Type

“လတပေါင်းမို့၊
ရွက်ဟောင်းကြွေကာ၊ ဥတ္တရာနှင့်
ကြယ်မှာဘဒြပိုဒ်၊ လေးချက်ချိန်ကို
တိမ်ခြေဆိုက်လို့၊ စရိုက်ကယ်ဖွေရှာ
ကိုတံငါလည်း၊ ဘာသာတောင်တင်
ပျော်မြူးသာရွှင်တော့တယ်
သဘင်လခါမှီကို၊ သဲစေတီ ငွေသောင်ကမ်းက
လွမ်းလှတယ်လေး……”
(မဟာအတုလမင်းကြီး)
ဆောင်းရာသီလည်း မပြယ်သေး၊ နွေဦးရာသီက လည်း မပီသေး။ ဤရာသီအခါသမယ ကောင်းကင်ယံတွင် တိမ်ရောင်စုံများ၊ သက်တံ့ရောင်တို့၏ အလှများဖြင့် ဆေးရေးခြယ်သလျက်ရှိပေသည်။ မြေပြင်တွင်လည်း သစ်ပင်များဆီမှ ရွက်ဟောင်းကြွေကျ မြေခနေသလို ရွက်သစ်အညွန့် အညှောက်များကလည်း ပုရစ်ဖူးအစီအရီ နှင့် စိမ်းစိုစပြုနေချိန်ဖြစ်သည်။ ထိုအချိန်လရာသီတွင် မြစ်ချောင်းများတွင်လည်း ရေများစစ်ကာ သဲပြင်သောင်ခုံ များ ပေါ်ထွန်းကာ လွမ်းစရာ့ပန်းချီကားတစ်ချပ်ပမာ ရှိနေ ပေသည်။
ညွှန်းဆိုကြ
မြန်မာ့တစ်ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တပေါင်းလသည် သာယာကြည်နူးဖွယ်ကောင်းသော နောက်ဆုံးလဖြစ်သည်ဟု စာဆိုရှင်များက ညွှန်းဆိုကြ သည်။ တပေါင်းလ၏ ပထမလတစ်ဝက်သည် ဆောင်းရာသီ တွင် ကျရောက်၍ ဒုတိယလတစ်ဝက်သည် နွေရာသီတွင် ကျရောက်သည်ဖြစ်ရာ ဆောင်းနှောင်းနွေစ သာယာလှပ သော ရာသီဖြစ်သည်။ ထို့ကြောင့် နေ့ပူ ညချမ်းတပေါင်းလ သရမ်းဟု ဆိုစမှတ်ပြုခဲ့ကြလေသည်။
ထို့ကြောင့်လည်း တပေါင်းလ၏ သာယာကြည်နူး စရာကောင်းပုံကို ရှေးစာဆိုတို့က အမျိုးမျိုးရေးဖွဲ့စပ်ဆိုခဲ့ ကြပေသည်။ ဖိုးသူတော်ဦးမင်း၏ တပေါင်းလဖွဲ့သဖြန် တွင် “ပန်းရွှေဖီ ကြိုင်လှိုင်လို့၊ ပိတောက်ကယ်တဲ့ သင်းချို။ ဥတ္တရဘရဂုဏ်က တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊ လမင်း သော်တာနှင့် တူမကွာ ထိန်ဝါလဲ့၊ ထွန်းတဲ့ခါကို။ သောင်သဲ ငယ်၊ မိုးရေညိုကရစ်မို့။ လေညင်းငယ်လာ၊ စုံဟေမာမြိုင် ထဲက၊ ဝမ်းဘဲရွှေစင်ရော်တို့၊ ဖော်ခေါ်သံမောင်မယ်ကျူး တယ်၊ မြူးပျော်ကြလို့……..”ဟူ၍ တပေါင်းလ၏ ကြည်နူး လှပပုံကို စာပန်းချီသီကုံးထားပေသည်။
တပေါင်းလသည် ကျောင်းသား ကျောင်းသူများ အတွက် နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်သလို မကြာခင်ရောက်ရှိတော့မည့် နှစ်သစ်ကူးအတာရေသဘင်ပွဲ အတွက်လည်း အားခဲကာ စိတ်ကူးများဖြင့် ပျော်မြူးနေကြ သည့် ကာလလည်းဖြစ်ပေသည်။
ပညာရှင်များ မိန့်ဆို
တပေါင်းလဟု ခေါ်ဝေါ်ရခြင်းမှာ နက္ခတ် ၂၇ လုံး စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ထန်းရေများ ပေါင်းစပ်ကာ ကြိုချက်ခြင်းကြောင့် ထန်းပေါင်းဟုလည်း ကောင်း ဆိုရာမှ တပေါင်းဟုခေါ်ဆိုကြခြင်းဖြစ်ကြောင်း ပညာရှင်များက မိန့်ဆိုခဲ့ကြသည်။ တချို့ကလည်း ဤလရာသီတွင် နက္ခတ် ၁၂ လုံး စုပေါင်းပေါ်ထွက်ခြင်း ကြောင့် တပေါင်းလဟုခေါ်ဆိုသည်ဟု ဆိုကြပြန်သည်။ တပေါင်းလကို ဗေဒင်အခေါ်အားဖြင့် မိန်ရာသီဟု သတ်မှတ်ကြပြီး ရာသီရုပ်ပုံအားဖြင့် ငါးနှစ်ကောင်ရုပ်ဟု ဆိုသည်။
တပေါင်းလသည် နေ့တာရှည်၍ ညတာတိုသော လဖြစ်ပြီး ရက်ပေါင်း ၃၀ ရှိ၏။ ထိုလတွင် မြစ်များ၊ ချောင်း များ ရေစစ်ကာသောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲတော်များ ကျင်းပလေ့ရှိ သည်။ သဲများကိုစုပုံ၍ စေတီအသွင်တည်ကာ မြတ်စွာ ဘုရားအား ရည်မှန်းထား၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံ စေတီပွဲတော်သည် ဗုဒ္ဓသာသနာ စတင်ထွန်းကားလာချိန် မှပင်ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။
ထို့ကြောင့် အကြောင်းညီညွတ်သော ထိုလရာသီတွင် မြန်မာဘုရင်များက သဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ် မှတ်ကာ ရွှေနန်းတော်ကြီးမှသည် ကျေးလက်တောရွာများ အထိ နိုင်ငံတစ်ဝန်း သဲပုံစေတီပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြ သည်။
ရှေးအခါက သဲပုံစေတီတည်ထားရာတွင် အုတ်များ ဖြင့် မပြုလုပ်နိုင်ကြပေ။ သဲပုံစေတီတည်ရာတွင် ရိုင်ပတ် များကို အဆင့်ငါးဆင့်တည်၍ တည်ဆောက်ကြသည်။ အဆင့်ငါးဆင့်မှာ မြင်းမိုရ်တောင်ရှိ အာလိန်ငါးဆင့်ပုံကို ရည်ရွယ်တည်ထားခြင်းဖြစ်သည်။ ယင်းအာလိန်ငါးဆင့် တွင် သန့်စင်သောသဲများ အပြည့်သိပ်ထည့်ရသည်။ ထို့နောက် တံခွန်ကုက္ကား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော် ကာ အလှူအတန်းပွဲများကို ပြုလုပ်ကြသည်။ နှစ်ကာလ ကြာသော် အုတ်တို့ဖြင့်စေတီကိုငုံ၍ စေတီကြီးအဖြစ် ဆက်လက်တည်ဆောက်ကြသည်ဟုဆို၏။
တပေါင်းလတွင် ဥဩငှက်များ၏ လွမ်းမောဖွယ် တွန်သံသာများကလည်း မြန်မာနိုင်ငံ အနှံ့အပြား ပျံ့လွင့် လျက်ရှိပြီး နွေ၏ပန်းချီကားကို ပိုမိုရုပ်လုံးကြွစေသည်။ စာဆိုတို့က “ရွှေ ဥဩတွန်သံသာ၊ နွေဦးပေါက်တော့မှာ” ဟူ၍လည်း ဆိုခဲ့ကြပေသည်။
စာဆိုရှင်အုန်းညိုကလည်း ဂါထာ ၆၀ ပျို့တွင် “တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာ ထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များသို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာတောတိ၊ ကြည်ဖွယ် ရှိစ”ဟူ၍လည်းကောင်း၊ စာဆိုဦးကြင်ဥက “ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ”ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြရသည့် လလည်းဖြစ်ပေသည်။
ဆွမ်းတော်ကြီးကပ်လှူပွဲ
မြန်မာ့ဆယ့်နှစ်လရာသီတွင် ဘာသာရေးကို အခြေခံသောပွဲများကို ဆင်နွှဲလျက်ရှိရာ တပေါင်းလတွင် သဲပုံစေတီပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို ဗုဒ္ဓဘာသာဝင် အပေါင်းတို့က ဆင်နွှဲခဲ့ကြသည်။ ဆွမ်းတော်ကြီးတင်ပွဲကို အရုဏ်တော်လှည့်ပွဲဟုလည်း ခေါ်ကြသည်။ ဆွမ်းတော် ကြီးတင်လှူပွဲဆိုသည်မှာ သဲပုံစေတီတွင် လှူဒါန်းရန် အတွက် လှူဖွယ်ဝတ္ထုများကို ဝင်းခင်းကာ လှည့်လည် အလှူခံကြခြင်းဖြစ်သည်။ ဆွမ်းတော်ကြီးခေါ် အရုဏ် တော်လှည့်လာသည့် အခမ်းအနားတွင် လှူဖွယ်၊ ခဲဖွယ်၊ ဘောဇဉ်များကို လှူဒါန်းကာ ကုသိုလ်ယူကြသည်။ အဆိုပါပွဲတွင် အဆို၊ အတီး၊ အမှုတ် တူရိယာဝိုင်းများဖြင့် ခမ်းနားစည်ကားစွာ ကျင်းပကြသည့်အတွက် တပေါင်းလ ၏ သဲပုံစေတီပွဲတော်သည် ကုသိုလ်ရေးနှင့်အတူ ပျော်ရွှင် မှု၊ စည်းလုံးချစ်ကြည်ရင်းနှီးမှုတို့ကို ရရှိစေသည့်ပွဲလည်း ဖြစ်ပေသည်။
သဲပုံစေတီပွဲတော်မှာ ဗုဒ္ဓဘာသာမှ ဆင်းသက်လာ သော မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး သဲပုံစေတီကို ရှေးအခါက မြစ်ပြင်သဲသောင်ယံဦး မြစ်ကမ်းနဖူးတွင် တည်ထားလေ့ရှိသည်။ သဲပုံစေတီကို ရှေးအခါက စည်းခုံ၊ စဲခုံဟူ၍ ခေါ်ခဲ့ကြပြီး ယခုအခါ စည်းခုံကို သဲပုံဟူသော အဓိပ္ပာယ်ယူ၍ သဲပုံစေတီကို တည်ထားခဲ့ပေသည်။ စည်းခုံ ဟူသည်မှာ ပုဂံခေတ်အနော်ရထာမင်းစောသည် ပုဂံမြို့ အနီးရှိ ဧရာဝတီမြစ်ကမ်းသဲခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီတော်ကြီးတစ်ဆူ တည်ထားခဲ့သည်။ ယင်းစေတီတော်ကြီးသည် သဲခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံစေတီဟု ဘွဲ့တော်သတ်မှတ်ခဲ့ရာ ယနေ့ထိတိုင် အထင်အရှား ဖူးမြော်ကြရပေသည်။
ပျော်ရွှင်စရာ၊ ကြည်နူးစရာ
ဘုရားပွဲတော်အချိန်နှင့် တောင်သူလယ်သမားဦးကြီး များ၏ သီးနှံပေါ်ပြီးချိန် တိုက်ဆိုင်သဖြင့် ဘုရားပွဲတော်သို့ ရွာနီးချုပ်စပ်မှ စုပေါင်း၍ သွားရောက်ဆင်နွှဲသည့်ဓလေ့ မှာလည်း ပျော်ရွှင်စရာ၊ ကြည်နူးစရာပင်ဖြစ်သည်။
လှည်းဝိုင်းများဖြင့် ပြုလုပ်ဝန်းရံကာ အငြိမ့်သဘင်၊ ဇာတ်သဘင်ပွဲများသို့ စုပေါင်း၍ သွားရောက်ကြည့်ရှုကြ သည်။ ဆယ့်နှစ်ပွဲဈေးသည်တို့ကလည်း ဘုရားပွဲတော်တွင် ဒေသထွက်ကုန်ပစ္စည်းများ၊ မြန်မာ့ရိုးရာမုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ခင်းကျင်းရောင်းချကြ သည်။ တပေါင်းလရာသီတွင် ဆိုင်းသံ၊ ဗုံသံသောသော ညံကာ ရွှင်လန်းချမ်းမြေ့ရသည်မှာ စာဖွဲ့၍ မကုန်နိုင် တော့ပေ။
နိုင်ငံတော်နှင့် ပြည်သူများ ရိက္ခာဖူလုံရေးအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသော ကျေးဇူးရှင်တောင်သူ ဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင်ပြီးစီးသည့်ရာသီမှာ တပေါင်းလရာသီပင်ဖြစ်သည်။ သို့သော် ဦးကြီးတို့မှာ အနားမယူနိုင်ကြပေ။
မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သီးထပ် သီးညှပ် စိုက်ပျိုးရေးအတွက် စီစဉ်ဆောင်ရွက်နေရခြင်း ကြောင့် ဖြစ်သည်။ အထူးသဖြင့် နွေစပါးစိုက်ပျိုးရေးအတွက် အားပြုနေကြသော တောင်သူဦးကြီးများ၏ လုပ်အားအလှ သည် တပေါင်းလရာသီအလှနှင့် အပြိုင်ဖြစ်သည့်အတွက် ကျေးလက်ဒေသ၏ အငွေ့အသက်ကို ပိုမိုပေါ်လွင်စေပါ သည်။
သို့ဖြစ်ရာ တပေါင်းလ သဲပုံစေတီပွဲနှင့်အတူ ဆယ့်နှစ်လရာသီပွဲတော်များသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာတိုင် မြန်မာလူမျိုးတို့ အစဉ်ထိန်းသိမ်းလာ ခဲ့သော ချစ်စရာ့ဓလေ့ ရိုးရာယဉ်ကျေးမှုပွဲတော်များဖြစ် သည်။ မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီပွဲတော်များကို အဓိပ္ပာယ် အနှစ်သာရပြည့်ဝစွာ ထိန်းသိမ်းစောင့်ရှောက် ဆင်ယင်ကျင်းပခြင်းဖြင့် အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးစရာ ပိုမိုတိုးပွားလာမည်ဟု ယုံကြည်မိသည်။
တပေါင်းနွေအလှသည် တောတောင်ရေမြေ၌လည်း ကောင်း၊ လယ်တောသစ်ပင်တို့သည် တပေါင်းအလှဖြင့် ပြည့်နေ၏။ တပေါင်းအလှသည် ရှေးနှစ်ပေါင်းများစွာကပင် ပီပြင်သလို ယနေ့ခေတ်တွင်လည်း ကမ္ဘာနှင့်အမျှ တည်တံ့ နေမည့် အလှတရားဟု ထာဝရဆိုထိုက်ပေသည်။ ။
လွန်းပိုးအိမ်
- Log in to post comments