
ရီရီမြင့်၊ ဥမ္မာသန့်
ရန်ကုန်တက္ကသိုလ်ရာပြည့် သဘင်ပွဲဆင်နွှဲရန် ပြင်ဆင်နေကြလေပြီ။ သမိုင်းအစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်သည် အမိနိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်များ၊ ပညာရှင် များ မွေးထုတ်ပေးသည်သာမက စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်ဟု ဆိုရပေမည်။ ထို အမိရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာရည် နို့သောက်စို့ ခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာ ကျောင်းသား ကျောင်းသူဟောင်းကြီးများက ရာပြည့်သဘင်ပွဲတွင် တစ်ထောင့်တစ်နေရာမှ မိမိတို့ ကျွမ်းကျင်ရာ အနုပညာ၊ အတတ်ပညာ များစွာဖြင့် ပါဝင်အားဖြည့်ပေးလျက်ရှိသည်။
စာပေ၊ ဂီတ၊ အနုပညာ ကျောင်းသား ကျောင်းသူဟောင်းကြီးများက ၎င်းတို့ ဖြတ် သန်းခဲ့သည့် ကျောင်းသားဘဝ တစ်လျှောက် အမှတ်တရများကို ယခုကဲ့သို့ ပြောကြားခဲ့ကြ ပါသည် -
မေဆွိ (အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်)
၁၉၇၉ မှာ ဆယ်တန်းအောင်တယ်။ ၈၀ မှာ ဒေသကောလိပ် (၃) မှာ တက်တယ်။ အဲဒီကမှ ရန်ကုန် တက္ကသိုလ်ထဲကို ရောက် တယ်။ ၈၄ ခုနှစ်မှာ ကျောင်းပြီးတယ်။ အစ်မ က တက္ကသိုလ် မတက်ခင်ကတည်းက သီချင်း စဆိုနေပြီ။ တက္ကသိုလ်တက်တဲ့အချိန်မှာ အဆိုတော်မေဆွိဆိုတာ ဖြစ်နေပြီ။ မေဆွိနဲ့ပဲ ကျောင်းပွဲတွေမှာ ဆိုဖြစ်တယ်။ စီးရီးတွေ လည်း စဆိုနေပြီ။ ရန်ကုန်တက္ကသိုလ်ကို ရောက်တဲ့ အချိန်မှာ ရုပ်ရှင်လည်း ရိုက်နေပြီ။ ရန်ကုန်တက္ကသိုလ်မှာ အစ်မရဲ့ အနုပညာ လှုပ်ရှားမှုတွေက တော်တော်များနေပါပြီ။
များသောအားဖြင့် မေဂျာပေါင်းစုံလုပ်တဲ့ပွဲတွေဆိုရင် အဲဒီမှာ သီချင်းတွေ အမြဲတမ်း ဆိုဖြစ်တယ်။ ကိုယ့်မေဂျာအနေနဲ့လည်း ဆိုဖြစ်တယ်။ တခြား မေဂျာတွေကလည်း ကိုယ့်ကို လာပြီးဆိုစေချင်ရင် ဆိုပေးပါတယ်။ ဒါတွေက တက္ကသိုလ်မှာ အမှတ်တရလေးတွေ ပါပဲ။ အဲဒီတုန်းကဆိုရင် အာရ်စီမှာ အမြဲတမ်းပွဲ တွေ ရှိတယ်။ အခုချိန်မှာ သိပ်မလုပ်တော့ဘူး။ အစ်မတို့ ကျောင်းတက်တုန်းက အားကစား ပွဲတွေအပြင် တိုင်းရင်းသားစားသောက်ပွဲ တွေ၊ တိုင်းရင်းသားနေ့တွေ၊ ဥပမာ - ကချင် ပြည်နယ်နေ့တို့၊ ရှမ်းပြည်နယ်နေ့တို့၊ အဲဒီလို မျိုးတွေမှာ ဈေးရောင်းပွဲတော်တွေရှိတယ်။ ကိုယ့်မေဂျာအလိုက် အပြိုင်ကျင်းပကြတယ်။ သီချင်းဆိုတာပါရင် ကိုယ်က ဆိုဖြစ်တယ်။ အနုပညာလှုပ်ရှားမှု အမှတ်တရအနေနဲ့ ကျောင်းပွဲတွေ အများကြီးမှာ သီချင်းတွေ လှည့်ပတ်ပြီးဆိုနေရတာ။ အစ်မက ရုက္ခဗေဒ (Botany)ကပါ။ အမှတ်တရကတော့ အများ ကြီးပါပဲ။
အင်းလျားမှာ ဘူးသီးကြော် သွားစားကြ တယ်၊ ဦးချစ်ဆိုင်ထိုင်ကြတယ်၊ ဘွဲ့နှင်းသဘင် ရှေ့က ခြင်္သေ့ကြီးနားမှာ ထိုင်ကြတယ်၊ အဓိပတိလမ်းမှာ လျှောက်တယ် စတဲ့ အမှတ် တရတွေကတော့ ကျောင်းသားတိုင်းအတွက် အမှတ်တရနေရာတွေ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ တက်တဲ့ ကျောင်းသားတိုင်း မသွားဖူးတဲ့လူ မရှိပါဘူး။ အစ်မလည်း ကျောင်းတက်တုန်းက အဲဒီနေရာတွေ သွားခဲ့ ရတာတွေက အမှတ်တရချည်းပါပဲ။ အခုချိန် အထိလည်း ဒီနေရာတွေက ရှိနေတာဆိုတော့ ဒီနေရာတွေကို ဖြတ်သန်းသွားတိုင်း အရင် တုန်းက ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဘဝ ကို အမြဲတမ်း သတိရနေတာပေါ့နော်။ အဲဒီလို တွေတော့ ရှိပါတယ်။
အစ်မအနေနဲ့ကတော့ ထူးထူးဆန်းဆန်း သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ်မ က ကျောင်းကို ပြီးအောင်တက်တယ်။ရည်းစား တွေ အများကြီးထားခဲ့တာ၊ အသည်းကွဲတာတို့၊ အသည်းခွဲထားခဲ့တာတို့ အစ်မက အဲဒီထဲမှာ မပါတော့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး တော့ အမှတ်တရမရှိဘူး။ သူငယ်ချင်းတွေနဲ့ သိပ်အရေးမကြီးတဲ့ Class ဆိုရင် ထုံးစံအတိုင်း နောက်မှ စာပြန်ကူးကြပြီးတော့ အမြဲတမ်း လိုလို ကျောင်းထဲမှာပဲ လျှောက်သွားနေကြ တာက ပိုများတာပေါ့။ တစ်ခါတလေကျရင် မနက်ကတည်းက ကျောင်းကိုရောက်ပေမယ့် ကျောင်းခန်းထဲကို မရောက်ခဲ့တဲ့နေ့တွေ လည်း ရှိတယ်။ တစ်ချိန်လုံးလျှောက်သွားနေ လို့၊ အစ်မကတော့ တက္ကသိုလ်တက်ချိန် မှာ ဒီလိုပဲသူငယ်ချင်းတွေနဲ့ ဖြတ်သန်းတာ ပေါ့၊ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်တာ များပါတယ်။
တက္ကသိုလ်မှာ အစ်မက ကိုယ်ပိုင်သီချင်း တွေပဲ ဆိုဖြစ်တယ်။ တက္ကသိုလ်နဲ့ ပတ်သက် တဲ့ သီချင်းတွေကိုတော့ တက္ကသိုလ်စိန်ရတု လို ပွဲမျိုးမှာ အမှတ်တရရေးတဲ့အခါမျိုးမှာ ဒီတက္ကသိုလ်က ကျောင်းပြီးပြီ အဆိုတော်ဖြစ် ခဲ့တဲ့အတွက်ကြောင့် ဆိုဖြစ်တယ်။ ၈၄ ခုနှစ် မှာ ကျောင်းပြီးတယ်။ ၈၈ ခုနှစ်မှာ တက္ကသိုလ် နဲ့ ပတ်သက်တဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်းကို အဲဒီမှာမှ ဆိုဖြစ်တယ်။ ကိုခင်မောင် တိုးတို့၊ ကိုမွန်းအောင်တို့ကတော့ တက္ကသိုလ် နဲ့ ပတ်သက်တဲ့ သီချင်းတွေကို များသော အားဖြင့် ဆိုကြတယ်။ အောင်နိုင်တို့ဆိုရန်ကုန် တက္ကသိုလ်နဲ့ ပတ်သက်တဲ့သီချင်းတွေ အများ ကြီး ဆိုခဲ့တယ်။ ကျောင်းပြီးတဲ့နောက်ပိုင်းမှာ “မာလာဆောင်” တို့၊ ဘာတို့က နောက်ပိုင်း ကျောင်းပွဲတွေမှာ ဆိုဖြစ်တယ်။ မအယ်လ် ခွန်းရီရဲ့ သီချင်း “ခွဲခွာရမယ့် နေ့ရက်များ” အဲဒီလို သီချင်းတွေ ဆိုဖြစ်တယ်။ ကိုစိန်လွင်ရဲ့ “နွေပုံပြင်” သီချင်း၊ “အဓိပတိလမ်းက ခြေရာ များ” အဲဒီလိုမျိုးတွေကို ကျောင်းပြီးတဲ့ နောက်ပိုင်းမှ ပြန်ပြီးဆိုဖြစ်တယ်။ တကယ် တမ်းကျောင်းမှာ ကျောင်းသီချင်းကို ဆိုခဲ့ တာ မရှိခဲ့ဘူး။
ဒီတက္ကသိုလ်ကြီးက ဘယ်တော့မှ မပြောင်းလဲဘူး၊ ပညာတတ်တွေ အများကြီး မွေးထုတ်ပေးခဲ့တယ်။ ပညာတတ်တွေ၊ပညာရှိ တွေ အများကြီးကို မွေးထုတ်ပေးခဲ့တဲ့အတွက် ကြောင့် တက္ကသိုလ်ကြီးကို နှစ်တစ်ရာမှသည် နှစ်ပေါင်းများစွာတိုင် တည်ပါစေလို့ အစ်မ ကတော့ ဆုတောင်းပေးပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ MRTV မှာ စုံတွဲတစ်ပုဒ်၊ တစ်ယောက်တည်း တစ်ပုဒ်ဆိုဖို့ရှိပါတယ်။ တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အနေနဲ့ပေါ့။ ကပ်ရောဂါဖြစ်နေတဲ့ ကာလကြီး မှာ ရုပ်ရှင်နှစ်တစ်ရာဆိုလည်း ပြီးသွား ခဲ့ပြီ။ အခုဆိုလည်း ရန်ကုန်တက္ကသိုလ်လည်း နှစ်တစ်ရာပြည့် ဖျော်ဖြေပွဲလေးတွေ လုပ်တဲ့ နေရာမှာ ကိုယ်တွေလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်ပြီး သီဆိုခွင့်ရတဲ့ အတွက် အမှတ်တရလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ် ၁၂၀ ဆိုရင် ကိုယ်လည်းရှိချင်မှ ရှိတော့မှာဆိုတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ်သက်ရှိ ထင်ရှားရှိနေချိန်လေးမှာ တက္ကသိုလ်ကြီးအတွက် ကူညီပံ့ပိုးခွင့်ရတာ ကိုပဲ အများကြီး ကျေနပ်တယ်။ ပီတိလည်း ဖြစ်တယ်၊ ဝမ်းလည်း ဝမ်းသာ၊ ဂုဏ်လည်းယူ ပါတယ်လို့ ပြောချင်ပါတယ်။
အရိုင်း (လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်)
၁၉၇၇ မှာ ဆယ်တန်းအောင်တယ်။ ၇၈ မှာ ပထမနှစ် အာရ်စီဝမ်းမှာ တက်တယ်၊ ၇၉ မှာ ဒုတိယနှစ်၊ ၈၀ မှာ တတိယနှစ် တက်တယ်၊ ကျတယ်။ ၈၁ မှာ တတိယနှစ် ပြန်တက်တယ်၊ ၈၂ မှာ နောက်ဆုံးနှစ်ပြီးသွားတယ်။ ဦးအရိုင်း တို့တုန်းက ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက် တက်ခွင့် မရှိဘူး။ တတိယနှစ်မှ တက်ရတယ်၊ အနုပညာလှုပ်ရှားမှုက အာရ်စီဝမ်းကတည်းက ဆရာတက္ကသိုလ် ဟန်မြတ်မော်က ဦးအရိုင်း တို့ ဆရာပေါ့။ Business Management ဌာန မှာ ဆရာ ဦးဟန်မြတ်မော်က ကထိကပေါ့။ ဦးအရိုင်းတို့ရဲ့ အနုပညာအသင်းကို ဆရာက ကိုင်တွယ်ရတယ်။ အဲဒီမှာ ဦးအရိုင်းတို့ အဆိုသင်တန်းတက်ပြီးတော့ သင်္ကြန်ဆိုရင် ဖျော်ဖြေပွဲတွေ လုပ်ရတယ်။ အဲဒီအတွက် သင်္ကြန်နားနီးရင် ဦးအရိုင်းတို့ အဆိုအတွက် လူရွေးတယ်။ ဦးအရိုင်းတို့ ဝင်ပြိုင်တော့ အရွေးခံရတယ်။
အဲဒီခေတ်က မြို့တော်ခန်းမမှာ မြို့တော် ဝန် မဏ္ဍပ်လုပ်တယ်။ အဲဒီမဏ္ဍပ်မှာ သွားပြီး တင်ဆက်ဖျော်ဖြေပေးရတယ်။ ပထမနှစ်၊ ဒုတိယနှစ် ၂ နှစ်ကို အာရ်စီဝမ်းရဲ့ အနုပညာ အသင်းမှာ လုပ်ခဲ့တယ်။ ပြီးတော့ တတိယနှစ် ရန်ကုန်တက္ကသိုလ် ရောက်တော့ အနုပညာ အသင်းနဲ့ ဆက်သွယ်ပြီး အဲဒီမှာ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်တွေကဖြစ်ကြတယ်။ ၁၉၈၀ မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ စလုပ် ဖြစ်တာ။ အဲဒီတုန်းက အတူတူတွဲပြီးလုပ်ခဲ့တဲ့ ကျောင်းသားတွေကတော့ မြန်မာစာဌာနက ကိုကျော်ဌေးဇံ၊ သူက အခုတပ်ကုန်းမှာ နေ တယ်။ သူ့ လူရွှင်တော်နာမည်က ကြွက်ပြုံး။ ဦးအရိုင်းက သင်္ချာမေဂျာ၊ အဲဒီတုန်းက ကိုပိန်ပိန်တို့ ဘာတို့ရှိတယ်။ သူတို့က ဒီဘက် အသင်းကို အဆက်အသွယ် မရှိသေးဘူး။ တစ်ခါတလေတော့ ရောက်လာပါတယ်။ပွဲတွေ ဘာတွေဖြစ်တယ် ဆိုရင်တော့ သင်္ချာဌာနက ပေါ်ပေါ် ဆိုတဲ့တစ်ယောက်ရှိသေးတယ်။ သူနဲ့ အတူတူ လူရွှင်တော် လုပ်ဖူးတယ်။ သူ့နာမည် အရင်းက ကိုဌေးမော်တဲ့။ သူက အညာသား၊ တောင်တွင်းကြီးက။
ဦးအရိုင်းတို့က Day တက်ရတယ် ဆိုပေမယ့် ကျောင်းထဲမှာပဲ အတန်းရှိရင် အတန်းတက်တယ်၊ အတန်းမရှိရင် အနုပညာ အသင်းမှာပဲ အချိန်ကုန်တယ်။ အနုပညာ အသင်းမှာက တချို့လည်း အပြင်မှာအလုပ် လုပ်ကြတယ်။ တချို့ကျောင်းပြီးတော့ ကျောင်းမှာပဲ ဆရာပြန်လုပ်ကြတာရှိတယ်။ ကျောင်းသားရေးရာဌာနတွေမှာ အလုပ်တွေ ပြန်ဝင်လုပ်ကြတယ်။ ဒီ အနုပညာအသင်းကြီး ကို ပြန်လည်ပံ့ပိုးနေတဲ့ အနုပညာကျောင်းသား တွေအနေနဲ့ ကျောင်းကနေ မထွက်ခွာသေးတဲ့ လူတွေလည်း ရှိတယ်။ အဲဒီတော့ ကျောင်းမှာ အသင်းသား၊ အသင်းသူဟောင်းတွေနဲ့ ဦးအရိုင်းတို့ မျိုးဆက်သစ်တွေက ပူးပေါင်း ပြီး အနုပညာအသင်းကြီးမှာ အလုပ်တွေ က နှစ်ပေါင်းများစွာ လုပ်ဖြစ်ခဲ့ကြတယ်။ လုပ်ဖြစ်ခဲ့ကြတယ်ဆိုတာလည်း ဒီမှာရှိတဲ့ ကျောင်းသားကြီးတွေက အနုပညာအသင်း မျိုးဆက်ပြတ်မသွားအောင်ဆိုတဲ့ သဘောရှိ တယ်။ အဲဒီတုန်းက ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ လက်ထက်။ ဦးအရိုင်းတို့ တစ်နှစ်လောက် မီလိုက်သေးတယ်။
ဆရာကြီး ဒေါက်တာမောင်မောင်ခ လက်ထက်မှာ ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းက တော်တော်လေးကို အောင်အောင် မြင်မြင် ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့တယ် လို့ ပြောရမယ်။ နောက်ပိုင်း ဦးအရိုင်းတို့ က ဒါကို အဆက်မပြတ်စေချင်တဲ့အတွက် ကျောင်းသားဟောင်းတွေရော၊ မျိုးဆက်သစ် ကျောင်းသားသစ်တွေပါ မော်ကွန်းထိန်း ဆရာ ကြီး ဦးစံအုန်း ဦးဆောင်ပြီးတော့ အနုပညာ အသင်းကြီးကို ရှင်သန်နေအောင် အငြိမ့်၊ ဆိုင်းဝိုင်း၊ အဆို၊ အက၊ အတီး သင်တန်းတွေ ရှိတယ်။ ကျောင်းသားဟောင်းတွေက သင်ပေး တယ်။ ဆိုင်းဝိုင်းမှာ ရွာစားလုပ်တာ ဆရာ ဦးဌေးဝင်း၊ သူက ဘူမိဗေဒဘာသာက။ ကျန်တဲ့ မောင်း၊ ဆိုင်းတီး၊ စည်းဝါး၊ နှဲ၊ ခြောက်လုံးပတ် ဒိုးတီးသူတွေက အခြားမေဂျာ က ကျောင်းသားဟောင်းကြီးတွေပေါ့။ သူတို့ နဲ့ ပူးပေါင်းပြီး ဦးအရိုင်းတို့လည်း ဝင်ပြီး တီးတာပေါ့။ လူရွှင်တော်တွေက မြန်မာစာ ဌာန၊ ဥပဒေဌာနက ဘီယာ၊ နိုးတူး၊ လန်ဘား၊ ချစ်စရာတို့က လူရွှင်တော်ဟောင်းကြီးတွေ။ နောက်ပိုင်း ဦးအရိုင်းတို့ ရောက်သွားတော့ ပြဇာတ်တွေ ကကြတယ်၊ အငြိမ့်တွေ ကကြ တယ်၊ နှစ်ပါးသွားတွေ ကကြတယ်၊နောက်ပိုင်း ဇာတ်တော်ကြီးတွေပါ ကကြတယ်။ နောက်ပြီး ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲတွေ လုပ်တယ်။
သင်္ကြန်ဆိုရင် ပညာရေးဝန်ကြီးဌာန မဏ္ဍပ်တွေမှာ နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေပေး တယ်။ အကတွေ တိုက်ကြတယ်၊ အတီးတွေ တိုက်ကြတယ်၊ နွေရာသီကျောင်းပိတ်ရက် သူများတွေက အိမ်ပြန်ကြတယ်။ ဒီ အနုပညာ အသင်းမှာပါတဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ပါမောက္ခချုပ်က စာထုတ်ပြီး တာဝန်ယူပြီး Camp ဝင်ကြရတယ်။ ပွဲတွေ ဘာတွေပြီးတော့ မှ အိမ်ပြန်ကြရတယ်။ ဒါက တက္ကသိုလ် အနုပညာအသင်ကြီးရဲ့ လှုပ်ရှားမှုပေါ့။ လစဉ် လစဉ် ကျောင်းဖွင့်နေတဲ့ အချိန်မှာတော့ အဆို၊ အက၊ အတီး၊ ပန်းချီသင်တန်းတွေ တောက်လျှောက်ရှိတယ်။
၈၈ အရေးအခင်းမတိုင်ခင် ကျောင်းတွေ ပိတ်လိုက်ဖွင့်လိုက်နဲ့ အရေးအခင်းပြီးတော့မှ အနုပညာအသင်းကို ပြန်လည်လှုပ်ရှားဖြစ် ခဲ့တယ်။ အဲဒီအသင်းကြီးမှာပဲ အိပ်ကြတယ်။ ညဘက်ဆို အဆောင်တွေမှာ သီချင်းသွားဆို ကြ၊ မယ်ဒလင်တီးကြ၊ နောက်ဆုံး စန္ဒရားကို
ကားနဲ့ တင်ပြီး အဆောင်ရှေ့သွားပြီး သီချင်း တွေဆိုကြ၊ တီးကြ၊ စားကြ သောက်ကြနဲ့နေခဲ့ ရတဲ့ ညတွေ နည်းတာ မဟုတ်ဘူး။ ညပေါင်း များစွာ အဲဒီလို နေခဲ့ရတယ်။ ကျောင်းတက် တုန်းက၊ ကျောင်းသား ဘဝမှာ ပျော်စရာ ကောင်းတဲ့ အရာတွေပေါ့။ ကျောင်းထဲမှာ ကျောင်းသား၊ ကျောင်းသူတွေက တံခါး မရှိ၊ ဓားမရှိ ဝင်ထွက်သွားလာလို့ရတယ်။ ကျောင်းသား ကျောင်းသူတွေကို ပြောတာ နော်။ တခြားသူစိမ်းတွေကတော့ ကျောင်းထဲ ကို ဝင်ကို မဝင်ရဲတာ။ တက္ကသိုလ်ကြီး ရဲ့ အရှိန်အဝါ ဘယ်လောက်ကြီးသလဲ ဆိုတာ။ တော်ရုံတန်ရုံလူက တက္ကသိုလ်ထဲ ကို လမ်းဖြတ်လျှောက်ဖို့ မပြောနဲ့၊ ဝင်တောင် မဝင်ရဲတဲ့ခေတ်၊ အဲဒီတုန်းက တက္ကသိုလ်ကြီး ရဲ့ အရှိန်အဝါ အဲဒီလောက် ကြီးမားတယ် ဆိုတာ ပြောပြတာ။ အဲဒါ ဦးအရိုင်းတို့ ကျောင်းတက်ခဲ့တဲ့ ကာလတွေပေါ့။
ဦးအရိုင်းတို့ ကတဲ့ အငြိမ့်နာမည်က “ကံ့ကော်မြိုင်အငြိမ့်” ပဲ။ ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုပြီး မှည့်ထားတာ။ အခုချိန်အထိ နောက်မျိုးဆက်သစ်ကလေးတွေ ကနေတုန်း ပဲ။ ကံ့ကော်မြိုင်အငြိမ့် နာမည်ကိုပဲ အစဉ် အဆက် သုံးပြီး ထိန်းသိမ်းစောင့်ရှောက်ကြ တာပေါ့။ ဦးအရိုင်းတို့လည်း အခုအချိန် အထိ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ကို ပြန်လည်ဖွင့်လှစ် ပံ့ပိုးပေးနေရတယ်။အခု လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ချုပ် ဆရာကြီး ဒေါက်တာ ဖိုးကောင်းကလည်း ဦးအရိုင်းတို့လို ကျောင်းသားဟောင်းတွေကို မေတ္တာရပ်ခံပြီး အကူအညီပေးဖို့ ပြောတဲ့ အတွက်ကြောင့် အခုတော့ ကျောင်းပိတ်နေ တယ်၊ ကျောင်းဖွင့်တဲ့ရက်တွေ ဆိုရင်တော့ သွားရောက်ပြီး မျိုးဆက်သစ်ကလေးတွေ အရှိန်လေးရအောင် ဝိုင်းကူပြီး သင်တန်းတွေ ဖွင့်ပေးတယ်။ ကျောင်းသား၊ ကျောင်းသူ ဟောင်းတွေအနေနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီးလုပ်ပေးတယ်။ ကျောင်းသားဟောင်း လူရွှင် တော်ကြီးတွေထဲမှာ တချို့လည်း ဆုံးပါးသွား ကြရပြီ။ တချို့လည်း နိုင်ငံခြားရောက်နေတဲ့ သူတွေရှိတယ်။
တကယ်လို့ ကျောင်းဖွင့်ပြီဆိုရင် နိုင်ငံ ခြားကနေ ရောက်နေချိန်ဆို အနုပညာအသင်း ကို လာကြတယ်။ မြန်မာပြည်မှာရှိတဲ့ အနု ပညာအသင်း ကျောင်းသားကျောင်းသူဟောင်း တွေကတော့ အခုထက်ထိ အနုပညာအသင်း ကို ဆောင်ရွက်ပေးနေဆဲပါပဲ။ ဟိုအရင် အကသင်တန်းမှာ ကျောင်းသူဖြစ်ခဲ့တဲ့၊ပန်တျာ ကျောင်းအုပ်လည်း ဖြစ်ခဲ့တဲ့ ဒေါ်မူမူခင်တို့၊ မိုးနတ်သူဇာ အငြိမ့်မင်းသမီးဖြစ်တဲ့ သီတာ ဝင်း၊ ကျောင်းသူဟောင်းက ဆရာမအနေနဲ့ လာပြီး အကသင်တန်းမှာ အကတွေ သင်ပေး နေတယ်။ ဦးအရိုင်းတို့က သူတို့ရဲ့နောက်မှ ပေါက်ဖွားလာတဲ့ လူရွှင်တော်တွေပေါ့၊ ဆရာမ ထိပ်တင်ဟန်ကတော့ မြန်မာစာဌာနက။ သူက ဦးအရိုင်းတို့နဲ့အတူ အငြိမ့်တွေဘာတွေ ကတယ်။ သူတို့က မင်းသမီးပေါ့။ နောက် တင့်တင့်ထွန်းနဲ့လည်း အငြိမ့် ကဖူးတယ်။ တင့်တင့်ထွန်းကတော့ ဦးအရိုင်းတို့ထက် ငယ်တယ်။ ခင်နှင်းနှင်းကြည်တို့က ဒီဘက် ခေတ် ကလေးတွေကို ပြန်ပြီး အကတွေ လာသင်ပေးကြတယ်။ အသင်းသူ၊ အသင်း သားဟောင်းတွေက ပြန်လာပြီး လုပ်ပေးနေ ကြတယ်။
ငှက်ပျောကြော်တို့၊ ကင်းကောင်တို့က ဦးအရိုင်းတို့ထက် ငယ်တယ်။ ဒါပေမယ့် နောက်ပိုင်း ကျောင်းမှာဆုံကြတော့ သူတို့က အာရ်စီတူးမှာ လူရွှင်တော်ပြိုင်ပွဲတွေ ဘာတွေ လုပ်တာ၊ ဦးအရိုင်းတို့ပဲ ဒိုင်လူကြီးသွားလုပ် ပေးရတယ်။ အဲဒီကတည်းက နာမည်တွေ ရင်းနှီးနေပြီး ကျောင်းထဲ ရောက်လာတော့ ဒီမှာတွေ့ပြီး ရင်းနှီးသွားကြတာပေါ့။ သူတို့က ဦးအရိုင်းကို “ဒါ ငါတို့ရဲ့ စီနီယာ အစ်ကိုပဲ” ဆိုပြီး အတူတူအငြိမ့်တွေ ကကြ၊ ပြန်သင်ပြ၊ သူတို့ကလည်း မသိတာမေးပေါ့။ အဲဒီလို ခင်မင်ရင်း အပြင်ရောက်သွားကြတော့၊ ကျောင်းတွေ ပြီးသွားကြတော့ ဦးအရိုင်းတို့ ကိုယ်ပိုင်အငြိမ့်တွေ ကကြတော့ ပြန်ဆုံဖြစ် ပြီး မြပုဏ္ဏမာအငြိမ့်ထောင်ပြီး တောက် လျှောက် လုပ်ဖြစ်သွားတာ အခုအချိန်ထိပေါ့။ သူတို့နဲ့ ကျောင်းသားဘဝကတည်းက ဆုံခဲ့ ကြတာပါပဲ။ ကျောင်းထဲက ပွဲတွေမှာ အတူတူ ကကြ၊ သူတို့ကိုလည်း တွဲခေါ်ပေါ့၊ ဆုံဖြစ် တာပါ။
ရန်ကုန်တက္ကသိုလ်ကြီးဟာ သမိုင်းကြီး တဲ့၊ အင်မတန်မှ အထင်ကရ တန်ဖိုးရှိတဲ့၊ တန်ဖိုး မဖြတ်နိုင်လောက်အောင် တန်ဖိုးရှိ လွန်းတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အထင်ကရ တက္ကသိုလ်ကြီးပေါ့။ ဒီတက္ကသိုလ် ကြီးကို ရှေးတုန်းကတည်းက နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသားဟောင်းကြီးတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းပြည်ကို အုပ်ချုပ် တယ်၊ တိုင်းပြည်ကို ဦးဆောင်လမ်းပြတယ်၊ ခေါင်းဆောင်ကောင်းတွေကို ဒီတက္ကသိုလ် ကြီးက မွေးထုတ်ပေးခဲ့တယ်။ အဲဒီလို အစဉ် အလာကြီးမားခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အများ ကြီး မွေးထုတ်ပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီးက သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့အတွက် မေ့ပျောက်လို့ မရခဲ့ဘူး။ မေ့ပျောက်လို့ မရတဲ့ အတွက် ဒီ တက္ကသိုလ်ကြီး ကို မျိုးဆက်သစ် လူငယ်တွေက လက်ဆင့်ကမ်းပြီးကျောင်းကြီး ရဲ့ပုံရိပ် ကြီးမားသထက် ကြီးမားအောင် ထွန်းတောက်သည် ထက် ထွန်းတောက်အောင် ကျောင်းသားတိုင်း ကျောင်းသားတိုင်းက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ထိန်းသိမ်း လာခဲ့ကြတာ။ အဲဒီလောက် တန်ဖိုးကြီးမားတဲ့ ဒီရန်ကုန်တက္ကသိုလ်ကြီး အကြောင်းကို ဒီဘက်ခေတ် လူငယ်လူရွယ် ကျောင်းသား ကျောင်းသူတွေ အကုန်လုံး၊ ဆရာ ဆရာမတွေ အားလုံးကို သိစေချင်ပါတယ်။
ဒီကျောင်းကြီးရဲ့ တန်ဖိုးကို နောက်လာ မယ့် မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းနိုင် အောင်၊ ဒီကျောင်းကြီးရဲ့ တန်ဖိုးကို သိသည် ထက်သိအောင် အများကြီး လေ့လာကြိုးစား မှတ်သားကြပါလို့၊ ဒါမှ သမိုင်းကြောင်းကြီးမား ပြီး တန်ဖိုးဘယ်လောက် ကြီးမားတယ်ဆိုတာ သိကြမှာလေ။ ဒါကြောင့် ဒီနှစ် ၁၀၀ မှ နှစ် ၂၀၀ ဖြစ်သွားရင်လည်း ဖြစ်သွားအောင် လုပ်ပေးကြရမှာပဲ။ သမိုင်းပေး တာဝန်အရ ခေတ်အဆက်ဆက် ပခုံးပြောင်း တာဝန်ယူကြ ဖို့ ကျောင်းသား ကျောင်းသူတိုင်း လက်ဆင့် ကမ်း ထိန်းသိမ်းသွားနိုင်ကြပါစေလို့ အမှတ် တရအနေနဲ့ ပြောချင်ပါတယ်။ ဒီ နှစ်တစ်ရာ ပြည့်မှာ ဦးအရိုင်းတို့ ပထမစဉ်းစားထားတာ က ရန်ကုန်တက္ကသိုလ်ရဲ့ နှစ်တစ်ရာပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ဖို့ အပိုင်းကို အနုပညာ အသင်းက တာဝန်ယူမယ်ဆိုပြီး ဖျော်ဖြေရေး ဆပ်ကော်မတီ အစည်းအဝေး လုပ်တုန်း ရှိသေးတယ်။ ကိုဗစ်ကြီးက ဖြစ်သွားတာ။ ပထမရည်ရွယ်တာကတော့ ဒီပွဲမှာ အငြိမ့်တွေ ကကြမယ်၊ ပြဇာတ်တွေ ကကြမယ်၊ဟောပြော ပွဲ စင်မြင့်တွေ ရှိတယ်၊ ခေတ်ပေါ် တေးဂီတ တွေ ဖျော်ဖြေကြမယ်ဆိုပြီး အများကြီးပဲ အစီ အစဉ်တွေ ဆွဲထားကြတာပဲ။ အခုတော့ ကိုဗစ် ကြောင့် အကုန်လုံးခန့်မှန်းလို့ မရတော့ဘဲနဲ့ ဖြစ်နေတာပေါ့။
ဖျော်ဖြေဖို့ကိုတော့ အစီအစဉ်လေးတွေ တော့ ရှိပါတယ်။ ကိုဗစ်ကြီး ပြီးသွားလို့ ဦးအရိုင်းတို့ကို လုပ်ခွင့်ပေးမယ်ဆိုရင်တော့ ကျောင်းနဲ့ ပတ်သက်တဲ့ ပွဲလေးကိုတော့ အရင် လို တစ်နှစ်ပတ်လည် မဟုတ်တောင်မှ တစ်လ လောက်တော့ လုပ်ချင်ပါတယ်။
ရာသက်ပန်(တောင်ငူဆောင်) (စာရေးဆရာမ)
ရန်ကုန်တက္ကသိုလ်ကို ၁၉၈၅ မှာ ရောက် တယ်။ ပြည်ကောလိပ်ကနေ ဂုဏ်ထူးတန်းဝင် လို့ ပထမနှစ် ဂုဏ်ထူးတန်းလာတက်တာပေါ့။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကို တစ်နိုင်ငံ လုံးက ကောလိပ်တွေက ပထမနှစ်၊ ဒုတိယနှစ် အောင်ပြီး ဂုဏ်ထူးတန်းဝင်ရင် လာတက်ကြ ရတယ်။ အထက်မြန်မာပြည်က မန္တလေး တက္ကသိုလ်၊ အောက်မြန်မာပြည်က ရန်ကုန် တက္ကသိုလ်မှာ အကုန်လုံး တက်ရတယ်။ ဂုဏ်ထူးတန်းမှာ ကျွန်မတို့တုန်းက ၆၅ ယောက်လောက်ပဲ ရှိတယ်။ အကုန်လုံးက အောက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံက လာတက်ကြတယ်။ အဲဒီကနေစပြီး ရန်ကုန် တက္ကသိုလ်ကို ရောက်ခဲ့တယ်။ ၈၈ အရေး အခင်းမဖြစ်ခင် ပိုက်ဆံကိစ္စဖြစ်တယ်။ အဲဒီ အချိန် ကျောင်းသူဘဝမှာ စာမေးပွဲဖြေနေတဲ့အချိန်မှာပဲဖြစ်တယ်၊ ပြီး စာမေးပွဲဖြေတယ်၊ ခဏပိတ်လိုက်တယ်၊ ပိတ်ပြီးတော့ ပြန်ဖြေပြီး ၁၉၈၈ ခုနှစ် မတ်လမှာ တစ်ခါဖြစ်တော့ ကျောင်းတစ်ခါ ပိတ်သွားတယ်။ ၁၉၉၁ မှာ ကျောင်းပြန်ဖွင့်တယ်။ တတိယနှစ် ဂုဏ်ထူး တန်းဖြေတယ်။ အဲဒီမှာ ဝိဇ္ဇာ(ဂုဏ်ထူးတန်း) ဘွဲ့ရတယ်။ မဟာဝိဇ္ဇာ ဆက်တက်တယ်။ ၁၉၉၅ မှာ မဟာဝိဇ္ဇာပြီးခဲ့တယ်။
မဟာဝိဇ္ဇာဘွဲ့မယူခင် ၁၉၉၃ မှာလုပ်သား များ ကောလိပ်မှာ အချိန်ပိုင်းနည်းပြ လုပ်ခဲ့ တယ်။ ၁၉၉၅ ဒဂုံတက္ကသိုလ်မှာ နည်းပြလုပ် တယ်။ ၆ နှစ်အကြာမှာ တောင်ကြီးတက္ကသိုလ် ကို ပြောင်းတယ်။ ပါရဂူဘွဲ့ သင်တန်းအောင်ပြီး ၂၀၀၁ မှာ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရ တယ်။ လက်ထောက်ကထိက ဖြစ်တယ်။ ၂၀၀၈ မှာ ထားဝယ်တက္ကသိုလ်ကို ပြောင်းရ တယ်။ နှစ်နှစ်နေပြီး ၂၀၁၀ မှာ ရန်ကုန် တက္ကသိုလ်ကို ကထိကနဲ့ ပြန်ပြောင်းလာ တယ်။ ၂၀၁၄ မှာ ဟင်္သာတတက္ကသိုလ်ကို ပြောင်းရတယ်။ တွဲဖက်ပါမောက္ခနဲ့ ဒဂုံ တက္ကသိုလ်ကို ပြောင်းရပြန်တယ်။ ၂၀၁၇ မှာ မကွေးတက္ကသိုလ် ပါမောက္ခနဲ့ ပြောင်းရတယ်။ လက်ရှိဘားအံတက္ကသိုလ်မှာ ပါမောက္ခနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းသူဘဝနဲ့ရော ဆရာ ဘဝနဲ့ရော နေခဲ့တယ်။
ကျောင်းသူဘ၀ အမှတ်တရဆိုရင် ကျောင်းတက်တဲ့အချိန်မှာ အဆောင်က အခက်အခဲရှိတော့ အပြင်ဆောင်ပဲ နေရတယ်။ အင်းလျားဆောင်ကို ကျွန်မ သိပ်နေချင်ခဲ့တာ၊ မိုးမိုး(အင်းလျား)တို့ကို အားကျလို့။ကျောင်းသူ ဘ၀ ကျောင်းတက်ခဲ့ရတာ အပျော်ဆုံးအချိန် တွေပါပဲ။ ကျွန်မတို့တုန်းက နံနက်ကျောင်းနဲ့ ညကျောင်းရှိတယ်။ ကျောင်းသားတွေများလို့ ညကျောင်းဆိုတာ ရှိတယ်။ ဆရာနီကိုရဲတို့ ဆိုရင် ညကျောင်းတက်ရပေမယ့် မနက်ထဲ က ကျောင်းမှာပဲနေကြတယ်။ ကျောင်းမှာပဲ အချိန်ပြည့်နေကြတယ်။ ကျွန်မတို့လည်း အပြင်ဆောင်ဆိုပေမယ့် ကျောင်းမှာ မိုးချုပ် အထိ နေကြတယ်။ သူငယ်ချင်းတွေနဲ့အတူ တောင်ငူဆောင် ပတ်ဝန်းကျင်၊ ဦးချစ် လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ အတန်း တွေလည်း တက်ကြတယ်၊ စာလည်း ကျက် ကြတယ်။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် အဲဒီ တုန်းက ကျောင်းသူ၊ ကျောင်းသားဘဝဟာ ကိုယ့်ကျောင်းကိုလည်း တက်တယ်၊ ကျောင်း မှာပဲ ပျော်ပျော်ရွှင်ရွှင်နေတယ်။ ပွဲတွေက လည်း ကျောင်းမှာ အဆက်မပြတ် ရှိတယ်။ အဲဒီပွဲတွေမှာလည်း ပျော်ရတာပေါ့။ ကျောင်း ထဲကို ရောက်သွားရင် လုံခြုံသလို ခံစား ရတယ်။
ကျွန်မက တံတားဖြူ မေခလာဆောင် မှာနေခဲ့တယ်။ အဆောင်ခန်းလေးတွေ ကျဉ်း ပေမယ့် ပျော်တယ်။ အမှတ်တရအနေနဲ့ ကျွန်မနေတဲ့ အဆောင်ကနေ အင်းလျား ကန်ပေါင်ကို တက်တယ်၊ အဲဒီကနေ တောင်ငူ ဆောင်ကို လမ်းလျှောက်ပြီး ကျောင်းတက် တယ်။ အင်းလျားကန်ပေါင်ပေါ်မှာလည်း ကျောင်းသား ကျောင်းသူတွေချည်းပဲ။ မိုးချုပ် မှပဲ ပြန်ကြတယ်။ စာမေးပွဲဖြေပြီးတာနဲ့ မပြန် ကြသေးပဲ ဦးချစ်ဆိုင်မှာ ထိုင်ကြ၊ ပြန်ကြ၊ နောက်တစ်နေ့ ဖြေကြနဲ့ နေခဲ့ကြတယ်။ အဲဒီလို ဘ၀လေးတွေကို တော်တော်ပျော်ခဲ့ တယ်။ အခုပြန်စဉ်းစားရင် ကျောင်းသူဘဝနဲ့ ဆရာဘဝနဲ့ မတူဘူးလေ။ ရန်ကုန်တက္ကသိုလ် ကြီးက ကျွန်မတို့အတွက် ဒုတိယအိမ်ပါပဲ။ ဘယ်တက္ကသိုလ်ကို ရောက်ရောက် ရန်ကုန် တက္ကသိုလ်ကြီးကို ပြန်ပြန်လာခဲ့တယ်။ ဒီအသက်အရွယ်အထိ ကျောင်းနဲ့ မကင်းခဲ့ ပါဘူး။
နောက်ထပ် အမှတ်တရတစ်ခုကတော့ ဝမ်းနည်းစရာပါ။ ပိုက်ဆံတွေသိမ်းချိန်တုန်းက ငါးမူးစေ့လေးတွေနဲ့ ဖုန်းဆက်ရတဲ့ အချိန် လေ။ ပြန်တော့ပိုက်ဆံမရှိလို့ ငါးမူးစေ့ထည့်တဲ့ စုဘူးလေးခွဲပြီး အိမ်ပြန်ရတယ်။ အဲဒီချိန်တုန်း က အင်းလျားလမ်းက သဇင်အဆောင်မှာနေ တယ်။ အဲဒီကနေ မင်းလှအိုးသည်ကုန်းကို ရထားနဲ့ ပြန်ခဲ့ရတယ်။ ရထားတစ်စင်းလုံး က ကျောင်းသားတွေ အပြည့်ပဲ၊ ဘယ်တော့ ကျောင်းပြန်ဖွင့်မလဲဆိုတဲ့ ခံစားချက်ဖြစ် တယ်။ အဲဒါက အမှတ်တရပါပဲ။ ကျောင်းပိတ် ချိန်မှာ အီးမေဂျာက သူငယ်ချင်းတစ်ယောက် ကလည်း ဆုံးသွားတယ်။ အဲဒီအကြောင်းကို လည်း ဝတ္ထုတို ရေးထားတယ်။ ကျောင်းတွေ ပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ မလာနိုင်ကြတော့ဘူး၊ အဲဒီ အမှတ်တရလေးတွေက ရင်ထဲမှာ အခုချိန်ထိ ရှိနေတယ်။ အနုပညာအသင်းရဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ဖူးတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ မဟေသီ မဂ္ဂဇင်းမှာ စာ စရေးပြီး ပါခဲ့တယ်။ အဲဒီမှာ ရာသက်ပန် (တောင်ငူဆောင်)ဆိုပြီး သိကြတယ်။ နောက်ပိုင်း တောက်လျှောက် မဂ္ဂဇင်းတွေမှာ ပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို (၇၅) နှစ် စိန်ရတုတုန်းကလည်း စမီခဲ့တယ်။ အဲဒီတုန်း က ပွဲလမ်းသဘင်တွေရှိတယ်။ အခု နှစ် ၁၀၀ ပြည့် တစ်နှစ်လုံးလုပ်နေတဲ့အချိန်မှာ ရင်ထဲမှာ ခံစားရတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ ပြည့်ကို သက်ရှိ ထင်ရှား ကြုံတွေ့ရတယ်။ ဒီနှစ် ၁၀၀ မှာ ဝတ္ထုတွေထုတ်တယ်၊ စာမူ လှမ်းတောင်းတယ်။ ရုပ်ရှင်တေးကဗျာမှာ ရေးထားတဲ့ ဒုတိယအိမ်ဆိုတဲ့ တက္ကသိုလ် အကြောင်း ဝတ္ထုလေးပေးလိုက်တယ်။ တက္ကသိုလ်နဲ့ပတ်သက်တဲ့ D-lann ဆိုတဲ့ ပေ့ခ်ျကနေ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညီမလေး ရယ် စိုးရိမ်မိတယ်” ဝတ္ထုကို ခွဲခြမ်းစိတ်ဖြာ ပြီး ပြောရမယ်။ စာဖတ်သူတစ်ယောက် အနေနဲ့ ဖြစ်ဖြစ်၊ စာရေးဆရာတစ်ယောက် အနေနဲ့ဖြစ်ဖြစ် ပြောရမှာ ဖြစ်တယ်။ ဘယ်နေ့ လဲတော့ မသိသေးဘူး။ အမှတ်တရ ကိုယ်လုပ် ပေးနိုင်တာလေးတွေ လုပ်ပေးတယ်။ ကိုဗစ် ကာလဖြစ်နေတော့ လူစုလူဝေးနဲ့ မဆင်နွှဲ ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမယ့် နိုင်သလောက်လေးတွေ လုပ်နေ ကြတာ ဖြစ်တဲ့အတွက်ကြောင့် အားရ ဝမ်းသာရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့က ကိုယ်နဲ့သာ ဝေးနေပေမယ့် ကိုယ့်နှလုံးသားထဲ မှာ အမြဲတမ်းရှိနေမယ်လို့ ပြောချင်ပါတယ်။
ဖိုးဖြူ (လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်)
ကျွန်တော်က ရန်ကုန်တက္ကသိုလ်ကို ၁၉၈၄ - ၈၅ မှာ မြန်မာစာအဓိကနဲ့ စ ရောက် တာပါ။ ကျွန်တော် ပထမနှစ်နဲ့ ဒုတိယနှစ်ကို အာရ်စီတူးမှာ တက်ရတယ်။ ကျွန်တော်တို့ ခေတ်ကျတော့ Regional ခေတ်မဟုတ်တော့ ဘူး။ လှိုင်နယ်မြေဖြစ်သွားပြီပေါ့။ ပထမနှစ်၊ ဒုတိယနှစ် လှိုင်နယ်မြေမှာ တက်ရပါတယ်။ တတိယနှစ်ကျတော့ ကျွန်တော် တောင်ငူ ဆောင်ကို ရောက်ပါတယ်။ တက္ကသိုလ် ကျောင်းသားဘ၀ အနုပညာလောကထဲမှာ Professional ဖြစ်ပြီပေါ့ဗျာ။
ကျွန်တော်တို့ရဲ့ မိခင်တပ်ရင်းသည် တက္ကသိုလ်အနုပညာအသင်းပါ။ ကျွန်တော် တို့ရဲ့ ဝါသနာနဲ့ လုပ်ရည်ကိုင်ရည်ဝါသနာ ပါတဲ့ အလုပ်တွေကိုစပြီး လုပ်ခွင့်ရတာတော့ မြန်မာစာမေဂျာက အငြိမ့်ပွဲလေးတွေ၊ နောက် ပြီး ရန်ကုန်တက္ကသိုလ် အနုပညာအသင်းက စခဲ့တာ ။ တက္ကသိုလ် အနုပညာအသင်းသည် ကျွန်တော်တို့ရဲ့ မိခင်တပ်ရင်းဆိုလည်း မမှား ပါဘူး။ ကျွန်တော်တို့ မြန်မာစာမေဂျာကို ရောက်တဲ့အချိန်မှာ ငှက်ပျောကြော်ရယ်၊ ကင်းကောင်၊ ညောင်ညောင်၊ ချစ်ချစ်ဇော်၊ တက္ကသိုလ်သျှန်ထွန်း၊ တက္ကသိုလ်ဂွမ်းပုံရယ်၊ ကျွန်တော်တို့ရယ် မြန်မာစာအဓိက အနုပညာ ရှင်တွေပါ။ ကျောင်းသားဘဝအမှတ်တရ ကတော့ အများကြီးပါ။ အထင်ကရအမှတ် တရကတော့ ကျွန်တော်တို့ ဝါသနာပါတဲ့ အနု ပညာကို မြေတောင်မြှောက်ပေးတာ ရန်ကုန် တက္ကသိုလ်ပါပဲ။ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ မက တည်ပါစေ။ နောင်လာမယ့် မျိုးဆက်သစ် အများကြီး မွေးထုတ်နိုင်ပါစေလို့ ဆုမွန် တောင်းပေးပါတယ်။
မေခလာ (အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်)
ချစ်ငယ်က လှိုင်နယ်မြေ အာရ်စီတူးကနေ ရန်ကုန်တက္ကသိုလ်ကို မြန်မာစာအဓိကနဲ့ ရောက်တာပါ။ မြန်မာစာ အဓိကနဲ့ တောင်ငူ ဆောင်မှာ တက်ခဲ့တာပါ။ အာရ်စီတူးမှာ စပြီး သီချင်း စဆိုတာပါ။ တက္ကသိုလ်မှာ အနုပညာ အသင်းတွေ ရှိပါတယ်။ ချစ်ငယ်က သီချင်း စသွင်းခါစဆိုတော့ အဆိုတော် ပေါက်စလေး ပေါ့။ နာမည်ကြီးတော့ မဟုတ်သေးဘူးပေါ့။ သိတော့ သိနေတဲ့ အချိန်ကာလပေါ့။ ချစ်ငယ် ဆီကို လာပြီးတော့ ဟိုဘက်မေဂျာ၊ ဒီဘက် မေဂျာကနေလာပြီးတော့ သီချင်းတွေဆိုခိုင်း တယ်။ RC ထဲမှာ အမြဲတမ်းပွဲတွေ လုပ်တယ်၊ သီချင်းတွေ ဆိုရတယ်။ နောက်တက္ကသိုလ် အနုပညာနဲ့ ပတ်သက်ပြီး သင်္ကြန်မှာ မြို့တော် ဝန် မဏ္ဍပ်မှာ သွားဆိုရတယ်။ တက္ကသိုလ် အမှတ်တရကတော့ ကျောင်းတက်တယ်၊ ကျောင်းတက်မမှန်ဘူး၊ မမှန်ဘူးဆိုတာ ဒီလို ပါ။ ချစ်ငယ်က အဆိုတော် ပေါက်စဆိုတော့ ခရီးတွေထွက်ရ၊ နယ်တွေ သွားရတာပေါ့နော်။ အဲဒီအခါကျရင် ကျောင်းမတက်တဲ့ နေ့တွေ ရှိပါတယ်။ ကျောင်းမတက်ရပေမယ့် သူငယ် ချင်းတွေက စာတွေ၊ ကျောင်းခေါ်ချိန်တွေ ဝိုင်း လုပ်ပေးကြတယ်။ အနုပညာနဲ့ ပတ်သက်ပြီး သွားတာကို သိတဲ့အတွက် ဆရာမတွေက လည်း နားလည်ခွင့်ပေးထားတယ်။ သို့သော် လည်း စာမေးပွဲကို အောင်အောင်ဖြေရ တာပေါ့။
အမှတ်တရအများကြီးပါ။ ဝိဇ္ဇာဆိုတော့ တောင်ငူဆောင်မှာ အချောအလှတွေလည်း အများကြီးရှိတယ်။ ကွင်းဖြစ်တဲ့ အမျိုးသမီး တွေကို ဒီနေ့အထိ အားကျခဲ့တာပါ။ ဒီနေ့ အထိ မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါ။ နောက်ပြီး သိပ္ပံဘက်မှာရှိတဲ့ ကွင်းတွေကို သွားသွားကြည့်ပါတယ်။ ယောက်ျားလေး တစ်ယောက်လိုပေါ့။ ဘာရယ်လို့မဟုတ်ဘူး။ သူတို့ အလှတွေ သွားငေးတာ။ ကန်ပေါင် ဘက် ဘူးသီးကြော်ဆိုင်ဘက်ကို သိပ်မသွား ဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့အတူ နို့သစ်ခွနဲ့ ဘူးသီးကြော်ကို တစ်ခါတစ်ရံ သွားစားတယ်။ အဆောင်တွေမှာ သူငယ်ချင်းတွေရှိတဲ့အခါ အဲဒီအဆောင်တွေမှာ သွားလည်တာတို့၊ အဲဒီ မှာ သီချင်းလေး သွားအော်ဆိုတာတို့ ရှိခဲ့ဖူး တယ်။ နောက်ပြီးတော့ မြန်မာစာအတန်း ထဲမှာ သူငယ်ချင်းတွေ စုပြီးတော့ ဆရာ မလာခင် သီချင်းတွေ ဝိုင်းဆိုကြတာတို့၊ ချစ်ငယ်ကို မုန့်တွေကျွေးပြီးတော့ သီချင်း ဆိုခိုင်းတာတို့ အဲဒါတွေက အမှတ်တရ တွေပါ။
ချစ်ငယ်က အဲဒီတုန်းက အတော်ပိန် တယ်။ ချစ်ငယ်လမ်းလျှောက်ရင် ဝိုင်းစ တယ်။ ဦးဘိုဘိုဟန်သီချင်း ပြားချပ်ချပ်က အလွန် ပေါက်တာကိုး။ အဲဒီယောက်ျားလေး အုပ်စုကိုလိုက်ပြီး ချစ်ငယ်တစ်ယောက်တည်း လိုက်ပြီး ရန်တွေ့တာ၊ အဲဒါတွေကတော့ အမှတ်တရတွေ ရှိတာပေါ့။ အခုကျတော့ ဒီသူငယ်ချင်းတွေ အကုန်လုံးကလည်း အဘိုးကြီးတွေ ဖြစ်ကုန်ကြပြီ။ အဲဒါတွေ ပြန်ပြီး သတိရတယ်။ ကိုယ်က ပိန်ပိန် ခြောက်ခြောက် သူတို့မျက်လုံးထဲမှာ မိန်းကလေးကိုယ်လုံး မဟုတ်ဘူးလေ။ သူတို့ အနေနဲ့ စ စရာ၊ နောက်စရာပေါ့။ အပူအပင် ကင်းမဲ့တဲ့ဘဝပါ။ ဆရာတွေ ဆရာမတွေက ချစ်ငယ်ကို အတော်ချစ်တယ်။ ကျောင်း မတက်တာ သိတယ်။ မေခလာနော် ဆိုပြီး လက်ညှိုးထိုးပြီးတော့ အော်သွားတယ်။ ပြီးရင် ဆရာမတွေက စာပြန်သင်ပေးတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့တယ်။ သူငယ်ချင်း တွေကလည်း ချစ်ငယ်အပေါ် အများကြီး ကောင်းတယ်။
ဒီလို တက္ကသိုလ် နှစ် ၁၀၀ ကိုကြုံဖို့ဆိုတာ မလွယ်ပါဘူး။ ချစ်ငယ်တို့ ကံကောင်းတယ် ပဲခေါ်ရမှာပေါ့။ နောက်နှစ် ၁၀၀ ဆိုရင်လည်း ချစ်ငယ်တို့မရှိတော့ဘူး။ ဒီလိုမျိုး နှစ် ၁၀၀ မှာ ကြုံတွေ့ရတဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ တွေ၊ ဆရာမတွေအားလုံး ဒီနေရာကနေပြီး ကန်တော့ပါတယ်။ တက္ကသိုလ်ရာပြည့် အတွက် လှုပ်ရှားမှုကတော့ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ သီချင်းတစ်ပုဒ်ဆိုခဲ့ တယ်။ ကိုမင်းအောင်ရဲ့ “အနိုင်မယူသူအရှုံး” တက္ကသိုလ်ကျောင်းသူဖြစ်တာ ကြာတော့ ဆိုတဲ့ သီချင်းဆိုခဲ့တယ်။ နိုဝင်ဘာလ ၂၀ ရက် နေ့မှာလည်း ချစ်ငယ်တို့ ပြန်ဆိုရမှာပါ။ Success အဖွဲ့နဲ့ပါ။ ချစ်ငယ်ရယ်၊ မဆွေရယ်၊ ကိုကိုင်ဇာရယ်၊ ဟေမာတို့ပါမယ် ထင်တယ်။ အမှတ်တရအဖြစ် ပါဝင်ဆိုမယ်။ ချစ်ငယ်က နှစ်ပုဒ်ပါမယ်။ ချစ်ငယ်စီးရီးထဲမှာ ဆိုခဲ့တဲ့ “တစ်ချိန်တုန်းက တက္ကသိုလ်” ချစ်ငယ်ရဲ့ သီချင်းလေးပဲ ပြန်ဆိုမှာပါ။ နောက်တစ်ပုဒ် က “ကျောင်းဖွင့်ချိန်”၊ ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လက်ဖက်ရည် သွားသောက်မယ်။ အဲဒါကိုတော့ ချစ်ငယ်နဲ့ ကိုညီနဲ့ ပြန်ဆိုမှာပါ။
ငှက်ပျောကြော်
(လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်)
ကျွန်တော်က ၁၉၈၂ ခုနှစ်မှာ ဗဟန်း အထက(၁) ကနေ ဆယ်တန်းအောင်တယ်။ တက္ကသိုလ်မှာ မြန်မာစာမေဂျာရတယ်။ အဲဒီ အတွက် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ နှစ်နှစ်တက်ခဲ့တယ်။ တတိယနှစ်ကျတော့ ရန်ကုန်တက္ကသိုလ်ထဲ ရောက်တယ်။ ဘီအေ မြန်မာစာနဲ့ ဘွဲ့ရတယ်။ တက္ကသိုလ်ကျောင်း သားဘ၀ အမှတ်တရကတော့ ကျွန်တော်နဲ့ အနီးဆုံးက ကင်းကောင်ပဲ ရှိတာပေါ့။ ကျန်တဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ မြန်မာစာမှာ အုပ်စုတွေရှိ တယ်။ ယောက်ျားလေးအုပ်စု၊ မိန်းကလေး အုပ်စုတွေ ရှိကြတယ်။ လှိုင်တက္ကသိုလ်မှာ ကတည်းက အုပ်စုတွေရှိကြတယ်။ လှိုင် တက္ကသိုလ်ထဲက မိန်းကလေးအုပ်စုဆိုလည်း လေးငါးခြောက် ယောက် ရှိတယ်။ ယောက်ျား လေးအုပ်စုဆိုလည်း ကင်းကောင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အုပ်စုတွေရှိ တယ်။ ဒီဘက်ရောက်တော့လည်း အဲဒီလို အတွဲလိုက်ရှိနေတယ်။ သံယောဇဉ်ကြီး ကြတယ်။
ကျွန်တော်ဆို တစ်နှစ်ကျလိုက်တာမို့ ငါးနှစ်တက်ရတာပေါ့။ ငါးနှစ် သံယောဇဉ်က တော်တော်ကို မလွယ်ဘူး။ ကျောင်းပြီးသွား တော့လည်း မပြီးနိုင်ကြဘူး။ အပြင်မှာမတွေ့ ဘူး။ ကျောင်းထဲပဲ ချိန်းကြတယ်။ အခုထက် ထိလည်း တစ်ခါတလေ ကျောင်းထဲပဲ ချိန်း ကြတာ။ ဒီသံယောဇဉ်က နည်းနည်းနောနော သံယောဇဉ်မဟုတ်ဘူး။ အဲဒါ အမှတ်တရပေါ့။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝ အမှတ်တရ ဆိုရင် ဒီအငြိမ့် စကတာက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ပါမောက္ခ ဒေါ်စီစီဝင်းက မြန်မာစာဌာနရဲ့ မောင်မယ်သစ်လွင် ကြိုဆို ပွဲမှာ မြန်မာစာကျောင်းသားတွေ အငြိမ့် ခန်းလေးကို တခြားပြဇာတ်တို့၊ သီချင်းတို့ သီဆို ဖျော်ဖြေမှုတွေထက် နောက်ဆုံး အငြိမ့် ခန်းလေးနဲ့ ပိတ်လိုက်ပါလား။ ကိုယ်က မြန်မာစာကျောင်းသူ ကျောင်းသားတွေဆို တော့ ရိုးရာယဉ်ကျေးမှုနဲ့လည်း ကိုက်ညီ တယ်ဆိုပြီး အငြိမ့်ခန်းလေး ကခိုင်းတယ်။ အဲဒီမှာအမှတ်တရက ကျွန်တော့် လူရွှင်တော် နာမည်မပေးရသေးဘူး။ ငှက်ပျောကြော် ဆိုပြီး ကြုံတဲ့နာမည်ကိုပေးပြီး တက်က လိုက်တာ အဲဒီပွဲမှာ ကျွန်တော် တောင်ရှည် ကျွတ်ပြီး အမှတ်တရတွေ ဖြစ်သွားတာပေါ့။ တောင်ရှည်ကျွတ်ပြီး ကုန်းကောက်လိုက် တော့ အဲဒီမှာရှုပ်ကုန်တာပေါ့ဗျာ။ အဲဒီမှာ ရယ်စရာတွေဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမက စင်ပေါ်မှာ တောင်ရှည်ကျွတ် သွားတာ အမှတ်ရပါတယ်။ အဲဒီအချိန်မှာ ငှက်ပျောကြော်ဆိုပြီး ပိုပြီး သိလာတာ။ ကျွန်တော်က ပြက်လုံးကြောင့် မဟုတ်ဘဲ တောင်ရှည်ကျွတ်တာနဲ့ ဝိုင်းရယ်ကြတာ။ ကျွန်တော်ထွက်လာရင် ရယ်တာတွေက ပြက်လုံးကြောင့်မဟုတ်ဘဲ အဲဒါက အမှတ် တရပါ။
အနုပညာလှုပ်ရှားမှု နောက် ဒုတိယ ခြေလှမ်းက ရန်ကုန်တက္ကသိုလ် အနုပညာ အသင်း ရန်ပုံငွေဆိုပြီး ကိုဇာဂနာ၊ ကိုအရိုင်း တို့နဲ့ ကတယ်။ အဲဒါက ကိုဇာဂနာတို့၊ကိုအရိုင်း တို့က အတော်လေး အောင်မြင်နေပြီလေ။ သူတို့က Professional ဖြစ်နေပြီ။ ကျွန်တော် တို့က ကျောင်းသားတွေ။ ကျွန်တော်၊ ကင်းကောင်၊ ဖိုးဖြူ၊ ညောင်ညောင်တို့နဲ့ ကတော့ ပွဲက အောင်မြင်တယ်။ ရန်ပုံငွေပွဲ ဖြစ်တဲ့အတွက် အပြင်က တေးသံရှင်တွေ လည်း ပါတယ်။ လွှမ်းမိုး၊ ရီရီသန့်၊ ဦးမင်း နောင်၊ နှင်းရည်သန့်တို့ အကုန်ပါကြတယ်။ အဲဒီပွဲက ဒုတိယအောင်မြင်တယ်။ ကျွန်တော့် အတွက် ဒုတိယခြေလှမ်း အောင်မြင်တယ်။
နောက်ရုပ်မြင်သံကြားမှာ မြပုဏ္ဏမာ ဆိုပြီး ကိုဇာဂနာ ဦးစီးပြီး ရိုက်တဲ့အချိန် မှာ ရုပ်မြင်သံကြားကနေ ဗုဒ္ဓဟူးနေ့တိုင်း လွှင့်တဲ့အခါ တစ်တိုင်းပြည်လုံး သိသွားတာ ပေါ့။ အဲဒီကစပြီး ငှက်ပျောကြော်ဖြစ်တယ်။ တစ်က တက္ကသိုလ်ကြောင့် ငှက်ပျောကြော် ဖြစ်တယ်။ နှစ်က ရုပ်မြင်သံကြားကြောင့် တိုင်းပြည်က သိတယ်။ ငှက်ပျောကြော် ဆိုတဲ့ နာမည်နဲ့ပဲ ယနေ့ထိ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး အကုန်ရပ်တည် နေတာပါ။
တက္ကသိုလ်ရာပြည့်က ကြုံတောင့်ကြုံခဲ မှာ ကိုယ်ကိုယ်တိုင် ဂုဏ်ပြုဖျော်ဖြေပွဲကို ရာပြည့်နဲ့ ပတ်သက်ပြီးတော့ သောကြာနေ့ တိုင်း မြန်မာ့ရုပ်မြင်သံကြားကနေ တင်ဆက် နေတဲ့ တက္ကသိုလ်ရာပြည့် Live Show ကို တက္ကသိုလ်နဲ့ ပတ်သက်တဲ့ တေးသီချင်း အပုဒ် (၁၀၀) ဖျော်ဖြေတဲ့အစီအစဉ်မှာ ကျွန်တော်က Presenter လုပ်ခွင့်ရတဲ့ အတွက် ကျွန်တော့်အတွက် အမှတ်တရပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ရော၊ နှစ် (၁၀၀) ပြည့် အနေနဲ့ရော၊ ငှက်ပျောကြော်ဆိုတဲ့လူရွှင်တော် တစ်ယောက်အနေနဲ့ရော အတော်ကျေနပ် ပါတယ်။ အားရပါတယ်။ ဂုဏ်ယူပါတယ်။
နှစ် (၁၀၀)ပြည့်တဲ့နေ့မှာ ဘာလုပ်မလဲ ဆိုတာတော့ ဘာမှ မပြောသေးဘူး။ ဒါပေ မယ့်တစ်ခုခုလုပ်ပေးပါဆိုရင်တော့ လုပ်ပေး ရမှာပေါ့။ ကိုယ်က တက္ကသိုလ်ကျောင်းသား ဟောင်းလည်း ဖြစ်နေတော့လေ။ ခိုင်းရင် လုပ်ပေးမှာပါ။ ဘယ်နေရာ၊ ဘယ်ဖြစ်ဖြစ် အဆင်ပြေမယ်ဆိုရင် လုပ်ပေးမှာပါ။ နှစ် (၁၀၀)ပြည့်ကြီးကို ကြုံတောင့်ကြုံခဲ ကျွန်တော့်သူငယ်ချင်း ကင်းကောင်ဆို မရှိတော့ဘူး။ သူရှိရင် သူနဲ့ ကျွန်တော်နဲ့ မြန်မာ့ရုပ်မြင်သံကြား ရိုက်ကူးရေးမှာ သူနဲ့ ကျွန်တော် ပိုလှတာပေါ့ဗျာ။ သူငယ်ချင်း ကိုလည်း သတိရတယ်။ တက္ကသိုလ်ကြီး နှစ်(၁၀၀)ပြည့်အတွက် အမှတ်တရ ကိုယ် ကိုယ်တိုင် ပါဝင်ပြီးတော့ ဖျော်ဖြေခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ နောင်ကိုလည်း တက္ကသိုလ်နဲ့ ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် ပခုံးပေါ်ကျလာတဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်မှန်သမျှ ကျွန်တော် မငြင်းပါဘူးလို့ ပြောပါရစေ။ ။
- Log in to post comments