
ဒေါက်တာလေးငုံ
ကျွန်မသည် ၁၉၈၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို (က) အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုနှစ်က စနစ်သစ်၏ ပထမဆုံးဖြေဆိုရသော စာမေးပွဲဖြစ်သောကြောင့် အောင်မြင်သူ အလွန်နည်းသည်။ ထိုသို့ရှားရှားပါးပါး အောင်မြင်သူများထဲမှ ကျွန်မပါဝင်ခဲ့၍ အလွန်ပျော်ခဲ့ရသည်။ အောင်စာရင်းကြည့်ပြီး ပြန်လာသော ကျွန်မ၏ ခြေလှမ်းများသည် မြေကြီးနှင့် မထိတော့ဟုထင်ရသည်။ ချက်ချင်းပင် တက္ကသိုလ်ကျောင်းသူကြီး ဖြစ်သွားသလို ခံစားရသည်။
“ငါ့သမီး တက်ချင်တဲ့ တက္ကသိုလ် ကြီးကို တက်ရတော့မယ်”ဟု မေမေက တဖွဖွ ပြောနေသလို “သမီး တက္ကသိုလ်မှာ ဆရာမဖြစ်အောင် လုပ်ပါ” ဟုလည်း ဖေဖေက တိုက်တွန်းလာသည်။ တက္ကသိုလ် မတက်ရသေးခင် ရည်မှန်း ချက်များ တသီကြီးဖြစ်နေလေပြီ။
ထိုနေ့ညက ကျွန်မတို့ မိသားစု အားလုံး ပျော်နေကြသည်။ ဖေဖေသည် စိတ်ကြည်နူးလာလျှင် သီချင်းညည်း တတ်သည်။ စိတ်ပါလက်ပါ သီချင်း ဆိုပြတတ်သည်။ တယောမပါ၊ မယ်ဒလင် မပါ၊ တီးခတ်စရာ မပါသော်လည်း ထိုနေ့ညက အလွတ်ဆိုပြသော ဖေဖေ့ သီချင်းအသံသည် ကြည်ကြည်အေးအေး နှင့် အလွန်နားထောင်၍ ကောင်းလှသည်။ မေမေက ပြုံး၍ နားထောင်နေသည်။ ကျွန်မကတော့ ဖေဖေ့ပေါင်ပေါ်တွင် မေးတင်၍ နားထောင်သည်။
“ရွှေစံပယ်ရုံ ဘေးဝယ်၊ ညချမ်းရိပ် ဝယ်၊ တေးသံမေးကာ ရောက်ခဲ့ပေါ့ကွယ် xxxx ပန်းစံပယ်အလှ x x x မာလာ ပျိုရယ် ချစ်တင်းစကားကိုတဲ့ xxxx မောင်ပြောမယ် x x x”
ဖေဖေ့အသံသည် ကျွန်မနားထဲ တွင်စွဲနေသည်။ ထိုသီချင်းသည် “ရွှေစံပယ်ရုံ” သီချင်းဖြစ်ပြီး ဖေဖေ အမြဲသီဆိုလေ့ရှိသဖြင့် ကျွန်မ အလွတ်ရ နေသည်။ တက္ကသိုလ် နောက်ခံသီချင်း တစ်ပုဒ်ဖြစ်သည်ဟုလည်း ဖေဖေက ပြောဖူးသည်။
ထိုသီချင်းသည် ဒုတိယကမ္ဘာစစ် အတွင်းက ရန်ကုန်တက္ကသိုလ် ပုဂံဟောမှ တက္ကသိုလ် ကျောင်းသားကြီး ကိုဖေညွန့် က အင်းလျားဟောမှ တက္ကသိုလ်ကျောင်း သူ ခင်မိမိကို ချစ်ကြိုက်၍ ဖွဲ့ဆိုထား သည်ဟု သိရသည်။
ဖေဖေသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်ခဲ့သော တက္ကသိုလ်ကျောင်း သားကြီး ဖြစ်ခဲ့ဖူးသောကြောင့် သူ တွေ့ကြုံခဲ့ရသော တက္ကသိုလ်အတွေ့ အကြုံများ၊ သူကြားသိခဲ့ရသော အသိ အမြင်များကို မကြာခဏ ပြောပြလေ့ရှိ သည်။ ဖေဖေသည် သီချင်းဆိုကောင်း ရုံမက စာဖတ်လည်းဝါသနာပါသည်။ တက္ကသိုလ်တက်လျှင် ကျွန်မအား မြန်မာစာမေဂျာယူရန် ပြောသည်။ ကျွန်မကိုယ်တိုင်လည်း စာဖတ်ရသည်ကို ဝါသနာပါသည်။ ငယ်စဉ်ကတည်းက စာကြီးပေကြီးများကို ဖတ်ခဲ့သည်။ ငယ်စဉ်က စတုတ္ထတန်း ကျောင်းသူ ဖြစ်သောကျွန်မသည် အဋ္ဌမတန်း ကျောင်းသားဖြစ်သော အစ်ကိုကြီး၏ အလယ်တန်းကဗျာ လက်ရွေးစဉ်၊ စကား ပြေ လက်ရွေးစဉ် အစရှိသော ကျောင်း သင်ရိုး စာအုပ်များကို ယူဖတ်ခဲ့သည်။
“ကျွန်တော်တို့ရွာ၏ အနောက်ဘက် တွင် သင်္ချိုင်းကုန်းရှိသည်” ဟူသောဝါကျ ဖြင့် အစချီထားသည့် ဆရာတင်မိုး၏ “သင်္ချိုင်းကုန်း”ဟူသော ရသစာပေမှ စာကြောင်းများကို ကျွန်မ အလွတ်ပင်ရနေခဲ့ သည်။ “ဖိုးမောင်လာပြီ”၊ “ပအိုဝ်းမိခင်၏ လက်စားချေခန်း” စသော ဇာတ်လမ်း ကဗျာ များကိုဖတ်၍ ကျွန်မ မျက်ရည်ကျခဲ့ရသည်။ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာသိပ္ပံမောင်ဝတို့ ကဲ့သို့သော ခေတ်စမ်း စာဆိုရှင်ကြီးများကို လေးစားအားကျခဲ့သည်။ မြန်မာစာကို ချစ်သည်။ မြန်မာစာကို မြတ်နိုး သည်။ ထို့ကြောင့် လည်း တက္ကသိုလ်တက်လျှင် မြန်မာစာ မေဂျာယူမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝ
ကျွန်မသည် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေတွင် မြန်မာစာမေဂျာ ဖြင့် ပထမနှစ် တက်ခွင့်ရသည်။ ကျွန်မတို့ ကျောင်းတက်စဉ်က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ဗိုလ်တထောင်နယ်မြေ(RC1)၊ လှိုင်နယ်မြေ (RC2)၊ ကြည့်မြင်တိုင်နယ် မြေ(RC3) ဟူ၍ရှိရာ ပထမနှစ်နှင့် ဒုတိယ နှစ်ကို သက်ဆိုင်ရာ နယ်မြေများတွင် တက်ရောက်ရပြီး တတိယနှစ်ရောက်မှသာ ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ပြောင်းရွှေ့ တက်ခွင့်ရပါသည်။ ကံဆိုးချင်တော့ ကျွန်မ ကျောင်းတက်ပြီး နှစ်ဝက်လောက်အရောက် တွင် ရှစ်လေးလုံး အရေးအခင်း စတင်လေ တော့သည်။ ကျောင်းတွေ ပိတ်လိုက်ရသည်။ သုံးနှစ်ကျော်၊ လေးနှစ်နီးပါး ကျောင်းစာသင် ခန်းများနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ကျောင်းများ ပြန်ဖွင့်သောအခါ အသက်သုံးနှစ် လောက် ကြီးသွားပါပြီ။ အချိန်တိုအတွင်း ကျောင်းတက်ပြီး စာမေးပွဲများဖြေဆိုကြရ သည်။ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ နယ်မြေများတွင် ပထမနှစ်၊ ဒုတိယနှစ်သာမက တတိယနှစ်အထိ တက်ကြရသည်။ စတုတ္ထနှစ် ရောက်မှ ရန်ကုန်တက္ကသိုလ်(ပင်မ) သို့ တက်ခွင့်ရသည်။ သို့သော် ဒုတိယနှစ်တွင် ဂုဏ်ထူးတန်းဝင်ပါက ရန်ကုန်တက္ကသိုလ် (ပင်မ)သို့ ပြောင်းရွှေ့တက်ရပါသည်။
“တက္ကသိုလ် ဆရာမပဲ လုပ်ပါ သမီးရယ်” ဟူသော မိဘနှစ်ပါး၏ အသံများသည် ကျွန်မ၏နားထဲတွင် ပဲ့တင်ထပ်နေပြီး ကျွန်မ ကိုယ်တိုင်လည်း ဆရာမအလုပ်ကို ဝါသနာပါ သည်။ ဒုတိယနှစ်တွင် ဂုဏ်ထူးတန်းဝင်ရန် ကြိုးစားခဲ့ပြီး ဂုဏ်ထူးတန်းဝင်ခဲ့ပါသည်။ ကျွန်မသည် ၁၉၉၂ ခုနှစ်တွင် ပထမနှစ်ဂုဏ်ထူး တန်း ကျောင်းသူဘဝဖြင့် ရန်ကုန် တက္ကသိုလ် ကြီးသို့ စတင် ခြေချခွင့်ရသည်။ တောင်ငူ ဆောင်တွင် တက်ရပါသည်။ မှတ်မှတ်ရရ ရန်ကုန်တက္ကသိုလ်ကြီးထဲသို့ ကျောင်းစတက် သောနေ့တွင် တောင်ငူဆောင်ကို ရှာမတွေ့ ၍ ကျောင်းထဲမှာ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေသည်။ ချိန်းထား သော သူငယ်ချင်းများနှင့်လွဲ၍ ပဲခူးဆောင် ဘက်သို့ ရောက်သွားခဲ့သည်။
“ညိုချောလေးရယ်ယဉ်ပါတယ်” ဟူသော အသံပြဲကြီးကြောင့် ကျွန်မအဆောင် အပေါ် ထပ်သို့ မော့ကြည့်မိသည်။ “အချစ်ကလေးရေ ဘယ်သူ့ကိုရှာနေတာလဲ၊ ကိုယ့်ကို ရှာနေတာ လား”။ အဆောင်ပေါ်မှ ကျောင်းသား တစ်ယောက်က လှမ်း၍ စနောက်သဖြင့် ပဲခူးဆောင်နားမှ အမြန်သုတ်ခြေတင်ခဲ့ရသည်။ ရှက်ရှက်နှင့် လျှောက်ခဲ့ရင်း အင်းဝ ကင်န်တင်း ဘက်သို့ ဘယ်လိုရောက်သွားသည်မသိ။ “မလေးငုံ”ဟု လှမ်းခေါ်လိုက်သော အသံ ကြောင့် လှည့်ကြည့်မိရာ ကင်န်တင်းတွင် ထိုင်နေကြသော သူငယ်ချင်းများကို တွေ့ရပါ သည်။ ကျွန်မသည် နဖူးတွင်စိုနေသောချွေးစ များကို သုတ်၍ ခုံတစ်ခုံကိုဆွဲယူကာ ထိုင်လိုက် သည်။ သူငယ်ချင်းများကို တွေ့ရသဖြင့် အမောပြေခဲ့ရသည်။ ဥဩငှက်လေး၏ သာသာ ယာယာ ဆွဲဆွဲငင်ငင် အော်မြည်နေသော အသံသည် တွေ့ဆုံကြုံကွဲ ဟူသော လောက၏ ဓမ္မတာတရားကို ပြောပြနေသယောင်ယောင် ပင်။
မြန်မာစာဂုဏ်ထူးတန်းတက်ရောက်ခြင်း
ထိုနှစ်က ရန်ကုန်တက္ကသိုလ် ဗိုလ် တထောင်နယ်မြေမှ ဂုဏ်ထူးတန်းဝင်ခဲ့သူများ မှာ မလေးငုံ(စာရေးသူ ကျွန်မ) အပါအဝင် မာလာအောင်၊ ရီရီမြင့်၊ နုမြင့်ထက်နှင့် ခင်မိုး အေး ၅ ဦး ဖြစ်ပါသည်။ ဗိုလ်တထောင် နယ်မြေမှာ ကျောင်းတက်စဉ် ကိုယ့်အုပ်စုနှင့် ကိုယ် ခပ်တန်းတန်းနေခဲ့ကြသော်လည်း ဂုဏ်ထူးတန်းဝင်၍ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသောအခါ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သွားခဲ့သည်။ ကျွန်မတို့ အထဲတွင် မာလာအောင်က အလှဆုံးဖြစ်သည်။ ငွေကြေးလည်း ချမ်းသာကြွယ်ဝသည်။ သူ့ကို သဘောကျ၍ ပိုးပန်းနေကြသော ကျောင်းသား အများအပြားရှိသည်။ စက်မှုကျောင်းသားများ၊ ဆေးကျောင်းသားများလည်း ပါဝင်သည်။ ဂုဏ်ထူးတန်းသုံးနှစ်တက်၍ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ရပြီး မာလာအောင် ကျောင်းဆက်မတက် တော့ပါ။ ဆရာဝန်တစ်ဦးနှင့် အိမ်ထောင်ပြု သွားခဲ့သည်။ နောက်တစ်ယောက်က ရီရီမြင့်၊ သူ့ကို ရီလေးဟု ကျွန်မတို့က ချစ်စနိုးခေါ်ခဲ့ကြသည်။ သူက အသားညိုညို ဝဝနှင့် ရှပ်အင်္ကျီကို အမြဲဝတ်ဆင်သည်။ ယောကျ်ားလေးပုံစံဖြစ်သည်။ ကျွန်မတို့ အုပ်စု ရွှေဘိုဆောင်ဘက်က ဖြတ်လျှောက်တိုင်း “မိန်းမ အာနိုးကြီး” ဟု အဆောင် ကျောင်းသား များက စလေ့ရှိသည်။ ထိုအခါမျိုးတွင် ရီလေးသည် အာဝဇ္ဇန်းကောင်းကောင်းဖြင့် ကျောင်းသားများကို ပြန်လည်ချေပလေ့ရှိ တတ်သည်။ ကျွန်မတို့အတွက် ပျော်ရွှင်ဖွယ်ရာ နေ့ရက်များ ဖြစ်ခဲ့ရသည်။
နောက်တစ်ယောက်ကတော့ နုမြင့်ထက် ဖြစ်သည်။ သူက စာပေသမား၊ ခပ်အေးအေး နေတတ်သည်။ စကားပြောလျှင်လည်း လေသံ အေးအေးနှင့်။ ကျောင်းပိတ်ရက်တွင် သီလရှင် ဝတ်ခဲ့၍ ကျောင်းပြန်တက်တော့ ခေါင်းတုံး (ဂဒုန်း) ဆံပင်နှင့် ဖြစ်နေသည်။ အသားအရေ စိုစိုပြည်ပြည်၊ နူးနူးညံ့ညံ့နှင့် စာကြမ်းပိုးရုပ် လည်း ပေါက်သည်။ သူလည်း ဂုဏ်ထူးတန်း ပြီးတော့ ကျောင်းဆက်မတက်တော့ပါ။ ပညာရေးကို ဦးစားပေးသူဖြစ်ပါလျက် ဘာကြောင့် ကျောင်းဆက်မတက်တာလဲ ဟူသောအကြောင်းကိုလည်း ကျွန်မတို့ မသိရတော့ပါ။ သူနှင့် အဆက်အသွယ်ပြတ်ခဲ့ ရသည်။ မကြာသေးခင်က သူကွယ်လွန်သွား တာ ကြာပြီဟူသော သတင်းကို သူငယ်ချင်း တစ်ယောက် ဆီကကြားသိခဲ့ရသည်။ လွန်စွာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ အင်းလျားကန် ပေါင်က ဘူးသီးကြော်ဆိုင်၊ ဘွဲ့နှင်းသဘင် ရှေ့က ခြင်္သေ့ရုပ်ကြီးဘေး၊ သစ်ပုပ်ပင် ကြီးရဲ့ အနီးအနား၊ အပန်းဖြေရိပ်သာ (RC)ထဲမှာ၊ စာကြည့်တိုက်ကြီးရဲ့ တစ်နေရာ၊ ဂျပ်ဆင်ရှေ့ က မြတ်ခင်းပြင်၊ ဦးချစ်ဆိုင်၊ တောင်ငူဆောင် ကြီးရဲ့ စာသင်ခန်းတွေထဲမှာ သူ့ရဲ့ပုံရိပ်တွေ တင်ကျန်ခဲ့ပါပြီ။
ခင်မိုးအေးကတော့ ဖြူဖြူသွယ်သွယ် လေးဖြစ်ပြီး ချစ်စရာကောင်းသည်။ သူ့ကို မိုးမိုးဟု ခေါ်သည်။ သူလည်း ရီလေးကဲ့သို့ပင် စကားတတ်သည်။ အမြဲရယ်ပြုံးနေတတ် သည်။ တက်တက်ကြွကြွနှင့် ထက်ထက် မြက်မြက်ရှိသည်။ သူက ကျွန်မနှင့်အတူ မဟာဝိဇ္ဇာတန်းအထိ အတူတက်ခဲ့ပြီး ယခု ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်နေသည်ဟု သတင်းကြားရသည်။ ကျွန်မတို့သူငယ်ချင်း ၅ ယောက်သည် ဂုဏ်ထူးတန်း ပြီးဆုံးသည် အထိ သွားအတူ၊ လာအတူ၊ စားအတူနှင့် ကထိန်ပွဲ၊ အာစရိယပူဇော်ပွဲ၊ အနုပညာ အသင်းက ပြုလုပ်သောပွဲများ၊ အားကစား ပွဲများတွင် တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ ရီလေးနှင့် မိုးမိုးတို့က ကျောင်းလက်ရွေးစင် ဘော်လီဘော အားကစားသမားများဖြစ်သည်။
ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် တွင် ထိုစဉ်က အင်္ဂလိပ်စာဌာနနှင့် မြန်မာ စာဌာနတို့ရှိပြီး အင်္ဂလိပ်စာဌာနမှာ မြေညီ ထပ်နှင့် အလယ်ထပ်တစ်ဝက်၊ မြန်မာစာ ဌာနမှာ အပေါ်ဆုံးထပ်နှင့် အလယ်ထပ် တစ်ဝက်ဖြစ်သည်။ အင်္ဂလိပ်စာဌာနနှင့် မြန်မာစာဌာန နှစ်ခုပေါင်း၍ တောင်ငူ ဆောင်ကြီးသည် အလွန်စည်ကား သိုက်မြိုက်နေသည်။ ထိုစဉ်က မြန်မာစာ ပါမောက္ခဌာနမှူးမှာ ဒေါ်ပိုဖြစ်သည်။ ကျွန်မတို့ ဂုဏ်ထူးတန်း ပထမနှစ် စတက် တော့ T 23 တွင် စာသင်ကြားရပြီး ယခု မြန်မာစာပြတိုက်ဖွင့်ထားသော အခန်း ဖြစ်ပါသည်။
ဆရာကြီးမောင်ခင်မင်ဆီက
အလေ့အကျင့်ကောင်းများ
ဆရာကြီး ဦးခင်အေးကို ပထမဆုံး မြင်ဖူးသောနေ့သည် ကျွန်မတို့အတန်းကို ဆရာ စဝင်သောနေ့ဖြစ်ပါသည်။ ဆရာကြီး သည် “ဝေလေလေ” ဟူသောစကား၏ အဓိပ္ပာယ်ကို ရှင်း၍ ကျောင်းသူ ကျောင်းသားများကို ဆုံးမစကားပြောကြား ခဲ့သည်။ ပထမနှစ် ဂုဏ်ထူးတန်းမှစ၍ ဆရာကြီးနှင့် စာသင်ကြားခွင့်ရခဲ့ပါသည်။ ဆရာကြီးသည် အတန်းကိုအချိန် တိတိ ကျကျ ဝင်သည်။ ဘယ်သောအခါမှ အတန်း ကို အချိန်နောက်ကျမှ ဝင်သည်ဟူ၍ မရှိခဲ့ ပေ။ ကျောင်းသူ ကျောင်းသားများ အတန်း ချိန် နောက်ကျမှ ဝင်လာလျှင်လည်း မကြိုက်ပေ။ အတန်းချိန် နောက်ကျမှ ဝင်လာလျှင်လည်း စာသင်ခဏရပ်ပြီး မျက်မှန်အပေါ်မှကျော်၍ တစ်ချက် စိုက်ကြည့်တတ်သည်။ ပြီးတော့ စာ ဆက်သင်သည်။ ဆရာကြီးသည် ကျောင်းသူ ကျောင်းသားများကို ဆူဆူပူပူ လုပ်လေ့မရှိ။ ဆရာကြီး၏ မေတ္တာ စေတနာကို နားလည် ကြ သော ကျောင်းသူ ကျောင်းသားများသည် နောက်တစ်ခါ စာသင်ချိန် နောက်မကျတော့ ဘဲ အချိန်မှန် အတန်းဝင်တတ်သည့် အလေ့အကျင့်ကို ရလာကြသည်။
၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ဒဂုံ တက္ကသိုလ်သို့ စတင်ဖွင့်လှစ်သောအခါ ဆရာကြီးသည် ဒဂုံတက္ကသိုလ်တွင် တွဲဖက် ပါမောက္ခတာဝန်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ သည်။ ဆရာကြီးသည် ဒဂုံတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရှိ ဂုဏ်ထူး တန်းများနှင့် မဟာတန်းများကို မမောနိုင်၊ မပန်းနိုင်လာရောက် သင်ကြားပို့ချခဲ့သည်။ ကျွန်မတို့သည် တောင်ငူဆောင်၏ ငယ်မွေး ခြံပေါက်များဖြစ်သည်ဟု ဆရာကြီးက မကြာခဏ ပြောလေ့ရှိသည်။ ဆရာကြီး ဆရာမကြီးတို့၏ ကျေးဇူးတရားများသည် ကျွန်မတို့တပည့်များအပေါ်တွင် လွန်စွာ ကြီးမားခဲ့ပါသည်။
ကျွန်မတို့ ကျောင်းသူဘဝက စာမေးပွဲ ဖြေရသည်မှာ တစ်နှစ်တစ်ကြိမ်စနစ်ဖြစ်၍ အားလပ်ချိန်များလည်း အတော်ရခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ကောလိပ် များများစားစား မရှိချေ။ ရန်ကုန် တက္ကသိုလ်ကြီးတွင် အနယ်နယ်အရပ်ရပ် မှ လာရောက် ကျောင်းတက်ကြသော ကျောင်းသူ ကျောင်းသားများနှင့် သူငယ်ချင်း များဖြစ်ကာ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ နွေရာသီကျောင်း ပိတ်ရက်သို့ရောက်လျှင် တစ်ယောက်နှင့် တစ်ယောက် စာများရေး၍ အလွမ်းဖြေခဲ့ကြသည်။ ချစ်သူ ရည်းစားရှိ သောသူများဆိုလျှင် နွေရာသီကျောင်း ပိတ်ရက် အမြန်ကုန်ဆုံး၍ မိုးရာသီကျောင်း များ ပြန်ဖွင့်မယ့်ရက်ကို လွမ်းမောတသစွာ စောင့်မျှော်ကြရှာပါသည်။ ထိုစဉ်က ယခုလို ဖုန်းဆက်ရသည်ကလည်း မလွယ်၊ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း သဖြင့် တစ်နေရာနှင့် တစ်နေရာ ကမ္ဘာကြီး ခြားနေသည်ဟု ထင်ရသည်။
ကျွန်မ တတိယနှစ် ဂုဏ်ထူးတန်း တက်နေစဉ် ၁၉၉၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် (၇၅) နှစ်မြောက် စိန်ရတုပွဲ နှင့်ကြုံခဲ့ရသည်။ စိန်ရတု အကြိုလှုပ်ရှားမှု များ အနေဖြင့် ရန်ကုန်တက္ကသိုလ်သမိုင်းနှင့် အထိမ်းအမှတ်စာစောင်များ၊ ဘာသာရပ် ဆိုင်ရာ ဂျာနယ်များ၊ ပြည်တွင်း ပြည်ပ သုတေသီများ၏ သုတေသနစာတမ်းဖတ် ပွဲနှင့် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာပေ ပြိုင်ပွဲနှင့် ပြပွဲ စသောစာပေနှင့် ပညာရပ် ဆိုင်ရာ လှုပ်ရှားမှုများအပြင် အားကစားပြိုင်ပွဲ များ၊ ကာယအလှမောင်/မယ် ပြိုင်ပွဲများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြပွဲများ စသောပွဲများကို ခြိမ့်ခြိမ့်သဲသဲ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
နိုင်ငံတော်က စိန်ရတုခန်းမနှင့် စိန်ရတု ဥယျာဉ်ကို တည်ဆောက်ပေးခဲ့သည်။ အဆောင်အလိုက်၊ ဘာသာရပ်အလိုက် အသင်းအဖွဲ့များကလည်း တက္ကသိုလ် ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးကြရာ ကျွန်မတို့ကျောင်း သူ ကျောင်းသားများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ညဘက်တွင် သထုံ လမ်းတောက်လျှောက် စိန်ရတုခန်းမကြီး အထိ မီးရောင်စုံများထွန်းညှိကာ ဘာသာ ရပ်အသီးသီးမှ ဖွင့်လှစ်ရောင်းချသော ဆိုင်ခန်းများဖြင့် ပျော်စရာကောင်းပြီး ပွဲတော်ကြီးကို သက်ဝင်လှုပ်ရှားစေခဲ့ပါ သည်။ ကံ့ကော်ပွင့် ၃ ပွင့်၊ ဘွဲ့နှင်းသဘင်၊ နောက်ခံကောင်းကင်ပြာ နှင့် မြေသားအညို၊ ၁၉၂၀ - ၁၉၉၅ ဟူသည့် စာတန်း အောက်ခံ အပြာတို့သည် ရန်ကုန် တက္ကသိုလ်၏ (၇၅) နှစ်မြောက် စိန်ရတုအမှတ်တံဆိပ်ဖြစ် သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်သည် ဒေါက်တာ ထွန်းမောင် ဖြစ်သည်။ တက္ကသိုလ်နှင့်ဆိုင်သော သီချင်း များကိုလည်း မြန်မာ့ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်ပေးခဲ့သည်။ ဦးသက်လွင် (အဆင့်မြင့်) ရေးသားသော “မြကျွန်းညိုညို၊ တက္ကသိုလ်” သီချင်းသည် ထိုအချိန်မှစ၍ တက္ကသိုလ်လောကတွင် အလွန်နာမည် ကြီးသော သီချင်းဖြစ်လာခဲ့သည်။ ယနေ့ အထိ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ အခမ်းအနားတွင် “မြကျွန်းညိုညို” သီချင်း သည် တက္ကသိုလ်အဖွင့်သီချင်းအဖြစ် တက္ကသိုလ်၏ ဂုဏ်ပုဒ်ကို ထည်ထည်ဝါဝါ မြှင့်တင်နိုင်ခဲ့သည်။
ကျွန်မသည် ၁၉၉၅ - ၉၆ တွင် ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပြီး မဟာဝိဇ္ဇာတန်းသို့ ဆက်၍ တက်ခဲ့သည်။ သူငယ်ချင်းများဖြစ် သည့် ရီရီမြင့်နှင့် ခင်မိုးအေးတို့လည်း ကျွန်မနှင့်အတူ မဟာဝိဇ္ဇာတန်းကို တက်ကြ သည်။ မာလာအောင်နှင့် နုမြင့်ထက်ကတော့ ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့နှင့်ပင် ရပ်၍ ကျောင်း ဆက်မတက်ကြတော့ပါ။ မဟာတန်းတွင် ဘာသာနှင့် စာပေဟူ၍ရှိရာ မိမိတို့ကို ကြိုက်နှစ်သက်ရာ ဘာသာတွဲ ယူခွင့်ရှိပါသည်။ ကျွန်မတို့ သူငယ်ချင်း ၃ ယောက် “ဘာသာ” တွဲကို ယူခဲ့ကြသည်။
ဘာသာတွဲတွင် မြန်မာကျောက်စာ၊ မွန်ကျောက်စာ၊ မင်စာ၊ ပျူစာ စသော ရှေးဟောင်းစာများ၊ ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် ဘာသာစကားဆိုင်ရာ ကျမ်းများ၊ ဒုတိယ ကျော်အောင် စံထားဆရာတော်၊ ဦးဖိုးလတ်၊ ဝဇီရမုတ္တိ၊ ဦးဖိုးစိန် စသောပုဂ္ဂိုလ်ကျော်ကြီး များ၏ သဒ္ဒါဆိုင်ရာကျမ်းများ၊ ဝေါဟာရ ဆိုင်ရာကျမ်းများကိုလည်း သင်ရပါသည်။ ထိုအချိန်တွင် မြန်မာစာဌာန၏ ပါမောက္ခ ဌာနမှူး ဆရာမကြီး ဒေါ်ပိုသည် ဧည့်ပါမောက္ခ အဖြစ် ဂျပန်နိုင်ငံတွင် သုံးနှစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဒုတိယအကြိမ် ပါမောက္ခဌာနမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာမကြီးသည် ကျွန်မတို့၏ မဟာဝိဇ္ဇာကျမ်း ခေါင်းစဉ်များကို ကိုယ်တိုင်စိစစ်ပေးခဲ့သည်။ ကျွန်မသည် ၁၉၉၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူပြီးသည့်နောက်တွင် ကျောင်း ကြီးနှင့် ၂ နှစ်ခန့် အဆက်အသွယ် ပြတ်ခဲ့ပါ သည်။ တက္ကသိုလ်ဆရာမ ဖြစ်ချင်လွန်းသော ကျွန်မ၏ ဆန္ဒတို့သည် ချက်ချင်း မပြည့်ဝခဲ့ပေ။ တက္ကသိုလ်များမှ နည်းပြရာထူးများ ခေါ်ဆို တိုင်း အကြိမ်ကြိမ် ဝင်ရောက်ဖြေဆိုခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်တက္ကသိုလ် တွင် နည်းပြရာထူးဖြင့် တာဝန်စတင် ထမ်းဆောင်ခဲ့သည်။
ထိုစဉ်က ပြည်တက္ကသိုလ်၏ ပါမောက္ခချုပ် သည် ဆရာကြီး ဦးမြဝင်းမြင့်ဖြစ်ပြီး ဆရာကြီးသည် မြဝင်း (ဒဿန) ဟူသော ကလောင်အမည်ဖြင့် စာရေးသားခဲ့သည်။ ပြည်တက္ကသိုလ် မြန်မာစာပါမောက္ခ၊ ဌာန မှူးမှာ ဆရာမကြီး ဒေါ်အေးမြင့်(ကလောင် အမည် ပြုံးမြေလတ်) ဖြစ်သည်။ ဆရာမကြီး သည် စည်းကမ်းအလွန်ကြီးသည်။ ဌာနရှိ ဆရာမများ ကျောင်းလာလျှင် အင်္ကျီလက်ရှည်၊ ရင်ဖုံးကိုသာ ဝတ်ဆင်ရပါသည်။ ထိုအချိန်က တက္ကသိုလ် ဆရာ၊ ဆရာမများ ဝတ်ဆင်ရန် ကျောင်းဝတ်စုံ မပေါ်သေးပါ။
ပြည်နှင့် ရန်ကုန်သည် ၆ နာရီခန့် ကားစီးရပါသည်။ ငယ်စဉ်ကတည်းက အိမ်နှင့် မခွဲခဲ့ဖူးသော ကျွန်မသည် အဖေနှင့် အမေကို အလွန်လွမ်းခဲ့ပါသည်။ ကျွန်မ၏ တစ်ဦးတည်း သော လူမမည်သားလေးကိုလည်း လွမ်းပါ သည်။ စနေ၊ တနင်္ဂနွေနေ့ ညနေတိုင်း ပြည် ရွှေ ဆံတော်ဘုရားကြီးသို့သွား၍ ဘုရားဝတ်ပြု ပြီးတိုင်း “အိမ်ကိုအမြန်ပြန်ရပါလို၏” ဟု ဆုတောင်းရသည်မှာလည်း အမောပင်။ ပြည် ရွှေဆံတော်ဘုရားပေါ်ရှိ တောင်ပိုင် ဘိုးဘိုးကြီး ရုပ်တုရှေ့တွင် သစ္စာဆို၍ ကျောက်တုံး “မ” ရသည်မှာလည်း အကြိမ်ကြိမ်။ နောက်ဆုံးတော့ ပြည်တောင်ပိုင်ဘိုးဘိုးကြီး သနားလေရော့လား မသိ။ ပြည်တက္ကသိုလ် တွင် ၇ လခန့်ကြာ သောအခါ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ခဲ့ရသည်။
ပြည်တက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့
ပြောင်းရွှေ့ရသည့်အကြောင်းကား ပါရဂူကြိုသင်တန်းဝင်ခွင့်ဖြေဆိုရာတွင် အောင်မြင် ပြီး ပါရဂူကြိုတန်း တက်ရခြင်းကြောင့် ဖြစ်သည်။ ပါရဂူကြိုတန်း တစ်နှစ်ပြီးသွား သောအခါ ရန်ကုန်တက္ကသိုလ်မှာပင် နည်းပြ ဘဝဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနဌာနမှူးသည် ဆရာကြီး ဒေါက်တာ ခင်အေးဖြစ်သည်။ ဆရာကြီးသည် ၂၀၀၂ ခုနှစ်၊ အောက်တို ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကိုရရှိခဲ့သည်။ မြန်မာစာဌာန၏ မဏ္ဍိုင်ကြီးသဖွယ် အားကိုး အားထားပြုခဲ့ရသော ဆရာကြီးအတွက် မြန်မာ စာမိသားစုတစ်စုလုံးက ဝမ်းမြောက်ဂုဏ်ယူခဲ့ ရပါသည်။
ကျွန်မ ပါရဂူတန်း စတက်သော ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီးသည် အရင် ကနှင့် မတူတော့ပေ။ ယခင်က နုပျိုလန်းဆန်း တက်ကြွနေသော ရန်ကုန်တက္ကသိုလ် ကြီးသည် ယခုအခါ ဣန္ဒြေရရနှင့် တည်ငြိမ် ရင့်ကျက်နေသော အသွင်ကိုဆောင်နေပြီး အဓိပတိလမ်းအဆုံး ဘွဲ့နှင်းသဘင်ခန်းမကြီး သည် သူ့ထံသို့ ရောက်လာမည့်သူများကို တမ်းတနေသယောင်ရှိသည်။ ကျောင်းသူ ကျောင်းသားများ၏ မိတ်ဆွေ၊ သူငယ်ချင်း သဖွယ်ဖြစ်ခဲ့သော သစ်ပုပ်ပင်ကြီးသည် အဓိပတိလမ်းအတိုင်း ဖြတ်လျှောက်လာမည့် ငယ်ပေါင်းကြီးဖော်များကို လှမ်းမျှော်ကြည့်နေ သယောင် ခံစားရသည်။ ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းထဲမှ ဓမ္မသီချင်းသံတို့ကလည်း တစ်ချက်တစ်ချက် ပျံ့လွင့်နေသည်။ စာကြည့် တိုက်တွင် ယခင်က ကျောင်းသူ ကျောင်းသား များနေရာတွင် စတစ်ကော်လာ ၊ လည်ကတုံး လက်ရှည်နှင့် ဝတ်ဆင်ထားသောဆရာများ၊ မြန်မာဆန်ဆန် ဝတ်ဆင်ထားသော ဆရာမ များ၊ ပါရဂူကျောင်းသူ ကျောင်းသား အနည်း အကျဉ်းသာ မြင်ရတော့သည်။ ကျောင်းကြီး၏ လူအစည်ကားဆုံးနေရာဖြစ်သော RC ထဲ တွင်ပင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ တစ်ယောက်စ နှစ်ယောက်စသာ ရှိတော့သည်။ အင်းလျားကန်ပေါင်ပေါ်ရှိ ဘူးသီးကြော်ဆိုင်များကလည်း ခြောက်ကပ် ကပ်နှင့်…။
မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ တိုးချဲ့ ဖွင့်လှစ်လိုက်သဖြင့် ရန်ကုန်တက္ကသိုလ်ထဲတွင် ကျောင်းသားဦးရေ အတော်နည်းပါးသွားခဲ့ပြီး ပါရဂူသင်တန်းများနှင့် အချို့ဌာနများတွင် ဒီပလိုမာသင်တန်းများ အနည်းငယ်သာ ရှိပေသည်။ အမိတက္ကသိုလ်ကြီးသည် ဆယ်စု နှစ် တစ်စုခန့် အထီးကျန်ခဲ့ရသော်လည်း ဣန္ဒြေရရနှင့် လှပနေဆဲဖြစ်သည်။ နွေ၊ မိုး၊ ဆောင်းတို့ အလီလီပြောင်းခဲ့ပါသည်။ ကျွန်မ လည်း ပါရဂူကျမ်းကိုပြုစုရင်း လွမ်းမောဖွယ်ရာ နေ့ရက်များကို ဖြတ်သန်းခဲ့ရသည်။ တစ်ခါ တစ်ရံ သူငယ်ချင်းများကို လွမ်းပါသည်။ သူတို့က တက္ကသိုလ်ဆရာမ မလုပ်ကြပေ။ မဟာဝိဇ္ဇာတန်းပြီးကတည်းက သူတို့နှင့် အဆက်အသွယ် ပြတ်ခဲ့ရသည်။
မိခင်မြန်မာစာဌာနရင်ခွင် ခိုလှုံခဲ့ခြင်း
၂၀၀၆ ခုနှစ်တွင် ဆရာကြီး ဒေါက်တာ ခင်အေး ပင်စင်ယူပြီး ဆရာမကြီး ဒေါက်တာ ခင်ဆွေမြင့် ပါမောက္ခဌာနမှူးဖြစ်လာသည်။ ဆရာမကြီးသည် မြန်မာစာဌာနကို အလွန် ချစ်သူဖြစ်သည်။ ဆရာမကြီး လက်ထက်တွင် တောင်ငူဆောင်ရှေ့၌ ပန်းခြံလေး ပြုလုပ် ကာ ရေကန်လေး တည်ဆောက်ပေးခဲ့သည်။ ထိုရေကန်လေးကို ငေးကြည့်မိတိုင်း ဆရာမ ကြီးကို လွမ်းပါသည်။ ဆရာမကြီး ဒေါက်တာ ခင်ဆွေမြင့် တစ်နှစ်ကျော်ခန့် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာမကြီး ဒေါက်တာ ခင်ဆန်းဦးသည် မြန်မာစာဌာန၏ ပါမောက္ခဌာနမှူး ဖြစ်လာခဲ့သည်။
ဆရာမ ဒေါက်တာ ခင်ဆန်းဦး လက်ထက် ၂ဝဝ၇ ခုနှစ် မေလတွင် “ကုန်းဘောင်ခေတ် တွင် မြန်မာကျောက်စာများရှိ နာမ်အထူးပြု ပုဒ်များ လေ့လာချက် (ဘာသာဗေဒ လေ့လာမှု)” ဟူသောခေါင်းစဉ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ ကျွန်မသည် ထိုအချိန်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဘဝနှင့်သာ ရှိနေပါသေးသည်။
၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ် မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်အတွင်း ရှိ အဆောက်အအုံများ အတော်ပျက်စီးသွား ခဲ့သည်။ အမိုးများ လန်သွားခဲ့သည်။ ကျောင်းအတွင်းရှိ သစ်ပင်ပေါင်းများစွာ ပြိုလဲခဲ့သည်။ နှစ်ရက်ခန့်အကြာ ကျောင်း အတွင်းသို့ဝင်ရာတွင် ပြိုလဲနေသော သစ်ပင် ကြီးများကြားမှ တောင်ငူဆောင်သို့ လေးဖက် ထောက်၍ သွားခဲ့ရသည်။ တက္ကသိုလ်ဝင်တန်း အဖြေလွှာများ စစ်ဆေး ၍ မပြီးဆုံးသေးသဖြင့် ဆရာမကြီး ဒေါက်တာ ခင်ဆန်းဦးနှင့် ဌာနရှိ ဆရာ ဆရာမများအားလုံး စိတ်ပင်ပန်း၊ လူပင်ပန်းဖြင့် ထိုအဖြေလွှာများ မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြရသည်။ ဆရာမကြီး၏ စည်းစနစ်ကျမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ သစ္စာ၊ သမာဓိတို့ ကြောင့် အခက်အခဲအားလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကျွန်မသည် ၂၀၁ဝ ပြည့်နှစ် မတ်လတွင် လက်ထောက်ကထိကရာထူး တိုးခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထားဝယ် တက္ကသိုလ်သို့ တစ်နှစ်ခန့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂၀၁၇ - ၂၀၁၈ တွင် ကျိုင်းတုံတက္ကသိုလ် မြန်မာစာဌာန ကထိကရာထူးဖြင့် တစ်နှစ် ထမ်းဆောင်ခဲ့ ရသည်။ ၂၀၁၃ ခုနှစ်တွင် ဆရာကြီး ဒေါက်တာ အောင်မြင့်ဦး ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခ ဌာနမှူး ဖြစ်လာခဲ့သည်။ ဆရာကြီး ဌာနမှူး ဖြစ်ပြီး မကြာခင်တွင် ရန်ကုန်တက္ကသိုလ်ကြီး၌ ထူးချွန်ကျောင်းသားများ စတင်လက်ခံခဲ့ ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများဖြင့် ပြန်လည်စည်ကားလာ ခဲ့သည်။ နှစ်စဉ် ကျောင်းသားဦးရေ များလာသည်နှင့်အမျှ လန်းဆန်းစိုပြည် လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ အင်္ဂလိပ်စာ ဌာနသည် ပင်လုံဆောင်သို့ ပြောင်းရွှေ့ခဲ့ သည်။ တောင်ငူဆောင်တွင် မြန်မာစာဌာန သီးသန့်ထားရှိခဲ့ပြီး နိုင်ငံတကာမှ လာရောက် ကျောင်းတက်ကြသော နိုင်ငံခြားကျောင်းသူ ကျောင်းသားများလည်း မြန်မာစာဘာသာရပ် ကို စိတ်ဝင်တစား ပျော်ရွှင်စွာ သင်ယူကြ ပါသည်။ ဆရာကြီး ဒေါက်တာအောင်မြင့်ဦး၏ ဦးဆောင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် စာပေတည်းဖြတ်မှု ဒီပလိုမာသင်တန်းများ ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာစာ ထူးချွန် ကျောင်းသား ကျောင်းသူများကို မြန်မာစာ ဘာသာရပ်သာမက တခြား ဘာသာ ရပ်များ ဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ကိုရီး ယား၊ ထိုင်း၊ ဂျပန် အစရှိသော ဘာသာစကား များကို သက်ဆိုင်ရာ နိုင်ငံခြားမှ ဆရာများ ဖိတ်ကြား၍ သင်ကြားပို့ချပေးခဲ့သည်။ ထူးချွန်ကျောင်းသား ကျောင်းသူများကို နှစ်စဉ် အလှည့်ကျ နိုင်ငံခြားသို့ စေလွှတ်ပြီး မြန်မာစာဘာသာရပ် တိုးတက်စေခြင်း အလို့ငှာဆရာ ဆရာများကိုလည်း နိုင်ငံခြား သို့ နှစ်စဉ် အလှည့်ကျ စေလွှတ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ်နှင့် မြန်မာစာဌာန တည်ထောင်သည့် (၇၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆရာကြီးဦးဖေမောင်တင်၏ ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် တောင်ငူဆောင် မြန်မာစာခန်းမ၌ ကျင်းပ ခဲ့သည်။ မြန်မာစာဌာနရှိ ပြတိုက်နှင့် ကျောက်စာခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာ စာဌာနရှိ စာကြည့်တိုက်သည် အနယ်နယ် အရပ်ရပ်ရှိ တက္ကသိုလ်များမှ မြန်မာစာဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၏ အားထားရာနေရာ ဖြစ်လာခဲ့သည်။ ယခု အခါ ဆရာမကြီး ဒေါက်တာညိမ်းညိမ်းသည် မြန်မာ စာဌာန၊ ဌာနမှူးအဖြစ် ဆက်လက် တာဝန် ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာစာဌာန တွင် တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခ ဌာနမှူး ဆရာကြီး ဆရာမကြီး ၁၈ ဦး ရှိခဲ့ ပါပြီ။
ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀၀ အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်တကွ နိုင်ငံတော်၏ အရေး အရာ ဘက်စုံကဏ္ဍတို့တွင် ထူးချွန်ပြောင် မြောက်စွာ ဆောင်ရွက်နိုင်သည့် အသိပညာ ရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးခဲ့ သည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် တစ်ချိန်က အရှေ့တောင်အာရှ နိုင်ငံများ၌ အလှပဆုံးသော တက္ကသိုလ်၊ ပညာရှင်များ လေးစားရသော တက္ကသိုလ်အဖြစ် ရပ်တည် ခဲ့သည်။ ယခုအခါ အဆိုပါအဆင့်အတန်းသို့ ပြန်လည်ရောက်ရှိရန် ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍ များကို ဖြည့်စွမ်းနေသလို စိတ်ပိုင်းဆိုင်ရာ ကဏ္ဍများကိုလည်း မြှင့်တင်ရန် ကြိုးပမ်း ရပေဦးမည်။
ကျွန်မ၏ ငယ်ရွယ်နုပျိုစဉ် ကျောင်းသူ ဘဝမှစ၍ ဆရာမ ဘဝအထိ ပျော်ရွှင် ကြည်နူးခဲ့ရသော၊ ရင်းနှီးကျွမ်းဝင် ခိုလှုံခဲ့ ရသော ရန်ကုန်တက္ကသိုလ်ကြီး၏ အလှတရားများသည် ဘယ်သောအခါမှ မရိုးနိုင်ပါ။ ကြည်နူးမှု၊ လွမ်းဆွေးမှု၊ တမ်းတမှု၊ အောင်မြင်မှုများနှင့်အတူ ပညာရှင်များ၏ ဘူမိနက်သန်ဖြစ်သော ရန်ကုန်တက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် ပွဲတော်ကြီးကို ဤဆောင်းပါးဖြင့် ဂုဏ်ပြု လိုက်ရပါသည်။ ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
----------------------------
- အဘ - ဦးစိန်ဝင်း၊ အမိ - ဒေါ်မြမြရီ တို့မှ ၁၉၇ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။
- အမည်ရင်းမှာ မလေးငုံ ဖြစ်ပါသည်။
- ၁၉၈၇ ခုနှစ် မတ်လတွင် အခြေခံ ပညာအထက်တန်း အောင်မြင် ခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၂ဝဝဝ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ၂ဝဝ၇ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။
- ၂၀၀၂ ခုနှစ်တွင် ပြည်တက္ကသိုလ်၌ နည်းပြအဖြစ် တာဝန် စတင် ထမ်းဆောင်ခဲ့ပြီး ထားဝယ် တက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ် တို့တွင် လက်ထောက်ကထိက၊ ကထိကရာထူးများဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။
- ယခုအခါ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ကထိကရာထူး ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပါရဂူကျမ်းများ၊ သုတေသနကျမ်း များ၊ မဟာဝိဇ္ဇာကျမ်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိ ပါသည်။
- Log in to post comments