ၍ ကဗျာ ခင်အောင်နွဲ့ (ဝ/သ) ရေးဖွဲ့ ထားသော ဘွဲ့နှင်းသဘင်ခန်းမနှင့် သစ်ပုပ်ပင် ပို့စ်ကတ် နှစ်မျိုးကိုလည်း ဓာတုဗေဒအသင်းက ထုတ်ဝေခဲ့ပါသည်။

 

ပထမနှစ်မှ နောက်ဆုံးနှစ် ၁၉၇၃ ခုနှစ်အထိ ဓာတုဗေဒဘာသာရပ် ကျောင်းသားတိုင်း Text မရှိပါ။ ဆရာကြီး၊ ဆရာမကြီးများက နှုတ်ဖြင့် သင်ကြားပေးသည် များကို Lecture လိုက်ကြရပါသည်။ လက်ချာပြီး၍ ရည်ညွှန်းစာအုပ် Reference များ ရေးပေးသည်နှင့် ဌာန စာကြည့်တိုက်နှင့် တက္ကသိုလ်စာကြည့်တိုက်တို့တွင် ဆက်လက်ဖတ်ရှုလေ့လာရပါသည်။ စာသင်ချိန်များကြား တွင် အားလပ်ချိန်ရှိ၍ စာကြည့်တိုက်သွားရန် အဆင်ပြေ ပါသည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နေရာသည် ထိုစဉ်က “ကံ့ကော်တော” ကြီးဖြစ်၍ ခုံတန်းလေးများတွင် ထိုင်ကာ ထမင်းစားကြစဉ် ထမင်းဘူးထဲသို့ ကံ့ကော်ပင် ပေါ်မှ ကျီးကန်းက မစင်စွန့်ချသည်ကိုလည်း မှတ်မိနေပါ သေးသည်။ လက်တွေ့စာမေးပွဲကို တန်းစဉ်စစ်ပါသည်။ မဲနှိုက်၍ရရှိသည့်ခေါင်းစဉ်ဖြင့် တစ်ဦးချင်းစီ လက်တွေ့ စာမေးပွဲဖြေဆိုရပါသည်။

 

ပထမနှစ် ဓာတုဗေဒအောင်လျှင် ဒုတိယနှစ် ကုန်ထုတ်ဓာတုဗေဒဘာသာသို့ ပြောင်းခွင့်ရှိပါသည်။ သို့သော် ကန့်သတ်ချက်များရှိပါသည်။ ဓာတုနှင့် ကုန်ထုတ်ဓာတု နှစ်ဘာသာစလုံး တတိယနှစ်တွင် စက်ရုံ၊ အလုပ်ရုံများသို့ ငါးယောက် တစ်အုပ်စု လုပ်ငန်းခွင်လက်တွေ့ တစ်လ ဆင်းရပါသည်။ စက်ရုံ၏ ရုံးတက်ရက်အတိုင်း ရုံးတက်ရ၍ စက်ရုံမှ လစာလည်းပေးပါသည်။ အခြားစက်ရုံ များသို့လည်း အပြန်အလှန် သွားရောက်လေ့လာခွင့်ရကြ ပါသည်။ တစ်လပြည့်သောအခါ လက်တွေ့ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို Report ရေး၍ ဓာတုဗေဒဌာနသို့ တင်ရပါသည်။ ဆရာကြီး ဒေါက်တာသန်းထိုက်က ရွှေဘို ဆောင်၌ ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့သည်ကိုလည်း မှတ်မိနေပါသေးသည်။

 

အားကစားပြိုင်ပွဲဆိုလျှင် သွားအားပေးကြ၊ ရေကူး လည်း သင်လိုက်ကြ၊ တယောတီးနှင့် အဆိုသင်တန်းလည်း တက်လိုက်ကြသဖြင့် တက္ကသိုလ်ကျောင်းသူဘဝ ပျော်စရာ ကောင်းလှပါသည်။

 

၁၉၇၃ ခုနှစ် စတုတ္ထနှစ်တွင် မြန်မာတစ်နိုင်ငံလုံး စီးပွားရေးစစ်တမ်းကောက်ယူရာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ လုပ်အားပေးခဲ့ကြရာတွင်လည်း ကျွန်မတို့ပါဝင်ပါသည်။ အညာဒေသ၏ ထန်းလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် သိုးမွေးမြူရေးတို့ကို လေ့လာခွင့် ရသလို ရေရှားပါးမှုကိုလည်း စိတ်မကောင်းစွာ တွေ့ခဲ့ ရပါသည်။

 

တက္ကသိုလ် ဆရာမဖြစ်လိုလှသဖြင့် စတုတ္ထနှစ်တွင် ပို၍ပို၍ ကြိုးစားကြရာ ကျွန်မတို့ အုပ်စု ကွာလီဖိုင်း ဖြစ်ခဲ့ ကြပါသည်။ တန်းစဉ်ဂုဏ်ထူးပါသော ကျွန်မက နှစ်စဉ် ဝယ်ကျွေးခဲ့ရသည်ကိုလည်း မှတ်မိနေပါသေးသည်။

၁၉၇၄ ခုနှစ် တက္ကသိုလ်သရုပ်ပြစာမေးပွဲတွင် ရေးဖြေ အောင်သော်လည်း နှုတ်ဖြေမအောင်သဖြင့် လက်လွှတ်ခဲ့ ရပါသည်။ ၁၉၇၇ ခုနှစ် ဒေသကောလိပ်များဖွင့်တော့လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မငြိမ်းချမ်းသော ပြည်နယ်အထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေ သဖြင့် အချိန်မီဝင်ရောက်မဖြေဆိုခဲ့ရပါ။ သို့သော်လည်း ပညာရေးဒီပလိုမာဘွဲ့ကိုတော့ ရယူနိုင်ခဲ့ပါသည်။

 

၁၉၈၆ ခုနှစ် သရုပ်ပြစာမေးပွဲကို ဖြေဆိုအောင်မြင် သဖြင့် ဖြစ်ချင်လှသော တက္ကသိုလ်ဆရာမဖြစ်ပါပြီ။ ရန်ကုန်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်စဉ်အတွင်း မဟာ ဒဿနဘွဲ့နှင့် မဟာသိပ္ပံဘွဲ့များလည်း အောင်မြင်ခဲ့ပါပြီ။ သို့သော် ကံကြမ္မာ အလှည့်အပြောင်းက ဖန်လာပါသည်။ ကလေးပညာရေးကို ဦးစားပေးရန်အတွက် ရာထူးတိုးယူမှ ပြောင်းရွှေ့ရသော မော်ကွန်းထိန်းဘက်သို့ ပြောင်းလိုက်ရပါ တော့သည်။

 

ရန်ကုန်တက္ကသိုလ်ကြီး ရွှေရတုသဘင်၌ ပထမ နှစ်ကျောင်းသူ၊ စိန်ရတုတွင် လက်ထောက်ကထိကနှင့် (ဌာနမှူး၊ သင်တန်းရေးရာ) ရာထူးဖြင့် မအူပင်တက္ကသိုလ်မှ သက်ပြည့်အငြိမ်းစားယူပြီးချိန်တွင်မူ တက္ကသိုလ်နှစ် (၁၀၀)ပြည့်နှင့် ကြုံကြိုက်ရသည့်အတွက် ကျေနပ်ဝမ်းမြောက်မိပါ တော့သည်။ ။