ရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ဘဝခရီးစဉ်

Type
၁

ရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ဘဝခရီးစဉ်

=======================

 

ဒေါက်တာသန်းဦး

========

 

“နာဂတ်သက်သေ၊ ကမ္ဘာကြေလည်း

မကျေတို့စွာ၊ အံ့မောရာသည်။

နောင်လာပြောဖို့၊ ဥဒါန်းတည်း”

မန်လည်ဆရာတော်ဘုရားကြီး

မဟာသုတကာရီ၊ မဃဒေဝလင်္ကာသစ်

အပုဒ် (၇၈)၊ စာ ၄၈

အပိုင်း - ၁

တက္ကသိုလ် ဝေါဟာရ အဓိပ္ပာယ်

မြန်မာအဘိဓာန်တွင် တက္ကသိုလ်ဟူသော ဝေါဟာရကို

“တက္ကသိုလ် / တက်ဂသို / န - အဆင့်မြင့် ပညာရပ်များကို သင်ကြား ဆည်းပူးရာ ကျောင်းကြီး [ဝါ၊ တက္ကသီလ] ” ဟူ၍ လိုရင်းတိုရှင်း ဖွင့်ဆိုထား သည်ကို လေ့လာတွေ့မြင် မှတ်သားနိုင်ပါသည်။

တက္ကသိုလ်စတင်တည်ထောင်ခြင်း

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တက္ကသိုလ် သည် မြန်မာနိုင်ငံ၏ ပထမဆုံး တက္ကသိုလ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။ အဆင့်မြင့်ပညာရေး ဗိမာန်တစ်ခုပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်က အပေါင်းပါ ကောလိပ်စနစ် (Collegiate System) ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ပါသည်။

ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပါဝင်သည့် -

(၁) ရန်ကုန်ကောလိပ်ကို အမည်ပြောင်းထားသည့် တက္ကသိုလ် ကောလိပ် [မူလက ရန်ကုန်အစိုးရ အထက်တန်းကျောင်း နောက် ရန်ကုန်ကောလိပ် ဖြစ်လာသည်။ ယခု အမှတ်(၁) အထက၊ လသာ]

(၂) ဂျပ်ဆင်ကောလိပ် [မူလက ကူရှင်အထက်တန်းကျောင်း နောက် ဘက်ပတစ်ကောလိပ် ယခု အမှတ်(၄) အထက၊ အလုံ]

နှစ်ကျောင်းသည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထား သည့်ကောလိပ်များဖြစ်ခဲ့ကြပါသည်။ အဆိုပါစနစ်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ပထမဦးစွာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်၏ ပထမပိုင်းဘဝ (၁၉၂၀-၁၉၄၂)

စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဘဝသည် ရန်ကုန်တက္ကသိုလ် အဖြစ် စတင်တည်ထောင်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသော ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ၂၂ နှစ်ကြာကာလ ဖြစ်သည်။ စစ်မီးကူးစက်လာသဖြင့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဘုရင်ခံ၏အမိန့်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက်အရ နယ်များတွင် ကောလိပ်များ ဖွင့်လှစ်ခွင့်ရရှိလာသည့်အလျောက် ၁၉၂၅ ခုနှစ် ဇွန်လတွင် မန္တလေးမြို့ ဥပစာကောလိပ် (Intermediate College) ကို ရန်ကုန်တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်ရသည့်ကောလိပ်အဖြစ် ဖွင့်လှစ်ခွင့် ရခဲ့သည်။

၁၉၃၀ ပြည့်နှစ်တွင် ဆရာဖြစ်သင်ကောလိပ်နှင့် ဆေးကောလိပ်တို့ကို ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်များအဖြစ် သီးခြားခွဲ၍ တည်ထောင်ရာ ဆရာဖြစ်သင်ကောလိပ် (Teacher Training College-TTC) ကို ၁၉၃၁ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း၊ ဆေးကောလိပ် (Medical College)ကို ၁၉၃၁ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။

၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့ရှိ စိုက်ပျိုးရေးကောလိပ် (Agricultural College) ကိုလည်း ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသောကာလအထိ တည်ထောင် ဖွင့်လှစ်ခဲ့ပြီးသော ကောလိပ်များမှာ (၁) တက္ကသိုလ်ကောလိပ်၊ (၂) ဂျပ်ဆင် ကောလိပ်၊ (၃) မန္တလေးဥပစာကောလိပ်၊ (၄) ဆရာဖြစ်သင်ကောလိပ်၊ (၅) ဆေးကောလိပ်နှင့် (၆) စိုက်ပျိုးရေးကောလိပ်တို့ ဖြစ်ကြသည်။

ထိုကောလိပ်ခြောက်ခုတွင် မန္တလေးဥပစာကောလိပ်သည် ရန်ကုန် တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်သော ကောလိပ်ဖြစ်၍ ကျန်ကောလိပ်ငါးခုမှာ ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်များ ဖြစ်ခဲ့ကြသည်။

ဤသည်မှာ အမိရန်ကုန်တက္ကသိုလ်၏ ပထမဘဝပုံရိပ်အဖြစ် ကောင်းစွာ မြင်တွေ့ရခြင်း ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကို အပေါင်းပါ ကောလိပ်စနစ် ဖြင့် ဖွဲ့စည်း တည်ထောင်ထားသော ၂၂ နှစ်ကြာကာလအတွင်း သင်ကြားရေးနှင့် စပ်လျဉ်း သည့်စနစ်ကို လေ့လာကြည့်ပါက ဘာသာတွဲစနစ် (Combination System) ဖြင့် သင်ကြားပို့ချခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဘာသာတွဲစနစ်အရ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသူ သည် ဝိဇ္ဇာဘာသာတွဲ သို့တည်းမဟုတ် သိပ္ပံဘာသာတွဲကို ဥပစာတန်း (Intermediate Class)၌ နှစ်နှစ် ဆည်းပူးခြင်း ပြုရပါသည်။ သဘောအားဖြင့် မိမိတို့ နှစ်သက်ရာ ဝိဇ္ဇာဘာသာရပ်တွဲကိုဖြစ်စေ၊ သိပ္ပံဘာသာရပ်တွဲကိုဖြစ်စေ တက္ကသိုလ်သို့ စတင်တက်ရောက်သောအခါ၌ ရွေးချယ်သင်ယူကြခြင်း ဖြစ်ပေ သည်။ ဥပစာဝိဇ္ဇာဘာသာတွဲတွင် အင်္ဂလိပ်နှင့် မြန်မာစာတို့မှာ မယူမနေရ ဘာသာနှစ်ရပ်ဖြစ်၍ မိမိနှစ်သက်ရာ ဝိဇ္ဇာဘာသာရပ် သုံးရပ်ကို ဘာသာတွဲ အဖြစ် သင်ယူရပါသည်။ ဥပစာသိပ္ပံဘာသာတွဲတွင် အင်္ဂလိပ်စာနှင့် မြန်မာစာ တို့မှာ မယူမနေရ ဘာသာနှစ်ရပ်ဖြစ်၍ မိမိနှစ်သက်ရာ သိပ္ပံဘာသာရပ်သုံးရပ် ကို ဘာသာတွဲအဖြစ် သင်ယူရပါသည်။

 

n စာမျက်နှာ ၆ မှ

ဥပစာတန်း၌ နှစ်နှစ် သင်ယူအောင်မြင်ပြီးနောက် နောက်ထပ်နှစ်နှစ်ကို ဘွဲ့ကြို၊ ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့(B.Sc)တန်းများသို့ တက်ရောက်သင်ယူဆည်းပူး ရပါသည်။ ဘွဲ့လွန်မဟာတန်းများသို့ ဆက်လက်ဆည်းပူးနိုင်ပါသည်။

(က) တက္ကသိုလ်ကောလိပ်တွင် အောက်ဖော်ပြပါ ဘာသာရပ်များကို သင်ကြား သင်ယူသည် -

(၁) အင်္ဂလိပ်စာ၊ (၂) အင်္ဂလိပ်ဘာသာနှင့် စာပေ၊ (၃) ပင်ရင်းမြန်မာစာ ဘာသာ၊ (၄) စိတ်ကြိုက် မြန်မာစာဘာသာ၊ (၅) ပါဠိ၊ (၆) သင်္ချာ၊ (၇) ရာဇဝင်၊ (၈) ဓာတုဗေဒ၊ (၉) ရူပဗေဒ၊ (၁၀) ဇီဝဗေဒ၊ (၁၁) ဘောဂဗေဒ၊ (၁၂) ပထဝီဝင်၊ (၁၃) ဘူမိဗေဒ၊ (၁၄) ဥပဒေ၊ (၁၅) သစ်တော၊ (၁၆) အင်ဂျင်နီယာ။

(ခ) ဂျပ်ဆင်ကောလိပ်တွင်လည်း တက္ကသိုလ်ကောလိပ်မှာကဲ့သို့ ဘာသာရပ် များကို သင်ကြားသင်ယူရသည်။ သို့ရာတွင် ပထဝီဝင်နှင့် ဘူမိဗေဒအစား ယုတ္တိဗေဒကို သင်ကြားသင်ယူရသည်။ ဝိဇ္ဇာတန်းတွင် ဒဿနိကဗေဒကို သင်ကြားသင်ယူနိုင်သည်။

(ဂ) မန္တလေးဥပစာကောလိပ် တွင်မူ (၁) အင်္ဂလိပ်စာ (၂) ပင်ရင်းမြန်မာစာ ဘာသာ၊ (၃)ပါဠိ၊ (၄) သင်္ချာ၊ (၅) ယုတ္တိဗေဒ၊ (၆) ရာဇဝင်၊ (၇) ရူပဗေဒ၊ (၈) ဓာတုဗေဒဘာသာရပ်များကို သင်ကြားပေးသည်။

သင်ကြားမှု အဓိကဘာသာ (Medium of Instruction)

သင်ကြားပို့ချသည့်ဘာသာ

မြန်မာဘာသာရပ်မှလွဲ၍ ဘာသာရပ်များအားလုံးကို အင်္ဂလိပ်ဘာသာ ဖြင့် သင်ကြားပို့ချပေးပါသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီးလောက်တွင် ရာဇဝင်နှင့် ပါဠိဘာသာ နှစ်ရပ်ကို မြန်မာဘာသာဖြင့် စတင်သင်ကြားခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။

ဘွဲ့အပ်နှင်းခြင်း

စစ်ကြိုခေတ် တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို ၁၉၂၁ ခုနှစ်မှစ၍ နှစ်စဉ် နှစ်တိုင်း မှန်မှန်ပင် ကျင်းပခဲ့ပေသည်။ ပထမဦးဆုံး ဘွဲ့နှင်းသဘင်ကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သည်။ အဆိုပါ ဘွဲ့နှင်းသဘင်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ [Doctor Of Letters, (Honoris Causa)] ကို အဂ္ဂမဟာပဏ္ဍိတ မဟာသီရိလယ်တီဆရာတော်ကြီးအား လည်းကောင်း၊ ဂုဏ်ထူးဆောင်မဟာဘွဲ့ [Master Of Arts (Honoris Causa)]ကို C. Duroiselle အမည်တွင်သူ လူပုဂ္ဂိုလ်တစ်ဦးအားလည်းကောင်း စတင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လေ့လာတွေ့ရှိ မှတ်သားရပါသည်။

ထိုဘွဲ့နှင်းသဘင်တွင် ရန်ကုန်ကောလိပ်အနေဖြင့် ဘီအေဝိဇ္ဇာဘွဲ့ကို (၁၈၈၅ ခုနှစ်မှ ၁၉၂၁ ခုနှစ် အထိ) ရရှိခဲ့သူများစာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့ သည်။ ဘီအက်စီသိပ္ပံဘွဲ့ကို (၁၉၁၅ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ) ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဘီအဲလ်ဥပဒေဝိဇ္ဇာဘွဲ့ကို (၁၉၁၉ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ)ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုဘွဲ့နှင်းသဘင်တွင် ဂျပ်ဆင်ကောလိပ်အနေဖြင့် ဘီအေဝိဇ္ဇာဘွဲ့ကို (၁၉၁၁ ခုနှစ်မှ ၁၉၂၂ ခုနှစ်အထိ) ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့သည်။

[မှတ်ချက် ၁။ ရန်ကုန်တက္ကသိုလ်ကလင်ဒါ (၁၉၂၂-၂၃) တွင် List of Graduates of the University အဖြစ် နှစ်အလိုက် လူအမည်ဖြင့် ဖော်ပြထား ပါသည်။ နံပါတ်စဉ်တပ်မထားပါ၊ ထိုကလင်ဒါစာအုပ် စာမျက်နှာ ၁၂၉ မှ ၁၃၂ အထိရှု။

မှတ်ချက် ၂။ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် အဆောက်အအုံကို ဆောက်လုပ်ပြီးစီးသော ၁၉၃၁ ခုနှစ်၌ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ယင်းဘွဲ့နှင်းသဘင်ခန်းမ၌ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ စစ်ကြို ခေတ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းဘသင်ကို ၁၉၄ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဘွဲ့ရသူဦးရေမှာ ၁၉၂၁ ခုနှစ်တွင် ၅၃ ဦး၊ ၁၉၃၁ ခုနှစ် တွင် ၁၈၅ ဦး၊ ၁၉၄ဝ ပြည့်နှစ်တွင် ၁၉၃ ဦးဖြစ်ကြောင်း ဖော်ပြပါ အစီရင်ခံစာ- စာမျက်နှာ ၁၇ နှင့် ၁၈ တို့တွင် ဖော်ပြထားသည်ကို လေ့လာ တွေ့ရှိမှတ်သားရပါသည်။]

ဒုတိယကမ္ဘာစစ်ကြီးအတွင်းကာလနှင့် စစ်ကြီးပြီးစကာလ

ထိုကာလကို နှစ်ပိုင်းခွဲခြားတွေ့မြင်ရပါသည်။

ဂျပန်လက်အောက်ခံ မြန်မာအစိုးရက စိန်ဂျွန်း မိန်းကလေးကျောင်း [ယခု အမှတ်(၂) လသာအထက်တန်းကျောင်း]တွင် ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပါသည်။ အပေါင်းပါ ကောလိပ်များမရှိခဲ့ပါ။

စစ်ကြီးပြီးစကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် မဂိုလမ်း (ယခု ရွှေဘုံ သာလမ်း)ရှိ ရမ်းဒေးရီးယား ဟိုက်စကူး၌ အီးယူစီခေါ် “အရေးပေါ်တက္ကသိုလ်” သင်တန်းများကို ဖွင့်လှစ်ခဲ့ပြန်ပါသည်။

စစ်ပြီးခေတ် ဗြိတိသျှအစိုးရသည် ၁၉၄၆ ခုနှစ် ဇွန်လ၌ “ကြားဖြတ် ရန်ကုန်တက္ကသိုလ်”ဟုခေါ်ပြီး တက္ကသိုလ်နယ်မြေရှိ ဘီအိုစီကောလိပ် အဆောက် အအုံနှင့် ပြည်ကျောင်းဆောင်နှင့် တကောင်းကျောင်းဆောင်တို့အကြား ဆောက် လုပ်ထားသော စာသင်တဲများတွင် စတင်၍ ရန်ကုန်တက္ကသိုလ်ကို ပြန်လည် ဖွင့်လှစ်ဖြစ်ခဲ့ပါသည်။ ယင်းနေရာမှ တစ်ဖန် ဂျပ်ဆင်ကောလိပ် အဆောက်အအုံသို့ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့သည်။

စစ်ကြီးပြီးခေတ် ဗြိတိသျှအစိုးရသည် ၁၉၄၇ ခုနှစ်၌ တက္ကသိုလ်ကောင်စီ နှင့် ပါမောက္ခအဖွဲ့များကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးရပြီးစကာလ ၁၉၄၈-၄၉ စာသင်နှစ်သို့ ရောက်ရှိသောအခါ ဂျပ်ဆင်ကောလိပ် စာသင်အဆောက် အအုံတွင်သာမက ယခင်တက္ကသိုလ်ကောလိပ်စာသင် အဆောက်အအုံများသို့ပါ ပြောင်းရွှေ့ပြီး “ရန်ကုန်တက္ကသိုလ်”ကို ဖွင့်လှစ်ခဲ့၏။

ဖော်ပြပါ ၁၉၄၃ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ လေးနှစ်ကျော်၊ ငါးနှစ်ကျော်ခန့် ကာလသည် ရန်ကုန်တက္ကသိုလ်၏ ဘဝပြောင်းလဲမှုတွင် “စပ်ကူးမပ်ကူး” ကာလ သဖွယ်ဖြစ်၍ အတည်တကျမဖြစ်သေးသည့် ကာလဟုလည်း ဆိုနိုင်ပါသည်။ ဆိုရပါမည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံသည် စစ်တလင်းနှစ်ကြိမ် ဖြစ်ခဲ့ ရသဖြင့် ပညာသင်ကြားရေး ပျက်ပြားခဲ့ရသည်။ ပညာငတ်မွတ်ခဲ့ရသည်။ စစ်ကြီးအပြီးကာလ၌ ပညာသင်ကြားရေးကို အထူးတောင့်တခဲ့ကြသည်။ သို့ရာတွင် စစ်ဘေးစစ်ဒဏ်သင့်ခဲ့ရသောကြောင့် ပညာရေးပြန်လည်ထူထောင် မှုပြုရာ၌ အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် ရန်ကုန်တက္ကသိုလ်သည် စစ်ဘေးစစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် အလူးအလဲ ခါးစည်းခံခဲ့ရ၍ စစ်ကြီးအတွင်းကာလနှင့် စစ်ကြီးအပြီးကာလတို့၌ ကြိုးစားရပ်တည်နိုင်ရန် အထူးလုံ့လထုတ် ရုန်းကန်ခဲ့ရပါသည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ပေါ်ထွန်းလာသော အချိန်အခါမှစ၍ ရန်ကုန်တက္ကသိုလ် ပြန်လည်ထူထောင် ရေးကို အထူးဝါယမစိုက်ထုတ် ကြိုးစားဆောင်ရွက်မှုများ ပြုလာနိုင်ခဲ့ပါသည်။

[မှတ်ချက် - ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာသည့် ၁၉၄၂ ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိ ခြောက်နှစ်ခန့်တာ ကာလကို ရန်ကုန်တက္ကသိုလ်၏ စပ်ကူးမပ်ကူးကာလတိုအဖြစ် သတ်မှတ် ရန် ဖြစ်ပါသည်။]

(ဆက်လက်ဖော်ပြပါမည်)