ရန်ကုန်တက္ကသိုလ်နှင့် ဦးဖေမောင်တင်

Type
5

 

ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)

 

ဦးဖေမောင်တင်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများထဲမှ ပထမဆုံးသော အသက်အငယ်ဆုံးပါမောက္ခ ဖြစ်သည်။ ပါမောက္ခ ဖြစ်ချိန်တွင် ဆရာကြီး၏ အသက်မှာ ၂၄ နှစ်သာရှိသေးသည်။ ထို့ပြင် ပထမဆုံးသော မြန်မာလူမျိုး တက္ကသိုလ်ကျောင်းအုပ်ကြီးတစ်ဦးလည်းဖြစ်သည်။ ပါဠိပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိနေစဉ်မှာပင် မြန်မာစာအထူးပြုဘာသာရပ်ကို စတင်တည်ထောင်ကာ မြန်မာစာပေပြန့်ပွားထွန်းကားရေးကို အဓိက ဦးစားပေးဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဆရာကြီး ဦးဖေမောင်တင်ကို ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက် အင်္ဂါနေ့တွင် အဖ ဝန်ထောက် ဦးဖေနှင့် အမိဒေါ်မြိုင်တို့က အင်းစိန်မြို့ ပေါက်တောရပ်၌ ဖွားမြင်သည်။ ဆရာကြီး၏ အဘိုးသည် ဗုဒ္ဓဘာသာဝင်တို့ အထူးရိုသေအားထားသည့် မဟာသင်္ဃရာဇာ သာသနာပိုင် တောင်ခွင်ဆရာတော်ကြီး ဖြစ်သည်။ သို့ရာတွင် ဆရာကြီး၏ မိဘတို့မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ဆရာကြီးလည်း ခရစ်ယာန်ဘာသာဝင်ပင် ဖြစ်သည်။ ဦးထွန်းငြိမ်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သော စာတော်ပြန်ဝန် ထောက် ဦးထွန်းငြိမ်းသည် ဆရာကြီး၏ ဦးလေးပင်ဖြစ်သည်။ ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်လင့်ကစား ဗုဒ္ဓဘာသာဝင်တို့ အဓိကထားသော ပါဠိ ဘာသာကို နှံ့စပ်ကျွမ်းကျင်ရုံမျှမက ခက်ခဲ နက်နဲသော၊ နိုင်ငံခြားသား ပညာရှင်များ ဘာသာမပြန်ဆိုနိုင်သော ပါဠိကျမ်းဂန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ကမ္ဘာကြီးကို အံ့ဩစေခဲ့သူလည်း ဖြစ်သည်။
ထူးချွန်သူကျောင်းသားလေး ဖေမောင်တင်
ဆရာကြီးသည် ခြံချင်းကပ် ဆရာကိုရင် ကြီး၏ အင်းစိန် မြန်မာအလွတ်စာသင်ကျောင်း ၌ စတင်ပညာဆည်းပူးသည်။ ရှစ်နှစ်သား အရွယ်ရောက်သောအခါ ရန်ကုန်အစိုးရ ဟိုက်စကူးလ်ကျောင်းသို့ ပြောင်းရွှေ့ပညာ ဆည်းပူးသည်။ ဆရာကြီးသည် ငယ်စဉ်ကပင် ပညာထူးချွန်၏။ ၇ တန်းစာမေးပွဲကို အောင် မြင်ရာ၌ မြန်မာတစ်နိုင်ငံလုံး ပထမ ရရှိခဲ့ပြီး စကောလားရှစ် ရရှိခဲ့သည်။ ဆရာကြီးသည် ၁၉၀၅ ခုနှစ်တွင် ၉ တန်းစာမေးပွဲကိုလည်း ပထမစွဲ၍ အောင်မြင်ပြီး ရနောင်းဆုကို ရရှိ သည်။ ထို့နောက် ကောလိပ်ကျောင်းဝင်ခွင့် စာမေးပွဲကို အောင်မြင်ကာ ကောလိပ် ကျောင်းသားကြီး ဖြစ်သွားတော့သည်။ ထိုနှစ် တွင် ကောလိပ်ကျောင်းသားများသာ ဝင်ပြိုင် ခွင့်ရှိသော S.P.C.A စာစီစာကုံးပြိုင်ပွဲ (အင်္ဂလိပ်ဘာသာ) ကို ဝင်ရောက်ယှဉ်ပြိုင်ရာ စီနီယာကျောင်းသားများကို ကျော်လွန်ကာ ဖရက်ရှာ ကျောင်းသား ဖေမောင်တင် ပထမ ဆု ရရှိလေသည်။ ဆရာကြီးသည် အိုင်-အေ တန်းတွင်လည်း ပထမစွဲကာ အောင်မြင်ခြင်း ကြောင့် ဂျာဒင်းဆုကို ဆွတ်ခူးရရှိသည်။ ထို့ပြင် ခရစ်ယာန်ဘာသာရေးပိုင်းမှ သီးသန့် ချီးမြှင့်သော ဒတ်စကောလားရှစ်ဆုကိုပါ ရရှိ လေသည်။
ထိုကဲ့သို့ ပညာချွန်ဆုများကို တစ်ဆုပြီး တစ်ဆု ဆွတ်ခူးလျက် အိုင်-အေ အောင်ကာ ဘီအေတန်းသို့ ရောက်ရှိသွားသော ဦးဖေ မောင်တင်ကို ကောလိပ်မှ ဆရာများက သတိ ထားမိကာ သူတို့ဘာသာတွဲယူရေး မဲဆွယ်ကြ လေသည်။ ထိုသူများမှာ ပါဠိပါမောက္ခနှင့် သင်္ချာပါမောက္ခတို့ ဖြစ်ကြသည်။ ဦးဖေမောင် တင်သည် ဘီအေပထမနှစ်ကို အောင်ပြီး နောက် သူဝါသနာပါသော ပါဠိဂုဏ်ထူးတန်း သို့ တက်ရောက်လေသည်။ ၁၉၀၉ ခုနှစ်တွင် ဦးဖေမောင်တင် ဘီအေအောင်သည်။ ထိုနှစ် တွင် ဘီအေအောင်သူ အားလုံးပေါင်း ကိုးယောက်မျှသာ ရှိသည်။ ဘီအေအောင်သူ ကိုးယောက်စလုံးကို အစိုးရဌာနအသီးသီးက အလုပ်ခန့်သော်လည်း ဦးဖေမောင်တင်က လက်မခံခဲ့ပါ။ ဆရာကြီးသည် အမ်အေ ဆက်တက်ရန်သာ ရည်ရွယ်ထားသည်။
ရန်ကုန်ကောလိပ်၏ အမြင့်ဆုံးအတန်း သည် ဘီအေတွင် ဆုံးသည်။ အမ်အေ ဆက် တက်လိုက ကာလကတ္တားတက္ကသိုလ်သို့ နှစ်နှစ် သွားရောက်ပညာသင်ယူရမည်ဖြစ် သည်။ ဆရာကြီးသည် သူ့မိသားစုကို ငဲ့ကွက် ကာ ကာလကတ္တားတက္ကသိုလ်သို့ မတက် ရောက်ဘဲ မြန်မာပြည်မှပင် စာအုပ်များ ရှာဖတ်ကာ အမ်အေစာမေးပွဲကို အလွတ်ဖြေ ဆိုသည်။ ဆရာမပါ၊ သင်တန်းမရှိဘဲ မဟာ ဝိဇ္ဇာ အမ်အေဘွဲ့ကြီးကို နှစ်နှစ်လုံးလုံး တစ်ကိုယ်တည်း ရှာဖွေဖတ်မှတ်လေ့လာ၍ ဖြေဆိုအောင်မြင်သော အာဂဆရာကြီးပင် ဖြစ်လေသည်။ “ပါဠိ ဘာသာ မဟာဝိဇ္ဇာ စာမေးပွဲကြီးကို ကာလကတ္တားတက္ကသိုလ် တစ်ခုလုံး၌ ဒုတိယရလျက် အောင်မြင်ခဲ့ လေသည်။ တရားမင်းကြီးချုပ် ဆာဂျွန်ဂျာဒင်း ချီးမြှင့်သော ဂျာဒင်းဆု ရခဲ့လေသည်” ဟု ဆရာမင်းယုဝေရေးသားသော ပထမမြန်မာ များ စာအုပ်တွင် ဖတ်မှတ်ရပါသည်။
ပညာဖြန့်ပေးသူ ဖြစ်လာခြင်း
ဦးဖေမောင်တင်သည် အမ်အေတက်နေ စဉ် စိန်ပေါလ်ကျောင်းတွင် ၈ တန်းနှင့် ၉ တန်း ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားများကို ပါဠိ ဘာသာရပ်သင်ပေးသည်။ အမ်အေရပြီး ဦးဖေ မောင်တင်သည် ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရန်ကုန်ဟိုက်စကူးလ်ကျောင်း တွင် ဘာသာစုံသင်ကြား ပြသပေးရသော အဋ္ဌမတန်းဆရာအဖြစ် စတင်တာဝန်ထမ်း ဆောင်သည်။ ထို့နောက် ၁၉၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် အသက် ၂၄ နှစ်မျှသာ ရှိသေး သော ဦးဖေမောင်တင်သည် မြန်မာလူမျိုးများ ထဲမှ ပထမဆုံးသော ပါမောက္ခအဖြစ် ရန်ကုန်ကောလိပ်၌ ခန့်အပ်ခြင်းခံရသည်။ ရန်ကုန်ဟိုက်စကူးလ်ကျောင်း၌ လုပ်သက် တစ်နှစ်ပြည့်သွားသော ဦးဖေမောင်တင်သည် ရန်ကုန်ကောလိပ်၏ စတုတ္ထမြောက် ပါဠိ ပါမောက္ခ ဖြစ်လာတော့သည်။ ထိုစဉ်က ရန်ကုန်ကောလိပ်သည် ရန်ကုန်ဆေးရုံကြီး ရှေ့ ယခုလသာ အထက(၁)၌ ရှိသည်။
ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံတို့ကို မြတ်နိုး သူဖြစ်သည်။ နိုင်ငံခြားဝတ်စုံကိုသာ ဝတ်ဆင် သည့် နိုင်ငံခြားသား ပါမောက္ခများအကြားတွင် ဆရာကြီးသည် ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကိုသာ ဝတ်ဆင်လျက် စာပေ ပို့ချလျက်ရှိသည်။ သူ့ရှေ့မှ ပါဠိပါမောက္ခ မှန် သမျှ တာဝန်ယူထမ်းဆောင်သွားခဲ့သော ဘားနပ်ဒ်ဖရီး (Bernard’ Free) စာကြည့် တိုက်မှူး တာဝန်ကိုပါ ဆက်ယူရသည်၊ ပူးတွဲ ထမ်းဆောင်ရသည်။ စာကြည့်တိုက်သည် မကြီးမားလှသော်လည်း ထားရှိသောစာအုပ် များသည် အဖိုးတန်လှပေသည်။ ရှေးဟောင်း ပေစာများနှင့် တကယ့်စာကောင်းပေမွန်များ ကို စုဆောင်းထားရှိခြင်း ဖြစ်သည်။ စာအုပ်၊ ပေစာများသည် အပျော်ဖတ် မဟုတ်ဘဲ တက္ကသိုလ်အဆင့်ရှိသော စာကြီးပေကြီးများ သာဖြစ်သည်။ ထိုကဲ့သို့ စာကြည့်တိုက်မှူး တာဝန်ယူခဲ့ခြင်းက နောင်အခါတွင် ဆရာကြီး ၏ စာအုပ်၊ စာပေ ရေးသားထုတ်ဝေခြင်းကို လွန်စွာအကျိုးပြုလေသည်။
စာပေများ အဆက်မပြတ် ရေးသားခဲ့
၁၉၁၁ ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေ သော သုတေသနဂျာနယ် ထွက်လာသောအခါ ‘မစ်ရှစ်နရီ ဘားမီးစ်’ ဟူသော ဆရာကြီး ရေးသားသော ဆောင်းပါး ပါလာလေသည်။ ထိုကဲ့သို့ ကလောင်သွေးမှုအောင်မြင်သော အခါ ဆရာကြီးသည် သုတေသနဂျာနယ်တွင် ဆက်လက်ရေးသားရန် စိတ်အားထက်သန် နေသည်။ အမ်အေလည်း အောင်ပြီးဖြစ်၍ ပါဠိ ကျမ်းစာ အင်္ဂလိပ်ဘာသာပြန်များ၊ ဝေဖန်ရေး ဆောင်းပါးများကို ဆက်လက်ရေးသားလျက် ရှိနေစဉ် သုတေသနဂျာနယ်၏ အယ်ဒီတာ အဖြစ် တာဝန်ယူရလေတော့သည်။ ပါမောက္ခ၊ စာကြည့်တိုက်မှူး၊ အယ်ဒီတာ တာဝန်များဖြင့် မအားမလပ်နိုင်အောင် အလုပ်များနေသည့်ကြားမှ သုတေသန ဆောင်းပါးများ၊ ဝေဖန်စာများ၊ မြန်မာစာ ပေါရာဏဆောင်းပါးများ၊ မြန်မာကျောက်စာ ဝန် အစီရင်ခံစာ ဝေဖန်စာများကို သုတေသန ဂျာနယ်၌ အဆက်မပြတ် ရေးသားနိုင်ခဲ့သည်။ ထို့ပြင် လန်ဒန်ပါဠိအသင်း ဂျာနယ်သို့လည်း ဆောင်းပါးများပေးပို့ ရေးသားခဲ့သေးသည်။
၁၉၁၈ ခုနှစ်သည် ပါဠိပါမောက္ခ ဦးဖေ မောင်တင်အဖို့ သူ့ဘဝတစ်လျှောက်လုံး လိုလားတောင့်တနေခဲ့သော သူ့ဆန္ဒပြည့်ဝ စေမည့် မျှော်လင့်ချက်ရောင်ခြည်ကို စတင် မြင်တွေ့လိုက်ရသော နှစ်ဖြစ်သည်။ ထိုနှစ် တွင် အစိုးရက မြန်မာပြည်သူ၊ ပြည်သားများ လိုလားတောင့်တနေသော ရန်ကုန် ယူနီဗာ စီတီ ကျောင်းကြီးတစ်ကျောင်း တည်ထောင် ဖွင့်လှစ်နိုင်ရန် University Standing Comm-ittee တက္ကသိုလ်ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပေးလိုက်သည်။ ပညာမင်းကြီး မက် ဟန်းတားကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ပေးသည်။ ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီး သည် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရ သည်။ အဖွဲ့၏ ကော်မတီအလုပ်အမှုဆောင် တွင် ပါဠိပါမောက္ခ ဦးဖေမောင်တင်သည် တစ်ဦးတည်းသော မြန်မာအမျိုးသားအဖြစ် တာဝန်ပေးခြင်းခံရသည်။ ကော်မတီ၏ တာဝန်များသည် ယူနီဗာစီတီကျောင်းကြီး တည်ထောင်ဖွင့်လှစ်ပြီးနောက် စာပေ သင်ကြားမှုနှင့် စပ်လျဉ်းသည်များကို စီမံခန့်ခွဲ နိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်နိုင် ရေး အကြံဉာဏ်ပေးရန် ဖြစ်သည်။
သီးခြားယူနီဗာစီတီကြီး ပေါ်ထွန်းလာပါ က ပါဠိပါမောက္ခ ဦးဖေမောင်တင်သည် မြန်မာ စာပေ ပျိုးပင်တစ်ပင်ကို ပျိုးထောင်စိုက်ထူရန် အားယူလှုပ်ရှားနေလေသည်။ မြန်မာစာပေ မျိုးစေ့ကို ပျိုးချနိုင်ရန်အတွက် Oriental Studies (အရှေ့တိုင်းဘာသာဌာန)တစ်ခုထား ရှိရန်နှင့် အဆိုပါဌာနတွင် ပါဠိဘာသာရပ်နှင့် အတူ မြန်မာဘာသာရပ်ကိုလည်း ပါမောက္ခ ဦးဖေမောင်တင် တွဲကိုင်ရမည်ဟု သတ်မှတ် အတည်ပြုပြီးလည်းဖြစ်သည်။ ထို့ကြောင့် သုတေသနဂျာနယ်တွင် ဆောင်းပါးနှင့် ဝေဖန်စာများကို ရေးသားနေခြင်းဖြစ်သည်။ ပေါ်ထွန်းလာတော့မည့် ယူနီဗာစီတီသစ်ကြီး တွင် မြန်မာစာပေကို ပျိုးချနိုင်ရေးအတွက် မြန်မာစာပေထဲမှ မျိုးကောင်း၊ မျိုးသန့်၊ ခံ့ခံ့ ညားညားများကို ရှာဖွေထုတ်နုတ် ရေးသား နေခြင်းဖြစ်သည်။
၁၉၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက် နေ့တွင် ပါမောက္ခဦးဖေမောင်တင်သည် ပင်လယ်ကူး သင်္ဘောကြီးဖြင့် ရန်ကုန် ဆိပ်ကမ်းမှ အင်္ဂလန်သို့ ပညာတော်သင်သွား ရန် ခရီးစတင်ထွက်ခွာခဲ့သည်။ ဦးဖေမောင် တင်သည် လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှု ကြောင့် အင်္ဂလန်သို့ အချိန်မီ မရောက်ဘဲ နောက်ကျသွားလေသည်။ ထို့ကြောင့် သူ လျှောက်ထားသော Oxford တက္ကသိုလ် လက် အောက်ခံ New College သို့ ဝင်ခွင့်မရဘဲ Exeter College သို့သာ ဝင်ခွင့်ရလေသည်။ Exeter College သည်လည်း Oxford တက္ကသိုလ်၏ လက်အောက်ခံပင်ဖြစ်သည်။ အင်္ဂလန်သို့ရောက်ရှိပြီး သုံးလနီးပါးအကြာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာပြည် ရန်ကုန်ကောလိပ်၏ အကြွင်းမဲ့ သပိတ်မှောက်သတင်းကို ဦးဖေမောင်တင် ကြားသိလိုက်ရလေသည်။
အောက်စဖို့ဒ်တက္ကသိုလ်ဘွဲ့ရ ကိုဖေမောင်တင်
ယင်းသို့ အင်္ဂလန်၌ ပညာဆည်းပူးနေစဉ် ဦးဖေမောင်တင်သည် အဋ္ဌသာလိနီ အဋ္ဌကထာ ကျမ်းနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းတို့ကို မူရင်းပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလေသည်။ ဤကျမ်းနှစ်စောင်သည် လွန်စွာ ခက်ခဲနက်နဲလှသောကြောင့် ပညာရှင်
အများပင် ဘာသာပြန်ဆိုခြင်း မပြုဝံ့ကြပေ။ ဆရာကြီးဦးဖေမောင်တင်က ပြန်ဆိုမည်ပြု သောအခါ၌လည်း မအောင်မြင်နိုင်ဟုဆိုကာ တားမြစ်ကြလေသည်။ သို့သော် ဆရာကြီး သည် နောက်မဆုတ်ခဲ့။ ဗီဇအားဖြင့် သူများ မသိသေးသည်ကို သိချင်သူဖြစ်သည်။ သူများ မလုပ်သေးသည်ကို လုပ်ချင်သူဖြစ်သည်။ အခက်အခဲများကို နိုင်အောင်ကျော်လွှားချင် သူဖြစ်သည်။ ထို့ကြောင့် လူအား၊ ဉာဏ်အား အထူးအားစိုက်လျက်ပြန်ဆိုရာ အောင်မြင် ပြီးစီးခဲ့ပြီး ယိုးဒယား(ထိုင်း) ဘုရင်က ရွှေဒင်္ဂါး ပေါင်တစ်ထောင် ဆုချီးမြှင့်တော်မူသည်။ ထို့ပြင် ဝိသုဒ္ဓိမဂ်ထဲမှ ပညာပိုင်းကို ကျမ်းပြု တင်သွင်းရာ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့ ရရှိလေသည်။
ဦးဖေမောင်တင်သည် အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့ကြီးကို ယူဆောင်ကာ မြန်မာပြည် ရန်ကုန်မြို့သို့ ၁၉၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ပြန်လည်ရောက် ရှိသည်။ နောက်တစ်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ယူနီဗာစီတီ အရှေ့တိုင်း ဘာသာရပ်ဌာန၌ ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ကို ထမ်းဆောင်ရသည်။ ထိုအချိန်တွင် ဆရာကြီး၏ အသက်မှာ ၃၆ နှစ်ရှိပြီ ဖြစ်သည်။ အရှေ့တိုင်းဘာသာရပ်ဌာန၏ လက်အောက် တွင် ပါဠိနှင့် မြန်မာစာတို့ ပါဝင်သည်။ သို့သော်လည်း အမှန်တကယ် သင်ကြားရ သည်မှာ ပါဠိဘာသာ အဓိက ဖြစ်သည်။ မြန်မာစာဘာသာရပ်အနေဖြင့် အင်တာ ပထမနှစ်တွင်သာ စာစီစာကုံးရေးသားဖြေဆိုနည်းလေးပဲပါသည်။ ကျန်အတန်းများတွင် မြန်မာစာ ပြဋ္ဌာန်းထားခြင်း မရှိပေ။ ထို့ကြောင့် ဦးဖေမောင်တင်သည် အချိန်ဆွဲ မနေတော့ဘဲ ယူနီဗာစီတီ၌ မြန်မာစာ သင်ကြားမှုစနစ် ချဲ့ထွင်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များကို အရေးဆိုလိုက်သည်။ သူ၏ တောင်းဆိုချက်ကို ယူနီဗာစီတီဆီးနိတ် အဖွဲ့ကလည်း ခွင့်ပြုသည်။
မြန်မာစာပေ တိုးတက်ရေးဆောင်ရွက်မှုများ
ထိုကဲ့သို့ မြန်မာစာပေမျိုးစေ့မှ အညှောက်တက်လာသည့် အခြေအနေကို ရရှိသွားသော ပါဠိ ပါမောက္ခကြီး ဦးဖေမောင် တင်သည် မြန်မာစာကို လုံးဝမသင်ကြားခဲ့ရ သော အင်္ဂလိပ်ကပြားနှင့် အိန္ဒိယအနွယ် ကျောင်းသားများကို သူကိုယ်တိုင် ကကြီး၊ ခခွေးမှစ၍ သင်ကြားပေးလိုက်လေသည်။ ဆရာကြီး ဦးဖေမောင်တင်သည် တက္ကသိုလ် ကျောင်းသားတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး မြန်မာစာစီစာကုံးကို မသင်မနေရအောင် ဖြစ်အောင်ဆောင်ရွက်သည်။ ထို့နောက် မြန်မာစာပေကို ဥပစာတန်း၊ ဝိဇ္ဇာတန်း၊ ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာတန်းအထိ သင်ယူ ခွင့်ရအောင် ဆောင်ရွက်သည်။ မြန်မာစာဌာန၊ မြန်မာအသင်း ဟူ၍ဖြစ်လာအောင်လည်း ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် လည်း အာဏာပိုင်တို့ကို အမျိုးမျိုးအရေးဆို ရ၏။ မြန်မာစာဆရာ ဆရာပွားအပြင် ဆရာ လင်း၊ ပုဂံဝန်ထောက် ဦးတင်စသော ပညာရှိ တို့ကို စည်းရုံးခေါ်ယူရ၏။ တိမ်မြုပ်နေသော မြန်မာစာဟောင်း၊ ပေဟောင်းများကိုလည်း စုဆောင်းရ၏။ ကမ္ပည်းကျောက်စာများ စနစ်တကျလေ့လာနိုင်ရေးကိုလည်း ကြိုးပမ်း ရ၏။ ယနေ့ ပညာရှင်များ၊ ကျောင်းသူ ကျောင်းသားများ ပုဂံကျောက်စာများကို စနစ်တကျလေ့လာနိုင်သည်မှာ ဆရာကြီး ဦးဖေမောင်တင်၏ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှုကြောင့်ပင်ဖြစ်သည်။
ဦးဖေမောင်တင်သည် မြန်မာပြဋ္ဌာန်း စာအုပ်များ ပေါ်ထွန်းရေးကိုလည်း ကြိုးစားရ ပြန်သည်။ မြန်မာစာပေသင်ကြားရာတွင် မြန်မာစာအုပ်ဟူ၍ မည်မည်ရရမရှိဖြစ်နေရာ ဆရာကြီးသည် မြန်မာနိုင်ငံ သုတေသန အသင်း၏ အကူအညီဖြင့် ပျို့၊ အလင်္ကာ၊ ရတု၊ ရာဇဝင်၊ မော်ကွန်း၊ ပြဇာတ်၊ ဝတ္ထုစသော မြန်မာရှေးဟောင်းပေစာများထဲမှ အသင့် လျော်ဆုံးတို့ကို ရွေးချယ်ကာ စာအုပ်အဖြစ် တည်းဖြတ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆရာကြီး ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း ရှေးဟောင်းမြန်မာစာပေ စာအုပ်ပေါင်း ၄၆ မျိုး ထုတ်ဝေနိုင်ခဲ့သည်။ ထို့ပြင် ဆရာကြီးကိုယ်တိုင် သုတေသန ဂျာနယ်၌ မြန်မာစာ၊ မြန်မာမှုဆိုင်ရာ စာတမ်း များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ထိုစဉ်က ရေးသားခဲ့သော စာတမ်းပေါင်းမှာ ၅၀ ကျော်ရှိသည်ဟု အမှတ်အသားရှိသည်။
ဆရာကြီးဦးဖေမောင်တင်၏ ကြိုးပမ်းမှု တို့တွင် မြန်မာဝေါဟာရများ ထွန်းကားလာစေ ရန် ကြိုးပမ်းမှုသည်လည်း ထင်ရှားလှပေ သည်။ ထိုသို့ကြိုးပမ်းရာတွင် ဆရာကြီးကို သခင်ကိုယ်တော်မှိုင်း၊ ဆရာပွား၊ ဆရာလင်း၊ ဆရာရိတ်စသော မြန်မာပညာရှိများသည် အထူးအကူအညီပေးခဲ့သည်ဟု ကြားသိရပါ သည်။ ဆရာကြီးတို့၏ ကြိုးပမ်းမှုသည် များစွာထိရောက်လှပေသည်။ ထိုစဉ်ကသုံးစွဲ နေသော ယူနီဗာစီတီ ဟူသောစကားလုံးကို ဆရာကြီးတို့က တက္ကသိုလ်ဟူသော ဝေါဟာရ ဖြင့် ပြောင်းလဲသုံးစွဲနိုင်ခဲ့ပါသည်။ ဝိဇ္ဇာ၊ သိပ္ပံ စသောဝေါဟာရများမှာလည်း ဆရာကြီးတို့ တီထွင်ခဲ့သော ဝေါဟာရများပင် ဖြစ်သည်။ ယနေ့ တိရစ္ဆာန်ရုံ၌ တိရစ္ဆာန်များ၏ အမျိုး အမည်ကို မြန်မာဝေါဟာရဖြင့် ခေါ်ဝေါ်သုံးစွဲ နေရသည်မှာ ဆရာကြီးများ၏ ကြိုးပမ်းချက် ပင် ဖြစ်ပေသည်။ ယနေ့မြန်မာစာပေသမိုင်း၌ သုံးစွဲနေသည့် ခေတ်စမ်းစာပေ ဟူသော ဝေါဟာရသည်လည်း ဆရာကြီး ဦးဖေမောင် တင် တီထွင်အသုံးပြုခဲ့သော ဝေါဟာရပင်ဖြစ် သည်။
ပထမဆုံးသော မြန်မာလူမျိုးကျောင်းအုပ်ကြီး
၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းအုပ် ကြီး မစ္စတာစလော့ အမှူးပြုသော အာဏာပိုင် များက တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်လိုက်ပြီး အိုးဝေ မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ်ရန် စီစဉ်လေသည်။ ဤဖိနှိပ်မှုတို့ကို အကြောင်းပြု၍ ဒုတိယ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာလေ တော့သည်။ ထိုအခါ နယ်ချဲ့အစိုးရသည် လူမျိုးခြားကို ကျောင်းအုပ်မခန့်ဘဲ မြန်မာ လူမျိုးတစ်ဦးကို ကျောင်းအုပ်ခန့်မှ ဖြစ်တော့ မည်ဟု စဉ်းစားမိလာသည်။ ထို့ကြောင့် တက္ကသိုလ်လောက၌ အထင်ရှားဆုံးဖြစ်သော၊ ကျောင်းသားများ၏ ချစ်ခင်လေးစားမှုကို လည်း ခံယူရရှိနေသော ဆရာကြီး ဦးဖေမောင် တင်ကို ကျောင်းအုပ်ကြီးခန့်လိုက်လေတော့ သည်။ ဆရာကြီးသည် ၁၉၃၆ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး တာဝန် ကို စတင်ထမ်းဆောင်ရသည်။ ထို့နောက် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် သူရိယသတင်းစာ၌ တက္ကသိုလ်ကျောင်းအုပ် ကြီး ဦးဖေမောင်တင်နှင့် ပတ်သက်သော သတင်းတစ်ပုဒ် ဖော်ပြပါရှိလာသည်။ ထို သတင်းမှာ “ရန်ကုန်မြို့ ယူနီဗာစီတီ သိပ္ပံ ကျောင်းတော်ကြီး ချန်ဆလာဖြစ်တော်မူသော ဘုရင်ခံမင်းကြီးက ဦးဖေမောင်တင် အမ်အေ၊ ဘီလစ်၊ အိုင်အီးအက်စ်အား ၁၉၃၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ အစပြု၍ ရန်ကုန်မြို့ ယူနီဗာစီတီ သိပ္ပံကျောင်းအုပ်ကြီးအဖြစ် အမြဲ တမ်း ခန့်အပ်တော်မူပြီးဖြစ်ကြောင်း” ဟူ၍ ဖြစ်သည်။
မြန်မာလူမျိုးများထဲမှ ထူးထူးခြားခြား တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် အမြဲတမ်း ခန့်အပ်ခြင်းခံရသော ဦးဖေမောင်တင်အား ရန်ကုန်တက္ကသိုလ် ကျောင်းအသင်းအဖွဲ့ ပေါင်းစုံနှင့် အဆောင်များက ဂုဏ်ပြုပွဲကြီး ပြုလုပ်ပေးလေသည်။ တက္ကသိုလ်ကျောင်းအုပ် ကြီးအဖြစ် ပခုံးပြောင်း တာဝန်ယူလိုက်ရ သော ဦးဖေမောင်တင်သည် ပထမ ကျောင်းအုပ်ဟောင်းက မဖြေရှင်းခဲ့သော ပြဿနာအရပ်ရပ်နှင့် အသစ်ထပ်မံပေါ်ပေါက် လာသော ပြဿနာအထွေထွေတို့ကို ဒိုင်ခံဖြေ ရှင်းပေးနေရသည်။ ဆရာကြီးသည် ယခုကဲ့သို့ တက္ကသိုလ်ကျောင်းအုပ်ကြီးရာထူးကို ထူးထူး ခြားခြား ရရှိခြင်းကို အသုံးချကာ ကိုလိုနီလက် အောက်ခံဘဝ ရောက်နေရသော မြန်မာနိုင်ငံ သူ၊ နိုင်ငံသားများအား သခင်ပညာသင်ယူ တတ်မြောက်နိုင်ရေးကို ကျောင်းအုပ်ကြီး အာဏာသုံးကာ ဆတက်တိုး၍ အကျိုးပြု ဖြည့်စွမ်းနေပေသည်။ ဦးဖေမောင်တင်သည် ကျောင်းအုပ်ကြီးအဖြစ်နှင့် တက္ကသိုလ် ကျောင်းကြီးတစ်ကျောင်းလုံး၏ တာဝန်နှင့် ဝတ္တရားများကို မအားမလပ် စီမံခန့်ခွဲနေရ သည့် ကြားမှပင် မြန်မာစာပေနှင့် ပတ်သက် သော ရေးသား၊ ဟောပြောပို့ချခြင်းများကို လည်း မလစ်ဟင်းရအောင် ကြိုးစား ဆောင်ရွက်လျက်ရှိလေသည်။ ဆရာကြီးသည် တစ်ချိန်လုံးရှာဖွေတေးမှတ်ထားသော မှတ်စု၊ မှတ်တမ်းများကို စုစည်းစီစဉ်၍ မြန်မာစာ ပြဋ္ဌာန်းစာအုပ်များအဖြစ် ရေးသားထုတ်ဝေ လေသည်။
မန္တလေးမြို့သို့ပြောင်းရွှေ့ရခြင်း
ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးလာသဖြင့် အင်္ဂလိပ်အစိုးရသည် အစိုးရ အဖွဲ့ကို ရန်ကုန်မြို့မှ မေမြို့သို့ ပြောင်းရွှေ့မည် ဖြစ်၍ သက်ဆိုင်ရာ အစိုးရအမှုထမ်းများကို ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်မီ အားလုံး အသင့်ပြင်ထားရမည်ဟု အမိန့် ထုတ်ပြန်လိုက်လေသည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင် သည် သူ့မိသားစုနှင့်အတူ မန္တလေးမြို့သို့ စစ်ပြေးခရီး ထွက်ခဲ့ရလေတော့သည်။ ဦးဖေ မောင်တင်သည် မြို့ပြောင်း၍ ရုံးခန်းဖွင့်လှစ် ကြောင်းကို ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ကြော်ငြာထည့်လိုက်လေသည်။
တက္ကသိုလ်ကျောင်းအုပ်ကြီးရုံး
ရန်ကုန်မြို့ ယူနီဗာစီတီတက္ကသိုလ် ကျောင်း၊ ကျောင်းအုပ်ကြီးရုံးကို မန္တလေးသို့ ခေတ္တရွှေ့ပြောင်းပြီးဖြစ်ရာ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှစ၍ တက္ကသိုလ်နှင့် သက်ဆိုင်သော ကိစ္စအဝဝတို့အတွက် အောက်ပါလိပ်စာ အတိုင်း ဆက်သွယ်ကြစေလိုကြောင်း။
မန္တလေးမြို့
ယူနီဗာစီတီတက္ကသိုလ်
ကျောင်းအုပ်ကြီးသို့
ရုံးခန်းကို ခပ်စောစော ပြောင်းရွှေ့ဖွင့်လှစ် ထားသော်လည်း စစ်မက်လွှမ်းနေသော ခေတ်ပျက်ကြီးထဲ၌ လုပ်ကိုင်ညွှန်ကြားစရာ များ ဘာမျှမရှိသော တက္ကသိုလ်ကျောင်းအုပ် ကြီး ဦးဖေမောင်တင်သည် တစ်နေ့တစ်နေ့ သတင်းစာများထဲမှ မြန်မာ့စစ်နှင့် ကမ္ဘာ့စစ် အခြေအနေသတင်းများကို ဖတ်ရှုလေ့လာ ခြင်းဖြင့်သာ အချိန်ကုန်နေရလေသည်။ သတင်းစာများထဲ၌ ၁၉၄၂ ခုနှစ် မတ်လ ၁၂ ရက်နေ့၌ ရန်ကုန်မြို့ကို ဂျပန်များက သိမ်းမိ သွားပြီဖြစ်ကြောင်း ဖော်ပြပါရှိခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဇွန်လ ၄ ရက်၌ ဗမာပြည်ဗဟို အုပ်ချုပ်ရေး ပြန်လည်ထူထောင်မှု ကော်မတီ ကို ဦးဆောင်ဖွဲ့စည်းရန် ဂျပန်စစ်သေနာပတိ ကြီး၏ တာဝန်လွှဲအပ်မှုအရ တို့ဗမာဆင်းရဲ သားခေါင်းဆောင်ကြီး ဒေါက်တာဗမော်က ဦးဖေမောင်တင်အား အမြန်ဆုံးလာခဲ့ပါဟု ဆင့်ခေါ်လိုက်သည်။ ထို့ကြောင့် ဆရာကြီးတို့ မိသားစုသည် ရန်ကုန်သို့ ပြန်ရလေသည်။
အငြိမ်းစားမယူဘဲ တာဝန်များ ဆက်လက် ထမ်းဆောင်
ရန်ကုန်သို့ရောက်သောအခါ ဆရာကြီးတို့ မိသားစုသည် ဖိုးစိန်လမ်းရှိ နာမည်ကျော် ဇာတ်မင်းသား ဂရိတ်ဦးဖိုးစိန်နှင့် ခြံချင်းကပ် အိမ်၌ နေထိုင်ရလေသည်။ ဂျပန်များက ရန်ကုန်တက္ကသိုလ်နယ်တစ်ခုလုံးကို စစ်ရုံး ချုပ်အဖြစ် သိမ်းယူအသုံးပြုထားလေသည်။ ထို့ကြောင့် ဦးဖေမောင်တင်သည် ရန်ကုန် တက္ကသိုလ်ရုံးခန်းကို ဗျိုင်းရေအိုးစင်လမ်း၌ ဖွင့်လှစ်လိုက်ရသည်။ တက္ကသိုလ်သင်တန်း များကိုမူ ရန်ကုန်မြို့တွင်း ကော်မရှင်နာလမ်းရှိ ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်မှ စိန်ဂျွန်း မိန်းကလေးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးရ သည်။ ဤသို့ဖြင့် ဆရာကြီး ဦးဖေမောင်တင် သည် ၁၉၄၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့၌ အသက် ၅၅ နှစ်ပြည့်ကာ အငြိမ်းစားယူရမည့် အရွယ်သို့ ရောက်ရှိလာသည်။ သို့သော် သက်ဆိုင်ရာ အစိုးရက ဆရာကြီးအား အငြိမ်း စားမပေးဘဲ လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်စေသည်။ ဦးဖေမောင်တင်က လည်း မငြင်းဆန်ဘဲ တက္ကသိုလ်ကျောင်းအုပ် ကြီး (တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ) တာဝန်များကို ဝမ်းသာအားရ ဆက်လက် ဆောင်ရွက်သည်။
တစ်ဖန် ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့၌ မဟာမိတ် အင်္ဂလိပ်စစ်တပ်များသည် ရန်ကုန် ကို ပြန်လည်သိမ်းပိုက်လိုက်သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့၌ ဒုတိယကမ္ဘာစစ် ကြီး ပြီးဆုံးလေတော့သည်။ ထို့နောက် စစ်တလင်းအဖြစ် နင်းချေခံခဲ့ရသော မြန်မာ ပြည်သည်လည်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ပြုလုပ်ကြရသည်။ ဆရာကြီးသည် ဂျပန်ခေတ်တွင် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ဖန် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာ ပြီး ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်ကျောင်း အုပ်ကြီးတာဝန်ကို ဆက်လက်ထမ်းဆောင် ကာ အသက် ၅၈ နှစ် အရွယ်တွင် အငြိမ်းစားယူ လိုက်လေတော့သည်။
လွတ်လပ်ရေးရပြီး မြန်မာအစိုးရသည် ဆရာကြီးအား ပါဠိဂုဏ်ထူးဆောင်ပါမောက္ခ၊ ဘာသာပြန် စာပေအသင်းသုခမိန်အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာန အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ စသည့် တာဝန်များကို ပေးလေသည်။ ထို့ကြောင့် ဆရာကြီးသည် ပေးအပ်သော တာဝန်များကို ထမ်းဆောင်လျက် အနားမယူခဲ့ပေ။ ဆရာကြီး သည် ဘာသာရပ်၊ ပညာရပ်အပေါ် လွန်စွာ အလေးအနက်ထားသော သုတေသနပညာရှင် ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များစည်းလုံးညီညွတ်ရေးကို အထူးလိုလားသူ ဖြစ်သည်။ တစ်ဖန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်ရာတွင် တိုင်းရင်း သားများဆီသို့ မြန်မာစာပေကို ပြန့်ပွား အောင် ဆောင်ရွက်ခြင်းဖြင့် နားလည်မှု၊ ရင်းနှီးမှု၊ ချစ်ကြည်မှု၊ သွေးစည်းမှုတို့ ရနိုင် ကြောင်း ယုံကြည်ထားသူလည်းဖြစ်သည်။
ဆရာကြီးသည် သူ့ဘဝ သက်တမ်း တစ်လျှောက်တွင် ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ် အထိ ပါဠိနှင့် မြန်မာစာ ပါမောက္ခအဖြစ် ထမ်းဆောင်လျက် မြန်မာစာပေထွန်းကားရေး ကို အပြင်းအထန် ကြိုးပမ်းလုပ်ကိုင်ရသော အချိန်သည် အပျော်ဆုံးဖြစ်သည်ဟု ပြောလေ့ ရှိပါသည်။ တပည့်သည် ဆရာထက် တော်ရ မည်။ တပည့်သည် ဆရာထက် ညံ့နေလျှင် လောကကြီးသည် တစ်ဆင့်ပြီး တစ်ဆင့် ကျဆင်းသွားမည်ဖြစ်သည်။ တပည့်သည် ဆရာထက်မတော်လျှင် ဆရာညံ့၍ ဖြစ်သည် ဟူသော ဆရာကြီး၏ ဩဝါဒကိုလည်း လေးလေးစားစား မှတ်သားရပါသည်။ ဆရာကြီးသည် အမေရိကန် တက္ကသိုလ်များ သို့ ပါဠိဘာသာ၊ ဗုဒ္ဓစာပေများကိုလည်း သွား ရောက်ပို့ချခဲ့ပါသည်။ ကမ္ဘာကျော် ပါဠိပညာ ရှင်၊ ပါဠိပါမောက္ခ၊ သုတေသနပညာရှင်၊ မြန်မာစာဌာနတည်ထောင်သူ၊ မြန်မာစာပေ အဆင့်အတန်း မြင့်မားစေသူ၊ မြန်မာစာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး စသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံ နေသော ဆရာကြီး ဦးဖေမောင်တင်အား ဂုဏ်ပြုလျက် ရေးသားတင်ပြလိုက်ရပေသည်။
(သင်ဆရာ၊ မြင်ဆရာ ၊ ကြားဆရာများကို ဤဆောင်းပါးဖြင့် ကန်တော့ပါ၏။ )

စာရေးသူ၏
အတ္ထုပ္ပတ္တိ အကျဉ်း
-------------------------

အမည်ရင်းမှာ ဒေါက်တာ အောင်သန်းဝင်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာ၌ မွေးဖွားသည်။ မူလတန်းပညာကို လက်ဝဲရွာ (အ.မ.က)၊ (အ.မ.က-၂) ညောင်ဦးတို့တွင် ပညာသင်ယူခဲ့ သည်။ အလယ်တန်းကို လက်ဝဲရွာ တွဲဖက် အထက်တန်းကျောင်း (ယခု-လက်ဝဲ အ.ထ.က) တွင် ပညာဆည်းပူးခဲ့သည်။ ဒသမတန်း ကို ၁၉၈၆ ခုနှစ်တွင် ညောင်ဦး (အ.ထ.က) မှ အောင်မြင်သည်။
အရှေ့တိုင်းပညာ အထူးပြုဖြင့် BA (HONS), MA တို့ကို မန္တလေး တက္ကသိုလ်နှင့် PhD ကို ရန်ကုန် တက္ကသိုလ်တို့မှ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့၊ တက္ကသိုလ်အဆင့် (ဗဟို) ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယရ ရှိခဲ့သည်။
မန္တလေးတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ သမဝါယမတက္ကသိုလ် (စစ်ကိုင်း) တို့တွင် အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခု အခါ မအူပင်တက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာန၌ ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။