ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်က အခန်းအမှတ် (၁၁၃)

Type
Image not available
 
 
ရဲခေါင်ညွန့်
ဓာတ်ပုံ-ဖိုးထောင်
 
အရှေ့တောင်အာရှ၏ အကောင်းဆုံး
 
မြန်မာနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် အိန္ဒိယ၌ရှိသည့် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ အင်္ဂလိပ် အစိုးရသည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ကာလ ကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ယူနီဗာစတီ ကောလိပ်နှင့် ဂျက်ဆင်(ယုဒသန်)ကောလိပ်တို့ကို ပေါင်းစည်း၍ ရန်ကုန်တက္ကသိုလ်အဖြစ် ထူထောင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
 
ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံတွင်ရှိသည့် အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ်များတွင် ရှိသည့် စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၄၀-၁၉၅၀ ဝန်းကျင်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပြီး အခြားအာရှနိုင်ငံများမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့သည်။
 
ဗဟိုကျောင်းဆောင်ငါးဆောင်နှင့် ပဲခူးဆောင်
 
ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ အဆောင်များ စတင်ဆောက်လုပ်ခဲ့ သည်။ မြန်မာ့သမိုင်းဝင် နေရာဒေသအသီးသီးကို ရည်ညွှန်းမှည့်ခေါ်ထားသည့် အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံ ကျောင်းဆောင် ငါးဆောင်ကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ထိုကျောင်းဆောင် ငါးဆောင် ကို ဗဟိုကျောင်းဆောင်ဟုလည်း ခေါ်တွင်သည်။
 
ရန်ကုန်တက္ကသိုလ်၏ အစောဆုံး ထိုကျောင်းဆောင် ငါးဆောင်အနက် ပဲခူးဆောင်သည် အခန်းအမှတ် (၁၁၃) ကြောင့် ပိုမိုထင်ရှားသည်။ အဓိပတိလမ်းကို မျက်နှာမူထား သည့် ပဲခူးဆောင်တတိယထပ် (အပေါ်ဆုံးထပ်) အခန်း အမှတ်(၁၁၃) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ပုံဖော်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ် ကျောင်းသားဘဝက နေထိုင်ရာ အခန်းဖြစ်ခဲ့သောကြောင့် ပင်ဖြစ်သည်။
 
တက္ကသိုလ်အဆောင်များ စတင်ဖွင့်လှစ်ခါစ ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်းအပြင် ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးဝန်(ဆရာမင်းသုဝဏ်)နှင့် ဝန်ကြီးချုပ် ဦးနုတို့ နေထိုင်ခဲ့ကြသလို ဆရာဇော်ဂျီနှင့် ဆရာ မင်းသုဝဏ်တို့သည် ပဲခူးဆောင် အဆောင်နည်းပြဆရာများ အဖြစ်လည်း တာဝန်ယူခဲ့ကြသည်။
 
ရန်ကုန်တက္ကသိုလ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘီအေစီနီယာတန်း တက်ရောက်ပညာသင်ကြားစဉ် ၁၉၃၆-၁၉၃၇ ခုနှစ်တွင် ပဲခူးဆောင်အပေါ်ထပ်ရှိ အခန်း အမှတ် (၁၁၃) ၌ နေထိုင်ခဲ့ပြီး ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုအခါ တွင် ရန်ကုန်တက္ကသိုလ်ရှိ ပဲခူးဆောင်ကို ကျောင်းသားများ အား နေထိုင်ခွင့်ပြုသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် အခန်းအမှတ် (၁၁၃) ကို နေထိုင်ခွင့်မပြုဘဲ နဂိုအတိုင်းသာ ထားရှိခဲ့သည်။
 
ပဲခူးဆောင် အခန်းအမှတ်(၁၁၃) ကို သီးသန့်ထားရှိခြင်း
 
၁၉၅၇-၁၉၅၈ ခုနှစ်တွင် အရွေးခံရသော ပဲခူးကျောင်း ဆောင် သဟာယနှင့် စာဖတ်အသင်းသည် အဆောင်မှူး ဦးကျော်ရင်နှင့်တိုင်ပင်၍ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦး နေထိုင်သွားသည့်အခန်းကို သီးသန့်ထားရှိရန် ဆုံးဖြတ်ချက်ချကာ “အောင်ဆန်းအခန်းတည်ထားရေး အဖွဲ့” ကိုဖွဲ့၍ အကောင်အထည်ဖော်သည်။ တက္ကသိုလ် ကျောင်းဆောင် ကော်မတီကလည်း ခွင့်ပြုခဲ့သည်။
 
အခန်းမွမ်းမံရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်တစ်ဦးဖြစ်သူ ဒဂုံဆောင် အဆောင်မှူး ဦးလှရွှေက အခြားကျောင်းနေဖက်များနှင့်တိုင်ပင်ကာ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝနေထိုင်စဉ်က အခြေအနေမျိုးနှင့် အတတ်နိုင်ဆုံး တူညီအောင် ဆောင် ရွက်သည့်ကိစ္စတွင် အကူအညီပေးသည်။ အောင်ဆန်း ခန်းဆောင်ဖွင့်ပွဲကို ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် သောကြာ နေ့ ည (အမျိုးသားအောင်ပွဲအကြိုည)တွင် ကျောင်းဆောင် နှစ်လည် ညစာစားပွဲနှင့်အတူ ကျင်းပသည်။ တက္ကသိုလ် အဓိပတိ ဦးနုနှင့် ပါမောက္ခချုပ် ဒေါက်တာထင်အောင် တို့တက်ရောက်ကာ အခန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည် ဟု “ မြန်မာ့အသံ ဦးကျော်၏ နှစ်ငါးဆယ်တက္ကသိုလ်” စာအုပ်တွင် ဖတ်ရှုရသည်။
 
လက်ရှိရန်ကုန်တက္ကသိုလ်ပဲခူးဆောင်
 
ပဲခူးဆောင်တွင် အခန်းပေါင်း ၁၃၄ ခန်းရှိပြီး လက်ရှိအဆောင်နေကျောင်းသားဦးရေ ၁၁၀ ရှိသည်။ အဆောင်နေကျောင်းသားများသည် ဘာသာရပ်စုံမှ ကျောင်းသားများဖြစ်ပြီး ဒုတိယနှစ်မှ ပါရဂူတန်းအထိ ကျောင်းသားများနေထိုင်လျက်ရှိကာ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းသားများလည်း နေထိုင် လျက်ရှိသည်။
၂၀၁၈ ခုနှစ်မှစတင်ကာ လက်ရှိအချိန်ထိ ပဲခူး ဆောင် အဆောင်မှူးအဖြစ် တာဝန်ယူလျက်ရှိသည့် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန၏ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ဆွေက ယခုလိုပြောသည်။
“တစ်ခန်းကို တစ်ယောက်နှုန်းထားတယ်။ ရန်ကုန် တက္ကသိုလ်(လှိုင်) RC-2 ထဲမှာ လူနေဆောင်မဆောက်ခင် အရင်တုန်းက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ လာတက်နေတဲ့ နိုင်ငံခြားသားတွေကို ဒီပဲခူးဆောင်မှာ ထားတယ်။ အများစုက တရုတ်ကျောင်းသားတွေပေါ့။ အခုတော့ RC-2 ထဲကို ရွှေ့လိုက်တယ်”
ကိုအောင်ဆန်းနေထိုင်ရာ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)
ပဲခူးဆောင် အခန်းနံပါတ် (၁၁၃) တွင် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်းဘဝက နေထိုင်ခဲ့သည့် အရိပ်အယောင်များကို တွေ့ရှိနိုင်သည်။
 
အခန်းနံပါတ် (၁၁၃) သို့ ဝင်လိုက်သည်နှင့် ကိုအောင်ဆန်း အိပ်စက်ခဲ့ရာ စပရိန်ခုတင်ကို စတင်မြင် တွေ့လိုက်ရသည်။ “မကိုင်ရ” ဟူသော အသိပေးစာတန်း နှင့်အတူ ပလတ်စတစ်အိတ်ငယ်တွင် ပရုတ်လုံးထည့်သွင်း ထားသည့် အဖြူရောင်မှ အရောင်ပြောင်းစပြုနေသည့် အိပ်ရာခင်းတစ်ခု၊ နီညိုရောင် ဘန်ကောက်ပုဆိုးတစ်ထည်၊ ဝါကျင့်ကျင့်အရောင်ပြောင်းနေသည့် ပိတ်ခြင်ထောင် တစ်လုံးတို့က ခုတင်ပေါ်တွင် နေရာယူလျက်ရှိသည်။
 
ခုတင်ခြေရင်းတွင်မူ စာရေးစားပွဲနှင့် ကြိမ်သစ်သား ကုလားထိုင်တစ်လုံး၊ စာရေးစားပွဲပေါ်ရှိ စာအုပ်ဗီရိုငယ် လေးထဲတွင်မူ ကိုအောင်ဆန်း ဖတ်ရှုခဲ့သည့် အင်္ဂလိပ် စာအုပ် (၆) အုပ်က စီစီရီရီထောင်လျက်..။
ခုတင်ခြေရင်း ညာဘက်ထောင့်တွင် ပိုင်ရှင်မဲ့ အနက် ရောင် ဖဲထီးရှည်တစ်လက်ကို ချိတ်ဆွဲထားကာ ဖဲထီးရှည် ၏အောက်တွင်မူ သစ်သားသေတ္တာတစ်လုံးပေါ်တွင် ထင်းရှူးပုံးလေး တစ်ပုံး တင်ထားသည်။ ထိုပုံးပေါ်တွင် ဆေးသားပျက်နေပြီဖြစ်သည့် မှန်ပေါင်သွင်းဓာတ်ပုံ အချို့ကို တင်ထားသည်။
 
ကိုအောင်ဆန်း အိပ်စက်ခဲ့သည့် ခုတင်ခေါင်းရင်း အပေါ်တည့်တည့်တွင် ဆေးသားလွင့်စပြုနေသည့် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကိုတွေ့နိုင်သည်။ အခန်း ပတ်ပတ်လည် ခုတင်ခေါင်းရင်းနှင့် ခြေရင်းတွင် တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၊ ကိုအောင်ဆန်း နှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်တိုင်းရင်းသူများ၊ လန်ဒန်ရောက် မြန်မာနိုင်ငံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း ဇနီးမောင်နှံနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ၁၉၃၆ တက္ကသိုလ်သပိတ်ကြီးကို လှုံ့ဆော်ခဲ့သော အိုးဝေမဂ္ဂဇင်းကော်မတီလူကြီးများ ရှေ့တန်းဝဲမှယာ ကိုတင်လတ်၊ ကိုအောင်ဆန်း၊ ကိုညိုမြ(ခ)ကိုသိန်းတင်၊ ကိုဘဆက်၊ နောက်တန်းဝဲမှယာ ကိုတင် အောင်၊ ကိုတင်အုံး၊ မောင်ကိုကို ဟု စာတန်းရေးထိုးကာ ချိတ်ဆွဲထားသည့် ဓာတ်ပုံများကို ကြည့်ရှုရသည့်အပြင် စာတမ်းရေးထိုးထားခြင်းမရှိသည့် ပုံများကိုပါ ချိတ်ဆွဲ ထားသည်။
 
ကိုအောင်ဆန်းနေထိုင်ခဲ့ရာ အခန်းအမှတ် (၁၁၃) မှ အပြင်သို့ထွက်လိုက်မိသည့်နှင့် လက်ရှိ ပဲခူးဆောင် အဆောင်မှူး ဒေါက်တာအောင်ဆွေ ပြောခဲ့သည်ကို အမှတ်ရမိသဖြင့် ပြန်လှည့်၍ ချောင်းကြည့်လိုက်မိ သေးသည်။
 
ဒေါက်တာအောင်ဆွေ ပြောသည်က “ကျွန်တော်တို့ ကျောင်းသားဘဝကဆို ဗိုလ်ချုပ်အခန်းကို ဝင်ကြည့်ခွင့်မရှိ ဘူး။ ဒီအတိုင်းကို ပိတ်ထားတာ။ ခေတ်စနစ်နဲ့ ဆိုင်မယ် ထင်တယ်။ ဗိုလ်ချုပ်အခန်းကို ကြည့်ချင်ရင် အပြင်က ပြတင်းပေါက် တရုတ်ကပ်ကြားထဲကနေ ချောင်းကြည့်ခဲ့ ရတာ”
ပဲခူးဆောင် အဆောင်မှူးဒေါက်တာအောင်ဆွေသည် ပဲခူးဆောင်ကျောင်းသားဘဝအဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ နေထိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
 
“အဲဒီကတည်းက ဗိုလ်ချုပ် ဒီအဆောင်မှာ နေခဲ့တယ် ဆိုတာကို အမှတ်ရမိတယ်။ ဒီအဆောင်မှာနေခဲ့တဲ့ ကျောင်းသားတိုင်းက ဗိုလ်ချုပ်နေခဲ့တဲ့အဆောင်မှာ နေရတယ်ဆိုပြီး ဂုဏ်ယူကြတယ်”ဟု ဒေါက်တာအောင်ဆွေ က ပဲခူးဆောင်ကျောင်းသားအဖြစ် နေထိုင်ခဲ့သည်ကို အမှတ်တရအဖြစ် ဂုဏ်ယူစွာပြောပြနေသေးသည်။
 
အဆောင်မှူး ဒေါက်တာအောင်ဆွေတို့ ဖြတ်သန်းခဲ့ရ သည့် အဆောင်နေကျောင်းသားဘဝနှင့် လက်ရှိအဆောင် နေ ကျောင်းသားဘဝကတော့ ကွာခြားသွားပြီဆိုသည့် အကြောင်းကို ဒေါက်တာအောင်ဆွေက ပြောပြသေးသည်။
 
အရင်ခေတ်နှင့် ယခုခေတ်တက္ကသိုလ်ကျောင်းသားဘဝ
 
ဒေါက်တာအောင်ဆွေက “ အဓိက ကွာတာကတော့ ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် စုစည်းမှု အားနည်းသွားတာပဲ။ ကျွန်တော်တို့ ကျောင်းသားဘဝ တုန်းက တယ်လီဖုန်းမရှိဘူး။ ဘာမီဒီယာမှမရှိဘူး။ ကက်ဆက်ဖွင့်နိုင်တဲ့သူဆို မိဘက တောင့်တင်းတဲ့သူ အဆင်ပြေတဲ့ ကျောင်းသားပေါ့။ အများစုက ဂစ်တာတီး မယ်။ သီချင်းဆိုမယ်။ ညဘက်ဆို မြန်မာ့ရုပ်မြင်သံကြားက လာတဲ့ တီဗွီအစီအစဉ်တွေကို စုပြီးကြည့်ကြမယ်။ အောက်မှာ ဇယ်ခုံလို တောက်ခုံလေး ထားပေးထားတယ်။ အဲဒီမှာ ကျွန်တော်တို့ ကစားကြတယ်။ ဒါကျွန်တော်တို့ ကျောင်းသားဘဝက ဖြတ်သန်းရတဲ့ Life ပါ။ အခုကတော့ ကျောင်းသားတွေမှာ သူတို့ရဲ့ကိုယ်ပိုင် device တွေနဲ့ ရှိနေကြတာဖြစ်တဲ့အတွက် တီဗွီခန်းထဲမှာလည်း ကျောင်းသားမရှိဘူး။ ဘောလုံးပွဲရှိတဲ့ အချိန်လောက်ပဲ ရှိတယ်။ တီဗွီကြည့်တဲ့အကျင့်လည်း မရှိတော့ဘူး။ ကိုယ့် အခန်းထဲမှာပဲကိုယ် ဂိမ်းဆော့မယ်၊ အင်တာနက်ကြည့် မယ်။ ဒီလိုတွေ ဖြစ်လာတယ်။ ဒါပေမယ့် နာခံမှုကတော့ တူညီပါတယ်။ ဒါကတော့ မပြောင်းဘူး” ဟု ပြောပြသည်။
ဒေါက်တာအောင်ဆွေနှင့် စကားစမြည်ပြောကြ ရင်းမှ ဒေါက်တာအောင်ဆွေက ကျွန်တော့်ကို သူ၏ အဆောင်ကျောင်းသားဘဝ အတိတ်ဆီသို့ ဆွဲခေါ်သွား လေသည်။
 
ရန်ကုန်တက္ကသိုလ် အဆောင်များသည် ယောက်ျား လေးဆောင်၊ မိန်းကလေးဆောင် ခွဲခြားထားသော်လည်း ညီအစ်ကို မောင်နှမသဖွယ်ရှိစေရန် “မောင်နှမဆောင်” များ ထားရှိကြသေးသည်။
ထိုမောင်နှမဆောင်များမှာ ရွှေဘို-ရတနာ-ပဲခူး သည် မောင်နှမဆောင်၊ စစ်ကိုင်း-သီရိသည် မောင်နှမ ဆောင်၊ ပင်းယ-အင်းလျားသည် မောင်နှမဆောင် စသည် ဖြင့် တွဲဖက်ပေးထားသည်။
 
ယခင်တက္ကသိုလ်ပုံရိပ်ကို ဒေါက်တာအောင်ဆွေက ယခုလို ဆက်ပြောပြသည်။
 
“ကျွန်တော်တို့ ကျောင်းသားဘဝက ညစာစားပွဲ (Dinner)လုပ်ပြီဆိုတာနဲ့ မောင်နှမဆောင်နဲ့ပဲ တွဲလုပ်လုပ်၊ တစ်ဆောင်ချင်းပဲလုပ်လုပ် အငြိမ့်အမြဲပါတယ်။ တက္ကသိုလ်ရဲ့ ဂုဏ်အင်္ဂါက အငြိမ့်ပေါ့။ အခုတော့ အဲဒီလို မပါတော့ဘူး။ အနောက်တိုင်းယဉ်ကျေးမှု၊ ကိုရီးယားဒန့်စ် စတာတွေပါလာတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝ ကဆို တက္ကသိုလ် Life ဖြစ်တဲ့ သီချင်းလေးတွေဆိုတာ။ စစ်ကိုင်းလမ်းတို့၊ မာလာဆောင်တို့ ဘာတို့ပေါ့။ အခုတော့ အရင်တက္ကသိုလ်ရဲ့ရသကို သိပ်မခံစားရတော့ဘူး”
ယခုအခါ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနေခဲ့သည့် ပဲခူးဆောင် အခန်းအမှတ် (၁၁၃) ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်ကြိမ်၊ ဗိုလ်ချုပ်ကျဆုံးခဲ့သည့် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင် တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပြသ ပေးလျက်ရှိသည်။
 
“အာဇာနည်နေ့မှာတော့ ပြင်ပက ရဟန်းရှင်လူ ပြည်သူတွေပါ ပြသတယ်။ ဗိုလ်ချုပ်မွေးနေ့မှာတော့ ကျောင်းသားတွေကိုပဲ ပြသပေးတယ်” ဟု ပဲခူးဆောင် အဆောင်မှူး ဒေါက်တာအောင်ဆွေက ပြောသည်။
မကြာမီ ပဲခူးဆောင်ကျောင်းသား ကိုအောင်ဆန်း၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ရောက်ရှိပေတော့မည်။
 
ယခုအခါ ရန်ကုန်တက္ကသိုလ်ကြီးသည် ခေတ် အဆက်ဆက်ကို တည်ငြိမ်စွာဖြင့် ဖြတ်သန်းခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀) သက်တမ်းပြည့်မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ တစ်နှစ်တာပတ်လုံး ကျင်းပသွားမည်ဖြစ်သည်။
 
၁၉၃၆-၁၉၃၇ ခုနှစ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသို့ မျက်နှာမူနေသော ပဲခူးဆောင် တတိယထပ် အခန်း(၁၁၃)တွင် ဘီအေစီနီယာတန်း တက်နေသည့် လူငယ်လေးတစ်ယောက်ရှိခဲ့သည်။ ထိုလူငယ်လေးကား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကို ပုံဖော်ပေးခဲ့သူ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပေတော့သည်။ ။