
နေပြည်တော် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရန်ကုန် တိုင်းဒေသကြီးအတွင်း ယခုလက်ရှိတွင် ကိုဗစ်-၁၉ လူနာများအား ဆေးရုံများ၌ ကုသမှုပေးနေသည့် အခြေအနေ၊ ရောဂါကူးစက်ပြန့်ပွား ကူးစက်မှုကွင်းဆက်နှင့် အရှိန်ကျဆင်းရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား သုံးသပ်ခြင်းနှင့် လိုအပ် သည့် ပံ့ပိုးမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လည်း ကောင်း၊ လုပ်ငန်းနည်းစနစ်များကို လောလောဆယ် ဖြစ်ပေါ်လျက်ရှိသည့် အခြေ အနေအရပ်ရပ်နှင့်အညီ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင် ရန်အတွက် လည်းကောင်း ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်ပြုစု ထားသည့် ကူးစက်ရောဂါဗေဒဆိုင်ရာ သုံးသပ်ချက်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့မှ နေ့စဉ်အစည်းအဝေးပြုလုပ် ဆွေးနွေးသုံးသပ်တင်ပြချက်များ၊ အသွား အလာကန့်သတ်ရာနေရာများ၊ ကိုဗစ်-၁၉ ကုသရေး ဌာနများနှင့် ဆေးရုံများမှ သတင်းအချက်အလက်များနှင့်အညီ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းခြင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင်နိုင်သည့်အတိုင်းအတာအတွင်းမှ လုပ်ငန်းများကို ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိပါကြောင်း။
လူနာများ သေဆုံးမှုကျဆင်းစေရန်အတွက် ကုသပုံနည်းစနစ်သည် အရေးကြီးသကဲ့သို့ လူနာများအား ရောဂါဖြစ်ပွားမှု အခြေအနေအလိုက် နေရာ ချထားမှုနှင့် အချိန်မီလွှဲပြောင်းကုသပေးမှုတို့သည် ထပ်တူထပ်မျှအရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ သေဆုံးလူနာများ၏ (၉၅) ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါရှိသူများဖြစ်သဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် သွေးကြော၊ ကျောက်ကပ်၊ ကင်ဆာ၊ အဆုတ်ရောဂါ အစရှိသည့် အခံရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ကိုဗစ်-၁၉ သံသယလက္ခဏာ ခံစားရခြင်းရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား ပြသကြရမည် ဖြစ်ပါကြောင်း၊ နေအိမ်တွင်သာ နေထိုင်သူများတွင်လည်း နေအိမ်ပြင်ပသို့ အကြောင်းအမျိုးမျိုး ဖြင့် သွားလာရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်ခံရမှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရပါကြောင်း။
ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းသည် အထူးအရေးကြီး
ကိုဗစ်-၁၉ ရောဂါအပြင် အခြားသော ရောဂါအမျိုးမျိုးအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် မိမိတို့အားပေးရမည်ဖြစ်ပါကြောင်း၊ ဤကိစ္စကို ထိရောက်စွာစနစ်တကျအကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆွေးနွေးရမည် ဖြစ်ပါ ကြောင်း၊ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု အတက်အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ အရှိန်အဟုန်၊ ဆေးရုံ၌ တက်ရောက် ကုသမှုခံယူသူများ၏ ရောဂါရရှိမှု ပုံစံနှင့် ကပ်ရောဂါ (epidemiological characteristics) တို့ကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါထိန်းချုပ်ရေး ရှုထောင့်မှ အထူးဂရုပြုသုံးသပ်ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ လူနာ များနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းသည် ယခုအချိန်ကာလ၌ အထူးအရေးကြီးပြီး ၎င်းတို့အားဖော်ထုတ်၍ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်နိုင်မှသာလျှင် ရောဂါဖြစ်ပွားမှု ကွင်းဆက်ပြတ်သွားပြီး ရောဂါ ဖြစ်ပွားသူနည်းပါးလာမည် ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ရှိ ရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ၊ ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာန များ တည်ထောင်ခြင်း လုပ်ငန်းများအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါ ကူးစက်ဖြစ်ပွားမှု အတက်အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်များ၊ ဓာတ်ခွဲစစ်ဆေးမှု အခြေအနေများကို တင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုး ဇော်က ရန်ကုန်တိုင်းဒေသကြီး ဝင်၊ ထွက် ဂိတ်ပေါက်များတွင် ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေး နေမှုများ၊ ကုန်တင်ကား ယာဉ်မောင်းများအတွက် Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးရာ၌ လက်ရှိတွင် ရောဂါ ပိုးမရှိကြောင်း အထောက်အထား စာရွက်အား တစ်ပြေးညီဖြစ်စေရန်နှင့် ထိုသို့စစ်ဆေးရာတွင် ပုဂ္ဂလိကဆေးရုံ များအသင်းမှ စေတနာ့ဝန်ထမ်းများက ဆေးသုတေသနဦးစီးဌာန၌ ဓာတ်ခွဲ နမူနာရယူစစ်ဆေးမှု သင်တန်းတက်ရောက်ပြီး ပါဝင်ဆောင်ရွက်မည့်ကိစ္စကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေး နေခြင်းအား ၎င်းတို့စတင်ထွက်ခွာလာသည့် တိုင်းဒေသကြီး/ ပြည်နယ်မှ တာဝန်ယူစစ်ဆေးရန်ကိစ္စကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ကိုဗစ်-၁၉ ကုသရေးဌာနများ၏ ခုတင် အရေ အတွက်၊ အောက်ဆီဂျင်ပေးကုသမှုပေးနိုင်သည့် ခုတင်အရေအတွက်၊ အထူး ကြပ်မတ်ကုသမှုပေးရန် High Dependency Unit နှင့် Intensive Care Unit များ ခုတင်အရေအတွက် အသေးစိတ်နှင့် ထပ်မံတိုးချဲ့ ဆောင်ရွက်လျက်ရှိသည် များ၊ ကိုဗစ်-၁၉ လူနာများအား လက်ခံကုသမှုပေးနေသည့် ကိုဗစ်-၁၉ ကုသရေး ဌာနများနှင့် ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ထားရှိမှု၊ အောက်ဆီဂျင်အိုးများ မပြတ်တောက်စေရေးအတွက် ကုမ္ပဏီများနှင့် ဆွေးနွေး ထားရှိမှု၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အင်းစိန် ပြည်သူ့ဆေးရုံနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတို့တွင်လည်း အောက်ဆီဂျင် ပေးရန် ပွိုင့် (၁၀၀) စီ ထပ်မံတပ်ဆင်နေမှု၊ အောက်ဆီဂျင် plant နှင့် generator များ ထပ်မံတပ်ဆင်ရန် စီစဉ်နေမှုနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာ များ လက်ခံကုသနိုင်ရန်နှင့် ပုဂ္ဂလိက ဆေးခန်းများဖွင့်လှစ်ကာ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန် များ စနစ်တကျ ရေးဆွဲရန်တို့ကိုလည်းကောင်း။
ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များမှ ဓာတ်ခွဲဝန်ထမ်း (၈၀) ဦးအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းသင်တန်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်သွားမည့်အစီအစဉ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးပညာဘွဲ့လွန် သင်တန်းသား (၄၀) ဦးအား Ventilator Training ပေးရန် အစီအစဉ်၊ ကိုဗစ်-၁၉ ကူးစက်ခံရသော ကျောက်ကပ်ရောဂါ လူနာများအတွက် ကျောက်ကပ် သွေးသန့်စင်ခြင်း (haemodialysis) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက် (၅) ခု တပ်ဆင်ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောင်နေရာနှင့် ဟိုတယ်များ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာ ဌေးဌေးတင်က လက်ရှိတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေမျာကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကိုဗစ်-၁၉ ကုသရေးဌာနနှင့် ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ လူနာများအား ကုသပေးနေမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရန်ကုန်တိုင်းဒေသကြီးတွင် စီမံ ခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခွဲဝေဆောင်ရွက်မှုလမ်းကြောင်းများ အတိအကျရှိရန်လိုအပ်မှု၊ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေ ထောက်လှမ်းရာတွင် လူနာနှင့် ထိတွေ့ခဲ့သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားနည်းနေမှု၊ ကိုဗစ်-၁၉ လူနာများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ လိုအပ် နေမှုတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးရုံများနှင့် ကုသရေးဌာနများတွင် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးမှုနှင့် လိုအပ်ချက်များအား တင်ပြခြင်းတို့ကိုဆောင်ရွက်ကြသည်။
ကိုဗစ်-၁၉ ဆိုင်ရာ ကုသမှုနည်းစနစ်ပုံစံများကို ရေးဆွဲပြုစု
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှုများကောင်းမွန်စေရန်နှင့် ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးပေးလျက်ရှိရာ၌ ကုန်တင်ကားမောင်းသူများအနေဖြင့်လည်း စစ်ဆေးမှုခံယူပြီး ရောဂါမရှိကြောင်း အဖြေရရှိသော်လည်း စည်းကမ်းလိုက်နာမှုမရှိပါက နောက်တစ်ရက်တွင်ပင် ရောဂါပိုးကူးစက်ရရှိနိုင်သည်ဆိုသည့်အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက နိုင်ငံတစ်ဝန်းရှိ နေရာအရပ်ရပ်သို့ ရောဂါကူးစက် ပျံ့နှံ့နိုင်သဖြင့် ၎င်းတို့ စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန် ရှိသူများက အလေးထားကြီးကြပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရန်ကိစ္စအား လွန်ခဲ့သော လကပင် သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် နှင့် ပုဂ္ဂလိကဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ရှင်းလင်းပြတ်သားသော လုပ်ငန်းလမ်းညွှန်များကို အမြန်ဆုံး ရေးဆွဲ ဖြန့်ဝေပေးစေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးခန်းများမှ ကုသမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဝန်ကြီးဌာနမှ အထူးကုဆရာဝန်များထံ ဆက်သွယ် အကြံပြုချက် တောင်းခံနိုင်ရန်အတွက် hotline ဖုန်းနံပါတ်များကိုလည်း စီစဉ် ထားရှိစေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကုသမှုနည်းစနစ် ပုံစံများကိုလည်း ဆေးတက္ကသိုလ်များနှင့် ဆေးရုံကြီး များမှ ပါမောက္ခဆရာဝန်ကြီးများက ရေးဆွဲပြုစုကာ ဖြန့်ဝေထားရမည် ဖြစ်ပါ ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် အောက်ဆီဂျင် plant နှင့် generator များ၊ Intensive Care Unit နှင့် High Dependency Unit များ ထပ်မံတပ်ဆင် ရန် ကိစ္စရပ်များအပါအဝင် အခြားဆေးရုံလုပ်ငန်းများ၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအား အဖွဲ့ဝင်များတိုင်ပင်ညှိနှိုင်းကာ အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေကိုသာ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားရန်လိုပါကြောင်း၊ ယခု ကိုဗစ်-၁၉ အရှိန်မြင့် ဖြစ်ပွားစဉ် ကာလ၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များကိုသာ မိမိနှင့် တာဝန်ရှိ အကြီးအကဲများထံသို့ တယ်လီဖုန်းနှင့် ဆက်သွယ်ပြောကြားရန် ဖြစ်ပါကြောင်း ပြောကြားသည်။ သတင်းစဉ်