ရန်ကုန်တက္ကသိုလ်ကျောင်းသား မဟုတ်ခဲ့တဲ့ ကျောင်းသားတစ်ဦး

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

ရန်ကုန်တက္ကသိုလ်ကျောင်းသား မဟုတ်ခဲ့တဲ့ ကျောင်းသားတစ်ဦး

=====================================

 

တစ်ချိန်က အင်းဝဆောင်သား

 

 

ကျွန်တော် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ သုံးနှစ် ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသား မဖြစ်ခဲ့ဖူးပါဘူး။

 

ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရန်ကုန် တက္ကသိုလ်ထဲမှာ သုံးနှစ်ကျော် လေးနှစ်နီးပါး နေထိုင်ခွင့် ရခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်အထိ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲကနေ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို နေ့တိုင်း ပုဂံလမ်း (ပုဂံလမ်းကစောင့်နေမယ်သီချင်းထဲကလမ်း) က ခြံစည်းရိုးကျော်တက်ပြီး ကျောင်းတက်ခဲ့ရပါတယ်။ အခုတော့ ပုဂံလမ်းတံခါးပေါက်လည်း ဖွင့်ပြီထင်ပါတယ်။

 

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းဥက္ကဋ္ဌ ဆရာမျိုး (ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာ ဦးမျိုးသန့်) ရဲ့ကောင်းမှုနဲ့ ကျွန်တော် အင်းဝဆောင်မှာ သုံးနှစ်ကျော်လေးနှစ်နီးပါး အခမဲ့နေထိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်အခန်းနံပါတ်က မှတ်ရလွယ်တယ်။ အခုထိ မမေ့သေး၊ တတိယအထပ် အခန်း ၁၂၃ ပါ။

 

အလကားသာကပ်နေရတာ ကုသိုလ်ကံကတော့ ကောင်းရှာတယ်ဗျာ့။ သူများတွေ တစ်ခန်းတည်းနေရတဲ့ အချိန် ကျွန်တော်က နှစ်ခန်းရပါတယ်။ ဘေးကပ်လျက် အခန်းက ထမင်းချက်ခန်းပေါ့။ ရန်ကုန်မှာ ပညာသင်ကြား ဖို့အတွက် အခမဲ့နှစ်ရှည် နေထိုင်ခွင့်ပြုခဲ့တဲ့ ဆရာမျိုးရဲ့ ကျေးဇူးတရားကို ဘယ်တော့မှမမေ့ပါဘူး။ သီတင်းကျွတ် ရန်ကုန်လာမကန်တော့နိုင်လို့ ဤနေရာက ကန်တော့ လိုက်ပါတယ် ဆရာခင်ဗျာ့။

 

ခြေလျင်တောင်တက်အသင်းဥက္ကဋ္ဌဖြစ်တဲ့အတွက် ပိတ်ရက်တွေဆို အဆောင်မှာ ခြေလျင်တောင်တက်သမား နဲ့ စည်ကားနေခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဧဝရက် တောင်ကို အောင်နိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် တောင်တက် အဖွဲ့ထဲက ကိုညီညီအောင်နဲ့ ကိုပြည့်ဖြိုးအောင်တို့ ဆိုတာ အင်းဝဆောင်ထွက်တွေပါ။

 

ပါရဂူတန်း (Ph.D) ကျောင်းသားတွေ

 

အင်းဝဆောင်ဟာ မြန်မာစာကျောင်းသားဆောင် လို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ရန်ကုန် တက္ကသိုလ် မြန်မာစာအထူးပြုကျောင်းသားတွေ အထူး သဖြင့် ပါရဂူတန်း (Ph.D) ကျောင်းသားတွေများပါတယ်။

 

သူတို့ကျေးဇူးတွေနဲ့ပဲ ရန်ကုန်တက္ကသိုလ်ရဲ့ ခမ်းနားထည်ဝါခဲ့တဲ့ သမိုင်းကြောင်းကို စာတွေ့ရော လက်တွေ့ပါ ခံစားခဲ့ရပါတယ်။ သူတို့ရဲ့ အဟောင်းတန်း ကစုထားတဲ့ စာအုပ်တွေ၊ လေး၊‌ ငါးကျပ်တန်ခေတ်က စာအုပ်အဟောင်းတွေကို တယုတယနဲ့ ဖတ်ခဲ့ရပါတယ်။ စာအုပ်အသစ်တွေ သုံး၊ လေး၊ ငါးထောင် ဝယ်မဖတ်နိုင်ပါ ဘူး။ အဲဒီထဲမှာ ကျွန်တော်အစွဲလမ်းဆုံးက တက္ကသိုလ် ဘုန်းနိုင် စာအုပ်တွေပါ။ စာအုပ်ထဲမှာပါတဲ့ အကြောင်း အရာအများစုဟာ အခုလက်ရှိနေထိုင်နေရတဲ့နေရာကို အခြေခံတာက တစ်ကြောင်း၊ ဆရာ့ရဲ့ ခွဲထွက်နေတဲ့ ရေးသားဟန်ကြောင့်တစ်ဖုံတို့ကြောင့် ဖြစ်ပါတယ်။

 

စာရေးသူတချို့က တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ် တွေကြောင့် ရန်ကုန်တက္ကသိုလ်တက်ဖြစ်တာလို့ သူတို့ရဲ့ ရန်ကုန်တက္ကသိုလ် အမှတ်တရဆောင်းပါးတွေမှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။ ကျွန်တော်ကတော့ တက္ကသိုလ်ဘုန်းနိုင်ကျေးဇူးကြောင့် ရန်ကုန်တက္ကသိုလ် ရဲ့ အလှတရားနဲ့ သမိုင်းကြောင်းကို ခံစားမိတာပါလို့ ပြောပါရစေ။

 

အခုတော့ အဲဒီမြန်မာစာမိတ်ဆွေတွေလည်း (အသက်ကြီး၊ ဝါကြီးသူတွေမို့လို့ သူငယ်ချင်းထက် မိတ်ဆွေ လို့ပဲ သုံးနှုန်းပါရစေခင်ဗျာ) ဒေါက်တာဘွဲ့တွေ့ရပြီး သက်ဆိုင်ရာတက္ကသိုလ်တွေမှာ မြန်မာစာကထိကတွေ၊ ပါမောက္ခတွေ ဖြစ်နေကြပါပြီ။

 

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်မှာပါတဲ့နေရာ တွေ အထူးသဖြင့် သစ်ပုပ်ပင်၊ ဘွဲ့နှင်းသဘင်၊ စာကြည့် တိုက်၊ ဦးချစ် ကင်န်တင်း၊ ဝိဇ္ဇာဆောင်၊ သိပ္ပံဆောင်၊ တောင်ငူ ဆောင်၊ အမရာဆောင်၊ RC စတဲ့နေရာတွေကိုသွားပြီး ဆရာ့စာအုပ်တွေကို ဖတ်ခဲ့ရတာ တကယ့်အရသာပါပဲ။

 

ကျွန်တော်နေထိုင်ခဲ့ရတဲ့ ကာလတုန်းက ရန်ကုန် တက္ကသိုလ်ဟာ ချုံနွယ်ပိတ်ပေါင်းနဲ့ ထူထပ်နေတဲ့ တောကြီး လိုပါပဲ။ ဝိဇ္ဇာခန်းမမှာ စပါးကြီးမြွေတွေ့လို့ ပြေးကြည့် ရတာလည်း အမောပါ။

 

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့နေရာ

 

စာအုပ်တွေထဲမှာ ရေးသားထားတဲ့ ရန်ကုန်တက္ကသိုလ် ရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ လက်ရှိအပြင်မှာ နေထိုင်နေရတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဖြစ်တည်နေမှုကို ကိုယ်တိုင်ခံစား ကြည့်ခဲ့ဖူးပါတယ် ။ မျက်ရည်ကျရလောက်အောင် ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ဖူးသလို သမိုင်းအစဉ်အလာကြီးမားခဲ့ တဲ့နေရာမှာ နေထိုင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်လည်းယူခဲ့ပါ တယ်။ အခုအထိလည်း ဂုဏ်ယူနေဦးမှာပါ။

 

တစ်ချိန်က ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ အဆင့်အတန်း ဘယ်လောက်အထိ မြင့်မားခဲ့သလဲ၊ ဘယ်လို ခမ်းနားခဲ့သလဲဆိုတာ ကိုယ်တိုင်နေခဲ့ဖူးတဲ့ သူတွေပဲ သိမှာပါ။

 

နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရန်ကုန်တက္ကသိုလ်ထဲမှာ ထီးမလိုပါဘူး။ အဆောင်ကူး စင်္ကြံတွေကတစ်ဆင့် အိပ်ဆောင်တွေ၊ စာသင်ခန်းတွေကို အကုန်ကွန်ရက်သဖွယ် ချိတ်ဆက်ထားတာပါ။ ဘယ်လောက်တောင် ကောင်းလိုက် တဲ့စနစ်လဲဗျာ။ ကျွန်တော် နေထိုင်ခဲ့ရတဲ့ကာလမှာတော့ အဲဒီစနစ်မရှိတော့ပါဘူး။ ထိန်းသိမ်းမှုမရှိတော့ အချို့နေရာ တွေ ပျက်ကုန်ပါပြီ။

 

နောက်တစ်ခုက အိမ်သာတွေပါ။ ဘိုထိုင်တွေ၊ ကြွေခွက်ရှူးရှူးပေါက်တဲ့နေရာတွေ (အခုခေတ်လို ခါးအောက်ပိုင်း သေးသေးလေးတွေမဟုတ်ပါဘူး လူတစ်ကိုယ်စာအပြည့် ကြွေခွက်အကြီးကြီးတွေပါ) အဲဒီကတည်းကရှိပါတယ်။ ကိုယ့်အိမ်မှာ ဘိုထိုင်ကို ဘယ်အချိန်က စသုံးခဲ့သလဲ၊ ရန်ကုန်တက္ကသိုလ်မှာ ၁၉၂၀-၁၉၃၀ ပြည့်နှစ်ကတည်းက စသုံးနေပါပြီ။ ဘယ်လောက်အထိ ခေတ်ရှေ့ပြေးပြီး ခမ်းနားခဲ့သလဲဆိုတာ ကိုယ့်ဟာကိုယ် သုံးသပ်နိုင်ပါတယ်။

 

ရေဆင်းပေါက်တွေမှာ သုံးထားတဲ့သံပေါင်တွေဆို လည်း ကောင်းမှကောင်း၊ အထူကြီးတွေ၊ Made in England တွေ၊ အခုထိ ရှိ၊ မရှိတော့မသိတော့ဘူး။

ရန်ကုန်တက္ကသိုလ်မှာနေတုန်းက ကျွန်တော့်ကို သီဟဟိန်းဆိုရင် လူသိနည်းပါတယ်။ ဂျပန်ကြီးလို့ပဲ သိကြ ပါတယ်။ UFL က ဂျပန်ကျောင်းသားမို့လို့ ဂျပန်ကြီးလို့ ခေါ်ကြတာပါ။

 

အင်းဝဆောင်အရှေ့က စစ်ကိုင်းလမ်းကျော်လိုက်ရင် သိပ္ပံကင်န်တင်းရှိပါတယ်။ အဲဒီကင်န်တင်းမှာ ဂျပန်ကြီး အကြွေးမစားဖူးတဲ့ဆိုင်မရှိ၊ ဆိုင်အကုန်လုံး ဂျပန်ကြီးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းကြီးပဲ။

 

တီထွင်ကြံဆမှု

 

လှည်းတန်းမှာ မနက်စာ ၃၀၀ - ၄၀၀ ပေးမှ ဗိုက်ဝတဲ့ ခေတ်မှာ ဂျပန်ကြီးက မိန်းထဲမှာ မနက်စာကို ၁၀၀ နဲ့ ဗိုက်ဝအောင် စားလို့ရပါတယ်။ ဒါပေမယ့် တီထွင်ကြံဆမှု တော့ရှိရတာပေါ့။ တစ်ဆိုင်က ထမင်းလိုက်ပွဲတစ်ပွဲ ၅၀ နဲ့ဝယ်၊ တစ်ဆိုင်က မုန့်ဟင်းခါးဟင်းရည် ၃၀ ဖိုးမှာ၊ တစ်ဆိုင်က စမူဆာ ၂၀ ဖိုးဝယ်၊ သုံးခုပေါင်းလိုက်ရင် ဂျပန် ကြီး မနက်စာဖူလုံပါပြီ။ ဒါတောင် တစ်ခါတလေ လကုန်မှ ပေးမယ်နော်လို့ မှာစားရတဲ့ နေ့တွေလည်းရှိခဲ့ပါတယ်။

 

မိဘတွေက နယ်ကနေ ပိုက်ဆံလောက်အောင် ပို့ပေးပါ တယ်။ ပို့ပေးတဲ့ပမာဏကလည်း အဲဒီခေတ်ကဆို ပုံမှန် ကျောင်းသားတစ်ယောက် တစ်လစာထက်တောင် ပိုသေးတယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ကျောင်းသားပီပီ ရှိရင် ရှိသလိုသုံး၊ မရှိရင် မရှိသလိုနေခဲ့တာပါ။ တချို့နေ့ တွေဆို သူငယ်ချင်းတွေ တည်းခိုနေထိုင်တဲ့ ဘုန်ကြီး ကျောင်းကိုတောင် လိုက်စားရသေး၊ အဲဒီနေ့ရက်တွေကို သတိရပါ့။

 

ဒီလိုနဲ့ ဂျပန်ကြီး ရန်ကုန်တက္ကသိုလ်ထဲမှာ သုံးနှစ် ကျော် လေးနှစ်နီးပါး ပျော်ပျော်ကြီး နေထိုင်ခဲ့ပါတယ်။ အခုအထိလည်း ရန်ကုန်ရောက်တိုင်း အချိန်ရရင်ရသလို မိန်းထဲသွားဖြစ်ပါတယ်။ အတူနေခဲ့တဲ့ မိတ်ဆွေတွေ မရှိတော့ပေမယ့် အမှတ်ရစရာ လွမ်းမောစရာတွေ အများ ကြီးမို့လား။

 

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ကျောင်းပြီး အလုပ် ရတော့ အလုပ်ရှိရာ တာဝန်ထမ်းဆောင်ဖို့အတွက် ဂျပန်ကြီး မိန်းထဲက ထွက်လာခဲ့ပါတယ်။

မိဘအိမ်ပြီးရင် နှစ်အကြာဆုံးနေခဲ့တဲ့နေရာ၊ ကျောင်းသားဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့တဲ့နေရာ၊ လွမ်းမောတမ်းတစရာတွေပြည့်နေတဲ့နေရာ။

ဂျပန်ကြီးအဆောင်ကနေ အထုပ်အပိုးတွေနဲ့ ထွက်လာတဲ့အချိန်မှာတော့ မိန်းထဲမှာ ကျောင်းပြန်ဖွင့်ဖို့နဲ့ ကျောင်းသားတွေအဆောင်ပြန်လက်ခံဖို့ ပြန်လည်ပြင်ဆင် မွမ်းမံနေပါပြီ။

 

နွံနစ်နေတဲ့ ပတ္တမြားကြီး ပြန်လည်တောက်ပလာ တော့မယ်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကို အဝေး တစ်နေရာကနေ ဂုဏ်ပြုလိုက်ပါတယ်။ ။