
နေပြည်တော် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည် တင်ယာဉ်တစ်စီးအား အကြမ်းဖက်သူ အမျိုးသား လေးဦးက သေနတ် ဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၀)ရပ်ကွက် ဧရာဝဏ်လမ်း YP စက်သုံးဆီဆိုင်ရှေ့ သဘာဝဓာတ်ငွေ့ဆိုင်၌ ဂက်စ်ဖြည့်ရန် စောင့်ဆိုင်း နေသည့် YBS ခရီးသည်တင်ယာဉ် တစ်စီးအား အကြမ်းဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ တွင် လှိုင်သာယာ-ဒဂုံတောင် ပြေးဆွဲသည့် YBS -99 ယာဉ်လိုင်းမှ ဦးမောင်မောင်(၄၈)နှစ် (ဘ)ဦးအောင်သိုက် မောင်းနှင်သောယာဉ် အမှတ် 9P-1143 ယာဉ်နှင့် အခြား YBS ခရီးသည်တင်ယာဉ်များသည် ဂက်စ်ဖြည့်ရန် ဧရာဝဏ်လမ်းပေါ် တန်းစီစောင့်ဆိုင်းနေစဉ် အကြမ်း ဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ)က ကားအနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်မောင်း ဦးမောင်မောင်အား သေနတ်ပြခြိမ်းခြောက် ကာ ယာဉ်တံခါးအားဖွင့်ခိုင်း၍ ယာဉ်ပေါ်သို့ တက်ရောက်လာပြီး အဆိုပါအမျိုးသား လေးဦးအနက် တစ်ဦးက ကားရှေ့ ခရီးသည်အတက် ခြေနင်းခုံအား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်၍ တစ်ဦးမှာ ဓာတ်ဆီပါ သည့် ရေသန့်ဘူးအား ယာဉ်ပေါ်လိုက်လံဖျန်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ်တွင် ယာဉ်မောင်းအနီး ဒက်ရှ်ဘုတ် အနည်းငယ်၊ ယာဉ်၏အလယ်ရှိ ထိုင်ခုံဘေး တစ်ပေခန့်၊ ယာဉ်နောက် ထိုင်ခုံအရှည် တစ်ပေခန့်နှင့် ခရီးသည်ဆင်း သည့် အပေါက်အနီး ပလတ်စတစ်ထိုင်ခုံ ခြောက်လက်မခန့် အနည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ THAI ARMS 380 ကျည်ခွံ တစ်ခုနှင့် ရေသန့်ဘူးခွံတစ်ခု တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ခရီးသည်တင်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်