ရပ်အကျိုး၊ ရွာအကျိုး ဖော်ဆောင်ကြရမည့် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးရုံးများ

ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးရုံးများသည် ရပ်ရွာလူထုနှင့် ထိတွေ့နေရသည့် အခြေခံအကျဆုံးသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ရပ်ကွက်/ကျေးရွာ အဆင့်မှသည် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားခြင်းဖြစ်ရာ အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးရုံးများမှာ လွန်စွာအရေးကြီးသည်။ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးကောင်းလျှင် ကောင်းသလို/ ဆိုးလျှင်ဆိုးသလို နိုင်ငံတော်အစိုးရအပေါ် ပြည်သူလူထု၏အမြင် ကလည်း လိုက်ပါပြောင်းလဲလေ့ရှိသည်။ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးရုံးများသည် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတွင်လည်း အထူးအရေးပါသည်။ ရပ်ရွာနေပြည်သူအချင်းချင်းဖြစ်ပွားသည့် အချို့သော အမှုအခင်း အသေးအဖွဲမျိုးမှာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးရုံး၌ပင် ညှိနှိုင်း ဖြေရှင်း၍ ပြေလည်သွားကြရသည်။ ထို့ပြင် ဒေသလုံခြုံရေးတွင်လည်း ရပ်ကွက်/ကျေးရွာများ၏ ဆယ်အိမ်စု၊ ရာအိမ်စုအလိုက်အထိ ရပ်ရွာ၏အသေးစိတ်အခြေအနေကို သိရှိနိုင်ခြင်းကြောင့် တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်သည်။ သို့ဖြစ်သောကြောင့် ရပ်/ကျေးအဆင့် စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းများ မှန်ကန်ထက်မြက်ကောင်းမွန်ပြီး ရပ်ရွာနေပြည်သူ လူထုနှင့် သဟဇာတဖြစ်ကာ ပြည်သူလူထု ပိုမိုပူးပေါင်းဆောင်ရွက် သည်နှင့်အမျှ ယင်းသို့သောရပ်ရွာမျိုးမှာ အေးချမ်းသာယာ၊ ဖွံ့ဖြိုး တိုးတက်မှု ပိုမိုမြင့်မားလေ့ရှိသည်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများမှာ ဥပဒေအရ သမ္မတ၏ သက်တမ်းနှင့်အတူတူပင်ဖြစ်ရာ သက်တမ်းပြည့်ပါက နောက် သက်တမ်းအတွက် အုပ်ချုပ်ရေးမှူးအသစ်ကို လဲလှယ်ကြရသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသားဖြစ်ခြင်း၊ အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊ သင့်တင့်သော ပညာအရည်အချင်းရှိသူ ဖြစ်ခြင်း၊ စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း၊ ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသူဖြစ်ခြင်း၊ ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့် တာဝန် ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိသူ ဖြစ်ခြင်း၊ အတူနေမိသားစုဝင်များသည်လည်း အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း၊ တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ် ခြင်း၊ မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူ မဟုတ်ခြင်း ဟူသည့် အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်ရမည်ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါတီနိုင်ငံရေးကင်းရှင်းရေးပင်ဖြစ်သည်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ ပါတီနိုင်ငံရေးအစွဲရှိနေပါက ရပ်ကွက်/ကျေးရွာ အတွင်း မလိုလား အပ်သည့် ပြဿနာများဖြစ်ပေါ်လာနိုင်သလို ရွေးကောက်ပွဲမဲစာရင်း ကိစ္စများ၊ ရွေးကောက်ပွဲကိစ္စများ စသည်တို့တွင်လည်း မမှန်မကန် လုပ်ဆောင်မှု၊ အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်။ ယခုအခါ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးရုံးများ ဖွင့်လှစ်ခြင်းကို အဖျက် အမှောင့်သမားများက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တားလျက် ရှိပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်ဆောင်လျက်ရှိကြသည်။ ရပ်ရွာနေ ပြည်သူလူထုအနေဖြင့် သွေးထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်ပြောကြားမှုများကို နားမယောင် ကြဘဲ မိမိတို့၏ ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းသာယာစွာ နေထိုင်နိုင် ကြရေးအတွက် ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးရုံးများ ဖွင့်လှစ်ရာ တွင် ကိုယ်ရောစိတ်ပါ ဝိုင်းဝန်းကူညီနိုင်ကြပါစေကြောင်း။ ။