ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့ခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ကြုံတွေ့ခံစားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က ပထမလှိုင်း၊ ဒုတိယလှိုင်းဖြစ်ပွားခဲ့ပြီး ယခုနှစ် မေလ ၂၇ ရက်နေ့မှ စတင်၍ တတိယလှိုင်းစတင်ခဲ့သည်။ တတိယလှိုင်းဖြစ်ပွားပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် အတည်ပြုပိုးတွေ့လူနာ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုနေ့က ကူးစက် ပိုးတွေ့နှုန်း ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ပိုးတွေ့နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။
ဇူလိုင်လနောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ၌ ပိုးတွေ့လူနာအမြင့်ဆုံးဖြစ်ခဲ့ပြီး ထိုကာလက အောက်ဆီဂျင်လိုအပ်မှုများနှင့် သေဆုံးမှုများမြင့်မားခဲ့ရာ ပြည်သူအများ ဒုက္ခအခက်အခဲများရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အလေးထားလိုက်နာဆောင်ရွက်ကြသဖြင့် စက်တင်ဘာလတွင် ရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ နိုင်ငံတော် တာဝန်ရှိသူများအပိုင်းမှ စနစ်တကျဆောင်ရွက်ပေးမှု၊ ကျန်းမာရေး ဆိုင်ရာဘက်၌ ရှိသည့်အင်အားဖြင့် စေတနာရှေ့ထား ကြိုးစားပမ်းစားဆောင်ရွက် ပေးမှု၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် စည်းကမ်းဥပဒေလိုက်နာခြင်းအပိုင်းတွင် တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရောဂါဖြစ်ပွားနှုန်းသည် ရှစ်ရာခိုင် နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့နှုန်းမှာ ငါးရာခိုင်နှုန်းအောက်သို့ ကျဆင်းနေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်နိုင်ရန်အတွက် ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါ ကူးစက်မှုများပြားသော မြို့နယ်များရှိ ပြည်သူများအား မိမိနေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်များ ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အများစုကို ကန့်သတ်ထားသောကြောင့် ပြည်သူများ၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး စသည်ဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့သည်။
ယခုအခါ သက်ဆိုင်ရာမြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာကြသဖြင့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံ တွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှ တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှုများ လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်နေစဉ်ကာလ၌ ကျန်းမာရေးအသိပညာပေး မြှင့်တင်ခြင်းလုပ်ငန်း များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူအများစုက အလေး ထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်း ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပြည်သူလူထုတို့က ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်း လာကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ကြောင့် ပါဝင်ဆောင်ရွက်ကြသူအားလုံးတို့ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ Stay at home အစီအစဉ်အကျုံးဝင်သည့် မြို့နယ် ၄၄ မြို့နယ်ကို အကျုံးဝင်သည့် အစီအစဉ်မှ ပယ်ဖျက်ပေးလိုက်သည်။ ထိုသို့ပယ်ဖျက်ပေးလိုက်ခြင်းကြောင့် ထိုဒေသတွင်နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ်နိုင် ရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်ကြတော့မည်ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် အလျှင်းမပျောက်သေးဘဲ မြန်မာနိုင်ငံတွင် အချို့ဒေသ များ၌ ဖြစ်ပွားနေဆဲဖြစ်၍ ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို မစွန့်လွှတ်ဘဲ ဆက်လက်လိုက်နာကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ Stay at home အစီအစဉ်များကို ပယ်ဖျက်ပေးပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။