ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

============================

 

စိန်ဝင်း (၄၀)

 

(ယမန်နေ့မှအဆက်)

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက်မှာ စက်တင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ပထမနှစ် သင်တန်း ဖွင့်ရက်မှာ စက်တင်ဘာလ ၇ ရက်နေ့ ဖြစ်သည်။ ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ပထမစာမေးပွဲကို ဖြေဆို ကြရပြီး ယင်းစာမေးပွဲ မှာ အတန်းတင်စာမေးပွဲအတွက် ၄၀ ရာခိုင်နှုန်းယူပါ သည်။

စာမေးပွဲဖြေအပြီး ကျောင်း ၁၀ ရက်ပိတ်ပါ သည်။  နှစ်လယ်စာမေးပွဲကို မတ်လတွင် ဖြေဆိုကြရပြီး အတန်းတင် စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်းယူပါသည်။ ဧပြီလ တစ်လ ကျောင်းပိတ်ပါ သည်။ ဇွန်လ နောက်ဆုံးပိုင်းတွင် အတန်းတင်စာမေးပွဲ ဖြေဆိုကြရပြီး ဇူလိုင်၊ ဩဂုတ် နှစ်လ ကျောင်းပိတ်ပါသည်။

 

မိမိနေရပ်သို့ ပြန်ခဲ့ကြ

 

ကျွန်တော်တို့ ပထမနှစ်တက်ရသည့် ၁၉၇၂-၁၉၇၃ ကာလမှာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရပြီး ဒုတိယနှစ်အရောက်တွင် အရေးအခင်းများ စတင် ကြုံတွေ့ရပါတော့သည်။ ကျွန်တော်တို့ ဒုတိယနှစ် ၁၉၇၄ ခုနှစ်တွင် အလုပ်သမားအရေးအခင်း စတင်ဖြစ်ပွားခဲ့ရာ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်း ချည်မျှင်နှင့် အထည် စက်တို့တွင် အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ တက္ကသိုလ်များ ပိတ်ခဲ့ရပြီး မိမိနေရပ်သို့ ပြန်ခဲ့ကြရပါ သည်။

ကျွန်တော်တို့ တတိယနှစ် ၁၉၇၅ ခုနှစ်တွင် ဦးသန့် အရေးအခင်း ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်မှ အနားယူခဲ့သော မြန်မာနိုင်ငံသား ဦးသန့်သည် အမေရိကန်ပြည်ထောင်စု တွင် ကွယ်လွန်ပြီး ကြွင်းကျန်သော ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ ပြန်လည်သယ်ယူလာရာ ဈာပန အခမ်းအနားကို ကျိုက္ကဆံကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့ကြ ပါသည်။ ဈာပနကျင်းပမည့်နေ့တွင် ကျွန်တော်တို့ အပါအဝင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြားကျောင်းသား ကျောင်းသူများ၊ အရပ်သူ အရပ်သား များ ကျိုက္ကဆံကွင်းသို့လမ်းလျှောက်ချီတက်၍ သွားရောက် စုဝေးကြပါသည်။ အခမ်းအနားပြုလုပ်ပြီး အစီအစဉ်အရ ရုပ်ကလာပ်ကို ကြံတောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရန် ဖြစ်သော်လည်း ကျောင်းသားအချို့က ဦးသန့်သည် ကမ္ဘာသိ မြန်မာ့ဂုဏ်ဆောင်တစ်ဦးဖြစ်သဖြင့် ကြံတော သုသာန်တွင် သာမန်လူကဲ့သို့ သင်္ဂြိုဟ်ရန်မသင့်ကြောင်း၊ ဂူဗိမာန်လုပ်သင့်ကြောင်းဆိုကာ ရုပ်ကလာပ်ကို ရန်ကုန် တက္ကသိုလ်သို့ သယ်ယူမည်ဟု ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့လည်း လူအုပ်ဖြင့် ပါသွားပါတော့သည်။

 

ကျွန်တော်တို့ ပင်းယဆောင်မှာ အဓိပတိလမ်းဘေး တွင် ရှိနေသဖြင့် လူအုပ်လိုက် အဓိပတိလမ်းတစ်လျှောက် ရုပ်ကလာပ်အား သယ်ဆောင်သွားသည်ကိုလည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှိ သံဘာဂျာတံခါးများကို လူအားဖြင့် ဆွဲဖျက်ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်း ရုပ်ကလာပ် ထားရှိခြင်း၊ ဟောပြောပွဲကျင်းပခြင်းတို့ကိုလည်းကောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ကြရပါသည်။ ထိုညတွင် တက္ကသိုလ်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရာ ကျွန်တော်တို့အများစုလည်း အိမ်ပြန်ကြရ ပါတော့သည်။ ဤအရေးအခင်းတွင် ပါဝင်မိသော သူငယ်ချင်းတစ်ယောက်နှင့် ညီငယ်တစ်ယောက် ထောင်ဒဏ်ကျခံရသည်ကိုလည်း ဝမ်းနည်းစွာကြုံတွေ့ ရပါသည်။ တတိယနှစ်စာမေးပွဲများကို မိမိတို့ရပ်ရွာများ တွင် ဖြေကြားကြရရာ မေမြို့ အထက(၁) စာစစ်ဌာနတွင် ရန်ကုန်တက္ကသိုလ် သင်္ချာတတိယနှစ်မှ ဖြေဆိုသူမှာ ကျွန်တော်တစ်ယောက်တည်းသာ ရှိပါသည်။ မန္တလေး တက္ကသိုလ်မှကျောင်းသား ပိုများပါသည်။ ကျောင်းများ ပြန်ဖွင့်၍ စတုတ္ထနှစ်သင်တန်းတက်ရသော ၁၉၇၆ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်ဆူပူမှု ထပ်မံဖြစ်ပွား ပြန်ပါသည်။ ကျောင်းများလည်း ထပ်မံပိတ်ရပြီး ၁၉၇၇ ခုနှစ် မတ်လရောက်မှသာ စတုတ္ထနှစ် စာမေးပွဲများ ဖြေဆိုကြရပါတော့သည်။ ၁၉၇၆ ခုနှစ်တွင် ဘွဲ့ရရမည် ဖြစ်သော်လည်း အရေးအခင်း သုံးခု ဆက်တိုက်ကြုံသဖြင့် ၁၉၇၇ ခုနှစ် မတ်လရောက်မှသာ ဘွဲ့ရပါတော့သည်။

 

အလုပ်အကိုင်ခေါ်စာများ

 

မဟာသိပ္ပံနောက်ဆုံးနှစ် အပိုင်း(က) သင်တန်းသို့ တက်ရောက်ချိန်တွင် ကျွန်တော်တို့ စစ်ကိုင်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ကြရပါသည်။ ထိုကာလက အလုပ်အကိုင် အခွင့်အလမ်း အလွန်ရှားပါးသဖြင့် တတိယနှစ်တက်ချိန် မှစ၍ ကမာရွတ်မြို့နယ် အလုပ်သမားမှတ်ပုံတင်ရုံးတွင် အလုပ်သမားမှတ်ပုံတင် တင်ထားခဲ့ပါသည်။ ဘွဲ့တစ်ခုရပြီး ဖြစ်၍ နေ့စဉ်သတင်းစာများတွင် အလုပ်အကိုင်ခေါ်စာများ ကြည့်ရှုပြီး အလုပ်လျှောက်ရန် တာစူကြပါတော့သည်။

 

ဗိုလ်သင်တန်းကျောင်းသို့ သတင်းပို့ခဲ့

 

ပထမဦးဆုံးခေါ်သောအလုပ်မှာ ဘွဲ့ရဗိုလ်လောင်း များ ခေါ်ယူခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ သိပ္ပံချွန် သူငယ်ချင်း ခြောက်ယောက် ဝင်ရောက်ဖြေဆိုကြရာ ခြောက်ယောက်လုံး အောင်မြင်ကြပါသည်။ လူ ၅၀၀ ကျော် ဝင်ရောက်ဖြေဆိုပြီး ၈၃ ယောက် အောင်မြင်သည်ဟု သိရှိရပါသည်။ မှော်ဘီဗိုလ်သင်တန်းကျောင်းသို့ သတင်း ပို့ရမည့်ရက်မှာ ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ဖြစ်ပြီး ပါဝင်ရမည့် စာရွက်စာတမ်းများတွင် ပုံစံ-၁၀ ပါရှိသဖြင့် မိဘရပ်ထံပြန်၍ ပုံစံ-၁၀ ပြန်ထုတ်ကြ ရပါသည်။ ကိုကျော်တင်နှင့် ကိုအောင်သူတို့မှာ မိဘ များက ပုံစံ-၁၀ ထုတ်မပေးဘဲ အချိန်မီမရောက်အောင် ခေါ်ထားလိုက်ကြပါသည်။ ကျန်သူငယ်ချင်း လေးဦးမှာ စစ်ကိုင်းဆောင်မှပင် ကျောင်းထွက်ခွင့်တင်ပြီး ဗိုလ်သင်တန်းကျောင်းသို့ သတင်းပို့ခဲ့ကြပါ တော့သည်။

ဒီဇင်ဘာလအတွင်း ကျန်းမာရေးဆေးစစ်ခြင်းနှင့် သင်တန်းမဝင်မီ ပြင်ဆင်ဖွယ်များ ဆောင်ရွက်ရပြီး ဇန်နဝါရီလဆန်းတွင် သင်တန်းစတင် ဖွင့်လှစ်ပါသည်။ တက္ကသိုလ်က ကျောင်းထွက်ခွင့်ကို ခွင့်ပြုပြီး ‘ကျတစ်ကျ’ အဖြစ်သတ်မှတ်၍ မဟာသိပ္ပံဘွဲ့အတွက် ခွင့်ပြုကာလ ငါးနှစ်တွင် အကျုံးဝင်ကြောင်းပြန်ကြားခဲ့ပါသည်။ ဒုတိယ ခေါ်ယူသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာရေးဝန်ထမ်း အဖြစ် ကိုခင်မောင်ကြွေနှင့် ကိုကျော်ဆွေတင့်တို့နှစ်ဦး ဝင်ရောက်သွားခဲ့ကြောင်း သိရပါသည်။

 

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အကုန်အထိ ရန်ကုန် တက္ကသိုလ်တွင် နေခဲ့ရသောကာလများမှာ ဘဝ၏ အကောင်းဆုံး၊ အပျော်ရွှင်ရဆုံးကာလများပင် ဖြစ်ပါ သည်။ ဝါသနာပါရာကို မိမိစိတ်တိုင်းကျဆောင်ရွက် နိုင်ခွင့် အပြည့်အဝရရှိခဲ့ကြပါသည်။ ကျွန်တော်တို့ သူငယ်ချင်း မုံရွာသား ကိုမြင့်သိန်းမှာ အီလက်ထရွန်နစ် ဝါသနာပါပါသည်။ သိပ္ပံပစ္စည်းစက်ရုံမှ ငွေ ၅၀ ကျပ်တန် ရေဒီယိုစက်ပစ္စည်းများ ဝယ်ယူ၍ ရေဒီယိုတစ်လုံးကို အခန်းတွင် ကိုယ်တိုင်ဆင်ယူပြီး မြန်မာ့အသံကို အချိန်ပြည့်ဖမ်းထားပါသည်။ ထိုစဉ်က ရုပ်မြင်သံကြား မပေါ်သေးပါ။ မြန်မာ့အသံသည် ပြည်သူတို့အားလုံး၏ အသည်းစွဲဖြစ်ပါသည်။ မြန်မာ့အသံမှလာသော ရေဒီယို သီချင်းများသည် လူအများစု နှုတ်ဖျားတွင် စွဲနေပါသည်။ လူတိုင်းလိုလို အနည်းဆုံးတော့ ရေချိုးခန်းမင်းသားအဖြစ် သီချင်းဟစ်ကြပါသည်။ မည်သူ့ကိုမျှ အားနာစရာမလိုပါ။

 

သင်္ချာဘာသာခွဲ ခြောက်ခုစီသင်ကြားရ

 

ပထမနှစ်သင်တန်းများကို မန္တလေးဆောင်တွင် သင်ကြားကြရပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘူမိဗေဒတို့ကို သင်ကြားရပါ သည်။ ဆယ်တန်းအောင်စဉ်က ဇီဝဗေဒယူခဲ့သော်လည်း တက္ကသိုလ်တွင် ဇီဝဗေဒယူပါက သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာန နှစ်ခုခွဲ၍ သင်ယူရမည်ဖြစ်သဖြင့် အများစု မှာ တစ်ဘာသာတည်းဖြစ်သော ဘူမိဗေဒကို ယူကြပါ သည်။ ဒုတိယနှစ်မှစ၍ ပင်မဆောင်ရှိ သင်္ချာဌာနစာသင်ခန်း များတွင် ပညာသင်ကြားရပါသည်။ ဒုတိယနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာဘာသာခွဲ လေးခုနှင့် သင်္ချာယုတ္တိဗေဒ (သို့မဟုတ်) ဓာတုဗေဒတို့ကို မိုင်နာအဖြစ် သင်ယူကြ ရရာ ကျွန်တော်က ဓာတုဗေဒ မိုင်နာယူခဲ့ပါသည်။ တတိယနှစ်နှင့် စတုတ္ထနှစ် နှစ်တန်းလုံးတွင် သင်္ချာ ဘာသာခွဲ ခြောက်ခုစီ သင်ကြားရပါသည်။

 

ညနေ စာသင်ချိန်များအပြီး အားကစားပွဲများလည်း အမြောက်အမြားရှိရာ ကြိုက်နှစ်သက်ရာအားကစားကို ကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်သလို သွားရောက်အားပေး နိုင်ခြင်းလည်းရှိပါသည်။ ဘောလုံးပွဲများကို ပုဂံလမ်းရှိ ဘောလုံးကွင်းတွင်လည်းကောင်း၊ ဘော်လီဘောနှင့် ဘတ်စကက်ဘောပြိုင်ပွဲများကို အပန်းဖြေရိပ်သာ(RC)တွင်လည်းကောင်း သွားရောက်အားပေးကြပါသည်။ ဘာသာရပ်အသင်းများအပြင်၊ အဆောင်လိုက် အသင်းများခွဲ၍ အကြိတ်အနယ်ယှဉ်ပြိုင်ကြပါသည်။ ယင်းအားကစားပွဲများကို အပန်းဖြေရိပ်သာအပြည့် အော်ဟစ်အားပေးလေ့ရှိကြပါသည်။ အင်းလျားကန်တွင် လှေလှော်ရွက်တိုက်အသင်းရှိပြီး ယင်းအသင်းဝင်ရောက်၍ လှေလှော်/ရွက်တိုက်ကြသော ကျောင်းသား ကျောင်းသူ များလည်း အများအပြားရှိပါသည်။

 

ကျွန်တော့်အနေဖြင့် စာကြမ်းပိုးလုပ်ပြီး တက္ကသိုလ် များစာကြည့်တိုက်မှ စာအုပ်ပေါင်းများစွာ(ဝတ္ထုများများ) ဖတ်ရှုခဲ့ပါသည်။ ယခုအချိန်အထိ ကန်တော့ခံအဖြစ် ကန်တော့ခံရတိုင်း မကြာခဏ ပြန်လည်ကိုးကားပြောပြ ဖြစ်သော လီယိုတော်စတွိုင်း၏ “အဖိုးအိုနှစ်ယောက်” (ဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုများမှ “ဘုရားဖူးသွားခြင်း”) သည် မှတ်မိနေသော စာတစ်ပုဒ် ဖြစ်သည်။

 

ကျွန်တော် တက္ကသိုလ် စတက်ခါစက ကျောင်းထဲတွင် စစ်သားများကျောင်းတက်နေသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့ဩမိပါသည်။

နောက်ပိုင်းကျမှသာ တက္ကသိုလ်အရန်တပ်ရင်း(UTC)တပ်ဖွဲ့ဝင်များဖြစ်ပြီး ညနေ ပိုင်းတွင် စစ်ပညာသင်တန်း လေ့ကျင့်နိုင်ရန် မနက်ကျောင်း လာစဉ်ကပင် ယူနီဖောင်းဝတ်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကျွန်တော်တို့သူငယ်ချင်း ကိုဇော်ဝင်းနိုင်မှာ ယူတီစီဝင်ထားသဖြင့် သင်တန်းရှိသောရက်တွင် တက္ကသိုလ် ရိပ်သာလမ်းတောင်ဘက်ရှိ ယူတီစီဝင်းအတွင်း သွား၍ စစ်ပညာသင်ကြားမှု ပြုလုပ်ပါသည်။ ၎င်းနှင့်အတူ ယူတီစီတက်သော သူငယ်ချင်းများကိုလည်း ကျွန်တော်တို့ သိကျွမ်းရာမှ တက္ကသိုလ်အပေါင်းအသင်း ပိုမိုကျယ်ပြန့် လာပါသည်။ ကျွန်တော်တို့ ဗိုလ်လောင်းသင်တန်းတက်ချိန် တွင် ယူတီစီမှအချို့ပါဝင်လာပြီး အချို့မှာ တက်ရောက် လိုသော်လည်း အရေးအခင်းများကြောင့် ကျောင်းပိတ်ရက် ရှည်သွားပြီး ဘွဲ့ရနောက်ကျသဖြင့် အသက်ကန့်သတ်ချက် မမီတော့ကြောင်း သိရှိရပါသည်။

ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသား ပြန်ဖြစ်ခြင်း မှာ တွက်ချက်ရေးဒီပလိုမာသင်တန်း တက်ရောက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် ဗိုလ်သင်တန်းဆင်းပြီး ခြေလျင် တပ်ရင်း နှစ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် စစ်ဆင်ရေး တာဝန်များထမ်းဆောင်ခဲ့ရပါသည်။ ၁၉၈၆ ခုနှစ်တွင် ကျွန်တော်တို့ ရွယ်တူ တန်းတူ အရာရှိများအား ဦးစီးအရာရှိ ငယ်များအဖြစ် ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးရာတွင် ကျွန်တော့်၌ ဦးစီးအရာရှိအဖြစ် တာဝန်ပေးအပ်နိုင်ရန် သင်တန်းတစ်စုံတစ်ရာမျှ တက်ရောက်ခဲ့ဖူးခြင်းမရှိသဖြင့် ပညာရေးတပ်ဖွဲ့(အရန် အင်အားစု)သို့ ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့ပါသည်။ ထိုတပ်ဖွဲ့မှာ ကမ္ဘာစစ်ကြီးအပြီး မြန်မာ့တပ်မတော်ပြန်လည်ဖွဲ့စည်းချိန်၌ တပ်မတော်သား အများစုမှာ စစ်ကာလကြောင့် ပညာရေးအားနည်းခဲ့သဖြင့် “အ”သုံးလုံးကြေမှစ၍ အတန်းပညာများကို သင်ကြား ပေးရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်ရောက်ရှိချိန် တွင် တပ်မတော်သားများ၏ ပညာရည် အထိုက်အလျောက် မြင့်မားလာပြီဖြစ်သည့်အလျောက် တပ်ဖွဲ့၏လုပ်ငန်းများမှာ အတော်နည်းပါးသွားပြီဖြစ်ရာ စစ်ရုံးရှိ ပညာရေးဌာနစုသို့ တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ထိုဌာနစုတွင် တာဝန်ထမ်းဆောင်စဉ် ကျွန်တော်၏ရှေ့မှ တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးသန်းမြင့်(ငြိမ်း)မှာ ဘီအီးဒီ ဘွဲ့ ရယူခဲ့ပါသည်။ ထိုအစဉ်အလာအရ ကျွန်တော်လည်း ဘီအီးဒီဘွဲ့သင်တန်းတက်ခွင့်ပြုရန်တင်ပြရာ ဦးစီးအရာရှိ (ပထမတန်း)က သဘောမတူခဲ့ပါ။

 

ထိုအချိန်တွင် တွက်ချက်ရေးဒီပလိုမာ (DAC)သင်တန်းကို တက္ကသိုလ်များ ကွန်ပျူတာဌာနက လျှောက်လွှာ ခေါ်ယူခဲ့ပါသည်။ ဦးစီးအရာရှိ(ပထမတန်း)ထံ နှစ်ကြိမ်၊ သုံးကြိမ်တင်ပြပြီး ခွင့်ပြုချက်ရယူ၍ ဖြေဆိုခွင့်လျှောက်လွှာ တင်ခဲ့ရပါသည်။ ဌာနဆိုင်ရာဝန်ထမ်းများကို ခေါ်ယူသော အချိန်ပိုင်းသင်တန်းဖြစ်သဖြင့် ဌာန၏ခွင့်ပြုချက် လိုအပ် ပါသည်။ ဝင်ခွင့်စာမေးပွဲကို တက္ကသိုလ်များ ကွန်ပျူတာ ဌာနတွင် သွားရောက်ဖြေဆိုရပါသည်။ ကြားသိရသည်မှာ လျှောက်လွှာတင်သွင်းသူ ၁၀၀၀ ခန့်၊ ဖြေဆိုသူ ၉၀၀ ကျော်၊ ရေးဖြေအောင်မြင်သူ ၈၀ ခန့်ရှိကြောင်းသိရပြီး လူတွေ့၊ နှုတ်ဖြေစာမေးပွဲ ဖြေဆိုပြီးနောက် သင်တန်းတက်ရောက်ရန် ၅၃ ဦး ရွေးချယ်ခံခဲ့ရပါသည်။ တပ်မတော်မှ သုံးဦး တက်ရောက်ခွင့်ရခဲ့ရာ စစ်ရုံးမှ ဗိုလ်ကြီးကံထွန်း (ဗိုလ်မှူး-ငြိမ်း)၊ ကျွန်တော်နှင့် တပ်မတော်မှတ်တမ်းရုံးမှ ဗိုလ်ကြီးအောင်မြင့်တို့ ဖြစ်သည်။

ဒုတိယအကြိမ်တက်ရောက်

 

သင်တန်းချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီဖြစ်ပြီး လက်တွေ့လေ့ကျင့်ချိန်အဖြစ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီခွဲ အထိ ဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ်များ ကွန်ပျူတာဌာန မှာ ရန်ကုန်တက္ကသိုလ်၏ဌာနတစ်ခုဖြစ်သဖြင့် ကျောင်းလခ၊ စာမေးပွဲကြေးစသည့် ကိစ္စရပ်များကို ရန်ကုန်တက္ကသိုလ် ငွေစာရင်းဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ရပါသည်။ သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ်သို့ ဒုတိယအကြိမ် တက်ရောက် ခဲ့ရသည်ဟု ဆိုခြင်းဖြစ်ပါသည်။ ကျွန်တော်ရရှိသော သိပ္ပံဘွဲ့ (သင်္ချာ)နှင့် တွက်ချက်ရေးဒီပလိုမာ နှစ်ခုလုံးမှာ လက်ရှိ ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

 

ကျွန်တော်တို့ DAC အတန်းထဲမှ ထင်ရှားသူမှာ ဦးခွန်ဦး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် (ငြိမ်း) ဒေါက်တာကြည်စိုးမှာလည်း အတန်းဖော် တစ်ဦး ဖြစ်ပါသည်။ အများသိကြမည့် အတန်းဖော် တစ်ဦးမှာ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် (အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏သမီး) ဖြစ်ပါသည်။ ထိုစဉ်က ဆရာမကြီးမှာ ရန်ကုန်စက်မှုတက္ကသိုလ် သင်္ချာဌာနတွင် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

 

ထိုသင်တန်းတက်ရောက်နေသည့် ကာလအတွင်း မှာပင် ၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာပါသည်။ ကျွန်တော်တို့ကျောင်းသားအားလုံးမှာ ဝန်ထမ်းများ ဖြစ်ကြသည့်အလျောက် ကိုယ့်တာဝန်ကိုယ်ထမ်းရင်း အရေးအခင်းကို ကျော်ဖြတ်ကြရပါတော့သည်။

 

ကျွန်တော် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသား နှစ်ကြိမ်ဖြစ်ခဲ့ရာ နှစ်ကြိမ်လုံးပင် အရေးအခင်းများနှင့် ကြုံခဲ့ရပါသည်။ ဘွဲ့မရမီ အရေးအခင်းများကို ရှောင်ခဲ့ စဉ်က အရေးအခင်းပါကျောင်းသားများ၏ ဆဲဆိုမှုများ ခံခဲ့ရပြီး ဒုတိယအကြိမ် အရာရှိငယ်ဘဝ ၈၈ အရေး အခင်းတွင် မိမိတို့တာဝန်ထမ်းဆောင်နေသည့် စစ်ရုံးအား လာရောက်ဆဲဆိုကြသည်ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံ့တာဝန်ကို ကျရာနေရာမှ ထမ်းရွက်ရင်း ကျော်ဖြတ် ခဲ့ပါသည်။

 

သိပ္ပံချွန်မျိုးဆက်အမွေပေး

 

ကျွန်တော်၏မိသားစု ငါးယောက်တွင် ကျွန်တော်က “သင်္ချာ”၊ ဇနီးသည်က “ဓာတုဗေဒ”၊ သမီးလတ်က “ဓာတုဗေဒ”ဘာသာရပ်တို့ဖြင့် သိပ္ပံဘွဲ့များကို ရန်ကုန် တက္ကသိုလ်မှ ရရှိခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသူ သုံးဦးရှိပါပြီ။ သမီးလတ် အခြေခံပညာ အထက် တန်းအောင်သောကာလတွင် ထူးချွန်ကျောင်းသား အစီအစဉ် စတင်ပေါ်ပေါက်လာရာ သမီးလတ်ကို သူငယ်ချင်း ဒေါက်တာအောင်သူရှိရာ ရန်ကုန်တက္ကသိုလ် သို့ ဓာတုဗေဒထူးချွန် တက်ရောက်စေခဲ့ပါသည်။ မိမိတို့ သိပ္ပံချွန်မျိုးဆက် အမွေပေးလိုရင်း ဖြစ်သည်။

 

စာရေးဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်)သည် အသက် ၉၀ တွင် မြေးဖြစ်သူများနှင့်အတူ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ကြောင်း ဖတ်ရှု မှတ်သားရပါသည်။ ကျွန်တော်လည်း မပြီးဆုံးခဲ့သော မဟာသိပ္ပံဘွဲ့(သင်္ချာ)ကို ဆက်လုပ်လျှင် ကောင်းလေ မည်လားဟု စဉ်းစားခဲ့မိပါသည်။

 

ကျွန်တော် နောက်ဘဝ မြန်မာနိုင်ငံတွင် လူပြန် ဖြစ်ခွင့်ရပါက ရန်ကုန်တက္ကသိုလ်သို့ ပြန်တက်ချင်ပါ သေးသည်။ ယခုဘဝတွင် မပြီးဆုံးခဲ့သော မဟာဘွဲ့ ရအောင် ကြိုးစားလိုပါသေးသည်။ မလေ့လာဖြစ်ခဲ့သော ဘာသာရပ်များ (ဥပမာ- သမိုင်း၊ ရှေးဟောင်း သုတေသန၊ … စသည်)ကိုလည်း မ ‘အ’ အောင် လေ့လာလိုပါ သေးသည်။ မဖြစ်ခဲ့သော တက္ကသိုလ်ဆရာတစ်ဦး ဘဝကိုလည်း ခံယူလိုပါသေးသည်။

 

ကျွန်တော်တို့ဘဝများစွာအတွက် အရေးပါလှသော အမိရန်ကုန်တက္ကသိုလ်ကြီးကို အမှတ်ရတမ်းတလျက် မိမိတို့ကျောင်းသားဘဝ မှတ်မိသမျှ ရေးသားဖော်ပြရင်း ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲကို ဂုဏ်ပြုလိုက်ပါသည်။။