
သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး
မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့ သည် ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်ပြီး ပင်လယ်ကမ်းခြေအပန်းဖြေလိုပါက ဧရာဝတီတိုင်းဒေသကြီးတွင်ရှိသော ငွေဆောင်၊ ချောင်းသာ ကမ်းခြေများသို့ သွားရောက်လည်ပတ်နိုင်သည်။ ပင်လယ်ထွက်ပေါက်မြို့ကြီး တစ်ခုဖြစ်သည်နှင့်အညီ ရန်ကုန်မြို့၏ အနီးဆုံးပင်လယ်ကမ်းခြေအပန်းဖြေရာ နေရာ တစ်ခုအဖြစ် အချိန်တိုအတွင်း သွားရောက်လည်ပတ်နိုင်သော ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်း ကမ်းခြေအပန်းဖြေစခန်းတစ်ခု မကြာသေးမီနှစ်များမှစ၍ ပေါ်ထွန်းလာသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးကို မြန်ဆန်စွာဖော်ဆောင်နိုင်သော ကဏ္ဍများအနက် အဆိုပါ အပန်းဖြေခရီးသွားကဏ္ဍသည် ပြည်သူအများ စိတ်ဝင်စားမှုရှိသော ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြေလျှော့သော ကာလတွင်လည်း အများပြည်သူစိတ်လက်ပေါ့ပါးစွာ လတ်ဆတ်သော ပင်လယ်လေကို ရှူရှိုက်လျက် မွန်းကျပ်မှုတို့ကို ဖြေလျှော့ စေသည့် အပန်းဖြေနေရာ တစ်ခုဖြစ်လာသောကြောင့် ဆယ်အိမ်တန်းကမ်းခြေသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားတို့ကို သင်းပျံ့သော ပင်လယ်ဆားငန်ရနံ့ သင်းသင်းနှင့်အတူ ပင်လယ်အစားအစာတို့က ဆွဲဆောင် လျက်ရှိသည်။
အပန်းဖြေ လည်ပတ်ရာနေရာ
ဝါးတန်းဆိပ်ကမ်းရှိ ရန်ကုန်- ဒလ ကားကူးဇက်ဖြင့် ဒလမြို့နယ်သို့ကူး၍ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ် ကုန်းကမ်းခြေနှင့်ကပ်လျက်ရှိသော ဆယ်အိမ်တန်း ကမ်းခြေသို့ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းအတိုင်း ရာသီမရွေးသွားရောက် လည်ပတ်နိုင်သည့်နည်းတူ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ပန်းလှိုင်တံတားမှ ကော့မှူးမြို့နယ်ကို ဖြတ်သန်း၍ ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေသို့ အချိန်နှစ်နာရီခွဲကြာ မောင်းနှင်သွားလာနိုင်သည်။ ရန်ကုန်မြို့ ဝါးတန်းဆိပ် ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့မှ ဆယ်အိမ်တန်းဆိပ် ကမ်းသို့သွားလာနိုင်သည့်နည်းတူ ဧရာဝတီတိုင်းဒေသ ကြီး ဒေးဒရဲမြို့နယ် ဆားကျင်းရွာနှင့် ကပ်လျက်ရှိသော တိုးရွာမြစ်လက်တက်ကို စက်လှေဖြင့်ကူး၍ အောက် ဆိပ်၊ ကညင်ကုန်းနှင့် အလယ်ရွာကို ဖြတ်သန်းပါက ဆယ်အိမ်တန်းကမ်းခြေသို့ ဧရာဝတီတိုင်းဒေသကြီးမှ လာရောက်အပန်းဖြေနိုင်သည်။ အဆိုပါ ဆားကျင်းရွာ နှင့်ကပ်လျက်ရှိသော တိုးရွာတွင်လည်း တိုးရွာခရု ကမ်းခြေအဖြစ် အနုပညာရှင်အချို့ လာရောက်လည်ပတ် ခဲ့သည့်အတွက် တစ်ချိန်တွင်ဆယ်အိမ်တန်းကမ်းခြေကဲ့သို့ ရန်ကုန်မြို့ခံပြည်သူများ အပန်းဖြေလည်ပတ်ရာ နေရာတစ်ခုအဖြစ် ခရီးသွားလုပ်ငန်းတစ်ခု တိုးပွားလာ မည်ဖြစ်သည်။
လူမှုစီးပွားများ တိုးတက်မည်
လက်ခုပ်ကုန်းကမ်းခြေမှာ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားပြီး ဟောင်းနွမ်း သော အဆောက်အအုံများကို အသစ်ပြန်လည် တည်ဆောက်မှုဖြင့် ပင်လယ်ကမ်းခြေအပန်းဖြေရာ နေရာတစ်ခုအဖြစ် ပြန်လည်ပေါ်ထွန်းလာမည်ဖြစ်သည်။ ဘန်ဂလိုများမှာ ပင်လယ်ပြင်ကို မျက်နှာမူတည်ဆောက် ထားပြီး လက်ခုပ်ကုန်းကမ်းခြေရှေ့တွင် ဒီရေတောကြီး တစ်ခု ပေါ်ထွန်းနေသောကြောင့် ပင်လယ်ပြင်သဘာဝ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားသည့်ပမာ စိမ်းစိုနေ သော သဘာဝဒီရေရောက်တောကြီးမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတို့ကို ဆွဲဆောင်လျက်ရှိသည်။ ထိုဒီရေရောက်တောအတွင်းစက်လှေဖြင့် လည်ပတ်လေ့လာ မှုများရှိပြီး ဆက်လက်ထိန်းသိမ်းကာကွယ်မှုဖြင့် ဒီရေ ရောက်တောများ ရှင်သန်တိုးပွားလာမည်ဖြစ်သည်။ မူလပေါ်ထွန်းပြီး ကမ်းခြေအပန်းဖြေစခန်းတစ်ခု ဖြစ် သောကြောင့် ပြန်လည်ပြုပြင်ဖော်ဆောင်နိုင်ပါက လက်ခုပ်ကုန်းနှင့် ဆယ်အိမ်တန်းကမ်းခြေသည် ရန်ကုန် မြို့နေ အများပြည်သူအပန်းဖြေရာ ပင်လယ်ကမ်းခြေ တစ်ခုအဖြစ် ဆက်လက်ပေါ်ထွန်းလျက် ဒေသခံတို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ လူမှုစီးပွားများ တိုးတက်မည် ဖြစ်သည်။
ရန်ကုန်မြို့မှ ၃၈ မိုင်ကျော်သာ ဝေးကွာသော ဆယ်အိမ်တန်းကမ်းခြေမှာ အိမ်ထောင်စု၂၈၀ကျော်၊ လူဦးရေ ၁၂၀၀ ကျော် နေထိုင်လျက်ရှိပြီး ရေလုပ်ငန်း ၆၀ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး ၄၀ ရာခိုင်နှန်းလုပ်ကိုင်သော ကမ်းခြေရွာလေးဖြစ်သည်။ လက်ခုပ်ကုန်းဟိုတယ်နှင့် ကပ်လျက်ရှိပြီး ဆယ်အိမ်တန်းကမ်းရွာနှင့် အလယ်ရွာ ကြားတွင် တစ်မိုင်ကျော် အရှည်ကမ်းခြေတစ်ခုအဖြစ် ပေါ်ထွန်းလာရာမှ အပန်းဖြေရာနေရာ တစ်ခုအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ သတိပြုမိပြီး၂၀၁၇ ခုနှစ် သင်္ကြန်ကာလ အထူးစည်ကားခဲ့ရာမှ လူသိများလာခြင်း ဖြစ်သည်။ ရန်ကုန်မြို့၏ အနီးဆုံးပင်လယ်ကမ်းခြေတစ်ခုဖြစ်သော ကြောင့် ကမ်းခြေအပန်းဖြေအင်္ဂါနှင့်အညီ ပြုပြင်ဆောင်ရွက် ရန် ကဏ္ဍများလည်း ရှိနေသည်။ ရေလုပ်ငန်းကိုအဓိက လုပ်ကိုင်ကြသောကြောင့် ပင်လယ်ထွက်ကုန်နေ့စဉ်ရရှိ လျက်ရှိသည်။ စပါးစိုက်ပျိုးမှုနှင့်အတူ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်းတို့ဖြင့် လတ်ဆတ်သော အသီး အနှံထွက်ရှိသော ရွာလေးဖြစ်သည်။ ကန်ရေကိုသာ အမှီပြု ရသောကြောင့် နွေရာသီသောက်သုံးရေ အခက်အခဲဖြစ်ပေါ် လေ့ရှိရာ မြေအောက်ရေရရှိပါက ကျေးရွာလျှပ်စစ်မီးရရှိထားသောကြောင့် ခရီးသွားလုပ်ငန်း၏ အသီးအပွင့်ကို ဆယ်အိမ်တန်းကျေးရွာနှင့် အနီးအပါးမှရွာများ အကျိုး ကျေးဇူးရရှိစေမည် ဖြစ်သည်။ ရေလုပ်ငန်းမှာ ထိုရွာလေး ၏ အဓိကအသက်သွေးကြောဖြစ်သော်လည်း ကမ်းခြေ အပန်းဖြေကဏ္ဍပြန်လည်ဦးမော့လာပါက ကျေးလက်လူမှု စီးပွားတိုးတက်ဖွံ့ဖြိုးလာမည်မှာ အမှန်ပင်ဖြစ်သည်။
ဆယ်အိမ်တန်းကျေးရွာဇာတိဖြစ်သော ရေလုပ်သား ဦးမိုးနိုင်က “ ကျွန်တော်ဒီရွာမှာပဲ မွေးတယ်။ ပင်လယ်ပြင် ကြီးနဲ့အတူ ဘဝဖြတ်သန်းလာတယ်ဆိုရင် မမှားဘူး။ ကျောင်းသားဘဝက ပင်လယ်ပြင်အလှနဲ့ဒီနေ့အခြေအနေ တော့ မတူတော့ဘူး။ ပင်လယ်ပြင်ဟာ ကျွန်တော်တို့အတွက် ထမင်းအိုးကြီးပဲ။ ပြာသို၊ တပို့တွဲလဟာ ငါးသလောက် အထိအမိများတဲ့အတွက် ဝင်ငွေကောင်းတဲ့လပါ။ ဆယ်အိမ် တန်း ကမ်းခြေဖွင့်တဲ့အချိန်ဆိုရင် ငါးသလောက်အိုး မှောက်ဆိုရင် ကမ်းခြေမှာ အပန်းဖြေတဲ့သူတွေ မသိတဲ့သူ မရှိဘူး။ ပုစွန်၊ ကဏန်း၊ ငါးကင် စတဲ့ပင်လယ်စာ လတ်လတ် ဆတ်ဆတ်ရတဲ့ဒေသပါ။ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ်းခြေ ပိတ်ထားတာကြာပြီ။ ဒီလတွေမှာ ရာသီဥတုအပြောင်းအလဲ မကြာခဏဖြစ်တော့ငါးအထိအမိ မကောင်းဘူး။ ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းဆိုရင် ရေထရက်ဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ ငါးဖမ်းဆီးမှုနည်းသွားပြီ။ ဆယ်အိမ်တန်း ကမ်းခြေပြန်ဖွင့်ရင်တော့ ရွာမှာအလုပ်အကိုင်နဲ့ ဈေးရောင်း၊ ဈေးဝယ်စည်တဲ့အတွက် အားလုံးအဆင်ပြေကြတယ်။ ရေလုပ်သားအစ သီးနှံစိုက်ပျိုးတဲ့သူအဆုံး အဆင်ပြေကြ တယ်လို့ ဆိုရမှာပါ။ ဒီကမ်းခြေလေးပေါ်လာတာဟာ ကျွန်တော်တို့ ဒေသသာမက ကျန်တဲ့ရွာတွေရဲ့ဝမ်းရေး လည်း အဆင်ပြေကြတယ်။ ပင်လယ်ပြင်မှာ ငါးသလောက် အများဆုံးရပြီးတော့ ငါးတန်နဲ့ငါးမျိုးစုံလည်း ရတယ်။ ရာသီဥတုကောင်းရင် ကောင်းသလိုအထိ အမိများကြတယ်။ ဒီရက်ပိုင်း ရာသီဥတုမကောင်းဘူး။ ငါးဈေးလည်းကျနေ တယ်”ဟု ဆိုပါသည်။
ရွာမြောက်ဘက်တွင် စပါးစိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံအချို့လည်း ရှိသည်။ ကမ်းခြေဖွင့်ချိန်တွင် ဥယျာဉ်ခြံမှ ထွက်ရှိသော ဖရဲသီး၊ သင်္ဘောသီး၊ မာလကာသီး၊ ပဲသီး၊ ဘူးသီး၊ မုန်ညင်း၊ ကိုက်လန်၊ ဆလပ်ရွက်၊ ကန်စွန်း ရွက်၊ ခရမ်းသီး၊ သခွားသီးနှင့် ငှက်ပျော်သီးတို့မှာ သဘာဝ အော်ဂဲနစ်ဖြင့် စိုက်ပျိုးသောကြောင့် လတ်ဆတ်ချိုဆိမ့်သော အရသာဖြင့် အပန်းဖြေလာရောက်သူတို့အတွက် အိမ်အပြန် ဟင်းလျာများအဖြစ် ပင်လယ်စာနှင့်အတူ ဝယ်ယူလေ့ ရှိသည်။ ထိုရွာမှအသက် ၅၈ နှစ်ရှိသော ဥယျာဉ်ခြံပိုင်ရှင် ဦးတင်ရှန်က “ ဒီရွာမှာ ရေလုပ်ငန်းလုပ်ကိုင်တာ များတယ်။ ခြံလုပ်ငန်းလုပ်ကိုင်တဲ့သူနည်းတယ်။ ဝါသနာပါတဲ့အတွက် ဘိုးဘွားပိုင်နေရာမှာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တာ။ အွန်လိုင်းကနည်းပညာနဲ့ စာတွေ့ပေါင်းပြီး စိုက်ပျိုးလာတာ ငါးနှစ်ရှိပြီ။ ကွမ်းခြံကုန်း မပို့ဘူး။ ရွာအနီးအနားပဲ ရောင်း တာ။ တစ်ရက်ကျပ် နှစ်သောင်းနီးပါးရတယ်။ ကမ်းခြေဖွင့်ချိန် ဆိုရင်တစ်ရက် သိန်းချီရောင်းရတယ်။ မိုးရေသိုလှောင် နိုင်တဲ့ ပမာဏနည်းတဲ့အတွက် စိုက်ပျိုးရေအခက်အခဲ ရှိတာကြောင့် လက်ရှိထက်ပိုပြီး တိုးချဲ့စိုက်ချင်ပေမယ့် မစိုက်နိုင်ဘူး။ နှစ်ဧကအကျယ်ခြံဝင်းမှာ ရေရရင်ဒီထက် တိုးချဲ့စိုက်ဖို့ရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကျွန်တော်ပျော်တယ်။ ဒီလုပ်ငန်းနဲ့ပဲဘဝကို ဖြတ်သန်း သွားမှာပါ” ဟု ကြည်နူးပီတိစကားဆိုသည်။
ပင်လယ်ပြင်အလှကို ကြည့်ရှုခံစားနိုင်
တစ်မိုင်ကျော်အရှည်နှင့် ရေကျချိန် ပေ ၃၀၀ ခန့် အကျယ်ရှိသော ဆယ်အိမ်တန်းကမ်းခြေမှာ ပြန့်ပြူးလှပ လျက်ရှိပြီး ပင်လယ်ပြင် ကမ်းနီးငါးဖမ်းစက်လှေငယ် များနှင့် နေထွက်ချိန်၊ နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်သည့်အပြင် စိမ်းစိုနေသော မြစိမ်းကျွန်း ဟု ခေါ်သည့် ဒီရေတောအုပ်အလှကို တွေ့မြင်ရမည်ဖြစ် သည်။ သဲသောင်ကမ်းခြေတွင်ရှိသော ဆိုင်တန်း တစ်လျှောက် မိသားစုအပန်းဖြေ အနားယူနိုင်သည့်အပြင် ကမ်းခြေသဲသောင်ပြင်တွင် မြင်းစီး၊ စက်ဘီးစီး၊ လမ်းလျှောက်၊ ဘောလုံး၊ ခြင်းခတ်အပန်းဖြေနိုင်ပြီး ရေတက်ချိန်၌ ရှပ်ပြေး၊ စက်လှေစီး၍ ပင်လယ်ပြင် အလှကို ကြည့်ရှုနိုင်သောကြောင့် မိသားစုလိုက်ရေကူးအပန်းဖြေခြင်းဖြင့် စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင် သော ကမ်းခြေဖြစ်သည်။ ထိုကမ်းခြေတွင် မိသားစု ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေအေးချမ်းစွာ အပန်းဖြေလိုသူ တို့အတွက် လုံးချင်းဧည့်ရိပ်သာတစ်ခုလည်း ရှိသည်။ ဆယ်အိမ်တန်းကမ်းခြေတွင် တစ်ခုတည်းရှိသော ဧည့်ရိပ်သာမှာ ရွာအဝင်လမ်းအဆုံးတွင်ရှိပြီး ပင်လယ် ကမ်းခြေနှင့် ကပ်လျက်တွင် တည်ရှိသောကြောင့် ပင်လယ်ပြင်အလှကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်သည်။
တည်းခိုခန်းမန်နေဂျာ ဦးမြင့်အောင်က “ကမ်းခြေ ပိတ်ထားတာ တစ်နှစ်ပြည့်တော့မယ်။ ရန်ကုန်က အများဆုံးလာကြတာ။ မိသားစု၊ ဆွေမျိုးမိတ်ဆွေနဲ့ နိုင်ငံခြားသားတွေသီးသန့်တည်းခိုဖို့မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဧည့်ရိပ်သာတစ်ခုရှိတဲ့အတွက် ကမ်းခြေ သွားပြီး အပန်းဖြေပြီးရင် ဒီမှာအနားယူကြတာများ တယ်။ လျှပ်စစ်မီး၊ ရေချိုးခန်းရှိတဲ့အတွက် အဆင်ပြေကြ ပါတယ်။ ရုံးပိတ်ရက်တွေမှာအများဆုံးလာကြတယ်။ ရက်ကြီးအခါကြီးနေ့တွေမှာ စည်ကားပါတယ်။ ကိုဗစ် လွန်ကာလမှာ ဆယ်အိမ်တန်းကမ်းခြေဖွင့်ရင် ကမ်းခြေ သာယာလှပရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုနဲ့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးကို ဝိုင်းဝန်းလုပ်ဆောင်ဖို့လည်း လိုပါတယ်။ ရန်ကုန်တိုင်းနဲ့ အနီးဆုံးဖြစ်တဲ့အပြင် သွားလာရေး အဆင်ပြေချောမွေ့တာကြောင့် မြို့ပြရဲ့ မွန်းကြပ်မှုကို ဖြေလျှော့ပေးရာနေရာ တစ်ခုဖြစ်တဲ့အတွက် ကမ်းခြေ အင်္ဂါနဲ့အညီပြုပြင်ဆောင်ရွက်သွားမယ်ဆိုရင် ဒီကမ်း ခြေကို အမှီပြုနေတဲ့ ကျေးလက်ပြည်သူတွေရဲ့ လူမှု စီးပွားတွေ မြန်ဆန်စွာတိုးတက်လာမယ်လို့ မြင်ပါ တယ်”ဟု သူ၏အမြင်ကို ပြောပါသည်။
ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်
ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေသို့ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့မှကားဖြင့် သွားရောက် လည်ပတ်နိုင်သည့်နည်းတူ လှိုင်သာယာမြို့နယ် ပန်းလှိုင် တံတားမှ ဘုရားငုတ်တိုရွာကို ဖြတ်သန်း၍ ကော့မှူး မြို့နယ်မှတစ်ဆင့် သွားရောက်အပန်းဖြေနိုင်သော ကမ်းခြေတစ်ခု ဖြစ်သည်။ ဆယ်အိမ်တန်းကမ်းခြေ နှင့် အလယ်ရွာကြားတွင်ရှိသည့် ပင်လယ်ကမ်းခြေမှ လတ်ဆတ်သော ဆားငန်ရနံ့ကို ရှူရှိုက်နိုင်ပြီး ညပိုင်း တွင်လည်း ပင်လယ်လှိုင်းခတ်သံ၊ ကြယ်ရောင်စုံ တောက်ပနေသောကောင်းကင်ယံအလှကို သဘာဝကို ချစ်မြတ်နိုးသူတို့အတွက် တွေ့မြင်ရမည်ဖြစ်သည်။ အပန်းဖြေအပြန်ခရီးတွင်လည်း လတ်ဆတ်သောငါး၊ ပုစွန်နှင့် အော်ဂဲနစ်ဒေသ ထွက်ကုန်အသီးအနှံတို့ကို ဝယ်ယူနိုင်သောကြောင့် ခရီးသွားလုပ်ငန်းကို အထောက် အကူဖြစ်စေမည့် ရန်ကုန်မြို့၏ အနီးဆုံးပင်လယ် ကမ်းခြေအပန်းဖြေရာနေရာတစ်ခုဖြစ်သော ဆယ်အိမ် တန်းကမ်းခြေမှ ကြိုဆိုလျက်ရှိနေပါကြောင်း။ ။
- Log in to post comments