
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=========================
ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)
=================================================================
ဦးစိုးမြင့်
(အငြိမ်းစားပါမောက္ခချုပ်)
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဂါရဝပြုရမည့် ဆရာကြီးတစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ရုက္ခဗေဒတွဲဖက်ပါမောက္ခ/ ဌာနမှူး ဆရာကြီးဒေါက်တာ ဦးကျော်စိုးအကြောင်းကို လက်လှမ်းမီသမျှ တင်ပြဂါရဝပြုပါသည်။ ရန်ကုန် တက္ကသိုလ်သမိုင်းကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်များ သိရှိစေရန်ဖြစ်ပါသည်။
B.Sc တန်းပြန်တက်
ဆရာကြီးဒေါက်တာဦးကျော်စိုးသည် ရွှေဘိုဇာတိ ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင်မွေးဖွားပြီး ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၊ အသက် ၈၁ နှစ်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းတိုက်ခန်း၌ ကွယ်လွန်သည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်တွင် တက်နေရာမှ မပျော်ပိုက်သဖြင့် ရန်ကုန်တက္ကသိုလ်တွင် B.Sc တန်း ပြန်တက်ပြီး B.Sc(Bio) ဘွဲ့ယူသည်။ ထို့နောက် Plant Anatomy ဘာသာဖြင့် M.Sc ဘွဲ့ယူသည်။
ဆရာကြီး ဒေါက်တာဦးကျော်စိုးသည် ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒနှင့် စိုက်ပျိုးရေးပညာဌာနတွင် သရုပ်ပြဆရာလုပ်နေရာမှ ၁၉၅၆ ခုနှစ်ခန့်တွင် ဌာနမှူး၊ ပါမောက္ခဆရာကြီး ဒေါက်တာဦးကိုကိုလေးက အမေရိကန် နိုင်ငံ ဟားဗတ်တက္ကသိုလ်သို့ ပညာတော်သင်စေလွှတ် သည်။ ထိုတက္ကသိုလ်မှ A.M ဘွဲ့ (Master of Arts) နှင့် Biology ဘာသာဖြင့် Ph.D ဘွဲ့ကိုရရှိသည်။ ဟားဗတ် တက္ကသိုလ်သည် အမေရိကန်နိုင်ငံတွင် ထိပ်တန်း တက္ကသိုလ်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ရသူ မရှိသလောက် ရှားပါးသည်။ ယခုလည်း ရှားပါးဆဲဖြစ်သည်။ ဆရာ့အား ဟားဗတ်တက္ကသိုလ်က လက်ထောက်ပါမောက္ခရာထူး ပေးသော်လည်း လက်မခံဘဲ ကိုယ့်တိုင်းပြည်ကိုသာ အလုပ်အကျွေးပြုမည်ဟု ပြန်လာသူဖြစ်သည်။
ထိုအချိန်က ဟားဗတ်တက္ကသိုလ်မှ A.M(Harvard) ဘွဲ့ရဆရာကြီး အနည်းငယ်ရှိသည်။ ၎င်းတို့မှာ ရူပဗေဒ ပါမောက္ခ ဆရာကြီးဦးစံသာအောင်{အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူး တာဝန်ထမ်းဆောင် နေစဉ် ဧရာဝတီတိုင်း(ယခုဧရာဝတီတိုင်းဒေသကြီး)တွင် “အ” သုံးလုံးလုပ်အားပေးနေသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများရှိရာသို့ လှည့်လည်ကြည့်ရှုစဉ် နေမကောင်းဖြစ်ပြီး ကွယ်လွန်သည် }၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဦးနက် (ကွယ်လွန်)၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဦးဘတုတ် (မပျော်၍ သင်္ချာပါမောက္ခ ရာထူးတာဝန်ပြန်လည်ထမ်းဆောင်သူ၊ ၂-၁၂-၂၀၂၀ ရက်နေ့ အသက် ၁၀၀ တွင်ကွယ်လွန်သူ)နှင့် ရန်ကုန်တက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခ သမိုင်းပညာရှင် ဆရာကြီးဦးထွန်းအောင်ချိန် အစရှိသည် တို့ဖြစ်သည်။
ဆရာကြီး ဒေါက်တာဦးကျော်စိုးသည် ဆရာကြီး ဒေါက်တာမောင်မောင်ခ၊ ဆရာကြီးဦးစံသာအောင်၊ ဆရာ ကြီး ဒေါက်တာမန်းသက်စံတို့နှင့်တွဲဖက်၍ အထက်တန်း တွင် ပြဋ္ဌာန်းသော အထွေထွေသိပ္ပံ အတွဲ ၁၊ ၂၊ ၃၊ ၄ တို့ကို ရေးသားပြီး ရန်ကုန်တက္ကသိုလ်ပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေသည်။ ၁၉၆၂-၆၃ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းတွင် သင်ကြားခဲ့ရပါသည်။ ထို့ပြင် စနစ်သစ် ပညာရေးတွင် အပင်ဆဲလ်၊ တစ်သျှူးနှင့်ခန္ဓာဗေဒပြဋ္ဌာန်း စာအုပ်ကို ရုက္ခဗေဒကထိက ဆရာမကြီးဒေါ်တင်မျိုးငွေနှင့် အတူ ရေးသားပြုစုခဲ့သည်။ ထို့ပြင် Medicinal plants of Myanmar: Identification and uses of some 100 commonly used species, Series(1) စာအုပ်ကို ဆရာမကြီးဒေါ်တင်မျိုးငွေနှင့်အတူ ရေးသားပြုစုခဲ့သည်။ ဆရာကြီးသည် သုတေသနစာတမ်းများစွာကိုလည်း ရေးသားပြုစုသွားသည်။ မဟာသိပ္ပံကျမ်းများစွာကို ကြီးကြပ်ခဲ့သည်။
အချိန်ကို အလကားမထားသော စနစ်
၁၉၆၄-၆၅ ပညာသင်နှစ်တွင် တက္ကသိုလ်ပညာရေး စနစ်သစ် ပြောင်းသည်။ ရန်ကုန်တက္ကသိုလ်သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဖြစ်လာသည်။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသောဘာသာများကို မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ကြားရသည်။ ပညာရေးဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာညီညီက သင်ကြားပို့ချရာတွင် မှတ်စု(Notes)ခေါ်မပေးရဟု ညွှန်ကြားထားရာ ဒုတိယနှစ်မှ စတုတ္ထနှစ် အထိ ဆရာကြီးပို့ချသော Cytology and Plant Anatomy၊ Biochemistry ဘာသာတို့တွင် လိုက်မှတ်နိုင်အောင် နားမလည်မချင်း အနည်းဆုံး သုံးကြိမ်ရှင်းပြသည်။ ထို့ပြင် သင်ကြားပို့ချစဉ် စာမေးလေ့ရှိပါသည်။ ဖြေနိုင်အောင် ဂရုစိုက်နားထောင်ရရာ ဖြေနိုင်ကြပါသည်။ နောင်တွင် ဆရာက လက်ညှိုးထိုးမမေးခင် သူ့ထက်ငါဦးအောင် လက်ညှိုးထောင်ရပါသည်။ ထို့ပြင် ပို့ချချိန်တစ်ချိန်နှင့် တစ်ချိန်အကြား ဆယ်မိနစ်အချိန်လေးကိုပင် စာဖတ်နေမှ ကြိုက်သည့်ဆရာဖြစ်ရာ အချိန်ကို အလကားမထားသော စနစ်ကို ကျွန်တော်တို့ရရှိပါသည်။
ဆရာကြီးသည် တပည့်များကို ပညာတတ်စေချင် သော စေတနာထက်သန်သည်။ ထိုအခါက ဟားဗတ် တက္ကသိုလ်က ကျင့်သုံးသောစနစ်ကို ပြောပြပါသည်။ အစမ်း စာမေးပွဲ နေ့စဉ်လိုလိုရှိတတ်ပြီး အပတ်စဉ် နောက်ဆုံးနေ့ တွင်စာမေးပွဲစစ်၍ တနင်္လာနေ့တွင် အဆင့် A၊ B၊ C ခွဲပြီး အောင်စာရင်းထုတ်သည်။ အဆင့် C ရသူကို ဟားဗတ် တက္ကသိုလ်က ကျောင်းထုတ်သည်။ ထို့ကြောင့် ကျောင်းသား များ အထူးကြိုးစားရသည်။ တစ်နေ့တွင် ဆရာကြီး၏ မိတ်ဆွေတစ်ဦးသည် အဆင့် B ရသော်လည်း ကျောင်းထုတ် ခံရပါသည်။ မကျေနပ်၍ ပါမောက္ခအား သွားမေးရာ တစ်တန်းလုံး အဆင့် A ရပြီး မင်းတစ်ယောက်သာ အဆင့် B ရ၍ ကျောင်းထုတ်သည်ဟု ဆိုသည်။
ထိုခေတ်က မျိုးရိုးဗီဇနှင့်ဇီဝဆိုင်ရာပြဿနာ တစ် စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်သည့် DNA (Deoxyribo nucleic acid) မော်လီကျူး၏ တည်ဆောက်ပုံ ဖော်မြူလာကိုတွေ့ရှိသော အမေရိကန်မှ James နှင့် အင်္ဂလန်မှ Francis Crickတို့က ၁၉၆၂ ခုနှစ်တွင် နိုဗယ်ဆုကို ပူးတွဲရရှိသည်။ DNA model ကို Watson Crick model ဟုခေါ်သည်။ ဆရာကြီး ဒေါက်တာ ဦးကျော်စိုးသည် Watson နှင့် တစ်ဆောင်တည်းနေခဲ့ ကြောင်းပြောပြ၍ DNA အကြောင်းကို ရှင်းပြသည်။ မြန်မာနိုင်ငံ ရုက္ခဗေဒတွင် DNA အကြောင်းကို ပထမဆုံး သင်ကြားပေးသူဖြစ် သည်။ ၁၉၈၃ ခုနှစ်တွင် အလယ်တန်း အထွေထွေသိပ္ပံ သင်ရိုးညွှန်းတမ်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ရာတွင်လည်း အဋ္ဌမတန်းကျောင်းသားများအတွက် DNAအကြောင်းကို အနည်းငယ်ထည့်သွင်းပေးသည်။
ကျွန်တော် စတုတ္ထနှစ်သိပ္ပံတန်း၊ ၁၉၆၇ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့တွင် ဆန်ရှားပါးသောပြဿနာ ပေါ်သည်။ တစ်ဆက်တည်းပင် လူမျိုးရေးအရေးအခင်း ဖြစ်သည်။ ထိုအချိန်တွင် သထုံဆောင်၌ Term paper အတွက် microscope ဖြင့် ကျွန်းပင်၏ xylem fiber cells များကို တိုင်းနေသော ကျွန်တော်အပါအဝင် သူ ကြီးကြပ်သော တပည့်သုံးဦးနှင့် အဆောင်နေ အခြား တပည့်များထံ ဆရာကြီး ရောက်လာပြီး အရေးအခင်းတွင် ဝင်မပါရန် ပြောသည်။ အရေးကြုံလျှင် အသင့်ဖြစ်ရန်သာ၊ မိမိကိုယ်မိမိ physically fit ဖြစ်ရန်နှင့် mentally fit ဖြစ်ရန် (အရေးကြုံလျှင်သက်လုံကောင်းရန်) ပြင်ဆင် ထားရန် ဆုံးမပါသည်။
ထို့နောက် မကြာမီဆရာကြီးအပါအဝင် သင်္ချာ ပါမောက္ခ ဒေါက်တာချစ်ဆွေ(ကွယ်လွန်သူ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်)၊ ဦးကောင်းညွန့်(ကွယ်လွန်သူ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်)အစရှိသည့် ဆရာကြီးများ နှင့် ရုက္ခဗေဒဌာနမှ သရုပ်ပြဆရာများဖြစ်သော
ဦးစိုးလွင် (မကွေးတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်)၊ ဦးတင်စိုး(တွဲဖက်ပါမောက္ခ၊ ကွယ်လွန်)၊ ဦးမြသူ (တက္ကသိုလ် စာပေးစာယူသင်တန်း၊ ကွယ်လွန်)၊ ဦးစိုင်းလုံးကျောက်(ဂျာမနီနိုင်ငံ တက္ကသိုလ်တစ်ခု၏ အငြိမ်းစားပါမောက္ခ ဒေါက်တာစိုင်းလုံးကျောက်) စသည့် ဆရာငယ်များ၊ အဏ္ဏဝါဇီဝဗေဒဌာနမှူး ဦးကြည်ဝင်း (ကွယ်လွန်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်) တို့သည် မိမိတို့တက္ကသိုလ်ရှိ တက္ကသိုလ်အရန်တပ်ရင်း(ယခု တက္ကသိုလ်လေ့ကျင့်ရေးတပ်)သို့ စစ်ပညာသင်ကြားရန် ကျောင်းဆရာတပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ကြသည်ကို တွေ့ရပါသည်။ ဆရာကြီး ဒေါက်တာဦးကျော်စိုးသည် ဗိုလ်မှူးရာထူးဖြင့် မော်လမြိုင် အမှတ်(၃)တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင် ခဲ့သည်။
ဆရာကြီး ဒေါက်တာဦးကျော်စိုးသည် ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ရာမညဆောင်တွင် အဆောင်မှူး တာဝန်ထမ်းဆောင်စဉ်၌ ဇူလိုင် ၇ ရက် အရေးအခင်း ဖြစ်ပေါ်သည်။ စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြုံများကို ဆရာကြီးထံမှ ကြားသိရသည်။
ကျွန်တော် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၌ ရုက္ခဗေဒသရုပ်ပြဆရာဖြစ်သောနှစ် ၁၉၆၇-၆၈ ပညာသင် နှစ်တွင် ဆရာကြီးသည် မော်လမြိုင်ကောလိပ်(လေးနှစ် သင်)သို့ ရုက္ခဗေဒဌာနမှူးအဖြစ် ပြောင်းရွှေ့သည်။ ထိုနှစ်တွင် ဆရာကြီးနှင့် သုတေသနစာတမ်းပြုစုရန် မော်လမြိုင်ကောလိပ်သို့ လိုက်သွားရရာ ညနေ ၄ နာရီတွင် ထမင်းစားပြီး သုံးထပ်ရှိ ရုက္ခဗေဒဌာနရှိ ဆရာ ဆရာမ များအားလုံးနှင့်အတူ သုတေသနကိစ္စများ ဆောင်ရွက်ရ ပါသည်။ နံနက် ၂ နာရီကျော်မှ ပြန်ရပါသည်။ ဆရာကြီး သည် သူ၏တပည့်များကို သုတေသနလုပ်နေမှ သို့မဟုတ် စာဖတ်နေမှကြိုက်ရာ ဆရာကြီး၏ မျက်မှောက် တွင် အလကားမနေရဲကြပါ။ ထိုနှစ်က ဆရာကြီးဌာန တွင် ဆရာ ဆရာမ ၁၂ ဦးရှိရာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သုတေသနစာတမ်းဖတ်ပွဲ(Research Congress) တွင် သုတေသနစာတမ်း ၁၈ စောင် တင်သွင်းဖတ်ကြားနိုင်သည်။ ဆရာ ဆရာမ ၁၇ ဦးရှိသော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရုက္ခဗေဒဌာနက တင်သွင်းဖတ်ကြားသော စာတမ်းထက် ဦးရေပိုများ သည်ကို တွေ့ရပါသည်။
ဆရာကြီးသည် မော်လမြိုင်ကောလိပ်တွင် အဏ္ဏဝါ ဇီဝဗေဒဌာနမှူး ဦးကြည်ဝင်းနှင့်အတူ အဏ္ဏဝါဇီဝဗေဒ ဌာနကို တည်ထောင်ခဲ့သည်။ သူ၏တပည့်များကို သုတေသနလုပ်နေရန် အမြဲတိုက်တွန်းသည်။ ဆရာကြီး ၏ ဆုံးမမှုတစ်ခုမှာ လက်နက်ကိုင်ပုန်ကန်နေမှ သူပုန်လို့ ခေါ်သည်မဟုတ် ညာဝါး၍ မဟုတ်တာလုပ်နေလျှင်လည်း သူပုန်ပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်ရာ ဆရာကြီး၏ အနီးတွင် ဆရာ့ဆုံးမချက်နှင့်အညီ နေကြရရာ ထွန်းပေါက် သောတပည့်များ များစွာမွေးထုတ်နိုင်သည်ကို အမှတ်ရ လျက်ရှိပါသည်။
ကျွန်တော်သည် M.Sc ကျမ်းအတွက် သုတေသနပြု လုပ်နေရာ ညနေတိုင်း တွေ့ရှိရလဒ်များကို ပြရပါသည်။ ထိုအခါ ပျော်ရွှင်သည့်အမူအရာဖြင့် ဆရာကြီးသည် လေချွန်လျက် မကြာခဏ ညနေစာကို လိုက်ကျွေးလေ့ ရှိပါသည်။ လက်ဖက်ရည်သောက်၊ မုန့်စားလျှင်လည်း ဆရာကြီးကသာ အကုန်အကျခံပါသည်။ ထိုအချိန်က သရုပ်ပြလစာ ကျပ် ၄၄၀ သာရသော ကျွန်တော့်အား ကထိကလစာ ကျပ် ၁၂၀၀ ရသော ဆရာကြီးက မင်းလက်ထောက်ကထိက မဖြစ်မချင်း ပိုက်ဆံ မထုတ်ရဘူးဟု ဆိုထားရာ ဆရာကြီးကသာ အကုန် အကျခံခဲ့ပါသည်။ လက်ထောက်ကထိက ရာထူး တာဝန်ထမ်းဆောင်ရမှ ဆရာကြီးအား အရပ်ဒေသ ထွက် လုံချည်ကန်တော့သည်ကို လက်ခံခဲ့ပါ သည်။
ဆရာကြီးသည် ဇီဝဗေဒပညာရှင်အဖွဲ့ဝင်အဖြစ် ဟားဗတ်တက္ကသိုလ်က ထုတ်ပေးသော Sigma ရွှေတံဆိပ်ကို အငြိမ်းစားယူသည့်နေ့တွင် တပ်ဆင်ပြ သည်မှလွဲ၍ ဟိတ်ဟန်မရှိဘဲ ဘဝကိုရိုးရှင်းစွာ နေထိုင် သွားသူ၊ သုတေသနလုပ်ဆောင်မှုများနှင့်အချိန်ကို အသုံးပြုလျက် နမူနာပြသွားသူဖြစ်ရာ ကျွန်တော်တို့၏ ကျေးဇူးရှင်ဆရာကြီး ဒေါက်တာ ဦးကျော်စိုး၏ ဂုဏ်ကျေးဇူးအား အမြဲအမှတ်ရ အောက်မေ့လျက် ရိုသေစွာ ကန်တော့လိုက်ပါသည်။ ။
- Log in to post comments