
စာချစ်သူ
မြတ်ဗုဒ္ဓ၏ သာသနာနှစ် ၂၅၆၅ နှစ်ကျော် ခရီးရှည်ကြီးကို ပြန်ပြောင်း လေ့လာကြည့်ပါလျှင် “ခေါက်ရှာ ငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်”ဟူသော မန်လည်ဆရာတော်ကြီး၏ လင်္ကာဆောင်ပုဒ်အတိုင်းပင် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်း အတက်အကျများစွာရှိခဲ့ပါသည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်ဘဲ မချောမမွေ့သည့် ခရီးကြမ်း ကြီးများကိုလည်း လျှောက်လှမ်းခဲ့ရပါသည်။
ဗုဒ္ဓသာသနာတော် စတင်ပေါ်ထွန်းခဲ့ရာ ပင်မ ဌာနကြီးဖြစ်သော အိန္ဒိယနိုင်ငံကြီးနှင့်တကွ ရှေးအခါ က ဗုဒ္ဓသာသနာထွန်းကားခဲ့သော ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှားစသော နိုင်ငံများ၌ ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွားခဲ့ရလေသည်။
ထိုလစ်လပ်သွားသော ကွက်လပ်နေရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာသူကမ္ဘာသား အားလုံး အတွက် စစ်မှန်မြင့်မြတ်သော ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းသိုမှီးရာ ဘဏ္ဍာတိုက်ကြီးသဖွယ် လွန်ခဲ့ သော နှစ်ပေါင်းတစ်ထောင်ကျော်မှစ၍ ယနေ့တိုင် ကမ္ဘာပေါ်တွင် ဗုဒ္ဓသာသနာတော်၏ “နောက်ဆုံးခံတပ်မြို့တော်ကြီး”အဖြစ် အခိုင်အမာရပ်တည် နေခဲ့သည်။
မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော်ကို သုဝဏ္ဏဘူမိ သထုံပြည်သို့ အရှင်သောဏနှင့် အရှင် ဥတ္တရ ရဟန္တာမြတ်ကြီး နှစ်ပါးတို့က စတင်အုတ်မြစ် ချပေးတော်မူခဲ့ခြင်းဖြစ်ပြီး ရဟန္တာ အရှင်အရဟံ မထေရ်မြတ်ကြီးက သုဝဏ္ဏဘူမိမှ ပုဂံနေပြည်တော် သို့ သယ်ဆောင်ဖြန့်ကြက်ခဲ့သည်မှ အစပြုခဲ့ပါသည်။
သာသနာတော် စည်ပင်ထွန်းကား
ပုဂံခေတ်ဝယ် ရှင်အရဟံမထေရ်သည် ပုဂံ ပြည့်ရှင် ဘုရင်အနော်ရထာမင်းကို အမှီပြု၍ ပရိယတ် ကို အရင်းမူလျက် ပဋိပတ်၊ ပဋိဝေဓ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို လွန်စွာ ထွန်းလင်းတော်မူစေခဲ့ သည်။ ထိုပုဂံခေတ်မှစ၍ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ အမရပူရ ခေတ်၊ ရတနာပုံမန္တလေးခေတ်တိုင်အောင် သာသနာ့ ဦးသျှောင် ဆရာတော်အဆက်ဆက်တို့သည် ထိုထို သာသနာပြု မင်းကောင်းမင်းမြတ်တို့ကိုအမှီပြု၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကို စည်ပင်ထွန်းကား ပြန့်ပွားတိုးတက်အောင် ရွက်ဆောင်တော်မူခဲ့ကြ သည်။
သို့ရာတွင် ကောဇာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့၌ မြန်မာ နိုင်ငံတော်ကို နယ်ချဲ့ဗြိတိသျှအစိုးရတို့က ကျူးကျော်သိမ်းပိုက်ခဲ့သဖြင့် အမိမြန်မာနိုင်ငံတော် ကြီး တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ရကား ဗုဒ္ဓမြတ်စွာသာသနာလည်း သာသနာပြုမင်းနှင့် ကင်းကွာ၍ လွန်စွာညှိုးမှိန်ခဲ့ရလေသည်။
မြန်မာနိုင်ငံ၌ ပုဂံခေတ်မှစ၍ ရတနာပုံခေတ် တိုင်အောင် ခေတ်အဆက်ဆက် လင်းလက် တောက်ပခဲ့သော ဗုဒ္ဓမြတ်စွာသာသနာတော်သည် နယ်ချဲ့ဗြိတိသျှအစိုးရတို့ လက်ထက်၌ ဆုတ်ယုတ် ညှိုးမှိန်သွားရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြ ရသော မန္တလေးမြို့တော်သူ မြို့တော်သား၊ ဒါယကာ ဒါယိကာမအများတို့သည် “ရှေးရှေးသော သာသနာပြု မင်းကောင်းမင်းမြတ်တို့သည် သာသနာ့ဝန်ဆောင် ရဟန်းတော်အရှင်မြတ်တို့ ပစ္စည်းလေးပါးတို့ဖြင့် မငြိုငြင် မပင်ပန်းဘဲ သာသနာပြုတော်မူနိုင်ကြ စေရန်”ရည်သန်လျက် ပစ္စည်းလေးဖြာ ထောက်ပံ့ ကာဖြင့် သာသနာပြုတော်မူကြသကဲ့သို့ ငါတို့ အရှင် သခင် ဘုရင်မင်းမရှိသော်လည်း ငါတို့ကိုယ်တိုင် မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက်ကကဲ့သို့ ဆရာတော်၊ သံဃာတော်များ ပစ္စည်းလေးပါးတို့ဖြင့် မငြိုငြင် မပင်ပန်းဘဲ ပရိယတ်ကျမ်းဂန် သင်အံပို့ချမှု ကို လုံ့လမလစ် အားသစ်ကြိုးပမ်းထမ်းဆောင် တော်မူနိုင်ကြစေခြင်းငှာ ပစ္စည်းလေးဖြာထောက်ပံ့ ကာဖြင့် သာသနာပြုလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက် ကြမည်ဟု စေတောပဏိဓိ ရည်သန်ခြင်းဖြင့် ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ် ဝါဆိုလပြည့်နေ့၌ ပရိယတ္တိသာသနဟိတအသင်းကြီးကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။
ထို့အတူ သကျသီဟ(မန္တလေး)၊ စေတိယင်္ဂဏ (ရန်ကုန်)၊ သုဝဏ္ဏဘူမိ(သထုံ)၊ သုသမာစာရ (မော်လမြိုင်)၊ ဝိနယာဓိက(ပဲခူး)၊ သုဓမ္မာ (ညောင်တုန်း)စသော ပရိယတ္တိအားပေးသော အသင်းအဖွဲ့များ၊ မလွန်ဆန်လှူအသင်း စသော ပစ္စယာနုဂ္ဂဟအဖွဲ့များကိုလည်း တည်ထောင်၍ အမျိုးဘာသာအတွက် သာသနာပြုခဲ့ကြလေသည်။
၁၉၀၆ ခုနှစ် မေလ ၁၈ ရက်နေ့တွင်မူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို ထိုစဉ်ကလူငယ်လေးများဖြစ်ကြသော ဦးဘဘေ၊ ဦးမောင်ကြီးနှင့် ဦးဘရင်တို့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး သုံးဦး၏ လှုံ့ဆော်မှုဖြင့် မြန်မာလူငယ် ၁၁ ဦးတို့က စတင်တည်ထောင်ခဲ့ကြသည်။ ၁၉၁၁ ခုနှစ်တွင် တစ်ပြည်လုံး၌ YMBA အသင်းခွဲပေါင်း ၂၀၀ ကျော် အထိ တိုးတက်သွားခဲ့သည်။
မြန်မာနိုင်ငံ၏ ပရိယတ္တိသာသနာသည် ပုဂံခေတ်မှ ဗြိတိသျှခေတ်အထိ အများအားဖြင့် ဝိနည်းနှင့် အဘိဓမ္မာကို ဦးစားပေးခဲ့ကြသည်။ ပဋိပတ္တိ၏ ဓမ္မဘဏ္ဍာတိုက်ကြီးများဖြစ်သော မဇ္ဈိမ၊ အင်္ဂုတ္တရနှင့် အထူးသဖြင့် သံယုတ္တနိကာယ်ကြီးများ ကို သင်ကြားပို့ချ လေ့လာမှုနည်းခဲ့ကြသည်။ ကျမ်းအိပ်များဟုပင် ပြောစမှတ်ပြုကြကုန်၏။
ချုပ်ငြိမ်းစပြု
လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင်မူ သဒ္ဒါကိုဦးစားပေးလွန်းသော စာသင်၊ စာမေးပွဲစနစ် သည် ချုပ်ငြိမ်းစပြုခဲ့လေသည်။ အစိုးရက နှစ်စဉ် ကျင်းပပေးနေသော အဘိဓမ္မာ၊ ဝိသုဒ္ဓိစာမေးပွဲများ၊ နိကာယ်ဆောင်များကို မွေးထုတ်ပေးလိုက်သော အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီးမှူး သော နိကာယ်စာမေးပွဲများ၊ တိပိဋကဓရ ရွေးချယ်ပွဲ ကြီးနှင့် သံယုတ္တနိကာယ် မြန်မာပြန်စာမေးပွဲ (ရန်ကုန်)၊ မဇ္ဈိမနိကာယ် မြန်မာပြန်စာမေးပွဲ(ပဲခူး) သာမဏေကျော် စသော စာမေးပွဲများသည် မြန်မာပြည် ပရိယတ္တိသာသနာကို တစ်ခေတ် ပြောင်းပေးလိုက်သော စာမေးပွဲကြီးများဖြစ်ကုန်၏။ ပဋိပတ္တိဘက် လုံးဝမျက်နှာမူသော နိတ္တရဏတ္ထ စာမေးပွဲကြီးများပင်ဖြစ်လေသည်။
ဗြိတိသျှခေတ်မှ လွတ်လပ်ရေးခေတ်အထိ ပဋိပတ္တိသာသနာ၏ ခရီးစဉ်မှာမူ ပရိယတ္တိထက်ပင် ခေတ်စော၍ နိုးကြားတက်ကြွလာသည်ကို တွေ့မြင် ရပေမည်။
ထုံးအိုင်၊ အင်းအိုင်များ ပြည့်လျှံသောအခါ ချောင်း၊ မြောင်းအဖြစ် စီးဆင်းသွားကြကုန်၏။ အရပ်ရပ်ချောင်းမြောင်းများစုပေါင်း၍ မြစ်ငယ်များ ဖြစ်လာကုန်၏။ မြစ်ငယ်များမှ မြစ်ကြီးများအသွင် ကူးပြောင်းကာ သမုဒ္ဒရာကြီးဖြစ်လာ၏။
ထိုဥပမာကဲ့သို့ ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပဋိပတ်သာသနာကား မပြတ်မလပ်ရုံ ဟိုတစ်ကွက် သည်တစ်ကွက် ထုံးအိုင်၊ အင်းအိုင်များသဖွယ်ရှိခဲ့၏။ စီးဆင်းနိုင်အောင် အင်အားမပြည့်ခဲ့။
ကုန်းဘောင်ခေတ်နှောင်း ထွဋ်ခေါင် ဆရာတော်(၁၁၆၀-၁၂၄၂)၊ ဘုန်းတော်ကြီး ဦးသီလ (၁၁၉၄-၁၂၆၉)တို့ခေတ်တွင်ကား ချောင်းမြောင်း သဖွယ် အနယ်နယ်အရပ်ရပ် စီးဆင်းလာ၏။ အတန်ငယ် ထူထပ်မြင့်မားသော တောအုပ်၊ တောင်စွယ်များကိုမူ ကျော်လွှားဖြတ်သန်းလာနိုင် သော အင်အားမရှိသေးချေ။
နိုင်ငံအဝန်း ရိုက်ခတ်
လယ်တီဆရာတော်(၁၂၀၈-၁၂၈၅)၊ သေက္ချ တောင်ဆရာတော်(၁၂၃၃-၁၂၉၃)နှင့် မိုးညှင်း ဆရာတော်(၁၂၃၄-၁၃၂၆)တို့ လက်ထက်တွင် ပဋိပတ္တိရေစီးကြောင်းသည် သိသိသာသာ အားကောင်းလာကာ ချောင်းမြောင်းအသွင်မှ မြစ်ငယ်များအသွင် စီးဆင်းလာခဲ့၏။ ရေစီးအားထက် ရေစီးသံသည် နိုင်ငံအဝန်း ရိုက်ခတ်သွားခဲ့သည်။
၁၃၀၉ ခုနှစ် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း တွင်ကား ရေလှိုင်းစီးအား မြင့်မားတိုးတက်ကာ အားကောင်းချင်တိုင်း ကောင်း၍လာပေတော့သည်။ သထုံဇေတဝန်ဆရာတော်(၁၂၃၁-၁၃၁၆)၊ စွန်းလွန်း ဆရာတော်(၁၂၃၉-၁၃၁၄)၊ ကန္နီဆရာတော် (၁၂၄၁-၁၃၂၈)၊ ဝေဘူဆရာတော်(၁၂၅၇-၁၃၃၉)၊ မိုးကုတ် ဆရာတော်(၁၂၆၁-၁၃၂၄)၊ မဟာစည်ဆရာတော် (၁၂၆၆-၁၃၄၄)စသော ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများသည် သာသနာ့ ကျက်သရေကို တိုးမြှင့်စေတော်မူခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပဋိပတ္တိဂုဏ်သတင်းမှာလည်း ကမ္ဘာ့အလယ်၌ သင်းထုံလာခဲ့သည်။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၌ အကြောင်းအမျိုးမျိုး ကြောင့် ပျောက်ကွယ်သွားခဲ့သော ဗုဒ္ဓသာသနာ တော်သည် ယခုအခါ အိန္ဒိယနိုင်ငံ၌ ပြန်လည် ထွန်းတောက်လာခဲ့ပြီဟု ဆိုရပေမည်။
ရန်ကုန်မြို့ အင်းလျားမြိုင်လမ်း အပြည်ပြည် ဆိုင်ရာ ဝိပဿနာအဖွဲ့မှ ဝိပဿနာ တရားပြ ဆရာကြီး သရေစည်သူ ဦးဘခင်၏ တာဝန်ပေးချက် အရ တပည့်ရင်းဖြစ်သူ မြန်မာနိုင်ငံသား မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးဂိုအင်ကာ၏ ၁၉၆၉ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာပြန်လည်ထွန်းကားရေးအတွက် ကြီးမားသောလုံ့လဖြင့် ကြိုးစားဆောင်ရွက် ချက်ကြောင့် ယခုအခါဝယ် အိန္ဒိယနိုင်ငံ၌ ဝိပဿနာ ရိပ်သာများ၊ ယာယီဝိပဿနာဌာနများ များစွာ တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာတော် ပြန်လည်ထွန်းလင်းတောက်ပ လာခြင်း၏ အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးဝယ် ဉာဏ်တော် ၃၂၅ ပေရှိ ကမ္ဘာ့ ဝိပဿနာစေတီတော်မြတ်ကြီးကိုလည်း တည်ထားကိုးကွယ်တော်မူနိုင်ခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်
ပစ္စက္ခတွင်မူ မြတ်ဗုဒ္ဓ၏ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည် ဥရောပနိုင်ငံများ၌သာမက အာဖရိကတိုက်နှင့် ယခု သီတဂူဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းတို့ကြောင့် ရုရှားနိုင်ငံအထိပင် ရောင်ဝါနေကဲ့သို့ ထွန်းလင်းတောက်ပတော်မူလာ ခဲ့လေသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်၍ လေ့လာနည်းခံသည့် ယောဂီများ လည်း အဆက်မပြတ်ရှိလာသည်။
ပရိယတ္တိသာသနာတော် အနေဖြင့်လည်း ပရိယတ်ကို သင်ကြားပို့ချဖြန့်ဖြူးရာဌာနများဖြစ် သည့် စာသင်တိုက်ကြီးများ၏ ကျေးဇူးကြောင့် မြန်မာနိုင်ငံတော်၌ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး သည် ရောင်ဝါနေသို့ ထွန်းလင်းတောက်ပလျက်ရှိ ပေသည်။
ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ရဟန်းတော်များ၏ ဆရာ စဉ်ဆက် ဆောင်ရွက်ခဲ့သော ပရိယတ်သင်ကြားပို့ချမှုလုပ်ငန်း ၏ စနစ်ကျမှု၊ တွင်ကျယ်မှုကြောင့် စစ်မှန်သော ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးသည် မြန်မာနိုင်ငံ တွင် အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများထက် အဘက်ဘက်မှသာလွန်ကာ မီးရှူးတန်ဆောင်ပမာ ထွန်းပြောင်နေခဲ့ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ အားပေးချီးမြှောက်မှု၊ ဆရာ ဒကာ လက်တွဲညီညာမှုတို့ကြောင့်လည်း တိပိဋက ဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင် သူမြတ် ၁၅ ပါးအထိပင် ပေါ်ထွန်းခဲ့သည်။ လက်ရှိ ကာလတွင် သာသနာ့အာဇာနည်အရှင်သူမြတ် ၁၁ ပါးမှာ သက်ရှိထင်ရှားစွာ သာသနာ့အကျိုးကို သယ်ပိုးလျက် ရှိနေပေသည်။
လူမှုစာမျက်နှာတွင် ရေးသားလာ
သို့ရာတွင် ယခုရက်ပိုင်း၊ လပိုင်းအတွင်း မိုက်မဲ သူအချို့သည် သာသနာတော်ဂုဏ် သိက္ခာညှိုးနွမ်း ဆုတ်ယုတ်သွားစေနိုင်သော အပြုအမူများကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားပုံဖော် လာခဲ့ကြသည်ကို ဝမ်းနည်းစိတ်မကောင်းစွာ တွေ့မြင်နေရပေသည်။
ဒီမိုကရေစီအမည်ခံ ခေတ်သစ်ကွန်မြူနစ်များ သည် မြတ်ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ကို မိုးကုတ် ဆရာတော်ကြီးက ဝေနေယျသတ္တဝါများ နားလည်သဘောပေါက်စေရန် ပုံဖော်ရေးဆွဲထား သည့် ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းအား နိုင်ငံရေး အလို့ငှာအသုံးပြု၍ ကာတွန်းဖြင့် လှောင်ပြောင် သရော်ကြလေသည်။ အချို့က ဝေသာလီပြည်ကြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်စဉ်က ကပ်ဘေးကြီးမှ သတ္တဝါဝေ နေယျ များ ကင်းဝေးစေရန် မြတ်ဗုဒ္ဓကိုယ်တော်တိုင် သင်ကြားပို့ချပေးမှုဖြင့် ဝေသာလီပြည် တံတိုင်း သုံးထပ်အကြားတွင် အရှင်အာနန္ဒာ ကိုယ်တော်တိုင် ရွတ်ပွားချီးမြှင့်တော်မူသော ရတနသုတ်ပရိတ်တော် ကို ယခု ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဝယ် ရွတ်ပွားပူဇော်လျက်ရှိသည်ကို လှောင်ပြောင် သရော်ကြသည်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၏ ပုံတော်များကိုလည်း မဖွယ်မရာပုံဖော်၍ စော်ကားကြပြန်သည်။
ရက်ရက်စက်စက် သတ်ဖြတ်လာ
ယခုနောက်ဆုံး ကမ်းကုန်အောင် ရက်စက် ယုတ်မာမှုကား PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာနှင့် ပင်တင်း(တောင်)ကျေးရွာ တို့မှ ကျောင်းထိုင်ဆရာတော်ကြီးများကိုပင် ဒလန်ဟုစွပ်စွဲ၍ ရက်ရက်စက်စက် သတ်ဖြတ် လာသည်အထိ ကျူးလွန်လာခဲ့ကြလေသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သံဃာတော်အချို့သည်လည်း PDF အကြမ်းဖက် အဖွဲ့များ၏ ခြိမ်းခြောက်စွပ်စွဲ အကျပ်ကိုင်ခြင်း တို့ကြောင့် မိမိတို့၏ ကျောင်းများ၌ ဝါတွင်းကာလ အတွင်း ဝါဆိုဝါကပ်ခြင်းပင် မပြုလုပ်နိုင်ကြတော့ဘဲ အခြားလုံခြုံစိတ်ချရသော မြို့ရွာအသီးသီးသို့ တိမ်းရှောင် ဝါဆိုနေကြရကြောင်း သိရသည်။
ထိုထိုသော ရက်စက်ရိုင်းစိုင်းယုတ်မာသည့် သာသနာဖျက်လုပ်ရပ်များမှာ မြတ်ဗုဒ္ဓ၏အရှိန် အဟုန်နှင့် အင်အားကြီးမားသော သဒ္ဓမ္မသုံးဖြာ သာသနာတော် ရေစီးကြောင်းကို ပြောင်းလဲ ကွေ့ကောက်အောင်၊ နောက်ဆုတ် တန့်အီအောင် မထိုးဖောက်နိုင်သော်လည်း ဧရာဝတီမြစ်ကြောင်း တွင် ပေါလောမျောပါသည့် ဒိုက်ဖတ်များ၊ အမှိုက်များပမာ အတန်ငယ် ညစ်ပေအောင်တော့ လုပ်ဆောင်နိုင်ကြသည်ဟု ဆိုရမည်။
သာသနာအန္တရာယ်ကို ကာကွယ်
သို့ဖြစ်၍ “မသူတော်တရား မထွန်းကားမီ၊ သူတော်ကောင်းတရား မမှေးမှိန်သေးမီ၊ အကျင့် ပျက်များ မထွန်းကားမီ၊ အကျင့်ကောင်းများ မမှေး မှိန်မီ၊ အဓမ္မဘက်သားများ အားမကောင်းသေးမီ၊ ဓမ္မဘက်သားများ အားမယုတ်သေးမီ၊ အကျင့်ပျက် သမားများ အားမကောင်းသေးမီ၊ အကျင့်ကောင်း သမားများ အားမယုတ်သေးမီ ဤသို့ အချိန်မီနေခိုက် မှာ ဓမ္မနှင့် ဝိနယကို ငါတို့များ သင်္ဂါယနာတင်ကြ ကုန်စို့”ဟူသော အရှင် မဟာကဿပအရှင်မြတ်ကြီး၏ ထုံး နှလုံးမူ၍ သာသနာအန္တရာယ်ကို မြန်မာမှန်လျှင် တားဆီးကာကွယ်ကြရပါမည်။
အဘယ်ကြောင့်ဆိုသော် ရတနာသုံးပါးအပေါ်၌ ရိုသေလေးစားမှု နည်းပါးလာခြင်းသည် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကာလရှည်ကြာ မတည်တံ့နိုင်ခြင်း၏ အကြောင်းကြောင့် ဖြစ်ပေသည်။
မြတ်စွာဘုရားရှင်သည် အရှင်ကိမိလမထေရ်၏ မေးလျှောက်မှုအရ ရှေးဦးစွာ သာသနာတော် အရှည် မတည်တံ့ဘဲ ကွယ်ပျောက်သွားခြင်းအကြောင်းနှင့် စပ်လျဉ်း၍ “မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင် သွားသည့်အခါ ဘိက္ခုပရိသတ်၊ ဘိက္ခုနီပရိသတ်၊ ဥပါသကာပရိသတ်၊ ဥပါသိကာပရိသတ်ဟူသည့် ပရိသတ်လေးပါးတို့သည် မြတ်စွာဘုရားအပေါ်၌ မရိုမသေ မလေးမစားနေကြခြင်း၊ တရားတော် အပေါ်၌ မရိုမသေ မလေးမစားနေကြခြင်း၊ သံဃာတော်အပေါ်၌ မရိုမသေမလေးမစားနေကြ ခြင်း၊ မိမိတို့ကျင့်သုံးရမည့် သီလသိက္ခာစသည်၌ မရိုမသေ မလေးမစားနေကြခြင်း၊ မိမိတို့အချင်းချင်း အပြန်အလှန် မရိုမသေ မလေးမစားနေကြခြင်း” ဟူသည့် အကြောင်း (၅)မျိုးတို့ကို ဟောကြားတော် မူခဲ့ပါသည်။
အကြောင်း (၅)မျိုး ဟောကြားတော်မူ
ထို့နောက် အပြန်အလှန်အားဖြင့် သာသနာ တော် အရှည်ခံ့၍ တည်တံ့တော်မူနိုင်ခြင်း အကြောင်းနှင့်စပ်လျဉ်း၍ “ထိုပရိသတ်လေးပါး တို့သည် ဘုရားရှင်ကိုယ်တော်မြတ်အပေါ်၌ ရိုသေ လေးစား၍နေကြခြင်း၊ တရားတော်အပေါ်၌ ရိုသေ လေးစား၍နေကြခြင်း၊ သံဃာတော်အပေါ်၌ ရိုသေ လေးစား၍နေကြခြင်း၊ မိမိတို့ကျင့်သုံးရမည့် သီလ သိက္ခာစသည်၌ ရိုသေလေးစား၍ နေကြခြင်း၊ မိမိတို့အချင်းချင်း အပြန်အလှန် ရိုသေလေးစား၍ နေကြခြင်း”ဟူသည့် အကြောင်း (၅) မျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည်။
သို့ဆိုလျှင် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးအပေါ် မရိုမသေမလေးမစား ပြုမူလုပ်ကိုင် နေကြသည့် ထိုထိုသော သာသနာ့ပစ္စတ္ထိက သာသနာ့ရန်သူ၊ သာသနာ့ အညစ်အကြေး၊ သာသနာ့အန္တရာယ်တို့ကို မပယ်မရှား၊ မတားမဆီး၊ မပိတ်မပင်ဘဲ လျစ်လျူရှုခဲ့ကြပါမူ ယင်းအန္တရာယ် များ တစ်စတစ်စ ကြီးပွားလာလျှင် သာသနာတော် ကြီး ယိမ်းယိုင်တိမ်းပါး ပျက်စီးသွားနိုင်ပေသည်။
သာသနာကွယ်ပျောက် အမှောင်ရောက်ပါက လောက၌ နေမင်းကြီးကွယ်ပျောက်ဝင်သွားသည် ရှိသော အမှောင်အတိကျရောက်လာသကဲ့သို့ သာသနာ့ နေဝန်း မထွန်းမပ ကွယ်ပျောက်ရာကာလ ၌ ဤလောကကြီးဝယ် အကုသိုလ်အမှောင်ထုကြီး ဖုံးလွှမ်းလာမည်သာဖြစ်သည်။
သို့ဖြစ်ရကား “ရဟန်းတို့ မြတ်စွာဘုရားဖြစ်စေ၊ မြတ်စွာဘုရား၏ အဆုံးအမ တရားတော်(သာသနာ တော်)ဖြစ်စေ လောက၌ တည်ရှိနေလတ်သော် ထိုတည်ရှိနေခြင်းသည် များစွာသော သတ္တဝါ အပေါင်းတို့၏ အကျိုးစီးပွားချမ်းသာများခြင်းငှာ၊ သတ္တဝါအပေါင်းကို ငဲ့ညှာထောက်ထား သနားခြင်း ငှာ၊ လူနတ်တို့၏ အစီးအပွား ချမ်းသာများခြင်းငှာ ဖြစ်၏” ဟူသည့် မြတ်စွာဘုရားရှင်၏ ဟောဖော် ညွှန်ပြဆိုဆုံးမမှုနှင့်အညီ ဗုဒ္ဓမြတ်စွာ သာသနာ တော်ကြီး အရှည်တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် သံဃာတော် အရှင်သူမြတ်တို့က ဓမ္မနုဂ္ဂဟ ဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရမင်းနှင့် ပြည်သူပြည်သား၊ ဒါယကာ ဒါယိကာမများက အာမိသ နုဂ္ဂဟဖြင့်လည်းကောင်း ဆရာဒကာ လက်တွဲညီညာစွာ အားပေးချီးမြှောက်ကြပါစို့။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်ပါစေ သတည်း။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါ ဘုရား။ ။
ကျမ်းကိုး - မကွေး ဆရာတော်ဘုရားကြီး ၏ သြဝါဒကထာများ၊ ဓမ္မာစရိယ ဦးဌေးလှိုင်၏ မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ။
- Log in to post comments