
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
n ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကို နိုင်ငံတကာနဲ့ယှဉ်ထိုးကြည့်၊ မျက်မှောက်ခေတ်မှာ အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ရှုကြည့်ကြလော့။
n နိုင်ငံတိုင်းဟာ ကိုယ့်သမိုင်းကြောင်းတွေအရ အကောင်းဆုံး၊ အမှန်ကန်ဆုံးလို့ခံယူပြီး နိုင်ငံရေး၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ခဲ့ကြတာတွေကို ရှုမြင်သုံးသပ်ကြလော့။
n မြန်မာ့တံခါးကိုဖွင့်ကြည့်ကြလော့ အနာဂတ်ကိုမြော်မြင်ပြီး သတိဉာဏ် မြေကတုတ်နဲ့ သင်ယူ အားထုတ် အလုပ်လုပ်ကြလော့ဆိုတဲ့ အချက်များနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။
အဓွန့်ရှည်ကြာစွာ ရပ်တည်ခဲ့
မြန်မာတွေဟာ မြန်မာ့မြေပေါ်မှာ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့ နေလာခဲ့တဲ့ဂုဏ် ပုဂံယဉ်ကျေးမှုဟာ နှစ်ပေါင်း ၃ဝဝ တိုင် အဓွန့်ရှည်ကြာစွာ ရပ်တည်ခဲ့ရတဲ့ဂုဏ်ဟာ ကမ္ဘာ့အလယ်မှာ ထည်ဝါခဲ့ပါတယ်။
n အေဒီ ၁၅၅ဝ ကျော်မှာ ဘုရင့်နောင်ဟာ ကမ္ဘောဇသာဒီ နန်းတော်ကြီးတည်ဆောက် ပြီး နန်းစံခဲ့ပါတယ်။ အနီးအနားနိုင်ငံတွေ အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့ပါတယ်။ အမြော်အမြင်ကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ခေတ်ပြိုင် အေဒီ ၁၆ဝဝ လောက်က ဘာကင် ဂန်နန်းတော် (Buckingham Palace) ကို လန်ဒန်မှာ တည်ဆောက်ခဲ့တာ ကျွန်တော်တို့ထက် နောက်ကျခဲ့ပေမယ့် ယနေ့တိုင် တည်တံ့နေပါတယ်။ စည်းလုံးညီညွတ်မှု လျော့ရဲလာတဲ့အပြင် ဘေးပယောဂတွေ ဝင်မှန်းမသိတဲ့ ဘုရင်မင်း လက်ထက်မှာ ကမ္ဘောဇသာဒီနန်းတော်ကြီးဟာ ပျက်သုဉ်းခဲ့ရပါတယ်။ အတိတ်သမိုင်းကို အပြစ် မတင်ပါဘူး။ သင်ခန်းစာတွေရှုလော့၊ မတွေမဝေ စဉ်းစားသုံးသပ်ဖို့၊ ဘာတွေအားသာပြီး ဘယ်အရာ ကိစ္စတွေမှာ အားနည်းနေလဲဆိုတာ သင်ယူဖို့၊ ပြီးရင် အကောင်းဆုံး အမှန်ကန်ဆုံးလမ်းကိုရွေးချယ် တညီတညွတ်တည်း တကယ်အလုပ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
n ခေတ်ပြိုင် ၁၆၃၆ ခုနှစ် အမေရိကမှာ ဟားဗတ်တက္ကသိုလ်ကို ဖွင့်လှစ်တည်ထောင် ခဲ့ပါတယ်။ ကျွန်တော်တို့က တက္ကသိုလ် ပညာရေးကို ၁၈၇၈ ခုနှစ်ရောက်မှ စတင် နိုင်ခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ်နှင့် ယှဉ်ကြည့်ရင်၊ ရန်ကုန်တက္ကသိုလ်ဟာ နှစ်ပေါင်း သုံးရာနီးပါး တာထွက်နောက်ကျ ခဲ့ပါတယ်။
n အေဒီ ၁၇၅၂ ခုနှစ်မှာ အလောင်းမင်းတရား ကြီးက ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့ ပါတယ်။ စည်းလုံးညီညွတ်မှု ရှိခဲ့တယ်။ စပါးဆန်ရေ ပေါများအောင် ဆောင်ရွက် ခဲ့တယ်။ စာပေကျမ်းဂန်တွေ ထွန်းကား လာခဲ့ပါတယ်။ ရေမြေသယံဇာတ သစ်တော သယံဇာတတွေကို အကြောင်းပြုပြီး ဝင်ရောက်လာတဲ့ ဝိသမလောဘသမားတို့ရဲ့ ခြေလှမ်းအလွန်ကျယ်ခဲ့တဲ့ကာလနဲ့ မြန်မာ ဘုရင်တို့ဟာ ကြုံခဲ့ကြရပါတယ်။ မြန်မာ နိုင်ငံအောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲခူး၊ ဟံသာဝတီ၊ ရန်ကုန်၊ ပုသိမ်၊ ဟိုင်းကြီးကျွန်း အရေးကိစ္စများကို ဖြေရှင်းခဲ့ရလို့ မြန်မာ့ ခေါင်းဆောင်တွေဟာ အားတွေကုန်ခဲ့ရ ပါတယ်။
n မြန်မာနိုင်ငံမှာ အခုခေတ်လို အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့တာကတော့ ၁၈၁၃ ခုနှစ်က ဖြစ်ပါတယ်။
အက်တမ် သီအိုရီကို ဖော်ထုတ်ခဲ့
အဲဒီအချိန်မှာ ဂျွန်ဒေါ်လတန် (John Dalton) က အထက်တန်းကျောင်းဆရာဘဝမှာ အက်တမ် သီအိုရီကို ဖော်ထုတ်ခဲ့ပါတယ်။ ဥရောပတစ်ခွင်မှာ လက်တွေ့ပါတဲ့အခြေခံသိပ္ပံ (Basic Science) ကို အခြေချနိုင်တဲ့သဘောကို တွေ့ရပါတယ်။ ၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ကိစ္စမှာ သိပ္ပံပညာအခြေခံတွေဟာ အကြောင်းတရားပဲ ဖြစ်ခဲ့ပါတယ်။
၁၈၄ဝ ပြည့်နှစ်များမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံ ကြီး နှစ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄ဝ ရာခိုင်နှုန်း ကို လွှမ်းခြုံခဲ့ပါတယ်။ သဘာဝတွင်းထွက်ပစ္စည်းများ ဖြစ်တဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာများနဲ့ လက်လုပ်ပိုးထည်တွေ ထုတ်လုပ်ရောင်းချခြင်းနဲ့ စီးပွားဖြစ်ခဲ့ပါတယ်။
တရိပ်ရိပ်စက်မှုထွန်းကားလာတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံများဟာ စက်ရုံ၊ အလုပ်ရုံများမှာ ကုန်ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီး ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ စျေးကလည်းသက်သာ၊ ပစ္စည်းတွေကလည်း သေသပ်လှပပြီး လူကြိုက်များ ခဲ့ပါတယ်။ ၁၉ဝ၈ ခုနှစ်ထုတ်တဲ့ ဖို့ဒ် (Ford) Model ကားတစ်စီးဟာ ဒေါ်လာ ၉ဝဝ ပေးဝယ်ရပါတယ်။ ၁၉၂၅ ခုနှစ်ရောက်တော့ အဲဒီကားမျိုးဟာ တစ်စီးလျှင် ဒေါ်လာ ၂၉ဝ ထိ ကျဆင်းသွားတော့ လူများစုဝယ်နိုင်လာပါတယ်။ စက်မှုနည်းပညာ ထွန်းကားခြင်းရဲ့ရလဒ်ပဲ။ သိပ္ပံနဲ့နည်းပညာ ထွန်းကားတဲ့ နိုင်ငံတွေဟာ ပိုပြီးချမ်းသာသွား ကြပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှု
အမေရိကန် အဆင့်မြင့်ပညာရေးကို တစေ့ တစောင်း လေ့လာကြည့်ရင် အမေရိကန်တို့ဟာ ၁၆၃၆ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်၊ ၁၈၃၉ ခုနှစ်မှာ ဘော့စတွန် တက္ကသိုလ်၊ ၁၈၉၁ ခုနှစ်မှာ စတင်းဖို့ဒ် တက္ကသိုလ်တို့ကို ပုဂ္ဂလိက သုတေသန တက္ကသိုလ်များအဖြစ် ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ထောင်ခဲ့ပါတယ်။ အမေရိကန် တို့ဟာ အရှေ့အရပ်မှ အနောက်အရပ်သို့ ရွေ့လျား လာကြပြီး ပရေရီ (Prairie) မြက်ခင်းနဲ့ ပူပြင်း ခြောက်သွေ့တဲ့ဒေသတွေနဲ့ သဟဇာတဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ချမှတ် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၁၈၆၂ ခုနှစ်မှာ- မိုရဲလ် (Morrill) အက်ဥပဒေနဲ့ အမေရိကန် အဆင့်မြင့်ပညာရေးကို ကြီးမားစွာ ပြုပြင် ပြောင်းလဲခဲ့ကြောင်း မှတ်တမ်းတစ်ခုအရ သိရ ပါတယ်။
အေဒီ ၁၈၅ဝ ခုနှစ်တစ်ဝိုက်မှာ ဂရီဂိုမင်ဒယ် (Gregor Johann Mendel, 1822 - 1884) အမည်ရှိ အော်စထရီးယန်း (Austrian) ဘုန်းကြီးတစ်ပါးဟာ ဘုရားကျောင်းဥယျာဉ်အတွင်း ပဲပင်များကို စနစ်တကျစိုက်ပျိုးပြီး လေ့လာခဲ့တာမို့ မျိုးရိုးဗီဇကို စတင်နားလည်ခဲ့ရပါတယ်။
နည်းပညာဟာ လူသားတို့အတွက် အကျိုးပြု
၁၉၂၇ ခုနှစ်က ကမ္ဘာ့လူဦးရေသန်းနှစ်ထောင်၊ ၁၉၉၉ ခုနှစ်က သန်းခြောက်ထောင်ကို ကျွေးမွေး နိုင်တာ မျိုးရိုးဗီဇကိုအခြေခံပြီးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေကြောင့်ပဲ ဖြစ်ပါတယ်။ နည်းပညာဟာ လူသားတို့အတွက် အကျိုးပြုတယ် လို့ ပြောရမှာပဲ။ နည်းပညာရဖို့ ကိုယ်တိုင်လုပ်ရ ပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ် ၂ဝဝ ကျော် လောက်ကတည်းက အမေရိကန်နိုင်ငံဟာ သူ့ရဲ့ပြည်သူတွေကို ပညာသင်ပေးခဲ့ပါတယ်။ အခြေခံအဆောက်အအုံ တွေကိုလည်း တည်ထောင်ခဲ့ပါတယ်။ ပညာပိုင်း ဆိုင်ရာပညာရှင်တွေ ငွေကြေးအရင်းအနှီး သွင်းအားစုတွေ စုဆောင်းခဲ့ပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာမြင့်မားတဲ့ နည်းနိဿရည်းတွေကို လည်း မွေးစားခဲ့ပါတယ်။ ဒါရဲ့ အကျိုးကျေးဇူးဟာ အမေရိကန်တို့ရဲ့ စိုက်ပျိုးရေးနဲ့ ချည်မျှင်ချည်ထည် ထုတ်လုပ်မှုမှာ အကျိုးအမြတ်များစွာ ဖြစ်ထွန်း ခဲ့ပါတယ်။ ၁၈၉ဝ ပြည့်နှစ်မှာ အမေရိကန်တို့ဟာ စက်မှုလယ်ယာကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်တစ်ဦးဟာ ပျမ်းမျှ တစ်ပတ် ၅၂ နာရီ အလုပ်လုပ်ကြရပါတယ်။ နည်းပညာတိုးတက်လာ တာကြောင့် ယနေ့ အမေရိကန်တို့ဟာ ၃၇.၉ နာရီသာ အလုပ်လုပ်ကြရပါတော့တယ်။
n ၁၉၅၄ ခုနှစ်များမှာ ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံးနိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။ သဘာဝ သယံဇာတကြွယ်ဝမှုနဲ့ လွတ်လပ်စနိုင်ငံ၊ မြန်မာတို့ရဲ့ရိုးသားကြိုးစားမှုကို အခြေပြုပြီး ပြောတာဖြစ်မယ်။
n ၁၉၅၈ ခုနှစ်မှာ မြန်မာဟာ ဆန်တန်ချိန် ၆.၄ သန်းထွက်ရှိတော့ ကမ္ဘာကို ဆန်တန်ချိန် အများဆုံး တင်ပို့ရောင်းချတဲ့စံချိန်ကို တင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ဟာ ကျွန်တော်တို့စံချိန်မမီခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာအကူအညီနဲ့ International Rice Research Institute (IRRI Established in 1960) ကို တည်ထောင်ခဲ့ပြီး စပါးထုတ်လုပ်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ IRRI ဟာ ဇီဝနည်းပညာကို အခြေပြုတဲ့ထုတ်လုပ်မှု သို့ ခြေဦးလှည့်တာ ဖြစ်ပါတယ်။ အထွက်တိုး မျိုးကောင်းစပါးတွေရရှိရေး၊ ရာသီဥတုနဲ့ ပိုးမွှား ဒဏ်ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေ ပေါ်ထွန်းရေး အတွက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဌာနကြီးဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။
n ၁၉၇ဝ - ၁၉၈ဝ နှစ်များမှာ ကျွန်တော်တို့ မြန်မာတွေဟာ ရာကျော် စပါးတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလှိုင်းဂယက် တွေထဲမှာ တဝဲလည်လည်ဖြစ်ခဲ့ရပါတယ်။ မြန်မာ့ဆန်စျေးကွက်လည်း ပျောက်ကွယ် သွားခဲ့ပါတယ်။ အဲဒီနေရာကို ထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့က ရသွားကြပါတယ်။
၁၉၈ဝ-၁၉၉ဝ နှစ်များမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပေါင်း ကုန်သွယ်မှုဟာ ၄ဝ ရာခိုင်နှုန်း မရှိတော့ဘဲ ၃.၄ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်ပါ တော့တယ်။ ဒီနိုင်ငံကြီး နှစ်နိုင်ငံပေါင်းရဲ့ သိပ္ပံနဲ့ နည်းပညာသုတေသနစွမ်းပကားဟာလည်း ကမ္ဘာ့ သုတေသန စာတမ်းပေါင်းရဲ့ ၃.၉ ရာခိုင်နှုန်းသာ ရှိပါတယ်။ သုတေသနတွေလုပ်နိုင်တာ တက္ကသိုလ် တွေမှာ အတွေးအခေါ် အမြော်အမြင်မြင့်မားတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေဟာ ပင်ရင်းပဲ။ သိပ္ပံနဲ့နည်းပညာဟာ ပို၍အခရာကျတာ တွေ့ရမှာ ဖြစ်ပါတယ်၊၊
ရှေးယခင်က ဂျပန်နိုင်ငံဟာ ကမ္ဘာနဲ့ကင်းကွာ ခဲ့တဲ့ ကျွန်းနိုင်ငံလေးတစ်ခုအဖြစ် ရပ်တည်ခဲ့ ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးဆက်ဆံမှု ကို ထိန်းချုပ်ခဲ့ပါတယ်။ သဘာဝကပေးတဲ့ လက်ဆောင်နဲ့ပဲ ကျေနပ်ရောင့်ရဲတဲ့လူမျိုးပဲ။ ဂျပန် တို့ရဲ့ သင်ယူလေ့လာရေးက ဆွဲဆောင်မှုမရှိ၊ နည်းပညာသစ်ကိုရယူဖို့၊ နည်းပညာသစ်များမှာ အံဝင်ခွင်ကျအသုံးတည့်ဖို့ ဆန္ဒပြင်းပြင်းပြပြရှိခဲ့ဟန် မတူဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ၁၈၅၃ ခုနှစ် အတွင်းမှာ ကိုမိုဒို မက်သရူးပယ်ရီ (Commodore Mathew Perry) ဟာ အနက်ရောင်သင်္ဘောကြီးနဲ့ ဂျပန်ကျွန်းကိုရောက်လာတော့ ဂျပန်တို့ရဲ့ ယခင်က အတွေးအခေါ် ခံယူချက်တွေ ပြောင်းလဲသွားပါတယ်။ ဂျပန်လူမျိုးတို့ဟာ ရှုမြင်ပုံမှာ မြင့်မားလာပါတယ်။ ပိုစဉ်းစားလာကြပါတယ်။ နည်းပညာရမှဖြစ်တော့ မယ်ဆိုတာ ဂျပန်တို့ ကောင်းစွာသိသွားကြပါတယ်။ နောက်တော့ တစ်သက်တာသင်ယူရင်း အလုပ် လုပ်တော့တာပဲလို့ ပြောချင်ပါတယ်။ ပညာရပ်တွေ ရဲ့ တန်ဖိုးနားလည်ပြီး အလုပ်လုပ်နိုင်ဖို့နဲ့ ခေတ် အဆက်ဆက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပညာရေးကို အားပေးတော့တာဖြစ်ပါတယ်။
n ခေတ်ပြိုင် ကျွန်တော်တို့ ကနောင်မင်းသား ကြီးဟာ စက်မှုခေတ်ကို တက်လှမ်းခဲ့ပေမယ့် အားပေးထောက်ခံမှု နည်းခဲ့ပါတယ်၊ နန်းတွင်းအရေးတွေကြောင့် လမ်းခုလတ်မှာ နည်းပညာအမြော်အမြင်နဲ့ အသက်ပါ ပေးလိုက်ရပါတယ်။
မျိုးရိုးဗီဇနဲ့ ရေခံမြေခံကောင်း
၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတယ်။ ဂျပန် အတွက် ခံပြင်းစရာပါပဲ။ ဒုတိယကမ္ဘာစစ်ထဲဝင်ခဲ့ပြီး ပြာပုံဘဝရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ပြာပုံဘဝက ထနိုင်ဖို့၊ စစ်လျော်ကြေးပေးရဖို့ကိစ္စဟာ တွေးကြည့် ရင် အလွန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးပဲ။ တစ်မျိုးသားလုံးရဲ့အရေးဖြစ်လို့၊ ကမ္ဘာကလိုချင်တဲ့ တန်ဖိုးမြင့်ကုန်ချောတွေ ထုတ်ရောင်းချတဲ့နည်းပဲ ရှိတော့တယ်လို့ ဘုရင်မင်းမြတ်ကအစ၊ ဂျပန် အစိုးရက ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ သိပ္ပံနဲ့ နည်းပညာတွေကို ကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေထဲက စီးပွားဖြစ်အောင် မီးကုန် ယမ်းကုန်ရှာဖွေခဲ့ပြီး ပြာပုံထဲကထခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ Made in Japan ဂျပန်ဆိုတာ Bad Quality လို့ ပြက်ရယ်ပြုတဲ့ စကားဖြစ်ခဲ့ပါတယ်။ ဒီနေ့ ဂျပန်ပစ္စည်းတွေဟာ ကမ္ဘာ့အဆင့်မီဖြစ်သွားပြီ ဖြစ်ပါတယ်။ ဂျပန်တို့ရဲ့ မျိုးရိုးဗီဇနဲ့ ရေခံမြေခံ ကောင်းလို့ပဲ။ ဉာဏ်အမြော်အမြင်နဲ့ ကံ ဉာဏ် ဝီရိယကြောင့် ကမ္ဘာ့အလယ်မှာ နေရာရနေခြင်းပဲ။ ၂၁ ရာစုနှစ်ရဲ့ အနာဂတ်ဂျပန်ဟာ ဘယ်အခြေ အနေမှာရှိလဲဆိုတာ ဆန်းစစ်တော့ ၂၀၂၅ မှာ တတ်သိ၊ နည်းပညာရှင် သန်း ၆၀ သာရှိတော့မှာမို့ လွန်စွာပူပင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကကဲ့သို့ ၆၇ သန်းထိ မြင့်မားနေဖို့ အသည်းအသန်ကြိုးပမ်း နေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments