
နေပြည်တော် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစုလမ်းအနီး လုံခြုံရေးရယူထားသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက် ရန်အတွက် ထွက်ခွာလာစဉ် သမာဓိလမ်းထိပ်အနီးရှိ ဧရာဝတီဘဏ် အနီးအရောက်၌ MDY 1K-1159 Toyota Wish အဖြူရောင်ယာဉ်မောင်း နှင်လာသော အကြမ်းဖက်သူ အမျိုးသားတစ်ဦး(စိစစ်ဆဲ)က သေနတ် ဖြင့် ကိုးချက်ခန့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်သူ အမျိုးသားမှာ မော်တော်ယာဉ်ပေါ်မှဆင်း၍ ထွက်ပြေးသွားခဲ့သည်။ အဆိုပါ မော်တော် ယာဉ်အား သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အနီး လမ်းပေါ်မှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည်ခွံ ကိုးခုနှင့် မော်တော်ယာဉ် ခေါင်းခန်းအတွင်းမှ ၉ မမကျည် အတောင့် ၂၀၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ အိမ်ထောင်စုစာရင်းစာရွက်မိတ္တူ ၁ ရွက်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ ကျဆုံးခဲ့သဖြင့် ၎င်းအကြမ်းဖက် တိုက်ခိုက်ခဲ့ သူကို ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးအင်အားများ ပူးပေါင်း၍ လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်